အိမ်အိုလေးထဲမှ သရဲများ(2)
Vol. 29 Ch. 285
'ပါးစပ်ဖွင့်ပြီးအမြဲတမ်းရယ်နေ'က အလွန်ပင် ကြောက်လန့်သွားခဲ့ကာ အနီးနားတစ်ဝိုက်ကို အကြိမ်ရေများစွာ ပတ်ရှာခဲ့သည်။ သို့သော်လည်း အခန်းထောင့်များတွင် ဖြစ်စေ၊ အိပ်ခန်းထဲတွင်ဖြစ်စေ မည်သူမျှရှိမနေခဲ့ပါလေ။
သူမ အသံဆူဆူညံညံလုပ်၍ သားဖြစ်သူကို စိုးရိမ်တကြီး ခေါ်ရှာနေသောကြောင့် ဖြစ်ပါလိမ့်မည်။
သူမ၏အမျိုးသားလည်း လာကြည့်ခဲ့ပြီး အိမ်ထဲတွင် အိပ်နေရမည့် သားဖြစ်သူ မရှိတော့သည့်အတွက် သူသည်လည်း ကြောက်လန့်သွားခဲ့သည်။
စိတ်ပူလွန်းကြသည့်အတွက် သူတို့ ရွာထဲတွင်လည်း လိုက်ရှာခဲ့သည့်အပြင် မြို့မှရဲများကိုလည်း ဖုန်းဆက်ထားခဲ့ကြသည်။
ထိုအချိန်တွင် သားဖြစ်သူက သူတို့ အိမ်အိုကြီး၏ မျင်နှာချင်းဆိုင်ရှိ ပျက်စီးနေသော အိမ်ကြီး၏ ရှေ့တွင် မျက်လုံးများကိုပွတ်လျက်ရပ်နေခဲ့သည်ကို တွေ့လိုက်ရလေ၏။
"အမေ.. သား ဒီမှာ"
သူမ သူ့ကိုတွေ့လိုက်ရချိန်တွင် အလွန်ပင် ဒေါသသွားခဲ့သည်။
သူမ၏သားက သူမကို ရည်ရွယ်ချက်ရှိရှိ စိတ်တိုအောင်လုပ်နေပြီး ကြောက်လန့်စေခြင်းဖြစ်မည်ဟူ၍ တွေးမိလိုက်သည်။
ထို့ကြောင့် သူ့ဆီသို့ အမြန်ပြေးသွားပြီး တင်ပါးကို နှစ်ချက်လောက်ရိုက်လိုက်လေသည်။
"လျှောက်ပတ်ပြီး သွားနေပြန်ပြီလား ဟမ်? ကိုယ့်အမေကို ကြောက်လန့်ပြီး သေသွားစေချင်နေတာလား"
သားဖြစ်သူက ကျယ်လောင်စွာငို၍ ပြောလာခဲ့သည်။
"သား လျှောက်သွားနေတာ မဟုတ်ဘူး အမေ၊ ထွက်ပြေးလာတာလဲ မဟုတ်ဘူး၊ သားနိုးလာတော့ ဒီအိမ်ထဲမှာရောက်နေခဲ့တာ"
'ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ'က သူ့ကို လုံးဝမယုံဘဲ နှစ်ကြိမ်ထပ်ရိုက်လိုက်သည်။
"လိမ်နေသေးတယ်ပေါ့၊ နင်မပြေးဘူးဆို သရဲက နင့်ကိုချီလာမှာလား၊ ယောကျာ်း သူက အမှားလုပ်ထားတာကိုတောင် ဒီလိုပြောနေတာ ရှင် ဂရုမစိုက်တော့ဘူးလား"
သူမ၏ နောက်တွင် ရပ်နေသည့် ယောကျာ်းဖြစ်သူကို လှည့်ကြည့်လိုက်လျှင် တစ်ဖက်လူက ထူးဆန်းနေပြီး သူ၏အကြည့်များထဲတွင်လည်း အံ့ဩမင်သက်မှုများ ပါဝင်နေခဲ့သည်။
'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က တံတွေးမျိုချပြီး ခက်ခက်ခဲခဲ ပြောလာသည်။
"နောက်တော့ ကျွန်မရဲ့အမျိုးသားက ပြောပြတယ်၊ ယောက္ခမကြီးရဲ့ အိမ်ရှေ့က အိမ်ပျက်ကြီးထဲမှာ လူအိုကြီးတစ်ယောက် နေသွားခဲ့တယ်တဲ့၊ သူ့မှာ ကလေးလည်းမရှိသလို ဘဝကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရတယ်"
"သူက အဲဒီအိမ်ကြီးထဲမှာပဲ လွန်ခဲ့တဲ့တစ်လကျော်လောက်က ဆုံးသွားခဲ့တာ၊ ကျွန်မသားလေး ဘာလို့မှန်းမသိ လှဲနေခဲ့တဲ့ အဲဒီအိပ်ရာပေါ်မှာပဲ..."
သူမ၏ အသံမှာ တုန်ရီလာခဲ့သည်။
"ကျွန်မရဲ့ယောက္ခမက သူသေဆုံးသွားတာကို ရှာတွေ့ခဲ့တာတဲ့၊ ဒါပေမဲ့ တွေ့တဲ့အချိန်မှာ ဆုံးပြီးတာ ၂ ရက် ၃ ရက်လောက်ရှိပြီ၊ ပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း တောင့်တင်းနေခဲ့ပြီ"
'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'၏ ဖြစ်အင်ကိုကြားပြီးနောက် ကုကျစ်စုန့် မျက်ခုံးများကို ပင့်လိုက်မိသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြောက်တတ်သော ကြည့်ရှုသူများမှာလည်း ကြောက်လနာ့နေကြလေပြီ။
[တစ်ကိုယ်လုံးရှိသမျှ အမွေးတွေအကုန် ထောင်သွားပြီ၊ အစတုန်းက နည်းနည်းလောက် အိပ်ချင်မူးတူးဖြစ်နေခဲ့ပေမဲ့ ငါ အခုတော့ လုံးဝနိုးသွားပြီ]
[ကယ်ကြပါဦး၊ ဒါကို နားထောင်နေရုံနဲ့တင် ငါ့ရဲ့ ခြေထောက်တွေတောင် ယိုင်ကုန်ပြီ၊ ထူးဆန်းလိုက်တာ၊ သေပြီးသား လူတစ်ယောက် အိပ်ခဲ့တဲ့ ဘာမှမရှိတော့တဲ့ အိပ်ရာမှာ ငါ အိပ်နေခဲ့မိတယ်ဆိုရင်ရောလို့တွေးမိတယ်၊
နောက်ပြီး ညဘက်က ကလေးက အိမ်ထဲမှာ မရှိတော့ဘူးဆိုတာကိုရော လူကြီးတွေက မသိကြဘူးလား]
[အဖြစ်အပျက်တွေ အများကြီးရဲ့အတွေ့အကြုံအရ သူတို့မိသားစုက မျက်နှာချင်းဆိုင်အိမ်ပျက်ကြီးက လူအိုကြီးကို မကောင်းတာတစ်ခုခုလုပ်ခဲ့ပြီး သူ့ကို အာဃာတတွေဖြစ်သွားစေတာ၊ ပြီးရင် သူ သေသွားတဲ့အခါ သရဲအဖြစ်နဲ့ ကလေးကိုလက်စားချေဖို့ ပြန်လာတာများလား]
[ကလေးကို သရဲခေါ်သွားတာဖြစ်မယ်၊ ငါတို့ ရွာဘက်ဒေသတွေမှာ တစ္ဆေထောင်ချောက်ဆိုပြီး ကောလဟာလတွေရှိတယ်. နတ်ဆိုးဝိညာဉ်တွေနဲ့ ဆက်နွယ်မိသွားပြီး မွန်းတည့်ချိန် ဒါမှမဟုတ် သန်းခေါင်ချိန်မှာ အရာဝတ္ထုတွေထဲ ပူးကပ်သွားတာမျိုးလေ]
[သရဲတစ်ကောင် ခေါ်သွားတာကို ခံလိုက်ရရင် အဲဒီလူက ခေါင်းမူးလာပြီး ခြေလှမ်းတွေကလဲ လေထဲမှာလှမ်းနေရသလိုဖြစ်နေတာ၊ မြေကြီးနဲ့လဲ ထိတယ်လို့ မခံစားရတော့ဘူး၊ မမြင်ရတဲ့တစ်ခုခုက ဆွဲခေါ်သွားတာမျိုး
အနီးနားမှာသာ ရေတွင်းနက်နက်တစ်ခုလောက်ရှိလို့ကတော့ အဲဒီထဲကို တိုက်ရိုက်ခုန်ချလိုက်မိတာလေ၊ နောက်နေ့ကျမှ သူ့မိသားစုက သူ့ကို တွေ့တော့ သူက အဲဒီရေတွင်းထဲမှာ သေနေပြီ]
[.....]
'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က လက်ထဲတွင် ဖုန်းကို ကိုင်ထားပြီး တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲမှ ယောက်ယက်ခက်နေကြသည့် ကောမန့်များကို တွေ့လိုက်ရသည်။
'ရှာတွေ့တော့ သူက သေပြီးနေပြီ'ဆိုသည့် စကားလုံးများကို မြင်လိုက်ရသောအခါတွင် သူမ ကြောက်လန့်သွားပြီး နှလုံးသားထဲတွင် ကြောက်စိတ်များမွှန်သွားခဲ့သည်။
ထိုခဏတွင် စခရင်၏အခြားတစ်ဖက်မှ ကုကျစ်စုန့်က မေးလိုက်သည်။
"အဲဒီနောက်ရော ဘာဆက်ဖြစ်လဲ၊ သူ့ရဲ့ကြမ္မာမျဉ်းကြောင်း တဖြည်းဖြည်း အားနည်းသွားတယ်ဆိုတော့ တစ်ခုခုတော့ ဖြစ်ခဲ့ဦးမယ်မလား"
'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က အသံတိုးတိုးပြုကာ လွန်ခဲ့သည့်နှစ်ရက်က သူမသားတွင် ဖြစ်ခဲ့သော ထူးဆန်းသည့်အကြောင်းအရာများကို ဆက်လက်၍ ပြောပြလေတော့သည်။
"ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းသည်က ဒါကို မယုံနိုင်သေးဘူး၊ ထူးဆန်းတာတစ်ခုခုတော့ဖြစ်ပြီလို့ တွေးခဲ့ကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သက်ရှိလူသားတစ်ယောက်က အိမ်တစ်အိမ်ထဲမှာ ပျောက်ပြီး နောက်တစ်အိမ်မှာ ပေါ်လာတယ်ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ကျွန်မ အဲဒီညမှာ ရှောင်ဟယ်ရဲ့အိပ်ရာကို ကြည့်လိုက်တော့ အခန်းထဲက အိပ်ရာက ရှုပ်ပွနေခဲ့တယ်၊ တမင်သက်သက် လုပ်ထားတဲ့ပုံလည်းမပေါ်ဘူး၊ ကျွန်မ အဲဒါကို အမှတ်မှားတာမဟုတ်ဘူး"
သူမ၏ သားက ထိုညက သူ၏အခန်းထဲတွင်ပင် အိပ်ရာဝင်ခဲ့သည်။
ဆိုရလျှင် မည်မျှပင် ဆိုးသွမ်းပေတေနေသည်ဖြစ်ပါစေ၊ သူသည်က ကိုးနှစ်အရွယ်ကလေးပင် ဖြစ်နေသေးသည်။
ဝမ်းနည်းတကြီးငိုကြွေးကာ လျှောက်မသွားပါဘူးဟု ပြောခဲ့သော သူမ၏ သားကို မြင်တွေ့ခဲ့ရပြီးနောက် သူမ၏သားမှာ မိဘများကိုစိတ်ပူစေရန် ညလယ်သန်းခေါင်ကြီး အိမ်ပြင်ထွက်မည့် ကိစ္စမျိုး လုပ်နိုင်လောက်မည်မဟုတ်ဟု သူမ တွေးမိခဲ့သည်။
ဖြစ်နိုင်တာက....
မျက်နှာချင်းဆိုင်အိမ်မှာ တစ်ခုခုထူးဆန်းတာမျိုး ရှိနေတာလား။
သို့နှင့်သူမက အလောတကြီးနှင့် သူမ၏သားကို အိမ်ပြန်ခေါ်လာပြီး ယောက္ခမကြီး နိုးလာသည့်အချိန်တွင် အဖြစ်အပျက်ကို ပြောပြလိုက်သည်။
"အဖေ၊ မျက်နှာချင်းဆိုင်က အိမ်ပျက်ကြီးထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ အဘိုးကြီးတစ်ယောက် သေသွားဖူးတာလား"
"ဟုတ်တယ်"
သူ၏ ပြောပြချက်အရ လမ်းတစ်ဖက်မှ မြေသားအိမ်မှာ ဝမ်မျိုးရိုးအမည်ရှိ အဘိုးကြီးတစ်ယောက်၏ အိမ်ဖြစ်သည်။
အဘိုးဝမ်မှာ သူနှင့်ရွယ်တူပင်ဖြစ်ပြီး အသက် ၈၀ ရှိပြီဖြစ်သည်။
ရှားတိုင်းပြည်တည်ထောင်ပြီးသည့်နောက် မကြာခင်တွင် သူတို့ကို မွေးခဲ့ခြင်းဖြစ်၏။
ခက်ခဲဆင်းရဲမှုတို့ကို ကြုံနေရချိန်များတွင် သူတို့နှစ်ယောက်သည်ကား တစ်ရွာတည်းသားများဖြစ်ကာ လည်ပင်းဖက်၍ ကြီးပြင်းလာခဲ့ကြသည်။
သို့သော်လည်း အဘိုးဝမ်၏ မိသားစုမှာ ပို၍ဆင်းရဲလေသည်။ သူ့တွင် မသန်စွမ်းအဖေတစ်ယောက်နှင့် နှစ်ဧကခွဲသော လယ်မြေသာ ရှိသည်။ တစ်နှစ်စာမျှခက်ခဲပင်ပန်းစွာ အလုပ်လုပ်ပြီးမှသာ ဝမ်းစာဖြည့်ရန် ရိတ်သိမ်းရသည်။
နောက်ပိုင်းတွင် သူ အသက်နှစ်ဆယ်ပြည့်သောအခါ ဘေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီး ကလေးတစ်ယောက် ရခဲ့သည်။ နှစ်အနည်းငယ်ထိ သူတို့ဘဝလေးက အေးချမ်းခဲ့၏။
ဆန့်ကျင်ဘက်အနေဖြင့် 'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'၏ ယောက္ခမဖြစ်သူမှာ လက်ထပ်ပြီးသည့်နောက် အသက် ၄၀ စွန်းစွန်းမရောက်ခင်အချိန်ထိ သားသမီးမထွန်းကားခဲ့ပေ။ ဆေးစစ်ရန် ဆေးရုံသို့ အခေါက်ခေါက်အခါခါ သွားခဲ့ရသည်။
မြို့တွင်ရှိသည့် ဆေးရုံကြီးကို သွားပြီးမှသာ ဆရာဝန်က သူ့ဇနီးတွင် ပြဿနာရှိနေသည် မဟုတ်ဘဲ ပြဿနာရှိနေသူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း ပြောလာခဲ့သည်။
Asthenozoospermia ဟုခေါ်သော ရောဂါတစ်မျိုးကြောင့် သူ့တွင် ကလေးရဖို့ရန်မှာ ခက်ခဲပေသည်။
(Asthenozoospermia - သုတ်ပိုးအားနည်းသည့်ရောဂါ)
ထိုအချိန်များတွင် အဘိုးဖြစ်သူမှာ ရွာထဲတွင် စိတ်ရှုပ်စရာကောင်းစွာ နေထိုင်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ရွာသားများက သူ့အား လူပျိုကြီးကဲ့သို့ဖြစ်နေပြီး အသက်ကြီးလာလျှင် သားတစ်ယောက်မျှပင် မရှိပါသည့်အတွက် သူ့ကိုစောင့်ရှောက်မည့်သူမရှိဟု ပြောကြသောကြောင့်ပင်။
ထို့ကြောင့်ပင် သူလည်း ဒေါသထွက်ထွက်ဖြင့် တခြားရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
မမျှော်လင့်စွာပင် နှစ်နှစ်မပြည့်ခင် သက်လတ်ပိုင်းအရွယ်စုံတွဲမှာ ကိုယ်ဝန်ရှိလာခဲ့ပြီး 'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'၏ ယောကျာ်းဖြစ်သူကို မွေးဖွားခဲ့သည်။
ဤသည်က ယောက္ခမနှစ်ဦးစလုံးကို အတိုင်းထက်အလွန် ပျော်ရွှင်စေခဲ့၏။
မွေးဖွားပြီးသည့်နောက် မိသားစုမှာ ချွတ်ခြုံကျအောင် မွဲတေနေခဲ့သည်။ အစားအစာကိုစောင့်နေသည့် သားဖြစ်သူကိုတစ်လှည့်၊ မီးနေသည်ဖြစ်သည့် ဇနီးဖြစ်သူကိုတစ်လှည့် ကြည့်ပြီးနောက် အဘိုးသည် အံကြိတ်ကာ ထိုဒေသတွင်းရှိ ဂိုဏ်းစတားများ၏နောက်သို့လိုက်၍ တိတ်တဆိတ် စီးပွားရှာခဲ့သည်။
သူ့အနေဖြင့် ဖမ်းဆီးခံရပြီး ထောင်ထဲသို့ရောက်တော့မည်အထိ အန္တရာယ်ရှိသော အခြေအနေများကိုလည်း ကြုံကြိုက်ခဲ့ရသည်။
အဆုံးတွင်တော့လယ်မြေတွင်သာ လုပ်ကိုင်ခဲ့ဖူးသော ယောက္ခမကြီးမှာ သူ့သတ္တိနှင့် နဂိုအရင်းခံရှိသည့် ပါးရည်နပ်ရည်တို့ဖြင့် ခေတ်ကာလအတိုင်း စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်နိုင်ခဲ့တော့သည်။
သူတို့ အတန်အသင့် ချမ်းသာလာပြီးနောက် ဆယ်ကျော်သက်အရွယ် သားလေးနှင့်အတူ ဇာတိအိမ်သို့ပြန်ခဲ့သည်။
ထို့အခါမှသာ တစ်ချိန်က သူ မနာလိုဖြစ်ခဲ့ရသည့် ကလေးဘဝမှသူငယ်ချင်းမှာ ယခုတော့ ငြိမ်းချမ်းသာယာမနေတော့ကြောင်းကို သူ သိလိုက်ရသည်။
အဘိုးဝမ်က ခပ်ညစ်ညစ်ကုတ်အင်္ကျီလေးတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ အသက်ခြောက်ဆယ် မတိုင်သေးသော်လည်း ဆံပင်များမှာ မီးခိုးရောင်ဘက်သမ်းနေပြီး ရှုပ်ပွနေသည်။
မျက်နှာမှာလည်း အရေးအကြောင်းများ ပြည့်နေကာ အကြည့်တို့မှာလည်း ထုံထုံထိုင်းထိုင်းနှင့် ဝမ်းနည်းနေဟန်အပြည့်ရှိပေသည်။ ထိုအိမ်ပျက်ကြီးထဲတွင် သူ တစ်ယောက်တည်းသာ နေထိုင်လျက်ရှိ၏။
ရွာထဲမှ တခြားလူများကို မေးကြည့်သောအခါ သူ့၏ကလေးဘဝက သူငယ်ချင်းသည်က သူ ရွာမှထွက်သွားပြီးနောက်ခက်ခဲသော ဘဝတွင် နေခဲ့ရကြောင်း သိလာရသည်။
သူတို့မိသားစုမှာ မြစ်ဝှမ်းဒေသလယ်ယာတွင် ခက်ခဲပင်ပန်းဆင်းရဲစွာ စားသောက်လုပ်ကိုင်ခဲ့ရသည်။
သူ၏ တစ်ဦးတည်းသောသားက တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေချင်သည်။ ရွာထဲမှ သတင်းများအရ ကမ်းခြေဘက်တွင် အဝတ်အစားများဝယ်၍ မြို့ပေါ်တက်ကာ ရောင်းကြမည့်သူများမှာ အလွန်ပင် စီးပွားဖြစ်ကြောင်းကို သူ သိလိုက်ရသည်။
သူက တစ်ဘဝလုံးကို လယ်စိုက်ရင်းဖြင့်သာ ဆင်းဆင်းရဲရဲမဖြတ်သန်းချင်ပေ။ ထို့ကြောင့် အဘိုးဝမ်နှင့်မနေတော့ဘဲ မြို့တော်သို့ ပြောင်းခဲ့သည်။
ရလဒ်အနေဖြင့် သူက နယ်ခံဂိုဏ်းစတားများကို စော်ကားမိသကဲ့သို့ ဖြစ်သွားပြီး အသတ်ခံလိုက်ရတော့သည်။
သူ ဆုံးသွားသည်မှာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်၏။
သားဖြစ်သူ၏ သေဆုံးသွားခြင်းကြောင့် အဘိုးဝမ်၏အမျိုးသမီးမှာလည်း ပြင်းထန်စွာရှော့ခ်ရကာ နောက်ဆုံးတွင် လောကကြီးကို အရှုံးပေးသွားခဲ့သည်။
ရွာထဲတွင် သူတစ်ယောက်ထဲသာ ကျန်ခဲ့ပြီး ဇွန်ဘီတစ်ကောင်ကဲ့သို့ ရှင်လျက်နှင့် သေသောဘဝမျိုးဖြစ်နေရသည်။