အိမ်အိုလေးထဲက သရဲများ (1)
Vol. 29 Ch. 284
တချို့သူများက ရုပ်ကိုထုတ်ဖော်ရသည်ကို ကြိုက်နှစ်သက်ခြင်းမရှိသကဲ့သို့ လူအများစုကလည်း ကိုယ်ပိုင်ကိစ္စကို အလေးထားတတ်ကြပေသည်။
ကိုယ်ပိုင်အရေးကိစ္စများကို အင်တာနက်တစ်ခုလုံး ကြည့်ရှုရန်ဖွင့်ချနိုင်ရန်မှာ နည်းနည်းနောနော သတ္တိမျိုးဖြင့် မရပါချေ။
ထို့ကြောင့် ‘ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’၏ စိုးရိမ်မှုများနှင့် ပြင်ပဘဝအပေါ် သက်ရောက်ခြင်းရှိမည်ကို ကြောက်တတ်ခြင်းကို နားလည်နိုင်ပါသည်။
ကုကျစ်စုန့်က ပြောလိုက်သည်။
“ရပါတယ်”
မကြာမီပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ အခြားအသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ကုတောက်ကျန့် ကျွန်မအသံကို ကြားရလား”
ဤအပြန်အလှန်ဆက်သွယ်မှု၏ ပရိသတ်က မိန်းကလေးတစ်ယောက်ဖြစ်နေသည်ပင်။ သူမ၏ လေယူလေသိမ်းမှာ သီးခြားစံနှုန်းမဟုတ်သော တောင်ပိုင်းလေသံပါနေခဲ့သည်။
ကုကျစ်စုန့် : “ကြားရပါတယ်၊ ရှင် ကျွန်မကို ပုံလေးတွေ ပို့လာတာကိုလည်း မြင်ပါတယ်၊ ရှင့်ကံကြမ္မာကို အရင်ဟောစေချင်လား”
“ဟုတ်ကဲ့” ‘ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’က အနည်းငယ် ရှက်နေပုံပေါ်၏။
ကုကျစ်စုန့်က အင်တာနက်ပေါ်တွင် ခိုင်မာတိကျလှသော ရှေ့ဖြစ်ဟောစွမ်းရည်များဖြင့် ခေတ်သစ် ကြမ္မာဟောဆရာသခင်အဖြစ် အသိအမှတ်ပြုခံရပြီးဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးကသာ ရွေးချယ်ခံလိုက်ရပါလျှင် ထိုသူသည် မိသားစု၊ ကံကြမ္မာ၊ ကျန်းမာရေး သည်တို့ကို ဟောပြောတွက်ချက်ခိုင်းမည်ဖြစ်၏။
ကုကျစ်စုန့်က ပုံအချို့ကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
“အဝါရောင်ကုတ်အင်္ကျီကို ဝတ်ထားတဲ့ လူက ရှင်ပဲဖြစ်လိမ့်မယ်”
“ရှင့်ရဲ့ မျက်နှာသွင်ပြင်အနေအထားနဲ့ ဆယ့်နှစ်ခုသော zodiac signs တွေအရ ရှင်က ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဒီနှစ်ဆို ၃၄ နှစ်ရှိပြီ၊ ရှင့်ရဲ့ မွေးဖွားရာဒြပ်စင်တွေက ရေနဲ့ သစ်သားဖြစ်တယ်၊ မွေးဖွားတဲ့နေရာနဲ့လဲ ကိုက်ညီတယ်၊ ဇာတိက ကျန်းနန်ရဲ့ ရေမြို့တော်မှာဖြစ်မယ်”
“ဒါပေမဲ့ ရှင့်ရဲ့နှာခေါင်းက နည်းနည်းခုံးပြီး နှာသီးဖျားက မေးစေ့ဘက် ထွက်နေတယ်၊ ဒီအသွင်အပြင်က ကြည့်ရုံနဲ့ သိသာတယ်၊ လူတိုင်းက တောင်ပိုင်းသူ မိန်းကလေးတွေက နူးညံ့ပြီး ကောင်းမွန်တဲ့ စိတ်သဘောထားရှိကြတယ်လို့ လက်ခံထားကြပေမဲ့လို့ ရှင်ကတော့ ပြတ်သားတဲ့စိတ်နေစိတ်ထားရှိတယ်
နောက်ကျရွှေ့ဆိုင်းတာမျိုးကိုလည်း သဘောမကျသလို စိတ်တိုလွယ်တဲ့သူလည်းဖြစ်တယ်၊ စိတ်ရှုပ်စရာကောင်းစရာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ရှင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်ကိုတော့ မတွေ့ရဘူး”
ကုကျစ်စုန့်က ထိုသို့ပြောလိုက်တော့ သူမက ပေါင်ကိုရိုက်ကာ “မှန်ပါတယ်”ဟုပင် ထပ်ကာထပ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်မက မျက်နှာထားဆိုးတဲ့သူတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ တချို့လူတွေ ခြေထောက်ရှပ်တိုက်သွားတာ၊ ကိစ္စသေးသေးလေးအပေါ်မှာ ဇီဇာကြောင်နေတာမျိုးတွေ့ရင် သူတို့ကိစ္စတွေကို မြန်မြန်ရှင်းပစ်လိုက်စေချင်တာ
ကျွန်မ ကိုယ့်လေသံကိုယ်လည်း သိပ်ဂရုထားတတ်တဲ့သူမဟုတ်တော့ လေသံက နည်းနည်းမာနေမယ်ထင်တယ်”
ကုကျစ်စုန့်က သူမ ပြောပြီးသည်အထိ စောင့်ပြီး ဆက်ပြောလိုက်သည်။
“ရှင် ကျွန်မကို ပေးလိုက်တဲ့ ပုံတွေကိုကြည့်ရင် သိသာပါတယ်လေ၊ ရှင်က လက်ထပ်ပြီးတာ ၁၀ နှစ်လောက်ရှိပြီး ၇ နှစ်အရွယ် သားတစ်ယောက်လည်း ရှိတယ်၊ မျက်လုံးထောင့်စွန်းတွေကနေ ခွဲဖြာသွားတဲ့ မျဉ်းတွေက အိမ်ထောင်ရေးနန်းတော်ကို ပျံ့နှံ့သွားတယ်
ရှင့်ယောကျာ်းနဲ့ ရှင်တို့ရဲ့ ဆက်ဆံရေးက အဆင်ပြေနေတယ်. ဒါပေမဲ့ မကြာခဏဆိုသလို တင်းမာတာတွေ၊ စကားများကြတာတွေ ကြုံနေရတယ်”
‘ပါးစပ်ဖွင့်ပြီးအမြဲတမ်းရယ်နေ’က ခပ်နွမ်းနွမ်းပြုံး၍ ပြောလာသည်။
“အင်တာနက်ပေါ်က လူတွေ ပြောကြတာက ကုတောက်ကျန့်က နတ်ဘုရားအဆင့် ကြမ္မာဟောသူပဲတဲ့၊ အစတုန်းကတော့ သံသယရှိခဲ့ပေမဲ့ အခုတော့ တကယ်ယုံကြည်သွားပါပြီ၊
ကျွန်မနဲ့ ကျွန်မယောကျာ်းက နှစ်ယောက်လုံး စိတ်ရှည်တဲ့သူတွေ မဟုတ်ကြဘူးလေ၊ သေးသေးမွှားမွှားကိစ္စလေးတွေနဲ့တင် ကျွန်မတို့ စကားများကြရတယ်၊ စိတ်တိုပြီဆို နားရွက်တွေရော၊ မျက်နှာတွေရော နီလာတော့တာ
ကျွန်မစိတ်တိုနေရင် လက်လွတ်စပယ်တွေပြောပြီး သူ့ခံစားချက်တွေကိုလဲ ထိခိုက်စေခဲ့တယ်..”
ဤကိစ္စက သူမ၏ နှလုံးသားထဲမှ အထုံးတစ်ခုလည်းဖြစ်သည်။
သို့သော်လည်း လက်ထပ်ပြီး နှစ်အတော်ကြာသည်အထိ သူတို့၏ ပုံစံနှင့် စိတ်နေသဘောထားတို့က ပုံသေကျနေပြီဖြစ်ရာ ပြုပြင်ရန် ခက်ခဲလှပါ၏။
အရွယ်ရောက်ပြီးသူများက ကလေးများကိုလည်း ပျိုးထောင်ရသေးသကဲ့သို့ မိဘများကိုလည်း ထောက်ပံ့ရသေးသည်ဖြစ်ရာ ငယ်ရွယ်စဉ်တုန်းကကဲ့သို့ ထိုင်၍ စကားအေးဆေးပြောကြဖို့အတွက်လည်း အားအင်လည်းမရှိ၊ စိတ်လည်းမရှည်နိုင်ကြတော့ပါချေ။
မိသားစုများနှင့် စုံတွဲများမှာ ထိုအတိုင်းပါပေ။ တစ်သက်တာလုံး ထိုသို့ဖြင့်သာ ဖြတ်သန်းကြရ၏။
ထို့နောက် ကုကျစ်စုန့်က ပုံထဲမှ အခြားသောနန်းတော်များကို ကြည့်ပြီး ပြောလိုက်သည်။
“ရှင့်ရဲ့မိဘတွေကတော့ သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိနေသေးတယ်၊ ရှင့်ဆီမှာ နည်းနည်း နေမကောင်းတာလေးတွေရှိပေမဲ့ ပြင်းထန်တာမျိုးတော့မဟုတ်ဘူး
ဒါပေမဲ့ ရှင့်အမျိုးသားရဲ့အမေကတော့ ကွယ်လွန်ပြီးသွားပြီ၊ ပြီးတော့ ရှင့်ယောက္ခမကလည်း အတော်လေးအသက်ကြီးနေပြီ၊
ရှင့်အမျိုးသားရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ရသလောက်ကတော့ သူ့နဖူးညာဘက်က အနီရောင်က ဒီတလောမှာ သူ့အဖေက အရမ်းကောင်းတဲ့ကိစ္စတစ်ခုနဲ့ ကြုံကြိုက်ခဲ့တယ်လို့ ကောက်ချက်ချနိုင်တယ်"
“သူ့မွေးနေ့ဖြစ်မယ်ထင်တယ်”
ဤသည်ကိုကြားတော့ ‘ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’ က ကင်မရာ၏အခြားတစ်ဖက်တွင် တိတ်တဆိတ်ခေါင်းငြိမ့်လိုက်ပြီး တစ်ချိန်ထဲတွင်ပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
“ဟုတ်တယ်၊ ကျွန်မရဲ့ ယောက္ခမက ဒီနှစ် အသက်ရှစ်ဆယ်ပြည့်တာ၊ မွေးနေ့က ဒီလ ၁၆ ရက်နေ့လေ၊ ဒီတော့ ပြီးခဲ့တဲ့လက သူ့ဆီကိုသွားပြီး ကျွန်မတို့မြို့မှာပဲ မွေးနေ့ပွဲကြီးကြီးကျင်းပပေးဖို့ ပြင်ဆင်ခဲ့ကြတယ်”
ကုကျစ်စုန့်က ဆက်လက်စဉ်းစားနေဆဲပင်။
‘ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’၏ အောက်မျက်ခမ်းနားတွင် စိမ်းပြာရောင်မှုန်မှိုင်းမှိုင်းကို တွေ့လိုက်ရသဖြင့် သူမ ပြောလိုက်သည်။
“ဒီအတောအတွင်း ရှင့်ရဲ့မျက်လုံးတွေက နည်းနည်းပြာနေပြီး မျဉ်းလေးတွေ တိုးလာတယ်”
‘ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’ က ပြောလာသည်။
“ဟုတ်ပါတယ် ကျွန်မက အရမ်းအလုပ်များတယ်၊ အိမ်နီးချင်းတွေဆီ သွားရတယ်၊ ဖိတ်စာတွေရေးရတယ်၊ ပြီးတော့ ညကျရင်...”
သူမ ပြောနေရင်း တစ်ခုခုလွဲနေသည်ကို သတိပြုမိသွားသည်။
ကုကျစ်စုန့်ကို ပို့လိုက်သည့် ပုံများတွင် filters များ ထည့်ထားခဲ့၏။
ပုံထဲတွင် သူမ၏မျက်လုံးအောက်၌ မျက်ကွင်းညိုနေသည်များ မရှိပါချေ။ လတ်တလောတွင် သူမမျက်ကွင်းညိုနေမှန်း တစ်ဖက်လူက မည်သို့မည်ပုံ သိသွားပါသနည်း။
သူမ အတွေးနွံနစ်နေစဉ် ကုကျစ်စုန့်က အေးဆေးစွာ ပြောလာသည်။
“ကျွန်မ ရှင့်မျက်လုံးတွေ ပြာနေတယ်လို့ ပြောတာက ရှင် ကောင်းကောင်းအနားမယူရဘူးလို့ ဆိုလိုချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆိတ်သုဉ်းမှုကြောင့် မကောင်းတဲ့လေထုတွေရှိနေတယ်
ပြီးတော့ ရှင့်မျက်လုံးအောက်မှာလည်း မျက်ကွင်းညိုတာတွေ အများကြီးရှိနေတယ်၊ ရင်သွေးနန်းတော်မှာတော့ ကလေးရနိုင်ပြီး အဲ့ဒီကလေးကလဲ ကျန်းမာရေးကောင်းမယ်ဆိုတာ မြင်နေရတယ်”
ကုကျစ်စုန့်က ‘ကလေး’ဆိုသည့် စကားကို ပြောလာချိန်တွင်တော့ မတ်မတ်ထိုင်လိုက်ပြီး သူမမျက်လုံးများသည်လည်း အကျယ်တဝင့်ဖြစ်လာခဲ့သည်။
“ရင်သွေးနန်းတော်ဖိနှိပ်ခံထားရတယ်ဆိုတာက ရှင့်သားရဲ့အခြေအနေက သိပ်မကောင်းဘူး၊ သူ့ဘဝက အန္တရာယ်ရှိနေတယ်၊ သမားရိုးကျဖြစ်တာမျိုးတော့ မဟုတ်ဘူး”
‘ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’ : “ကုတောက်ကျန့် ရှင်ပြောတာမှန်တယ်၊ ကျွန်မသားလေး.. သူ တကယ် အသက်အန္တရာယ်ရှိနေတာလားဟင်”
သူမမှာ အနည်းငယ်ပူပင်လာပြီး မျက်ထောင့်စွန်းများပင် နီမြန်းလာခဲ့သည်။
သူမတို့ ရွာမှ နတ်ဆရာမအိုကြီးကတော့ ပြင်းထန်သည့်ကိစ္စမဟုတ်ဟူ၍ပြောခဲ့သည်။ သို့သော်လည်း သူမသား၏ ယန်စွမ်းအင်မှာ တစ်နည်းနည်းဖြင့် ချို့ယွင်းနေလေ၏။
ကုကျစ်စုန့်က ပြောလိုက်သည်။
“ကျွန်မမြင်တဲ့ အခြေအနေကတော့ အန္တရာယ်ရှိနေတယ်၊ သူ့ရဲ့ကံကြမ္မာမျဉ်းက အားနည်းနေတာ၊ ရှင် ဇာတိမြို့ကို ပြန်တဲ့အချိန်မှာ စတာမဟုတ်လား”
အမေးစကားတစ်ခုပင် ဖြစ်နေသည့်တိုင် ကုကျစ်စုန့်၏ လေသံမှာ သေချာနေပေသည်။
သူမ၏ သား အန္တရာယ်ရှိနေသည်ဟု ကြားလျှင် တစ်ဖက်လူက လုံးဝကို မျက်စိမှိတ်ခေါင်းငြိမ့်ကာ ပြောလာတော့သည်။
“လွန်ခဲ့တဲ့တစ်ပတ်လောက်က စဖြစ်ခဲ့တာပဲ၊ ကျွန်မရဲ့ ယောက္ခမက ဒီလမှာ အသက်ရှစ်ဆယ်ပြည့်မှာလေ၊ သူက ကျေးလက်ဒေသမှာပဲ အသက်ကြီးတဲ့ထိ နေလာခဲ့တာ
ပြီးတော့ ကျွန်မအမျိုးသားကလဲ သူ့ရဲ့ တစ်ဦးတည်းသောသားပဲ၊
ဒီလိုအရေးကြီးတဲ့ပွဲမျိုးက ကျွန်မတို့ လုပ်ပေးမှပဲရမှာ၊ မိသားစုဝင်တွေကပဲ ကျွန်မတို့ပဲရှိတာဆိုတော့ တော်တော်လေး အလုပ်များခဲ့တာ”
"ကျွန်မတို့ ပွဲကို ဘယ်လိုပိုကောင်းအောင်လုပ်မယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်၊ အော်ပရာအဖွဲ့တချို့ကိုလည်း ငှားမယ်၊ စားသောက်ပွဲကိုလဲ ရွာထဲမှာ နှစ်ရက်လောက် ကျင်းပကြမယ်"
"ယောက္ခမကြီးက ရှောင်ဟယ်ကို အရမ်းချစ်တာ၊ ရှောင်ဟယ်ဆိုတာက ကျွန်မရဲ့သားပါ၊ မြေးတစ်ယောက်အနေနဲ့ အဘိုးမွေးနေ့ကျင်းပတဲ့အခါ သူ ရှိနေပေးရမယ်လေ၊
ဒါကြောင့် ကျွန်မရဲ့အမျိုးသားက ကျွန်မတို့နဲ့အတူတူ ကျေးလက်ကို ပြန်လာခဲ့တယ်"
"ယောက္ခမကြီးက အိမ်ဟောင်းမှာပဲ နေရတာကို သဘောကျပြီးတော့ မြေနှင့်ဆောက်တဲ့ အိမ်ကပဲ အိမ်လို့ခံစားရတယ်လို့ ပြောတဲ့အတွက်ကြောင့် ကျွန်မတို့မိသားစုက ရွာကို ပြန်ပြီးတဲ့နောက် အဲဒီအိမ်မှာပဲ နေခဲ့ကြတယ်"
ထိုကဲ့သို့ အိမ်များမှာ အိုဟောင်းနေပြီးခေတ်မမီတော့သည့်တိုင် လူအိုကြီးများကတော့ သဘောကျကြဆဲပင်။
ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမ၏အမျိုးသားမှာ ရွာထဲမှ အိမ်များကို တိုးချဲ့ရန်နှင့် ပြန်လည်ပြင်ဆင်ရန် ဆောက်လုပ်ရေးလုပ်သားများကို ခေါ်၍ အခကြေးငွေပေးကာ စတင်ဆောင်ရွက်ခဲ့ဖူးသည်။
ယခုအချိန်တွင်တော့ အိမ်နေရာမှာ ကျယ်ဝန်းနေပြီး အတွင်းထဲတွင်လည်း သန့်ရှင်းနေသည်။
ထို့အတွက် 'ပါးစပ်ဖွင့်ပြီးအမြဲတမ်းရယ်နေ'တွင် ထိုကိစ္စနှင့်ပတ်သက်၍ စောဒကတက်စရာ မရှိပါချေ။
ဇာတိမြို့ကိုပြန်ပြီးနောက် သူမက ရွာထဲမှ သူမ မှတ်မိသော ဦးလေး၊ အန်တီ၊ ဝမ်းကွဲများနှင့် ညှိနှိုင်းရင်း အလုပ်များနေခဲ့၏။ ထို့ကြောင့် သဘာဝကျစွာဖြင့် သူမ၏ သားကို ဂရုစိုက်ရန် အချိန်မပေးနိုင်ပါချေ။
သူမ၏ သားက လွန်ခဲ့သည့်နှစ်ရက်အတွင်း နွမ်းလျနေသည်ကိုပင် သူမ သတိမပြုမိသည်အထိ ဖြစ်နေခဲ့သည်။
နောက်ပိုင်းတွင်တော့ သူမ အလုပ်များနေစဉ် သားဖြစ်သူက ကျေးလက်တွင် မနေချင်တော့ဘဲ ဤနေရာကိုလည်း မကြိုက်ဟူ၍ သူမကို ပြောလာတော့သည်။
သူမနှင့် သူမ၏အမျိုးသားတို့က သားဖြစ်သူ့ကို ဆူပင်ဆူခဲ့ကြသေးသည်။ သူတို့၏သားမှာ ကဂျီကဂျောင်များလှသည်ဟုလည်း တွေးခဲ့ကြ၏။
ရလဒ်အနေဖြင့် နောက်နေ့မနက်တွင်တော့ သူမ အပြုံးလေးတစ်ခုနှင့်အတူ ချက်ပြုတ်ရန် နိုးထလာခဲ့သည်။
ချက်ပြုတ်ပြီးစီးသွားသည့်နောက် သားဖြစ်သူကိုနှိုးရန်အတွက် တံခါးကိုဖွင့်ကာ မနက်စာစားရန် ပြောချင်ခဲ့သည်။
မျှော်လင့်မထားစွာပင် သားဖြစ်သူ နေသည့်အခန်းတံခါးကို တွန်းဖွင့်ပြီးချိန်တွင် သူမ ကြောင်အမ်းသွားရတော့၏။
"ဘယ်သူမှအခန်းထဲမှာ ရှိမနေခဲ့ဘူး"
'ပါးစပ်ဖွင့်ပြီးအမြဲတမ်းရယ်နေ'က ကုကျစ်စုန့်ကို အသံအက်ကွဲစွာဖြင့် ပြောလာခဲ့သည်။