ကလေးသရဲ (3)
Vol. 30 Ch. 292
ထိုဓာတ်ပုံက လူတစ်ယောက်၏ ဘဝနှင့် သေဆုံးခြင်းကြားက ဆက်သွယ်မှုတစ်ခုဖြစ်သည့်အတွက် သာမန်ဓာတ်ပုံများထက် ဆက်သွယ်မှုက ပိုခိုင်မာသည်။ ထို့ပြင် ပို၍လည်း စွမ်းအားရှိသည်။
ပိန်သေးကြုံလှီနေသော အဘိုးကြီး၏ဝိညာဉ်ကို မြင်လိုက်ရသောအခိုက်တွင် ကုကျစ်စုန့်က လက်ဝါးကို အဖြူအမည်းဓာတ်ပုံပေါ်တွင် တင်လိုက်သည်။
သူမ ကရုဏာစာနာစိတ်ပေါ်လာခဲ့ရကာ အလေးနက်ဆုံးခံစားရသည်က ထုံကျင်မှုနှင့် ခါးသီးမှုများပါပေ။
ထို့အပြင် နက်ရှိုင်းစွာဖုံးကွယ်ထားခဲ့သည့် ဘဝနှင့်ပတ်သက်သည့် တုံ့ဆိုင်းမှုခပ်မျှင်မျှင်တစ်စအပါအဝင်ပင်ဖြစ်သည်..။
အဘိုးဝမ်၏ရှုထောင့်မှကြည့်လျှင် အဘိုးဝူကို ကျိန်းသေပေါက် မနာလိုဖြစ်ခဲ့မည်သာ။
တစ်ဖက်လူက သူ့ထက် ပိုရဲရင့်ပြီး စွမ်းရည်လည်းရှိသည်။ မိသားစုအသိုက်အမြုံနှင့် ပျော်ရွှင်စရာဘဝလည်း ရှိသည်။
တစ်ချိန်ထဲတွင် သူက အိမ်နီးချင်းများ၏အကူအညီအတွက်လည်း ကျေးဇူးတင်သည်။
လွန်ခဲ့သည့်တစ်နှစ်က အဘိုးဝမ်မှာ ချိုင်းထောက်တစ်ချောင်းဖြင့် အပြင်တွင် အလုပ်လုပ်နိုင်ဆဲဖြစ်၏။
ထိုစဉ်က ဘေးအိမ် ချစ်စရာကောင်းပြီး လိမ္မာသည့် မြေးလေးကို တွေ့လိုက်ရသည်။ သူက သူငယ်ချင်းဟောင်းကြီးအတွက် အသက်ရှစ်ဆယ်ပြည့်မွေးနေ့ကို ကျင်းပပေးမည်ဟု လူလတ်ပိုင်းစုံတွဲပြောနေသံကိုလည်း ကြားခဲ့ရ၏။
သူက လက်ချိုးရေတွက်ကာ နောက်နှစ်ဆိုလျှင် သူသည်လည်း အသက်ရှစ်ဆယ်ပြည့်တော့မည်ဖြစ်ကြောင်းကို သတိရလိုက်လေသည်။
သို့သော် သူ့တွင် မြေးလည်း မရှိသလို စောင့်ရှောက်ပေးမည့် သားသမီးများလည်း မရှိချေ။ ထိုအချိန်က သူ တကယ်ပင် မနာလိုဖြစ်သွားခဲ့၏။
အဘိုးဝမ် တွေးခဲ့သည်က သူ့သူငယ်ချင်းမှာ သူ့ကို ဖိတ်လိမ့်မည်ဖြစ်ကာ မွေးနေ့ကို ကျင်းပရသည့် အတွေ့အကြုံကို သူသည်လည်း တွေ့မြင်နိုင်သည်။ ထို့အတူ သူ့အနေဖြင့် စားသောက်ပွဲသို့သွား၍ ဗိုက်ပြင့်အင့်သည်အထိ စားနိုင်မည်ဟုပင်။
သို့သော်လည်း စားသောက်ပွဲကို မရောက်ရသေးခင်တွင်ပင် သူ ရုတ်တရက် သေဆုံးသွားရမည်ဟု မမျှော်လင့်ထားမိပါချေ။
သရဲဖြစ်သွားသော အဘိုးဝမ်မှာ ကွပ်ပျစ်ပေါ်တွင် ထိုင်ပြီး တောင့်တင်းပုပ်ယွင်းပျက်စီးနေသော ခန္ဓာကိုယ်ကို တိတ်တဆိတ် ထိုင်ကြည့်ကာ အလွန်ပင်ဝမ်းနည်းနေခဲ့၏။
အချိန်က တစ်ရက်နှစ်ရက် ကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ အိမ်နီးချင်းလည်းဖြစ်သည့် သူငယ်ချင်းက သူ သေပြီဖြစ်ကြောင်းကို သိသွားကာ သူ့၏အလောင်းကို လာကောက်ပေးခဲ့သည်။
သူ့စိတ်ထဲတွင် အလွန်ခါးသီးနေပြီး အဘယ့်ကြောင့် ဤသို့သော ဘဝတွင်နေခဲ့ရမှန်း သိချင်လွန်းနေခဲ့လေ၏။
မြေအောက်လောကသို့ မသွားခင်တွင် သူ့၏ နောက်ဆုံးဆန္ဒမှာ သူ့သူငယ်ချင်း၏ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ကို ဆင်နွှဲရန်အတွက် စောင့်လိုခြင်းပင်ဖြစ်သည်။
သူ့အနေဖြင့် စားသောက်ပွဲသို့သွားကာ မွေးနေ့စားသောက်ပွဲတစ်ခု၏ မြင်ကွင်းနှင့် အတွေ့အကြုံများကို တပ်အပ်ခံစားသွားလိုပါသေးသည်။
ဤသည်က ဤလောကတွင် သူ့၏ နောက်ဆုံးဆန္ဒလေးပင်ဖြစ်၏။
မွေးနေ့စားသောက်ပွဲ မကျင်းပရသေးခင်တွင် သူငယ်ချင်းဟောင်း၏ မြေးလေးက ယခုကဲ့သို့ ဒုက္ခရောက်ပြီး ယန်စွမ်းအင်ကို စုပ်ယူရန် သရဲကြီးကြီးငယ်ငယ်တို့ထံမှ စိတ်ဝင်စားခြင်းကို ခံရမည်ဟု မည်သူသိပါလိမ့်မည်နည်း။
တစ်ရက် ၊နှစ်ရက်အတွင်းတွင် ကလေး၏မျက်နှာမှာ အပြာရောင်ပင်ပြောင်းနေလေပြီ။
တစ္ဆေအိုကြီးက လိမ္မာသော ရှောင်ဟယ့်အတွက် စိတ်မကောင်းသလိုခံစားလိုက်ရသည်။
သို့သော် သူက သူငယ်ချင်းတို့မိသားစုကို မည်သို့အသိပေးရမည်ဆိုသည်ကိုလည်း မသိပေ။ သူ့သူငယ်ချင်း၏ကျေးဇူးကိုလည်း အမြသတိရနေခဲ့သည်ဖြစ်ရာ သူ့နည်းလမ်းနှင့်သူ ရှောင်ဟယ်ကို ကာကွယ်ရန်သာ တတ်နိုင်တော့သည်။ လေလွင့်တစ္ဆေများ ရှောင်ဟယ်ကို ခြောက်လှန့်နေသည့်အကြောင်းရင်းမှာ ရှောင်ဟယ်က လမ်းလယ်မှ ထပ်တိုးအခန်းတွင် အိပ်သောကြောင့်သာဖြစ်သည်။
ဖြတ်သွားသည့် လေလွင့်တစ္ဆေများက သူ့အပေါ်တွင် ယန်စွမ်းအင်ကို ခံစားမိပြီး အိမ်တွင်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိကြသည်။
ရှောင်ဟယ့်ကို ဤဒုက္ခမှကယ်တင်ရန် ကလေးက ထိုအခန်းထဲမှထွက်ဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ယန်မီးတောက်စွမ်းအင်က စိမ့်မထွက်တော့ဘဲ လေလွင့်တစ္ဆေများကလည်း ရှောင်ဟယ်ကို ရှာမတွေ့နိုင်တော့ပေ။
ထို့ကြောင့် တစ္ဆေအိုကြီးက ရှောင်ဟယ်ကို သူ့အခန်းထဲသိုး ခေါ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးပြီးသား လူတစ်ယောက် အသုံးပြုခဲ့ဖူးသော အိပ်ရာမှာ အနည်းငယ်ကံမကောင်းဖြစ်စေပြီး ကြောက်လန့်စေနိုင်သော်ငြား အိပ်ရာထဲမှ သေခြင်းအငွေ့အသက်က ရှောင်ဟယ်၏ အသက်စွမ်းအင်ကို ဖုံးကွယ်ထားပေးသည်။
ထို့ကြောင့် အပြင်က သရဲများ သူ့ကိုမြင်တွေ့ဖို့ရာ မဖြစ်နိုင်တော့ပေ။
‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’၏ မိသားစုမှာ တုန်လှုပ်သွားကြသည်။
သို့သော် ရှောင်ဟယ်အတွက်မူ သူက အဘိုးဝမ်၏အခန်းတွင် တစ်ရက်သာနေခဲ့ပြီး တစ်ပတ်ကျော်ကြာအောင် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ခဲ့သည်။
သူမတို့ မိသားစုက အကြောင်းရင်းကိုလည်းမသိ၊ ဖုန်းရွှေကိုလည်း နားမလည်သောကြောင့် အဘိုးဝမ်က သူတို့သားကို ကယ်တင်ပေးနေသည်ကို မသိခဲ့ပါချေ။
ထို့အစား သူ့ကို ခွေးအ၊ ကျား၊ ကျားသစ် စသဖြင့်ပင် သမုတ်ကြပြီး သူ့ကိုဖိနှိပ်ရန် အခြားလူတစ်ယောက်ကိုပါ တောင်းဆိုခဲ့ကြသေးသည်။
တကယ်တမ်း သူတို့ ဖိနှိပ်ပြီး ဖယ်ရှားသင့်သည့်သူမှာ အဘိုးဝမ်မဟုတ်ကြောင်း သူတို့ စိုးစဉ်းမျှပင် မသိခဲ့ကြပေ။
အားထုတ်မှုများက အချည်းနှီးဖြစ်သွားသည်။ ကောင်းကျိုးပေးသောတစ္ဆေများကို ရှင်းထုတ်မိကာနီးဖြစ်သွားသည်သာမက မလိုလားအပ်သည့်မကောင်းဆိုးဝါးစွမ်းအားများနှင့်ပင် သက်ရောက်ခြင်းခံဝလုနီးပါးဖြစ်သွားရသည်။
ထို့ပြင် သားဖြစ်သူရှောင်ဟယ်ကို ကယ်ဖို့ အချိန်ကောင်းကိုပါ နှောင့်နှေးလုနီးပါးးပင် ဖြစ်သွားခဲ့သည်။
ရှောင်ဟယ်၏ မူလကြမ္မာလမ်းကြောင်းများအရ နတ်ဆရာမနှင့် သူ့မိဘများ အဘိုးဝမ်ကို ရှင်းထုတ်ရန် အလုပ်များနေချိန်တွင် အားနည်းနေသော ခန္ဓာကိုယ်နှင့် ပျောက်ဆုံးနေသော ဝိညာဉ်များကြား ဆက်သွယ်မှုက လုံးဝပြတ်တောက်သွားမည်ဖြစ်သည်။
ဝင်စီးနေသော ကလေးသရဲက ရှောင်ဟယ့်ဝိညာဉ်ကို အဆက်မပြတ်ဖယ်ထုတ်ရန်
အခွင့်ကောင်းယူပေလိမ့်မည်။
‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’နှင့် နတ်ဆရာမတို့က အဘိုးဝမ်ကို ရှင်းထုတ်ပြီးသွားသည့်အခါ ကလေး၏အခြေအနေမှာ မတိုးတက်လာဘဲ ဆုတ်ယုတ်သွားသည်ကိုသာ တွေ့ကြရလိမ့်မည်။
ရှောင်ဟယ့်ကို စွမ်းအားကြီး တောက်ကျန့်တစ်ယောက်ထံသို့ ခေါ်ဆောင်သွားပြီး အချိန်ယူကာ ဝင်စီးနေသည့်မကောင်းဆိုးဝါးကို ဖယ်ထုတ်သည့်အချိန်တွင် ရှောင်ဟယ်မှာ ဝိညာဉ်တစ်ဝက်ကျော်မျှ ဆုံးရှုံးပြီး ဝိညာဉ်အပိုင်းတော်တော်များများကိုလည်း ပြန်ရှာမတွေ့နိုင်တော့ပေ။
ထိုကလေးမှာ ကျန်သည့်တစ်သက်တာလုံး ရူးနှမ်းနှမ်းဖြစ်သွားပြီး သူ့ဘဝသည်လည်း ပျက်စီးရပေလိမ့်မည်။
သနားစရာကောင်းသည့် အဘိုးဝမ်မှာ မသေခင်အချိန်တွင် ခက်ခဲသည့်ဘဝတွင်နေထိုင်ခဲ့ရပြီး သေလွန်ပြီးသောအခါတွင်လည်း အပိုင်းပိုင်းဆုတ်ဖြဲခံရသည့် အဆုံးသတ်ဆိုးကို ကြုံတွေ့ရဦးမည်ဖြစ်၏။
အလှည့်အပြောင်းများကို ကြားရပြီးနောက် မိသားစုနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်တို့်မှာ အချိန်အတောိကြာသည်အထိ စိတ်နှင့်ကိုယ်နှင့် မကပ်နိုင်ကြသေးပေ။
[မထူးဆန်းတော့ဘူး...အခုမှပဲ ဇာတ်ရည်လည်သွားတော့တယ်.. အဘိုးအိုက သူ့အိမ်ထဲက သေဆုံးခြင်းအငွေ့အသက်တွေကိုသုံးပြီး ကလေးကို သရဲတွေဆီကနေ ကာကွယ်ပေးချင်ခဲ့တာပဲ]
[ကလေးက သနားစရာ ကောင်းလိုက်တာ.. ဒါက သူ့အတွက် ဘေးဒုက္ခကြီးပဲ]
[ဒီတော့ မကောင်းတာလုပ်နေတဲ့ သရဲတွေလဲရှိသလို ကောင်းတာလုပ်နေတဲ့ သရဲတစ္ဆေတွေလဲ အများကြီးရှိတယ်ပေါ့ ]
[ခုနကတုန်းက နတ်ဆရာမက ဒီနေ့ အဘိုးဝူရဲ့အုတ်ဂူမှာ ဒီနေ့နေ့လယ် ရိုးရာပွဲတစ်ခုလုပ်မယ်လို့ သူမ ပြောခဲ့သလားလို့.. အခု ဆယ်နာရီထိုးနေပြီ.. သူတို့ စနေပြီလား]
[ဟမ်း...ဒီအဘိုးက တကယ်ကို သနားစရာကောင်းတာ.. ကောင်းတဲ့သရဲတွေကို မချီးမြှင့်ခံရမှာမျိုး မဖြစ်စေချင်ဘူး]
[နတ်ဆရာမကို ရပ်တန့်ပေးပါ!]
အသစ်ထပ်တက်လာသော မှတ်ချက်များကိုကြည့်ရင်း ‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’က သဘောပေါက်သွားပြီး သူမ၏အမျိုးသားအား နတ်ဆရာမကိုဖုန်းခေါ်ရန် ပြောတော့သည်။
သို့သော် သုံးလေးကြိမ်မျှ ခေါ်ပြီးသွားသည့်တိုင် ဖုန်းမကိုင်ပေ။
အဘိုးဝူက သူ့ပေါင်သူရိုက်လိုက်ပြီး စိတ်ပျက်အားလျော့စွာ ပြောလာခဲ့သည်။
“ငါတို့ မှားသွားခဲ့တာပဲ.. ညီအစ်ကိုဝမ်က ရှောင်ဟယ်ရဲ့ကျေးဇူးရှင်ပဲဖြစ်နေတာ.. တောက်ကျန့်ကို ရပ်တန့်ပေးဖို့ မြန်မြန်သွားပြောချည်၊ သွား!”
အမျိုးသားက ခေါင်းတဆတ်ဆတ်ငြိမ့်လာ၏။
“အခုပဲ သွားလိုက်ပါ့မယ်”
အိပ်ရာပေါ်တွင်လှဲနေပြီး ဆူဆူညံညံပြုလုပ်နေသည့် ကလေးသရဲမှာ လူသားများ ပြောနေကြသည့်စကားများကို နားမလည်ပါချေ။
သို့သော် ဝိညာဉ်တစ်ကောင်အနေဖြင့် သူသည်က ကောင်းချီးများ၊ ဘေးဒုက္ခများနှင့် အန္တရာယ်များအပေါ်တွင် အလွန်အာရုံခံစားနိုင်သည်။
ထိုလူသားများက သူ့အနားကပ်လာလိုသော ရည်ရွယ်ချက်ကို ခံစားမိသည့်အခါ သူက ရှောင်ဟယ်၏ ကိုယ်ကိုသုံး၍ စူးရှသောအသံများ ပြုလုပ်ခဲ့ သည်။
ထိုအသံက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ သူမ၏ ဖုန်းထဲမှတစ်ဆင့်ဝင်သွားပြီး စခရင်မှာလည်း အာမေဋိတ်သံများ၊ ‘ကြွယ်ဝသန်မာပြီး ဒီမိုကရက်တစ်လမ်းညွှန်ချက်များ’၊ ဗုဒ္ဓ၏ စကားခြောက်ခွန်းဂါထာများ၊ ပယောဂချွတ်မန္တာန်များဖြင့် စည်ကားသွားတော့သည်။
ကုကျစ်စုန့်က လက်ချောင်းများကို ယှက်လိုက်ပြီး မျက်လွှာအသာချလိုက်သည်။ သူမ၏အာရုံကို ကလေးငိုသံကဲ့သို့ ကျယ်ကျယ်လာသောအသံစူးစူးဖြင့် နှောင့်ယှက်ခံနေခဲ့ရသည်။
သူမက ကင်မရာကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ပါးစပ်ပိတ်ထား”
ကင်မရာ၏ အခြားတစ်ဖက်ရှိ ကလေးသရဲမှာ အကြောင်းရင်းတချို့ကြောင့် အလွန်ပင်နာခံတတ်နေသည်။
လည်ကုတ်မှ ဆွဲယူခံရသော ကြောင်အတိုင်း သူ့ငိုသံလည်း တစ်မုဟုတ်ချင်း ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ကုကျစ်စုန့်က မန္တာန်တတစ်ခုကို အသုံးပြုလိုက်သောကြောင့်ပင်။ ထိုမန္တာန်က စကားစိတ်ဝိညာဉ်နှင့်ဆင်တူကာ အသံမှတစ်ဆင့် စွမ်းအားနှင့် ခြိမ်းခြောက်မှုကို ဖော်ထုတ်နိုင်သည်။
တခြားတစ်ဖက်မှ ကလေးသရဲက ကုကျစ်စုန့်၏ အသံထဲမှ စွမ်းအားပြင်းတစ်ခုကို ခံစားမိသောကြောင့် ကြောက်ရွံ့သွားလေ၏။
တစ်ခဏမျှကြာအောင် စောင့်ပြီးနောက် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’၏ အမျိုးသားက သူ နတ်ဆရာမကို တားပြီးပြီဖြစ်ကြောင်း ဖုန်းဆက်ပြောလာခဲ့သည်။