အိမ်အိုလေးထဲမှ သရဲများ(4)
Vol. 29 Ch. 287
နတ်ဆရာမက ရှောင်ဟယ်၏ လက်ကို ကိုင်ကြည့်ပြီး ပြောလာသည်။
“ရှင်တို့သားက မကောင်းတဲ့ဝိညာဉ်ဝင်စီးတာ ခံနေရတာ.. ဝင်ပူးတဲ့ဝိညာဉ်ကလဲ အတော်ဒေါသကြီးတယ်.. အခုဆို အဲဒီဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကို ဝင်နေပြီ.. ကောင်လေးရဲ့ ဝိညာဉ်သုံးခု၊ စိတ်ဝိညာဉ်ခုနစ်စုံတို့ကလည်း ခန္ဓာကိုယ်အပြင်ဘက်ကို အထုတ်ခံနေရတယ်.. အဲဒီဝိညာဉ်က သူ့ကို သတ်ချင်နေတာပဲ”
“သူ့ကို ထိကြည့်တော့ ကိုယ်အပူချိန်က တော်တော်တက်နေပြီ.. ဒါကတော့ မြန်မြန်ဖြေရှင်းလိုက်လို့ရတယ်.. ဝိညာဉ်နဲ့ ခန္ဓာက ဆက်စပ်နေတာမလို့ ဒါကသာ ကြာသွားမယ်ဆိုရင် ဝိညာဉ်က ထွက်ပြေးသွားပြီး ချိတ်ဆက်လို့ ရမှာမဟုတ်ဘူး
ပြန်ရှာဖို့ကလဲ ခက်တယ်..ဝိညာဉ်မစုံလင်တော့တဲ့သူတွေက အနာဂတ်မှာ ဘယ်လိာအကြောင်းရင်းမှမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းတာတွေဖြစ်လာလိမ့်မယ်.. ဒါမှမဟုတ် မသေမရှင်ဘဝမျိုးဖြစ်နေလိမ့်မယ်”
နတ်ဆရာမပြောသည်ကို ကြားပြီးနောက် ဇနီးမောင်နှံနှစ်ယောက်လုံး ကြောက်လန့်သွားပြီး မည်သည့်အရာကိုလုပ်ကြရမှန်းမသိ ဖြစ်သွားခဲ့ကြသည်။
သူတို့၏သားလေးကို ကယ်ဖို့သာ နတ်ဆရာမကို ပြောရတော့၏။
နတ်ဆရာမက ပြောလိုက်သည်။
“ကျွန်မ ကယ်တော့ကယ်ချင်ပါတယ်.. ဒါပေမဲ့ ရှင်တို့သားခန္ဓာကိုယ်ထဲကို ဝင်ပူးနေတဲ့ ဝိညာဉ်ကို အရင်ထုတ်မှရမယ် ဝိဥာဉ်ရဲ့ ပုံစံကတော့ မှုန်မှုန်ဝါးဝါးပဲ.. ယောကျာ်းလား မိန်းမလားတောင် ကျွန်မမပြောနိုင်ဘူး
ဒါပေမဲ့ တော်တော်လေးခက်ထန်တယ်ဆိုတာကိုပဲ ခံစားမိတယ်.. ရှင်တို့ရဲ့သားက ဒီရက်ပိုင်း သံသယဖြစ်စရာနေရာတစ်ခုခုကို သွားခဲ့သေးလား.. ယင်စွမ်းအင်များတာမျိုး ဒါမှမဟုတ် လောလောလတ်လတ်ကမှ လူသေထားတဲ့နေရာမျိုး..”
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က မနေ့ညနှင့် ထိုရှေ့ညက အဖြစ်တို့ကို နတ်ဆရာမကို ပြောပြလိုက်သည်။
“ကျွန်မတို့ ရွာကို ပြန်ရောက်ကတည်းက အမွှေးတိုင်ထွန်းခဲ့တာမျိုးလဲ မရှိသလို သုသာန်သွားတာမျိုးလဲ မရှိခဲ့ဘူး.. အိမ်ရှေ့အိမ်ကလွဲပြီးတော့ ကျွန်မတို့အိမ်နားက ဘယ်နေရာက မကောင်းတဲ့ဝိညာဉ်တွေကို ဆွဲဆောင်မိနေလဲဆိုတာ စဉ်းစားမရတော့ဘူး”
နားထောင်ပြီးနောက် နတ်ဆရာမက တွေးတွေးဆဆနှင့် ပြောလိုက်သည်။
“ထူးဆန်းတာတွေကို ဖြစ်စေတာက အဲဒီအဘိုးကြီးပဲဖြစ်လိမ့်မယ်။ မဟုတ်ရင် ရှင့်သားက အဲဒီလူ သေထားတဲ့အိမ်ထဲကို ခဏခဏရောက်နေမှာမဟုတ်ဘူး”
“ဒီလိုဆိုရင် ကျွန်မ ရှင်တို့သားရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ကို တည်ငြိမ်သွားအောင် အရင်လုပ်ကြည့်မယ်.. မကောင်းတဲ့ဝိညာဉ်က သူ့ရဲ့ဝိညာဉ်တွေကို ဖယ်ထုတ်ပစ်လို့ မရအောင်လုပ်လိုက်မယ်”
ပြောပြီးနောက် နတ်ဆရာမက ငွေပုလင်းလေးတစ်ခုကို ထုတ်ကာ ပုလင်းထဲတွင် မည်သည့်အရာများနှင့် ရောထားသည်ကိုမသိရသော ရေထဲသို့ လက်နှစ်လိုက်ပြီး တစ်ခုခုကို ရွတ်ဆိုမန်းမှုတ်၍ ရှောင်ဟယ်၏မျက်နှာပေါ်သို့ သုတ်လိုက်သည်။
အကြိမ်ရေအနည်းငယ်ခန့် လုပ်ပြီးသည့်နောက် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က သူမ ပွေ့ထားသည့် သားဖြစ်သူ၏ အပူချိန်က ကျသွားပြီဖြစ်ကြောင်းကို သိလိုက်သည်။
ထပ်၍လည်း ပူမလာတော့ပါချေ။
ဆယ်မိနစ်ကြာပြီးနောက်တွင် ရှောင်ဟယ် နိုးလာခဲ့သည်။
သူမျက်လုံးဖွင့်ဖွင့်ချင်းပင် အက်ကွဲနေသော အသံဖြင့် ငိုပြောလာခဲ့၏။
“အမေ... သားအရမ်းကြောက်တယ်.. သား အိပ်မက်ဆိုးတွေ ခဏခဏမက်နေတာ...”
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’ကလည်း သားဖြစ်သူ၏ ပြောစကားများကြောင့် လိုက်ပါငိုမိခဲ့သည်။ သူ့၏အိပ်မက်အကြောင်းကို မေးကြည့်လျှင် သားဖြစ်သူက ရှိုက်ကာရှိုက်ကာဖြင့် အိပ်မက်မှာ ကြောက်စရာကောင်းကြောင်းကိုသာ ပြောလာသည်။
သူ အိပ်ရာဝင်လျှင် ကျောက်တုံးကြီးတစ်တုံးက သူ့ရင်ဘတ်ပေါ်တွင် တက်ဖိထားသကဲ့သို့ ခံစားရသည်ဟု ပြော၏။ အသက်ပင် မရှူနိုင်ခဲ့ပေ။
သူ့ကို လက်ကမ်းကြိုနေသည့်နှယ် လက်ဝှေ့ယမ်းပြနေသော အရိုးစုသဖွယ်ပိန်ပါးသည့် အဘိုးအိုကို မြင်သောအချိန်တွင် ထွက်ပြေးခဲ့ရကြောင်းတို့ကိုလည်း ပြောပြ၏။
သူက ထိုအဘိုးအိုကို ကြောက်နေခဲ့သော်လည်း ခန္ဓာကိုယ်ကို ထိန်းချုပ်မရနိုင်စွာဖြင့် ဖြည်းဖြည်းချင်း ထိုအဘိုးဆီသို့ လျှောက်သွားခဲ့သည်။
ထို့နောက် မည်သည်တို့ ဆက်ဖြစ်မှန်းကို သူ မမှတ်မိတော့ပါချေ။
မြေးဖြစ်သူ၏ စကားကိုကြားပြီးနောက် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’၏ ယောက္ခမက ပြောလိုက်သည်။
“အဲဒါ ဝမ်မျိုးရိုးအဘိုးကြီးပဲ”
“ဒီကောင်က မျက်လုံးဖြူဝံပုလွေကောင်ပဲ! ငါကတော့ သူ့ဝမ်းစာရှာရုံနဲ့တင် ခက်ခဲနေတယ်လို့တွေးခဲ့လို့ ငါ ငါးနှစ်ကောင်ဖမ်းမိရင် တစ်ကောင်ကိုတော့ သူ့ကိုပေးခဲ့တာ
သူ ကျန်းမာရေးကောင်းအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဟာရရှိစေမဲ့အရာတွေပေးခဲ့သေးတယ်.. ငါ အဲဒီလိုကူညီခဲ့တာတောင် သူက ဒီလိုလုပ်ရဲတယ်”
“ပြီးတော့ ငါတို့အိမ်ကို ပြန်ပြင်တုန်းကလည်း အုတ်ခဲတွေ၊ တိုင်တွေ၊ ဘိလပ်မြေတွေ ကျန်နေသေးတုန်းကလည်း သူ့အိမ်မိုးမှာ အက်နေပြီး ရေစိမ့်နေတဲ့နေရာတွေရှိနေတာကိုသိလို့ လက်သမားဆရာကို ခေါ်ပြီး ကျန်သေးတဲ့ပစ္စည်းတွေနဲ့ သူ့အိမ်ကို ပြင်ပေးဖို့ တောင်းဆိုခဲ့သေးတာ”
ယောက္ခမဖြစ်သူမှာ ပြောရင်းနှင့် စိတ်တိုသည်ထက် တိုလာရသည်။ သူ့ရင်ဘတ်မှာလည်း ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့လေသည်။
နတ်ဆရာမက ဤသည်ကိုကြားတော့ သက်ပြင်းချကာ ပြောလာခဲ့သည်။
“အစ်ကိုကြီး သိပ်လဲစိတ်မတိုပါနဲ့.. လူတွေက ကျေးဇူးသိတတ်ကြတာမဟုတ်ဘူး.. ကိုယ်က ကူညီပေးနေပေမဲ့ သူကတော့ သူ့ကို လှောင်နေတယ်လို့ တွေးရင်တွေးမှာပေါ့
ပြီးတော့ ရှင်တို့နှစ်ယောက်က အသက်လဲတူတယ်၊ တစ်ရွာတည်းသားချင်းတွေလဲဟုတ်တယ်.. ရှင်က ချမ်းသာပြီး သားသမီးတွေ၊ မြေးတွေလဲရှိတယ်.. လေးစားခံရတယ်လေ..
သူကတော့ တစ်ယောက်တည်းအထီးကျန်ပြီးနေရတာ.. အချိန်ကြာလာတာနဲ့အမျှ စိတ်ထဲမှာ မနာလိုမဖြစ်လာနိုင်ဘူးလို့များ ပြောနိုင်လို့လား”
နတ်ဆရာမ ပြောသည်က သူမတို့ ဇနီးမောင်နှံတွေးနေသည်နှင့် တစ်ထပ်တည်းကျနေသည်။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’၏အမျိုးသားက ပြောလိုက်သည်။
“အဖေ.. အဖေနဲ့သူက တစ်နှစ်ထဲမှာပဲ မွေးခဲ့တာ.. သူလည်း ဒီနှစ်ဆို အသက်ရှစ်ဆယ်ရှိပြီ.. ဒါပေမဲ့ အိမ်အိုအိမ်ပျက်ကြီးထဲမှာပဲ စိတ်မကောင်းစရာအခြေအနေနဲ့ သေသွားရတာလေ.. အခု ကျွန်တော်တို့မိသားစုက ပျော်ပွဲရွှင်ပွဲ ကျင်းပနေတာက သူ့ကို လှောင်ပြောင်နေသလိုဖြစ်နေတာဖြစ်မယ်”
ထိုသို့နှိုင်းယှဉ်ပြချက်က အဘိုးဝူကို အမှန်ပင် မမျှတဟု ခံစားသွားရစေသည်။
“ဒါကိုမတွေးခဲ့မိတာ ငါ့အမှားပါပဲ.. စောစောကသိခဲ့ရင် ငါ မြို့ကို တက်လာခဲ့မှာ.. ဒီလိုတွေလည်း ဖြစ်ရမှာမဟုတ်ဘူး”
အဘိုးဝူ မည်မျှပင် စိတ်တိုနေပါစေ၊ ဖြစ်ပြီးသည့်အရာက ပြီးသွားခဲ့လေပြီ။
ယခုအချိန်တွင် သူ့မြေးလေး၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကသာ ပို၍အရေးကြီး၏။
ကောင်လေးတွင်စွဲနေသော မကောင်းသည့်ဝိညာဉ်ကို ဖယ်ရှားရန် နတ်ဆရာမက ဘေးဘက်ရွာသို့ အထူးတလည် ခရီးသွားခဲ့သည်။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’နှင့် အခြားသူများက မျက်နှာချင်းဆိုင်မှ အိမ်ပျက်ကြီးဆီသို့ သွားခဲ့ကြသည်။
နတ်ဆရာမက ခေါင်းလောင်းတစ်ခုကို ကိုင်ထားပြီး ဂါထာတစ်ခုကိုရွတ်ကာ ခါလိုက်လေသည်။
အိမ်ပျက်ကြီးဆီမှ ထွက်လာပြီးနောက် သူမက ပြောလာ၏။
“အိမ်ထဲမှာ တကယ်သရဲရှိတယ်.. အဘိုးကြီးတစ်ယောက်ပဲဖြစ်လိမ့်မယ်.. သူက ခက်ခဲတဲ့ဘဝမှာနေခဲ့ရပြီးတော့ မမျှော်လင့်ဘဲ ဆုံးသွားခဲ့တယ်
သူသေဆုံးပြီးတဲ့နောက် သူ့အလောင်းကလဲ ဒီအတိုင်း နှစ်ရက်သုံးရက်လောက် ရှိနေခဲ့တာဆိုတော့ ဒါကပဲ သူ့ကို စိတ်မကောင်းဖြစ်သွားစေပြီး ရွာထဲမှာ သရဲတစ်ကောင်ဖြစ်သွားတာပဲ”
“သူ့ကို ဖယ်ထုတ်လို့ရမရသိရအောင် တချို့အချက်လေးတွေ ပေးလိုက်မယ်”
နတ်ဆရာမက ထိုသို့ပြောပြီးနောက် အခမ်းအနားတစ်ခုကို စတင်လိုက်သည်။ လှည့်ပတ်ခုန်ကာ ဂါထာမန္တာန်များ ရွတ်ဆိုပြီး တစ်ခုခုကိုလည်း ရေရွတ်နေသည်။
“မင်း ထွက်သွားပြီး သွားသင့်တဲ့နေရာကို သွားဖို့ဆန္ဒရှိရင် တစ်မိသားစုလုံးက မင်းကို ကျေးဇူးတင်ပြီး အမွှေးနံ့သာထွန်းညှိပေးလိမ့်မယ်”
သို့သော်လည်း အခမ်းအနားပြီးသွားသည့်အချိန်တွင် သူမက နဖူးပေါ်မှ ချွေးများကိုသုတ်လိုက်ပြီး မှုန်ကုပ်ကုပ်နှင့် ပြောလာသည်။
“ ဘာမှလုပ်လို့မရဘူး.. အဲဒီအဘိုးကြီးက မထွက်သွားချင်ဘူးဖြစ်နေတာ.. ကျွန်မထင်တာတော့ သူ့ရဲ့သဘောထားက တော်တော်ခိုင်မာလွန်းတယ်”
ဇနီးမောင်နှံနှစ်ယောက်လုံးမှာ စိတ်သောကရောက်သွားကြပြီး မေးလိုက်ကြလေသည်။
“ ဒါဆို ကျွန်မတို့ ဘာလုပ်ရမလဲ ”
အဆုံးတွင်မူ နတ်ဆရာမက တစ္ဆေအို၏ ဝိညာဉ်ဆိုးကို အပနှင်ရန် အားပြင်းသည့်နည်းလမ်းများကိုသာ သုံးရတော့မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။ ထိုသို့လုပ်မည်ဆိုပါလျှင် တစ္ဆေကိုလည်း ထိခိုက်စေမည်ဖြစ်သကဲ့သို့ ကောင်လေးကိုလည်း အားနည်းစေမည်ပင်။
ထိုသို့လုပ်ပြီးနောက်တွင် ဝိညာဉ်က ကြောက်ရွံ့ပြီး သူ့ဆန္ဒအတိုင်း ထွက်သွားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
မထွက်သွားသေးပါက ကလေး၏အကျိုးအလို့ငှာ ထိုဝိညာဉ်ကို အပြီးသတ်သုတ်သင်ပစ်ရမည်ဖြစ်၏။
ကလေး၏မိဘနှစ်ယောက်လုံးက ထိုအဆိုပြုချက်ကို လက်ခံလိုက်ကြပြီးနောက် နတ်ဆရာမလည် အပနှင်ရန်အတွက် ပစ္စည်းနှင့်ကိရိယာများကို ပြင်ဆင်ရန် သွားခဲ့တော့သည်။
ကလေး၏ ပျောက်ဆုံးသွားသော ဝိညာဉ်က ရွာထဲတွင် ရှိနေသေးသည့်အတွက် ဝိညာဉ်ဆိုးကို ဖယ်ရှားပြီးသည့်နောက်တွင် ချက်ချင်းပင် ဝိညာဉ်ခေါ်ရမည်ဖြစ်သည်။
ဇနီးနှစ်ယောက်နှင့် ရှောင်ဟယ်တို့မှာ ပြီးခဲ့သည့်နှစ်ရက်လုံး ရွာထဲတွင်သာနေ၍ ထွက်မသွားရဲကြပါချေ။
နတ်ဆရာမ၏ ပရိတ်ရေနှင့် အေးချမ်းစေသည့်အဆောင်ကြောင့် ရှောင်ဟယ်မှာလည်း အဖျားတက်မလာတော့ပေ။
ညရောက်သောအချိန်များတွင်တော့ သူက အခြားတစ်ယောက်ပုံစံ ဖြစ်သွားတတ်သည်။ သူက သူ၏မိဘများကို ဒေါသထွက်နေသောအကြည့်ဖြင့်ကြည့်ပြီး စော်ကားခြိမ်းခြောက်သောစကားများကို ပြောကာ မန္တာန်အဆောင်ကိုလည်း အကြိမ်အနည်းငယ်ခန့် ချိုးဖျက်နေခဲ့တတ်သည်။
အဆုံးတွင်တော့ ဇနီးမောင်နှံနှစ်ယောက်မှာ စိတ်မကောင်းစွာဖြင့်ပင် သားဖြစ်သူကို အတင်းအကြပ် ကြိုးနှင့်တုပ်ချည်ရတော့သည်။
ကြိုးချည်ပြီးသွားသည့်နောက်တွင် သူက မျက်နှာတစ်မျိုးပြောင်းသွားပြီး ငိုလာခဲ့ပြန်၏။
“အမေ.. အဖေ ..."
သူ့မျက်နှာမှာလည်း သနားစဖွယ်ဖြစ်နေကာ လွှတ်ပေးရန် တစာစာ အော်ငိုနေခဲ့သည်။ ယင်းက အလုပ်မဖြစ်ကြောင်းသိလိုက်ရလျှင် အသံနက်ကြီးဖြင့် ခြောက်ခြားဖွယ်ကောင်းစွာ ရယ်မောနေခဲ့ပြန်သည်။
တစ်ပတ်အတွင်းမှာပင် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’မှာ ကိုယ်အလေးချိန် သိသိသာသာကျသွားပြီး မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်မှုကို ဖုံးမထားနိုင်တော့ပါချေ။
ကံအားလျော်စွာပင် နတ်ဆရာမက ယနေ့မှာ ပစ္စည်းအစုံအလင်ပြင်ဆင်လာသည်ဖြစ်ရာ သူမက ယန်စွမ်းအင်အမြင့်ဆုံးဖြစ်သည့် တစ်နေ့တာ၏သုံးချိုးမြောက်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
သူတို့က အဘိုးဝမ်၏အုတ်ဂူကို ရိုးရာအတိုင်းဆောင်ရွက်နိုင်တော့မည်ပင်။
‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’က စိတ်လှုပ်ရှားနေပြီး မျှော်လင့်တကြီးဖြင့် စောစောအိပ်ရာထလာခဲ့သည်။
သူမ ဖုန်းကို ဖွင့်ကြည့်လိုက်ချိန်တွင် ‘ဝိညာဉ်ရေးရာ’၏ အပိုင်းခုနစ်က ယနေ့ထုတ်လွှင့်မည်ဟု မြင်လိုက်သည်။ သူမ၏သားထံတွင် ဖြစ်ပျက်နေသော ဖြစ်ရပ်များမှာ သဘာဝလွန်ဖြစ်ရပ်ကြီး ဖြစ်နေသောကြောင့် အပြန်အလှန်ဆက်သွယ်မှုတွင် ရွေးချယ်ခံရလို ခံရငြား ပါဝင်ကြည့်မည်ဟု တွေးလိုက်သည်။
တိုက်ရိုက် အရွေးချယ်ခံလိုက်ရသည်အထိ ကံကောင်းမည်ဟု သူမ မမျှော်လင့်ထားခဲ့မိပါချေ။