ဒီလူကို အသေသတ်ပစ်
Vol. 1 Ch. 81
နောက်ဆုံးတွင် ချမ်ဝမ်ကွမ်သည် ယွီမိန်အာကို ကျန်းရီ၏ အိပ်ရာထဲသို့ ခေါ်မလာခဲ့ပေ။ သူခေါ်လာလျှင်တောင် ကျန်းရီသည် သူမကို ထိရဲမည် မဟုတ်ပေ။ သူတို့ သင်တန်းကျောင်းကို ပြန်ရောက်သော် ကောင်းကင်သည် မှောင်မည်းနေခဲ့ပြီ ဖြစ်သည်။ သင်တန်းကျောင်းကို ပြန်ချေချမိသည်နှင့် ချမ်ဝမ်ကွမ်သည် ကျန်းရီအနား တိုးလာကာ လျှို့ဝှက်သော လေသံနှင့် ပြောလာခဲ့သည်။
"အစ်ကိုကြီးကို နောက်မှ သူငယ်ချင်းကောင်း တချို့နဲ့ မိတ်ဆက်ပေးမယ်။ သူတို့တွေက သဘောကောင်းတဲ့ သူတွေ မဟုတ်ပေမယ့်လို့ သူတို့ကို သေချာ သိသွားရင် သူတို့က ညီအစ်ကို အရင်းတွေလို ယုံကြည်ရတဲ့သူတွေ ဖြစ်လာလိမ့်မယ်"
"ညီအစ်ကိုအရင်းတွေ"
ကျန်းရီသည် လက်မခံလိုသည့် သဘောဖြင့် အသာ ရယ်မောလိုက်သည်။ လောကသည် ခက်ခဲကြမ်းတမ်း လွန်းသည်။ ချမ်ဝမ်ကွမ်၏ သူငယ်ချင်းများ မပြောနှင့် ချမ်ဝမ်ကွမ်ကိုတောင် သူအပြည့်အဝ မယုံကြည်သေးပေ။ အားကောင်းသော ဂိုဏ်းများမှ သခင်လေးများသည် အခြားသူကို မိတ်ဆွေစစ် အနေနှင့် မည်သို့များ ဆက်ဆံနိုင်လိမ့်မည်နည်း။
ကျန်းရီသည် တံခါး ဖွင့်လိုက်သည်နှင့် အဖိုးတန် အဝတ်အစား များကို ဝတ်ဆင်ထားသော သခင်လေး သုံးယောက်ကို တွေ့လိုက်သည်။ သူတို့ ထိုင်နေသော နေရာတွင် စားသောက်ဖွယ်ရာ များကို စားပွဲအပြည့် ခင်းကျင်းထားသည်။
ထိုသုံးယောက်သည် ချမ်ဝမ်ကွမ်နှင့် ကျန်းရီ ဝင်လာသည်ကို မြင်လျှင် အလျင်အမြန် မတ်တပ်ရပ်လိုက်ကြပြီး ချမ်ဝမ်ကွမ်ကို ပြုံးပြ လာခဲ့သည်။ သူတို့သည် ကျန်းရီကို သာမန်ကာလျှံကာ လောက်သာ ကြည့်လိုက်သည်။
"လာကြ ... မင်းတို့ အားလုံးကို မိတ်ဆက်ပေးမယ်"
ချမ်ဝမ်ကွမ်၏ မျက်နှာထက်တွင် ဖော်ရွေသော အပြုံးများ ရှိနေခဲ့သည်။ သူသည် ထိုသုံးယောက်ကို ညွှန်ပြ၍ ပြောလာခဲ့သည်။
"ဒါက ယင်းရှာ ယင်းဂိုဏ်းရဲ့ စတုတ္ထ သခင်လေး၊ ဒါက လုံရှန်း လုံဂိုဏ်းရဲ့ ဆဋ္ဌမသခင်လေးနဲ့ ဒါက တော့ ထိုက်ရှစ်ဂိုဏ်းရဲ့ ဒုတိယသခင်လေး ထိုက်ရှစ်ချန်ပဲ၊ မင်းတို့ သုံးယောက်က သူ့ကို သိပြီးသားပဲ၊ ကျန်းရီလို့ခေါ်တယ်။ အဲဒီနေ့က ငါတို့ကို အနိုင်ရအောင် လုပ်ပေးလိုက်တဲ့ သူပဲ၊ အခု သူက ငါ့အစ်ကိုကြီးပဲ"
ကျန်းရီသည် ထိုသုံးယောက်ကို မျက်လုံးကစား၍ ကြည့်လိုက်သည်။ ယင်းရှာသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်၍ တည်ကြည်သည်။ သူသည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် ဖြစ်သော ကျန်းစွန်းထွင်လုံနှင့် တိုက်ခိုက်ခဲ့သည့် တစ်ယောက် ဖြစ်သည်။ ကျန်းရီသည် သူ့ကို စွဲစွဲမြဲမြဲ မှတ်မိနေပေသည်။
လုံရှန်းသည် အမည်အတိုင်းပင် နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်အတိုင်း ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိသည်။ သူသည် အရပ်ခုနစ်ပေခန့် ရှည်လျား၍ ထွားကျိုင်း သန်မာသည်။ သူသည် ကျန့်ဝူရွှမ်းထက်ပင် ခေါင်းတစ်လုံးစာခန့် မြင့်သည်။ (တရုတ်လို နဂါးက 'လုံ' လို့ အသံထွက်ပြီး ဆင်က 'ရှန်း' ပါ)
ထိုက်ရှစ်ချန်သည် သန့်ရှင်း သပ်ရပ်သော လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ရှိ လူတစ်ယောက်နှင့်ပင် မတူဘဲ စာပေသမား တစ်ယောက် အသွင်ဖြစ်သည်။
ကျန်းရီသည် ထိုသုံးယောက်ကို အသေအချာ အကဲခတ်နေရာ သူတို့သည်လည်း ကျန်းရီကို ပြန်၍ အကဲခတ် နေကြသည်။ သူတို့သည် ထိုနေ့က သူတို့ကို ကူညီခဲ့သူမှာ ကျန်းရီ ဖြစ်ကြောင်း သိလိုက်သည်နှင့် မျက်နှာထက်တွင် အပြုံးများ ဖြစ်တည်လာကြသည်။ တည်ကြည်သော ယင်းရှာပင် လက်ခံကြောင်း ခေါင်းညိတ် ပြလေသည်။ သို့သော် သူတို့သည် ချမ်ဝမ်ကွမ်၏ နောက်ဆုံးစကား တစ်ခွန်းကို ကြားသောအခါ ဆွံ့အ သွားကြလေသည်။ သူတို့သည် နားကြားမှား သွားသည်ဟု ထင်လိုက်ကာ ကျန်းရီ၏ မျက်နှာကိုပင် ကြည့်လိုက်ကြသည်။
သူတို့ သုံးယောက်သည် ထိုဖော်ရွေပြီး အန္တရာယ်ကင်းပုံ ပေါ်သော ဖက်တီးသည် မည်မျှလိမ္မာ ပါးနပ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ကြသည်။ ချမ်ဂိုဏ်း၏ ဆက်ခံသူ အလောင်းအလျာ ဖြစ်သောကြောင့် သူ့တွင် ရှိသော အတွေးများသည် ချမ်ဂိုဏ်း၏ အတွေးနှင့် တစ်ပုံစံတည်း ဖြစ်သည်။ ချမ်ဂိုဏ်းသည် ပါရမီရှင်များ ထံတွင် ရင်းနှီးမြှုပ်နှံလေ့ ရှိကြသည်။ သူတို့ သုံးယောက်ကိုပင် ကြည့်ပါချေ။ သူတို့သည် သူတို့၏ ဂိုဏ်းများတွင် ထူးချွန်သည်ဟု သတ်မှတ်ခြင်း မခံရပေ။ သို့သော် ချမ်ဝမ်ကွမ်သည် သူတို့၏ ဂိုဏ်းများမှ ထူးချွန်သူများအစား သူတို့ကို ရွေးချယ်ခဲ့သည်။ ချမ်ဝမ်ကွမ်သည် သူတို့ကို အကျိုးပြုသည့် ကျင့်ကြံရာတွင် အထောက်အကူပြုသော ပစ္စည်းများကိုပါ ထောက်ပံ့ ပေးထားသည်။
ချမ်ဂိုဏ်းသည် သူတို့၏ ဆုံးဖြတ်မှုကို အလွန်တရာမှ ပြတ်ပြတ်သားသား လုပ်ဆောင်ကြသည်။ ချမ်ဝမ်ကွမ်၏ အဖေကိုပဲ ဥပမာကြည့်ပါ၊ ထိုနေ့ရက်များကို ပြန်ပြောင်းပြောရလျှင် သူသည် ဂိုဏ်းကြီးလေးခုမှ ဂိုဏ်းသားများနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ ကြသည်။ အခုထိုဂိုဏ်းသား များသည် သူတို့၏ ဂိုဏ်းအသီးသီးတွင် ဂိုဏ်းချုပ်များ၊ ဂိုဏ်းအတွင်းရှိ အာဏာရ ပုဂ္ဂိုလ်များ အသီးသီး ဖြစ်နေကြပြီ ဖြစ်သည်။ သူ၏ အမျှော်အမြင်ရှိရှိ ဆုံးဖြတ်ခဲ့မှုကြောင့် ချမ်ဝမ်ကွမ်၏ အဖေသည် သဘောထားကြီးစွာ ကျေးဇူးကြွေး ပြန်ဆပ်မှုများကို လက်ခံရရှိလေသည်။
ချမ်ဝမ်ကွမ်သည် သူတို့သုံးယောက်ကို ထောက်ပံ့ပေး၍ သူတို့၏ ဂိုဏ်းအသီးသီးတွင် ဂိုဏ်းနေရာအတွက် အပြင်းအထန် ကြိုးစားနိုင်အောင် ကူညီပေးလေသည်။ ချမ်ဂိုဏ်းက တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပြီ ဆိုလျှင် ထိုသူသည် အလားအလာ ကောင်း၍ ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့ သုံးယောက်သည် ကျန်းရီထံတွင် ထူးခြားသည့် ဘယ်အရာကိုမှ မမြင်မိပေ။ သူ့အပေါ်ယံ အင်အားသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်ဟုသာ ထင်ရသည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် ရှိလူကို တစ်ချက်တည်းနှင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်နိုင်သော်လည်း ချမ်ဝမ်ကွမ်အတွက် ထိုမျှ အသိအမှတ် ပြုခံရရန် မထိုက်တန်လောက်သေးဘူး မဟုတ်လား။
အစ်ကိုကြီးတဲ့လား။
ချမ်ဂိုဏ်း၏ ဆက်ခံသူ အလောင်းအလျာ၏ အစ်ကိုကြီးဟု အခေါ်ခံရရန် ဒီတစ်ယောက်တွင် သူ၏ ပြင်ပ သွင်ပြင်ထက် ပို၍ မယုံနိုင်စရာ ကောင်းသော တစ်ခုခု ရှိနေရပေမည်။
သူတို့ တစ်ယောက်ခြင်းစီသည် ဂိုဏ်းကြီး ခုနှစ်ခုထဲမှ ဆင်းသက်လာကြသည် ဖြစ်ရာ ချမ်ဝမ်ကွမ်၏ စကားနောက်မှ သဘောတရားကို ချက်ချင်း နားလည်လိုက် ကြသည်။ သူတို့၏ လက်ရှိ အမူအရာများသည် အပြုံးပန်းများ ဝေသွားကာ ကျန်းရီကို ထိုင်ပါရန် ဖော်ဖော်ရွေရွေ ဖိတ်ခေါ် နေကြပေသည်။
ကျန်းရီသည် အနည်းငယ် ချင့်ချိန်လိုက်ကာ ကျန်းယွင်ဟိုင် ပေးလိုက်သော အထုပ်ကို သိမ်းဆည်းရန် သူ့အခန်းတွင်း ဝင်သွား လိုက်သည်။ ထို့နောက် သူသည် ပြန်ထွက်လာကာ သံသယနှင့် မေးလိုက်သည်။
"ချမ်ဝမ်ကွမ် ... အစက ဒီမှာနေတဲ့ တရားမဝင် ကျောင်းသား နှစ်ယောက်က ဘယ်ရောက် သွားတာလဲ"
"ကျွန်တော် သူတို့ကို မြင်နေရတာ မျက်စိဆံပင်မွေး စူးနေလို့ တစ်ယောက်ယောက်ကို သူတို့ကို နေရာပြောင်းပေးဖို့ ခိုင်းလိုက်တယ်"
ချမ်ဝမ်ကွမ်သည် ဘာမှမဖြစ်သလိုပင် ပြန်ဖြေလာခဲ့သည်။ သူသည် ကျန်းရီကို လက်ယပ် ပြလိုက်သည်။
"လာ ... လာ ... အစ်ကိုကြီး ... ဒါက ပါရမီရှင် ကျောင်းသားတွေပဲ စားခွင့်ရှိတဲ့ အစားအစာတွေပဲ၊ ဒါတွေ ဒီရောက်လာဖို့ ကျွန်တော် ပိုက်ဆံ တော်တော်လေး သုံးထားရတာ"
"ဟီးဟီး ... သခင်လေးချမ်နဲ့ ရင်းနှီးရတာ အကောင်းဆုံးပဲ၊ အစားကောင်းကောင်း စားရဖို့ ကျွန်တော် ဒီကို နေ့တိုင်းလာမှ ဖြစ်တော့မယ်"
လုံရှန်းသည် ပလုပ်ပလောင်းနှင့် ပြောလိုက်သည်။ သူသည် ကျန်လူများကို ဂရုစိုက် မနေတော့ဘဲ အစားအသောက်များ ထံတွင်သာ အာရုံစိုက်လိုက်သည်။
သူတို့သည် အစားအသောက်များ အကုန်ကုန်သွားရန် တစ်နာရီမျှ အချိန်ယူလိုက်ရသည်။ ကျန်းရီသည် မထင်မရှား နေချင်သည် ဖြစ်ရာ စားနေချိန်တွင် စကားအများကြီး မပြောခဲ့ပေ။ သူသည် စားသောက် ပြီးသည်နှင့် သူ့အခန်းထံသို့သာ တန်းတန်းမတ်မတ် သွားကာ ကျင့်ကြံ နေလိုက်သည်။ သူထွက်သွားသည်နှင့် ကျန်သုံးယောက်သည် ချမ်ဝမ်ကွမ်ထံ ချည်းကပ်ကာ မေးကြတော့သည်။
"သခင်လေးချမ် ... သူ့မှာ ဘယ်လို အဆင့်အတန်း ရှိတာလဲ"
ချမ်ဝမ်ကွမ်သည် ဝိုင်တစ်ခွက်ကို သောက်လောက်ကာ ရယ်မော၍ ဂရုမထားစွာ ပြောလိုက်သည်။
"ဘာဂုဏ်ပုဒ်မှ မရှိဘူး။ သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကတော့ မဆိုးပါဘူး။ ပြီးတော့ သူ့ရဲ့ အရည်အချင်းကတော့ အတော်လေး ကောင်းတယ်"
"ဒီလိုလား"
ထိုသုံးယောက်သည် မယုံကြကြောင်း ထင်ရှားသည်။ လုံရှန်းသည် နှာခေါင်း တစ်ချက်ရှုံ့ကာ ပြောလိုက်သည်။
"သူ့ရဲ့ အရည်အချင်း၊ ယင်းရှာကို ထားလိုက်ဦး။ သူကျွန်တော့်ကိုတောင် မယှဉ်နိုင်လောက်ဘူး မဟုတ်လား"
"ဟီးဟီး"
ချမ်ဝမ်ကွမ်သည် ရယ်မောလိုက်ပြီး အသာအယာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက သူ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှာပဲ ရှိသေးတယ်၊ အခု သူ့ရဲ့ အင်အားအကုန်ကို သုံးမယ်ဆိုရင် ယင်းရှာကိုတောင် တိုက်ခိုက်လို့ ရနေပြီ၊ မင်းရဲ့ အရည်အချင်းက သူ့ထက်ပိုသာတယ်လို့ ပြောနိုင်သေးလား"
"ဟမ်"
လုံရှန်း၏ မျက်လုံးအိမ် များသည် ပြူးကျယ် သွားခဲ့သည်။ ကျန်နှစ်ယောက်သည်လည်း ဆွံ့အ သွားရလေသည်။ ချမ်ဝမ်ကွမ် အသိအမှတ် ပြုထားသော သူသည် လုံးဝ သာမန်ထက် ထူးခြားနေကြောင်း သူတို့အားလုံး သိလိုက်ကြသည်။
ထိုက်ရှစ်ချန်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ပြောလိုက်သည်။
"အိုး ... ဟုတ်သားပဲ ... ကျန့်ဝူရွှမ်းက အဆင့်တက် ပြိုင်ပွဲကို တောင်းဆိုထားပြီ"
"ငါမှန်သွားပြီ"
ချမ်ဝမ်ကွမ်သည် လက်မ ထောင်လိုက်သည်။ ရောက်ရှိလာသော ကျောင်းသားသစ် များတွင် ငါးယောက်တစ်ယောက် ယှဉ်ပြိုင် တိုက်ခိုက်ရန်မှာ ကျန့်ဝူရွှမ်းသာ တတ်နိုင်၍ ကျန့်ဝူရွှမ်းသာ တိုက်ခိုက်ရဲသူ ဖြစ်ပေလိမ့်မည်။
"ကောင်းပြီ ... ငါအခု စားလို့ပြီးပြီ၊ အလုပ်လုပ်ရမဲ့ အချိန်ပဲ"
ချမ်ဝမ်ကွမ်သည် သူ၏ နောက်ဆုံး လက်ကျန်ဝိုင်ကို မော့ချလိုက်ကာ အပြင်သို့ သူတို့သုံးယောက်ကို ခေါ်သွားခဲ့လေသည်။ သူသည် အပျော်ရှာရန်နှင့် ပျင်းရိနေရန် သင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ သူသည် မိတ်ဆွေများ ဖွဲ့ရန်နှင့် အရည်အချင်းရှိသော သူများကို သိမ်းသွင်းရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
***
ကျန်းရီသည် သန်းခေါင် အချိန်အထိ ကျင့်ကြံပြီးနောက် နှစ်ခြိုက်စွာ အိပ်မော ကျသွားခဲ့လေသည်။ နောက်တစ်နေ့ နံနက်တွင် ချမ်ဝမ်ကွမ်သည် တစ်ယောက်ယောက်ကို မနက်စာ ကောင်းကောင်း ပြင်ပေးရန် ညွှန်ကြား၍ သူတို့ နှစ်ယောက်သည် အစားကောင်းကောင်း စားသောက်ကာ နေ့စဉ်တာဝန်များ ထမ်းဆောင်ရန် ထွက်လာ ကြလေသည်။ သူတို့သည် တောင်ခြေသို့ ရောက်သည်နှင့် ကျန်းရီသည် ဂူထဲသို့ သွားကာ ကျင့်ကြံ၍ ချမ်ဝမ်ကွမ်သည် ကျောက်ဖျာကြီးပေါ်တွင် အိပ်လေသည်။
ကျန်းရီမျှော်မှန်းထားသည်နှင့် မကိုက်ညီစွာ ထိုရက်များ အတွင်း မည်သူမှ ပြဿနာ လာမရှာခဲ့ပေ။ သူသည် ချမ်ဝမ်ကွမ်နှင့် နေ့တိုင်း အတူရှိနေ၍ ပေလား သို့မဟုတ် ဆရာကျောက်သည် အနီးအနားတွင် ရှိနေ၍ပေလား မပြောတတ်ပေ။ ဤရက်များသည် အတော်လေး ငြိမ်းချမ်း နေပေသည်။ ကျန်းရီသည် ငြိမ်းချမ်းခြင်းကို အပြည့်အဝ ခံစားကာ ကျင့်ကြံနေသည်မို့ သူ့ကျင့်ကြံခြင်းသည် များစွာ တိုးတက် နေခဲ့သည်။
ညတိုင်းတွင် သူချမ်ဝမ်ကွမ်ကို မတွေ့မိပေ။ သင်တန်းကျောင်း၏ နယ်နိမိတ်အတွင်း ဖြစ်ရာ ကျန်းရီသည် ချမ်ဝမ်ကွမ် တစ်ခုခု ဖြစ်မည်ကို စိတ်ပူမနေတော့ချေ။ သူသည် ကျင့်ကြံနေသည့် အပြင် ကျန်းယွင်ဟိုင် သူ့ကို ပေးခဲ့သော မြေကမ္ဘာအဆင့် ကျင့်စဉ်ကိုပါ စတင် လေ့လာနေခဲ့ပြီ ဖြစ်သည်။
၎င်းသည် ဓားသိုင်းကျင့်စဉ် တစ်ခုဖြစ်၍ မိုးစက် ဓားသိုင်းဟု အမည်ရလေသည်။ ဓားသိုင်းသည် နွေဦးမိုးစက်ဓား၊ နွေမိုးစက်ဓား၊ ဆောင်းဦး မိုးစက်ဓားနှင့် ဆောင်းမိုးစက်ဓားဟု သိုင်းကွက်လေးခု ပါဝင်လေသည်။ ထိုဓားသိုင်းသည် အတော်လေး ရှုပ်ထွေးပေသည်။ ကျန်းရီသည် တစ်နေ့ကို နှစ်နာရီသုံး၍ ထိုဓားသိုင်းကို နားလည်ရန် ကြိုးစားသည်။ ဆယ်ရက်ကြာပြီး နောက်တွင် ထိုဓားသိုင်း၏ ကနဦး အဆင့်ကို ရောက်ရှိခဲ့ လေသည်။
ဆယ့်တစ်ရက်မြောက် နေ့တွင် ကျန်းရီ၏ ငြိမ်းချမ်းသော နေ့ရက်များသည် ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူကျင့်ကြံ နေချိန်တွင် ခြေသံခပ်အုပ်အုပ် အချို့ကြောင့် အံအားသင့်ကာ သတိဝင် လာခဲ့သည်။ သူ့မျက်လုံးများကို ဖွင့်ကြည့်မိသောအခါ ချမ်ဝမ်ကွမ်သည် အနားတွင် ရှိမနေခဲ့ပါချေ။ သူသည် မတ်တတ်ရပ်ကာ ဂူပြင်ကို ကြည့်လိုက်ချိန်တွင် သူ့မျက်နှာသည် လေးနက် သွားရသည်။
သစ်ပင်အောက်တွင် နေ့တိုင်း ထိုင်နေသော ဆရာကျောက်သည် ပျောက်ဆုံး နေခဲ့သည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင် ထားကြသော လူဆယ်ယောက်ကျော်သည် သူ့ထံ ပြေးလာ နေကြသည်။ သူတို့အားလုံးသည် မျက်နှာဖုံးများ ဝတ်ဆင် ထားကြပြီး သတ်ချင်သော စိတ်ဆန္ဒများ ဖြာကျနေကြသည်။ လူအုပ်ကို ဦးဆောင် လာသူသည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် ဖြစ်သည်။
တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ အကွက်ချထားတာပဲ။
ကျန်းရီသည် အခြေအနေကို ချက်ချင်း သဘော ပေါက်လိုက်သည်။ ချမ်ဝမ်ကွမ်နှင့် ဆရာကျောက်ကို ပထုတ်ရန် စွမ်းရည်ရှိသူကို သူမသိပါချေ။ သို့မဟုတ် ချမ်ဝမ်ကွမ်နှင့် ဆရာကျောက်ပါ ကြံရာပါများလား။ သူသိသည်ကား သူ့အခြေအနေ မကောင်းကြောင်းကိုပင်၊ သူသာ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် ဒီနေရာမှာပင် သေရပေလိမ့်မည်။
"ဝှစ်"
သူသည် တွေဝေနေရန် အချိန်မရှိရာ ဂူပေါက်ဝသို့ ဦးတည်လိုက်သည်။ သူသည် ဝိညာဉ်သားရဲ သင်တန်း ကျောင်းဘက်သို့ ပြေးမသွားဘဲ လူတိုင်း နတ်ဆိုးသားရဲများကို သတ်နေကြသော တောင်ထိပ်ဆီသို့သာ ပြေးတက် သွားလိုက်သည်။ ထိုနေရာတွင် ကျောင်းသားများစွာ ရှိနေရာ ဒီလုပ်ကြံရန် လာသော လူသတ်သမား များသည် အခြားသူများ ရှေ့တွင် လူမသတ်ရဲ လောက်ပေ။
ကျန်းရီ ဆွံ့အ သွားရသည်ကား ထိုလူအုပ်သည် ကျန်းရီ၏ အလျင်အမြန် တုံ့ပြန်မှုကို မြင်လျှင် လူအချို့သည် တုံ့ဆိုင်း နေသော်လည်း တောင်ထိပ်ဆီသို့ပါ ပြေးလိုက် လာကြသည်။ မကြာခင်မှာပင် လူအုပ်ကို ဦးဆောင် လာသူသည် အော်ဟစ်လိုက်သည်။
"အရှင်ငယ်က ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ဒီလူကို အသေသတ်ပစ် ရမယ်လို့ အမိန့်ပေးလိုက်တယ်"
*****