ထွက်ပြေးတိမ်းရှောင်နေခြင်း (3)
Vol. 30 Ch. 298
အခြေအနေများကို ပြောပြီးနောက် ဂျက်စမင်က စခရင်ကို ကြည့်လိုက်သည်။
“တောက်ကျန့် .. ကျွန်မရဲ့အမျိုးသားက အဆင်ပြေတယ်လို့ ထင်လားရှင့်”
ကုကျစ်စုန့်က ထပ်မေးလိုက်သည်။
“သူ့ရဲ့ ဒုတိယမြောက်တက်တူးက ဘယ်လိာပုံစံလဲ.. ဘာလို့ထပ်ထိုးခဲ့တာလဲ”
“သူ ဘာလို့ တက်တူးထပ်ထိုးခဲ့တာလဲဆိုတာ ကျွန်မ မသိဘူး”
ဂျက်စမင်က ပြောလာသည်။
“တက်တူးအသစ်ကတော့ ကျွန်မ ခဏခဏမြင်ဖြစ်တယ်.. အရင်ကွမ်ကုန်းတက်တူးလောက်တော့ မကြီးပေမဲ့ နောက်ကျောအလယ်တည့်တည့်မှာရှိတယ်.. မိစ္ဆာတစ်ကောင်ရဲ့ ခေါင်းလိုမျိုးပဲ”
ကုကျစ်စုန့် : “မိစ္ဆာ?”
“ဟုတ်တယ် မျက်လုံးတွေလဲ ပွင့်နေတယ် .. ပြူးထွက်နေတာ.. မျက်နှာကလဲ ဖောင်းနေပြီးတော့ အမွေးအမျှင်တွေက ကျိုးတို့ကျဲတဲနဲ့”
ဂျက်စမင်က ပြန်စဉ်းစားပြီး ပြောလိုက်သည်။
ကုကျစ်စုန့် : “.......”
“အဲဒါ ကျုံခွေ့ပဲ ဖြစ်မယ်”
ကျုံခွေ့က တစ္ဆေများကို တိုက်ခိုက်ပြီး စိတ်ဝိညာဉ်များကို မောင်းထုတ်သည့် ဒဏ္ဍာရီလာနတ်ဘုရားဖြစ်သည်။ တစ္ဆေများကို ဖယ်ရှားသည့် သူ့အရည်အချင်းက အခြားသာမန်နတ်ဘုရားများထက် ပိုသာလွန်သည်။
ဒဏ္ဍာရီများအရ သူ့တွင် ကျားသစ်ခေါင်း၊ မျက်လုံးဝိုင်း၊ သံမျက်နှာနှင့် မုတ်ဆိတ်မွေးကောက်ကောက်တို့ ရှိသည်။ သူက သာမန်လူများနှင့် မတူဘဲ သရဲများနှင့်ပင် ဆင်တူကာ ရုပ်ဆိုးသည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ယုံတမ်းပုံပြင်များကို မဖတ်သူတို့က ရုပ်လွန်ပညာကိုလည်း ယုံကြည်ခြင်းမရှိကြဘဲ သူတို့အိမ်ကို ကာကွယ်ရန် ထိုပညာကို အသုံးမပြုကြချေ။
သူတို့က ဤပုံကိုမြင်သည့်အခါ ဖြောင့်မတ်မှန်ကန်သည့် နတ်ဘုရားဟုပင် သူ့ကို ထင်ကြမည်မဟုတ်ပါချေ။
ကုကျစ်စုန့်က တက်တူးအပြောင်းအလဲနှင့် ဂျက်စမင်၏အမျိုးသားထံတွင် ဖြစ်ပျက်နေသော အကြောင်းအရာတို့ကို ကြားလိုက်ပြီးကတည်းက တစ်စုံတစ်ခုကို ခန့်မှန်းမိပြီးသားဖြစ်နေပေပြီ။
သူမက နက်နဲသောအမူအရာဖြင့် ကြည့်လာသည်။
“ရှင့်ရဲ့အမျိုးသားက တကယ်ကို ပြဿနာရှိနေတယ်”
“သူ့ရဲ့အရေပြားပေါ်မှာဖြစ်နေတဲ့ ဒဏ်ရာတွေ၊ ရောင်ရမ်းတာတွေဖြစ်နေတာတောင် ကျုံခွေ့တက်တူးကို အမြန်ထိုးခဲ့တယ်.. ပြောချင်တာက သူက ကျုံခွေ့ရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းသိနေပြီး သူ မိစ္ဆာတစ်မျိုးမျိုးနဲ့ ကြုံနေရပြီဆိုတာကို နားလည်လို့ပဲ”
ဂျက်စမင်က အံ့အားတကြီးပြောလိုက်သည်။
“မိစ္ဆာနဲ့ကြုံရတယ်?”
ကုကျစ်စုန့်က သေချာသည့်လေသံဖြင့်ပင် ပြောလိုက်သည်။
“ဟုတ်တယ်”
ကျုံခွေ့က သရဲများကို နှိမ်နင်းနိုင်သည်။ သို့သော်လည်း တက်တူးနှင့်ပတ်သက်ပြီး တားမြစ်ချက်များ ရှိနေဆဲပင်။
ပထမဆုံးအနေနှင့် ထိုပုံက ကျောဘက်တွင်သာ ထိုးရသည်။ အဘယ့်ကြောင့်ဆိုသော် ရင်ဘတ်တွင် ယန်မီးတောက်ရှိပြီးဖြစ်၍ နောက်ကျောကသာ ယင်မိစ္ဆာ၏ ထိုးဖောက်ခြင်းအခံရနိုင်ဆုံးသော နေရာဖြစ်သည်။
ဒုတိယအနေဖြင့် ကျုံခွေ့ကို ဆင့်ခေါ်လိုက်ပြီးနောက် နောက်ကျောကို ဆုပ်ကိုင်ခြင်း၊ နှိပ်နယ်ခြင်း၊ နင်းခြင်း၊ ရိုက်ခြင်းတို့ကို ပြုလုပ်၍ မရတော့ချေ။
ထို့အပြင် ထိုတက်တူးထိုးထားသည့်သူက ကျန်သက်တမ်းတစ်လျှောက် သုဿာန်သို့လည်း သွား၍မရတော့ဘဲ ကွယ်လွန်ပြီးသည့် ဘိုးဘေးတို့အတွက် အမွှေးတိုင်ထွန်းပေးခြင်းသည်ပင် တားမြစ်ချက်ဖြစ်လာလိမာ့သည်။
သုသာန်တွင် သေဆုံးဝိညာဉ်များ နေထိုင်သည့်အတွက် ကျုံခွေ့ကို သူတို့အကြောက်ဆုံးဖြစ်ပေသည်။
ကျုံခွေ့တက်တူးဖြင့် သုသာန်သို့ ပြေးဝင်သွားမည်ဆိုပါက နေရာတွင် ရှိနေသော ထောင်ချီသည့် သေဆုံးပြီးသားဝိညာဉ်များကို နှောင့်ယှက်မိလိမ့်မည်ဖြစ်၏။
လိင်စိတ်နည်းပါးခြင်း၊ အသားနှင့်အရက် လျှော့စားခြင်း စသည့် တားမြစ်ချက်များစွာလည်း ရှိသည်။ နောက်ထပ်အချက်တစ်ခုမှာကား ထိုတက်တူးသည်က ကြည့်မကောင်းသောကြောင့် လူအများက ကျုံခွေ့တက်တူးကို မထိုးလိုကြချေ။
သို့ဆိုလျှင်ပင် ဂျက်စမင်၏ အမျိုးသားမှာ ကျုံခွေ့ပုံကို တက်တူးထိုးထားခဲ့သည်။ ၎င်းက သူ့၏ အပြစ်ရှိစိတ်နှင့် ကြောက်ရွံ့မှုကို ဖော်ပြခြင်းပင်မဟုတ်ပါလော။
အနည်းဆုံးတော့ သူက တစ္ဆေတစ်ကောင်နှင့်ကြုံတွေ့ခဲ့ပြီး သူ့ကို လုံခြံစေရန် ကျုံခွေ့တက်တူးကို အသုံးပြုကာ ထိုတစ္ဆေကို မောင်းထုတ်ချင်နေသည်က ထင်ရှားပေသည်။
ထို့အပြင် ရှင်းပြမရနိုင်အောင် ပြောင်းလဲသွားသော သူ့အကျင့်နှင့် သူ့ခန္ဓာကိုယ်မှ အဝါရောက်အစွန်းအထင်းများက ထိုသူမှာ မိစ္ဆာဝိညာဉ်များနှင့် သက်ရောက်ခံထားရသည်ဆိုသည့်အချက်ကို ကုကျစ်စုန့် သေချာသွားသည်။
ဂျက်စမင်က အံကိုတင်းတင်းကြိတ်ကာ ပြောသည်။
“သေချာပြီ.. ကျွန်မရဲ့ ဆဌမမြောက်အာရုံက မှန်နေတာပဲ.. သူက အဲဒီလိုတစ်ခုခုကို တွေ့ခဲ့ရလို့ဖြစ်မယ်..တောက်ကျန့် အဲဒီမိစ္ဆာစိတ်ဝိညာဉ်က သူ့အဖေဆီကနေ သားကိုပါ ကူးသွားတာလား”
“အမှန်ပဲ”
မကောင်းဆိုးရွားစိတ်ဝိညာဉ်က မိသားစုကိုပါ သက်ရောက်လာလျှင် မိသားစု၏ကံကြမ္မာကောင်းများကို ပို၍ပင် လျော့နည်းစေမည်ဖြစ်သည်။
သို့သော် ယေဘုယျအားဖြင့် အန္တရာယ်များများစားစားတော့ မရှိပါချေ။
မိသားစုကို ပျက်စီးစေခဲ့ပြီး တခြားကိစ္စများကိုပါ ဖြစ်စေခဲ့သော ဂျက်စမင့၏ သားကဲ့သို့သော လူများမှာ ရှားပါးပြီး အလွန်တရာမှပင် ကံမကောင်းလွန်းသောကြောင့်သာ ဖြစ်သည်။
သို့သော် နောက်ဆုံးတွက်ချက်မှုအရ အဖေဖြစ်သူက မိစ္ဆာစိတ်ဝိညာဉ်ကြောင်း သက်ရောက်မခံရပါက သူသည်လည်း သက်ရောက်ခြင်းခံရမည်မဟုတ်ဘဲ ဤသို့ကိစ္စများလည်း ဖြစ်လာစရာ အကြောင်း မရှိနိုင်ပါပေ။
ဂျက်စမင် ဒေါသတကြီး လက်သီးဆုပ်လိုက်၏။
အနီးစပ်ဆုံး မိသားစုဝင်တစ်ယောက်ကြောင့် သူမ၏ သားနှင့် အပြစ်မရှိသော ကောင်မလေးတို့ ဘဝပင်ပျက်စီးလုနီးနီးဖြစ်လိမ့်မည်ကို မည်သူက တွေးနိုင်ပါအံ့နည်း။
“သူ အဲဒါကို သိလိုက်တဲ့အချိန်ကတည်းက အဲဒီမိစ္ဆာကို နှင်ဖို့ တက်တူးသွားထိုးခဲ့တာပဲ.. ဒါကို သူ ဘာလို့ ကျွန်မတို့မိသားစုတွေကို အဲဒီလောက်ကြီးတဲ့ကိစ္စကို မပြောပြခဲ့တာလဲ.. ဘာလို့ ဖုံးကွယ်ထားခဲ့တာလဲ”
ဤအချက်က ဂျက်စမင် နားမလည်နိုင်ဆုံးအချက်ဖြစ်၏။
ကုကျစ်စုန့်က တည်ငြိမ်စွာပြောလာသည်။
“ဒီအတွက်ကတော့ ရှင့်ရဲ့အမျိုးသားကို မေးကြည့်မှရလိမ့်မယ်.. သူ့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ခိုင်းလို့ ရမလား.. လက်ရှိအခြေအနေကို မသိဘဲနဲ့ အသေးစိတ်အချက်အလက်တွေကို တွက်ဖို့ ခက်ခဲလိမ့်မယ်”
[သူက အရမ်းစိတ်ပူနေပြီး တက်တူးပုံပြောင်းပစ်ခဲ့တာဆိုတော့ သူ သေချာပေါက် တစ်ခုခုကို သိနေတာပဲဖြစ်ရမယ်.. သူ တစ်ခုခု အမှားလုပ်မိခဲ့ပြီး ကြောက်နေတာဖြစ်ရမယ်]
[အဲဒီလူက သိပ်ပြီးကြင်နာတတ်တာမဟုတ်ဘူး.. သူက သူ့ကိုယ်သူတော့ ကောင်းကောင်း ကာကွယ်ထားပြီးတော့ မိသားစုကိုကျ မပြောပြဘူး.. သူ့ကလေးရဲ့ဘဝက သူ့ကြောင့် ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ!!]
သူမ၏ အမျိုးသားကို ဖုန်းခေါ်လျှင်ပင် လက်ရှိပုံကို ရမည်မဟုတ်ကြောင်းကို ဂျက်စမင်သိသည်။ ခင်ပွန်းသည်က ဓာတ်ပုံပေးရိုက်မည်မဟုတ်ချေ။
သို့သော်လည်း သူမက အလွန်စိတ်ဆိုးနေခဲ့သည်။ သူမ၏ သားက အကြောင်းပြချက်မရှိ၊ အပြစ်မရှိဘဲ ပြဿနာတက်လုနီးနီးဖြစ်ရမည့်အကြောင်းကို ပြန်တွေးမိပြီး နောင်တစ်ချိန်တွင် သူမ၏ကလေးနှစ်ယောက်က ဆိုးရွားစွာသက်ရောက်ခံရနိုင်ပြီး ဘေးဒုက္ခနှင့်ကြုံတွေ့နိုင်သည်ကို တွေးမိလျှင် ဒေါသတရားကိုသာ ခံစားခဲ့ရသည်။
စခရင်ပေါ်မှ barrage ကိုမြင်ပြီးနောက် သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး ဖုန်းကိုကိုင်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
“ဆိုင်က မီတာငါးရာလောက်တော့ဝေးတယ်.. သူက ဆိုင်ကိုစောင့်ဖို့အတွက် အဲဒီမှာနေတာပါ.. ကျွန်မ အခုပဲ သူ့ဆီကိုသွားလိုက်မယ်.. သူဘာလုပ်ခဲ့လဲဆိုတာ အခု သွားမေးရမယ်.. ကျိန်းသေပေါက်မေးရမယ်!”
သူမ ပြောရင်းဖြင့် အောက်ထပ်ကိုဆင်းသွားကာ ဗီဒီယိုကောကို ဖွင့်လျက်သားနှင့် ဖုန်းကို ကိုင်ထားခဲ့သည်။
အခန်းမှထွက်ကာ လမ်းဖြတ်ကူးပြီးနောက် ဂျက်စမင်က ဆေးလိပ်နှင့်အဖျော်ယမကာဆိုင်သို့ တည့်တည့်လျှောက်လာခဲ့သည်။
ယခုအချိန်မှာ အောက်တိုဘာလကုန်ဖြစ်ပြီး ရာသီဥတုမှာ အေးစိမ့်စိမ့်နိုင်သည်။ လမ်းပေါ်မှလူများမှာ အင်္ကျီလက်ရှည် သို့မဟုတ် ကုတ်အင်္ကျီကို ဝတ်ထားကြ၏။
ရာသီဥတုက အေးစက်သဖြင့် ဆိုင်တံခါးကို ပိတ်ထားခဲ့သည်။ ဂျက်စမင် ဝင်လိုက်သည်နှင့် လေနွေးတစ်ခုက သူမ၏ မျက်နှာကို ပွတ်တိုက်သွားသည်။ မဖော်ပြနိုင်သောအနံ့ဆိုးတစ်ခုကလည်း ရောတွဲလျက်ပင်။
အနံ့က မပြင်းထန်သည့်တိုင် ဂျက်စမင်မှာ မျက်မှောင်ကြုတ်မိသွားသည်။
သူမ အခင်းများကိုလျှော်တိုင်း ဤအနံ့ကို ရသည်။ သူမ၏ အမျိုးသားခန္ဓာကိုယ်ပေါ်မှ ထွက်သည့် အနံ့ဆိုးနှင့်တူ၏။
သူက အပူပေးစက်ပဲဖွင့်ပြီး လေထုသန့်စင်စက်ကိုရော ဖွင့်ထားရဲ့လား။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကောင်တာတွင်ထိုင်နေခဲ့ပြီး ဝပြည့်သော မျက်နှာနှင့် ဗိုက်ရွှဲရွှဲတို့ရှိသည်။ အောက်တိုဘာနှောင်းပိုင်းတွင် သူက အပူပေးစက်ကို ဖွင့်ထားပြီး အင်္ကျီကိုဝတ်ထားခြင်းမရှိပေ။
သူ့၏ ညာဘက်လက်မောင်းတွင် နဂါးခေါင်းကိုပင် တွေ့နိုင်သည်။
သူမ၏ခင်ပွန်းသည်က သပ်သပ်ရပ်ရပ်မရှိသည်ကို မြင်လျှင် ဂျက်စမင်တစ်ယောက် မပျော်ရွှင်စွာ မျက်လုံးလိမ့်လိုက်သည်။
“အင်္ကျီလေးဘာလေး ဝတ်စမ်းပါ”
သူ့၏ဇနီးကို မြင်လျှင် ထိုလူက မျက်မှောင်ကြုတ်သွားသည်။
“ဘာလို့ ဒီကိုရောက်လာတာလဲ.. ဖုန်းကို ဘာလို့ ရင်ဘတ်နားကိုင်ထားတာလဲ”
ဂျက်စမင်မှာ စိတ်တိုလွန်းသောကြောင့် သူ့ကို စကားဆက်မပြောတော့ပေ။ ကောင်တာနောက်ဘက်သို့ တိုကိရိုက်သွားပြီး ခင်ပွန်းသည်၏နောက်ကျောပုံကို ရိုက်ယူလိုက်သည်။
“တောက်ကျန့် ကြည့်ပါဦး..ဒါက သူ့ရဲ့တက်တူးအသစ်ပါ”
ကုကျစ်စုန့် ကြည့်လိုက်ပြီးနောက် ထိုလူ၏နောက်ကျောမှာ ဆိုးရွားလှကြောင်း တွေ့လိုက်ရသည်။
သူက ဒုတိယတစ်ကြိမ် တက်တူးဖျက်ခြင်းတွင် အစွန်းအဖျားနားကိုသာ ဖျက်ထားပြီး ကျန်ရှိနေသော အရောင်များဖြင့် ကျုံခွေ့ပုံကို တက်တူးပြန်ထိုးထားပြီး အရေပြားမှာ မညီညာဘဲ ကြမ်းတမ်းနေသည်။
ရောင်ရမ်းခြင်းမှ အနာဖေးများနှင့် အသစ်ထပ်ထွက်လာသော အဖုများကိုပါ ပေါင်းလိုက်လျှင် နောက်ကျောတစ်ခုလုံးက စုတ်ပြတ်သတ်နေသည်။
အလယ်တွင်တော့ ကျုံခွေ့၏ ဒေါသထွက်ဟန်မျက်လုံးတို့ ရှိသည်။ ထိုမျက်လုံးများက ဂျက်စမင်၏လှုပ်နေသော ကင်မရာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တည့်မတ်စွာ ဝင်နေခဲ့သည်။
ကျုံခွေ့တက်တူးဘေးနားမှ အပြာရောင် အနားသတ်တစ်လျှောက်တွင် သာမန်လူမျက်စိနှင့် မမြင်နိုင်သော အမည်းရောင်လေထုရှိနေကာ ကျုံခွေ့၏ မျက်လုံး၊ ပါးစပ်နှင့် ကျုံခွေ့ပုံတစ်ဝိုက်မှ ထွက်လာနေသည်။
နှစ်ချက်ကြည့်ပြီးနောက်တွင် အတော်လေး ကြောက်မက်ဖွယ်ဖြစ်နေသော သတ်လက်ပိုင်းလူက ဂျက်စမင်ကို တွန်းထုတ်ကာ ဒေါသထွက်နေသော မျက်လုံးများဖြင့် ဂဏှာမငြိမ်ကြည့်လာသည်။
“မင်း ဘာလုပ်နေတာလဲ.. ဘာလို့ ငါ့ပုံတွေကိုရိုက်နေတာလဲ.. ဘယ်သူ့အတွက်လဲ!?”
ဂျက်စမင်ကလည်း ဒေါသထွက်နေပြီး သူ့ကို အလျှော့မပေးပေ။ သူမက ပို၍ပင် ကျယ်အောင်အော်လိုက်သည်။
“ဘာတွေကြောက်နေတာလဲ.. ကျွန်မမေးမယ်.. ကျုံခွေ့ပုံကို တက်တူးထိုးပြီး ဘာကို မောင်းထုတ်ချင်လို့လဲ.. ရှင် ရာဇဝတ်မှု ကျူးလွန်ခဲ့တာလား”
“မင်း ဘာတွေပြောနေတာလဲ အဲဒီဖုန်းကို ပိတ်ထားစမ်းပါ!”