ဗီဒီယို ပေါက်ကြားသွားခြင်း (1)
Vol. 30 Ch. 293
သူ အဘိုးဝမ်၏အုတ်ဂူကို အပြေးသွားခဲ့ပြီး နေရာသို့ရောက်သည့်အချိန်တွင် ထိတ်လန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆရာမက အဆောင်စာရွက်များကို အုတ်ဂူပေါ်တင်နေပြီး အဆောင်စာရွက်နှစ်ထားသည့်ရေကိုလည်း ဖျန်းနေခဲ့သောကြောင့်ပင်။
သတ်ဖြတ်ခြင်းအစီအရင်မှာ စတင်နေပြီဖြစ်၏။
ကံကောင်းစွာဖြင့်ပင် ယန်စွမ်းအင်အမြင့်ဆုံးသို့ ရောက်ချိန် မဟုတ်သေးသည့်အတွက် ဝိညာဉ်ကိုသတ်ဖြတ်ရန် မက်မွန်သစ်သားကို မသုံးရသေးချေ။
တားဆီးခံလိုက်ရပြီးနောက် နတ်ဆရာမက အနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး စိတ်ဆိုးသွားခဲ့သည်။
သို့သော်လည်း ‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’၏အမျိုးသားက ရှင်းပြလိုက်သောအခိုက်တွင် နတ်ဆရာမ၏အမူအရာမှာ မကျေနပ်ခြင်းမှသည် တုံ့ဆိုင်းခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လုံးဝပြောင်းလဲသွားတော့သည်။
သူမ၏ မျက်နှာက ဖြူဖျော့နေပြီး ခါးသက်စွာ ပြုံးလိုက်၏။
“ငါက ဖုန်းရွှေမှာ တကယ်မတော်တာပဲ.. ပြီးတော့ အမှားကြီးတစ်ခုကိုတောင် လုပ်မိတော့မလိုဖြစ်သွားသေးတယ်”
“မင်းကို ဒီအကြံပေးလိုက်တဲ့သူက ဘယ်ဆရာသခင်များလဲ.. သူမက ငါ့ကို မကောင်းတဲ့အားတွေကို ဖြေရှင်းဖို့ကူညီပေးခဲ့တာပဲ..ငါ သူမကို လူတွေ့ကျေးဇူးတင်ချင်လို့ပါ”
ကုကျစ်စုန့်၏အကြောင်းကို သိလိုက်ရပြီးနောက်
အွန်လိုင်းပေါ်သို့ တက်လေ့မရှိသော နတ်ဆရာမမှာ အလွန်ပင်အံ့ဩသွားခဲ့၏။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’၏ အမျိုးသား၏ ကူညီပေးမှုဖြင့် သူမက app ကို စာရင်းသွင်းလိုက်ပြီး ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲဝင်လိုက်ပြီး သူမကို အလေးအနက် ကျေးဇူးတင်လိုက်သည်။
နတ်ဆရာမ ဝင်လာသည်ကို မြင်လျှင် ကုကျစ်စုန့်က ကလေးသရဲကို အပနှင်နိုင်မည့်နည်း ပြောပြလိုက်သည်။ ပြင်ဆင်ရမည့်ပစ္စည်းများနှင့် ရိုးရာပွဲများကိုလည်း ပြောပြလိုက်လေ၏။
ရှောင်ဟယ်၏အခြေအနေမှာ မြန်နိုင်သမျှမြန်မြန် ဖြေရှင်းပေးရန်လိုနေသည်ဖြစ်ပြီး ဤနတ်ဆရာမတွင်လည်း စွမ်းရည်တချို့ရှိနေသည်။
သို့သော်လညိး သူမက ဂိုဏ်း သို့မဟုတ် အသင်းတော် တစ်ခုခုတွင် မသင်ကြားခဲ့ရသောကြောင့် အကြားအမြင်က သိပ်မကောင်းပေ။
ထို့ပြင် ကုကျစ်စုန့် သူမကို သင်ပေးလိုက်သည့် နည်းလမ်းများက မကောင်းသောဝိညာဉ်များကို ထိထိရောက်ရောက် ဖယ်ရှားနိုင်သည်။
ထိုနည်းလမ်းက သရဲဖန်တီးပြီး စိတ်ဝိညာဉ်ကို သဘောအလျောက်ထွက်ခွာသွားစေသည့် သာမန်တာအိုဆရာသခင်တစ်ယောက်၏ နည်းလမ်းထက် ပို၍သိမ်မွေ့သည်။
အကယ်၍ သရဲက မထွက်သွားဘဲ မကောင်းသည့်အရာများကို ဆက်လုပ်နေမည်ဆိုလျှင်တော့ အညှာတာမဲ့သည့်လုပ်ရပ်ကို ဆောင်ရွက်မည်ဖြစ်သည်။
သူမ အကြံပေးပြီးနောက် နတ်ဆရာမက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်ပင် ကုကျစ်စုန့်ကို သူမ၏ဆရာသခင်အဖြစ် ကိုးကွယ်ဆည်းကပ်ချင်သွားခဲ့လေသည်။
အဆုံးတွင်မူ အစီအစဉ်အဖွဲ့က ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’နှင့် သီးသန့်ချန်နယ်ကို မပိတ်ထားသည်ဖြစ်ရာ နတ်ဆရာမက ကလေးသရဲကို အပနှင်ရန် နောက်ဆက်တွဲလုပ်ဆောင်မှုများ ဆောင်ရွက်သည့်အခါ အခက်အခဲတစ်စုံတစ်ရာ ရှိမည်မဟုတ်တော့ပါချေ။
မိုက်ကို ပိတ်ပြီးနောက် ထိုမိသားစုက ကုကျစ်စုန့်ကို တလေးတနက် ကျေးဇူးတင်လိုက်ကြသည်။
တစ်ချိန်ထဲတွင်ပင် ရှောင်ဟယ်၏ဝိညာဉ်နှင့် ခန္ဓာကိုယ် ပြန်ကောင်းလာသည့်အချိန်တွင် အဘိုးဝမ်အတွက် အုတ်ဂူကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်းလည်း တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ရှင်းလင်းစွာ ပြောခဲ့သေးသည်။
အဘိုးဝူကလည်း သူ့မြေးကို အဘိုးဝမ်အား အထီးကျန်၍ မျှော်လင့်ချက်မမဲ့ရလေအောင် ခေါင်းကိုင်ဖခင်အနေဖြင့် ကိုးကွယ်စေမည်ဖြစ်ပြီး သူ့အသက် ၈၀ ပြည့်မွေးနေ့တွင် အဘိုးဝမ်ကို အထူးတစ်နေရာ ပြင်ဆင်ပေးမည်ဖြစ်ကြောင်းလည်း ပြောသည်။
နောင်တစ်ချိန်တွင် ပွဲတော်များကျင်းပသည့်အခါ အမွှေးတိုင်ထွန်းညှိခြင်းနှင့် စက္ကူမီးရှို့ခြင်းတို့ ပြုလုပ်ရာ၌ သူတို့မိသားစု၏ ကျေးဇူးတင်မှုကို ပြသသည့်အနေဖြင့် အဘိုးဝမ်အတွက်လည်း ပြုလုပ်ပေးမည်ဖြစ်သည်။
ထိုမိသားစုက တင်ဆက်သူကို ကျေးဇူးတင်စကားပြောပြီး မိုက်ကို ပိတ်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များက စခရင်အထက်နှင့်အောက်တွင် တိုက်တွန်းစာတစ်ခုကို တွေ့လိုက်ရသည်။
ထိုတိုက်တွန်းစာကို နှိပ်ပြီးနောက်တွင် အကူအညီရှာဖွေရေး အပြန်အလှန်ဆက်သွယ်မှုကို အမှတ်များ ပေးကြတော့သည်။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’တို့မိသားစုက အမှတ်ပြည့်ပေးကြသည်။ သို့သော် သူတို့ပေးသည့်အမှတ်များက အချိုး၏တစ်ဝက်စာသာ ရမည်ဖြစ်သည်။
အမှတ်ပေးသည့် အချိန်နှစ်မိနစ်ကုန်ဆုံးသွားပြီးနောက် ကုကျစ်စုန့်က သူမ စခရင်ပေါ်မှ ညာဘက်ထောင့်တွင် အစက သုညဖြစ်နေရာမှ ၉၇.၇ အထိ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
ဤအမှတ်က တော်တော်လေးမြင့်သည်ဟု သူမတွေးမိသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် အနက်ရောင်ဖန်များ အများအပြားရှိရာ ဤရှိုးတွင်လည်း သူမကို အပြစ်ရှာသူများရှိမည်ဖြစ်ပြီး ထိုလူများက သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် အမှတ်နည်းနည်းသာပေးသည်ကို စဥ်းစားစရာမလိုပေ။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကြည့်ခဲ့ကြသော ဖြတ်သွားဖြတ်လာများနှင့် သူမ၏ပရိသတ်များက မကျေမနပ်ဖြစ်ကာ ကုကျစ်စုန့်၏အကူအညီပေးမှုက အပြစ်ပြောစရာမရှိဟု တွေးကြသည်။
ကုကျစ်စုန့် ပြောလိုက်သည်။
“ကောင်းပြီ.. ဒါဆို နောက်ထပ် အပြန်အလှန်ဆက်သွယ်မဲ့သူကို ရွေးလိုက်ကြရအောင်”
သူမက တစ်ခဏမျှတွေးကာ ပြောလိုက်သည်။
“တကယ်လို့ အမှတ်တကယ်အကူအညီလိုတဲ့သူရှိနေပြီး ဘယ်သူကမှလဲ ပါဝင်ဖို့အရွေးမခံထားရဘူးဆိုရင် နောက်တစ်ကြိမ်မှာ အရင်ရှိုးတုန်းကလိုပဲ တိုက်ရိုက်ရွေးလိုက်မယ်လေ”
ဒုတိယမြောက်ရွေးချယ်မှုက မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားသည်။
ကုကျစ်စုန့်က အရွေးခံရသူကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“ပရိသတ်ထဲမှာ ဂျက်စမင်ဆိုတဲ့နာမည်နဲ့သူရှိလား”
ဂျက်စမင် : [ရှိပါတယ်.. တကယ်ပဲ ကျွန်မကို ရွေးလိုက်တာလား]
ကုကျစ်စုန့်:
“ဟုတ်တယ်.. မေးမြန်းဖို့အတွက်ဘယ်လိုများ ဆက်သွယ်ချင်လဲ”
ဂျက်စမင် : [ကျွန်မက ဗီဒီယိုခေါ်ဆိုမှုနဲ့ အဆင်ပြေပါတယ် တောက်ကျန့်]
“ကောင်းပြီ”
ကုကျစ်စုန့်က တုံ့ပြန်လိုက်ပြီး ဗီဒီယိုဖိတ်ကြားမှုကို နှိပ်လိုက်သည်။
ဆက်သွယ်မည့်ပရိသတ်က ဗီဒီယိုကို ဖွင့်လိုက်ချိန်တွင် စခရင်မှာ နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက စခရင်ပေါ်တွင် ပေါ်လာခဲ့သည်။
သူမ၏အသားအရည်က အနည်းငယ်ကြမ်းတမ်းပြီး မျက်နှာပေါ်တွင်လည်း သိသာထင်ရှားသည့် အရေးအကြောင်းများနှင့် အရောင်များလည်း ရှိနေသည်။
သူမက ဆံပင်ကိုစည်းနှောင်ထားပြီး ရိုးရှင်းသည့် အဖြူရောင်လက်ရှည်အင်္ကျီကို ဝတ်ထားသည်။
အသက်ငါးဆယ်လောက်တော့ ရှိမည်ထင်ရသည်။
သူမ၏မျက်နှာက ဖုန်းပေါ်တွင် ပေါ်လာသည်ကို မြင်လိုက်ရလျှင် အစပိုင်းတွက် လန့်သွားပုံရပြီး ခဏကြာမှ ကုကျစ်စုန့်ကို ပြုံးပြလာသည်။
“မင်္ဂလာပါ ကုတောက်ကျန့်၊ မင်္ဂလာပါ သူငယ်ချင်းပရိသတ်တို့.. မင်းတို့ ပါဝင်ယှဉ်ပြိုင်သူတွေက တော်တော်လေး ကြည့်ကောင်းချောမောကြတာပဲ.. အစတုန်းက ကျွန်မက ရှင်တို့ beauty filter တစ်ခုခုသုံးထားလို့ဖြစ်မယ်လို့ထင်ခဲ့တာ.. ရိုးရိုးကင်မရာနဲ့တောင် အရမ်းချောနေတုန်းပဲ”
ကုကျစ်စုန့်က “ကျေးဇူးပါ”ဟု ပြောလိုက်ပြီး ဂျက်စမင်၏ အမွှန်းတင်ချီးမွမ်းမှုကို အပြုံးလေးဖြင့် တုံ့ပြန်ကာ ပြောလိုက်သည်။
“အစ်မ.. ရှင့်ရဲ့ ကံကြမ္မာကို ဟောပြောစေချင်လား၊ ဒါမှမဟုတ် မေးချင်တဲ့ ရုပ်လွန်ပညာရပ်နဲ့ဆိုင်တဲ့ မေးခွန်းတစ်ခုခုများရှိလား”
ဂျက်စမင်က ပြောလာသည်။
“မင်းပဲ ဆုံးဖြတ်ပေးပါ”
ကုကျစ်စုန့်က ခေါင်းငြိမ့်ပြီး တစ်ဖက်လူမှ သူမထံ သီးသန့်ပို့လာသည့် မွေးနေ့ရက်စွဲကို လက်ခံရရှိလိုက်သည်။
ထို့နောက် ‘နတ်ဘုရားဆယ်ပါး’၏ အကျဉ်းချုပ်လေ့လာမှုကို တစ်ချက်ကြည့်လိုက်သည်။
ဂျက်စမင်၏ မျက်နှာကို ကြည့်လိုက်ပြီး သူမ၏ နန်းတော်သုံးခွင်နှင့် မျက်လုံးငါးလုံးအပြင် ၁၂ ရာသီခွင် လက္ခဏာများကိုပါ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
တစ်မိနစ်နှစ်မိနစ်မျှ ကြည့်ပြီးနောက်တွင် သူမက ခပ်ဖြည်းဖြည်းပြောလာသည်။
“ရှင်က ၁၉၇၅ ခုနှစ်မှာ မွေးဖွားတာ.. ဒီနှစ်ဆို အသက် ၄၇ နှစ်ရှိပြီ.. မွေးဇယားနဲ့ ဒြပ်စင်ငါးပါးကို အခြေခံပြီး အဲဒီနှစ်ရဲ့ အစောပိုင်းမှာ မွေးခဲ့တာ ဖြစ်မယ်လို့ သိနိုင်တယ်.. ပြီးတော့ ရှင့်ကိုမွေးတုန်းက ရှင်တို့မိသားစုကလည်း သိပ်အဆင်မပြေဘူး
အဲဒါအပြင် ရှင့်ရဲ့ မျက်ခုံးမွေးပုံစံက ပြောင်းနေတယ် ညာဘက်မျက်ခုံးမွေးရဲ့အဖျားက ပိုရှည်ပြီး ပိုထူတယ်.. ဆိုလိုတာက ရှင့်ရဲ့အမေက ရှင့်ကို မမွေးခင်က ကလေးနှစ်ယောက်မွေးခဲ့သေးတယ်
နှစ်ယောက်လုံးက မိန်းကလေးတွေချည်းပဲ ဟုတ်တယ်မလား”
“အဲဒီထက်ပိုတာက ရှင့်ကို မွေးတဲ့နှစ်မှာ မိသားစုတွင်း အများကြီးပြောင်းလဲသွားခဲ့တယ်.. အဓိကကတော့ မိဘတွေနဲ့ ပတ်သက်ပြီးပေါ့”
“ယွဲ့ကျောက်နဲ့ ဖူထန်အမှတ်တွေက မျက်ခုံးမွေးရဲ့တခြားနေရာတွေထက် ပိုနက်တယ်.. ဒီအမှတ်က ရှင့်ရဲ့ မိဘနန်းတော်ပဲ.. ရှင့်မိသားစုက မပျော်ရွှင်ကြဘူးဆိုတာ သိနိုင်တယ်
တိတိကျကျပြောရရင် ညာဘက်မိဘနန်းတော်နဲ့ နေမင်းထောင့်ချိုးက သိပ်မညီဘူး.. ဆိုလိုတာက ရှင့်အပေါ် တော်တော်ဆိုးတဲ့ဖခင်ဖြစ်သူ ရှိလိမ့်မယ်.. သူနဲ့ ရှင့်နဲ့က ဆက်ဆံရေးအဆင်မပြေဘူး၊ တစ်ယောက်နဲ့တစ်ယောက် ရွံမုန်းနေကြတဲ့ထိတောင် ဖြစ်နိုင်တယ်”
ကုကျစ်စုန့်မှ သူမ၏အဖေအကြောင်းကို ပြောသည်ကိုကြားတော့ ဂျက်စမင်က နှုတ်ခမ်းတင်းတင်းစေ့ကာ ပြောလိုက်သည်။
“တောက်ကျန့် ပြောတာ မှန်တယ်.. ရမင်းသာ မပြောခဲ့ရင် ကျွန်မလည်း အဲဒီအဖေအကြောင်းကို ထုတ်ပြောမှာမဟုတ်ဘူး.. သူက ဖိုဝါဒီသမား.. သမီးတွေထက် သားတွေကိုပဲ သူလိုချင်တာ”
ဂျက်စမင်၏ပြောပုံအရ သူမ၏ အမေက ထိုသို့ဆင်းရဲလှသည့်ကျေးလက်ဒေသလေးတွင် ကလေးသုံးယောက်မွေးခဲ့ရခြင်းမှာ သူမအဖေမှ သားတစ်ဦး လိုချင်၍ပင်ဖြစ်ပေလိမ့်မည်။
ရလဒ်အနေနှင့် တတိယမွေးသူမှာလည်း သမီးဖြစ်သူ ဂျက်စမင်သာဖြစ်နေသည်။ စာအုပ်ကြီးဆန်ပြီးခေါင်းမာလှသော သူမ၏အဖေက သူမအမေကို ဒေါသတကြီးအကြည့်များဖြင့် နေ့တိုင်းကြည့်တော့သည်။
သူမ၏အမေမှာ အလုပ်ပြန်မလုပ်ခင် မီးနေခန်းထဲ၌ ရက်အနည်းငယ်သာ နေခဲ့ရသည်။ ကလေးကိုလည်း နို့တိုက်ရသေးသည်။ ရလဒ်အနေနှင့် သူမ နှစ်ဝက်လောက်သာ ရှိသေးချိန်တွင် သူမ၏အဖေမှာ တစ်ရွာထဲနေ မုဆိုးမတစ်ဦးနှင့် ဖောက်ပြန်သွားတော့သည်။
ထိုမုဆိုးမတွင် ခုနစ်နှစ်အရွယ်သားတစ်ယောက်လည်း ရှိသည်။
သူမ၏အမေက အစ်မနှစ်ယောက်တို့ကို ပြုစုကျွေးမွေးရပြီး သူမကိုလည်း နို့တိုက်ရသည်။ သို့သော်လည်း အချိန်အများစုတွင် သူတို့သုံးယောက်ပေါင်းမှ ကြက်ဥတစ်လုံးသာ စားခဲ့ရသည်။
အဖေ မပီသသည့်လူမှာတော့ မိသားစုငွေကို ယူကာ မုဆိုးမနှင့် သူမ၏သားဖြစ်သူအတွက် ယွမ်အနည်းငယ်မျှတန်သော လောက်လေးခွကို ဝယ်ပေးခါ်သည်။
ဤသည်ကိုသိသည့်အခါ ဂျက်စမင်၏ အမေက အလွန်ဒေါသထွက်လွန်းသောကြောင့် အစာပင်မစားနိုင်ချေ။ အဖေဖြစ်သူက သူမ၏အမေနှင့် ရန်ဖြစ်ကြပြီး သူမက ယောကျာ်းလေး မမွေးပေးနိုင်သည့်အတွက် တခြားတစ်ယောက်၏ ကလေးကို သွားပြုစုပေးနေရခြင်းလားဟု ငြင်းခုံခဲ့ကြလေ၏။