ထွက်ပြေးတိမ်းရှောင်နေခြင်း (1)
Vol. 30 Ch. 296
ဤတစ်ကြိမ်တွင်တော့ ကောင်လေးမှာ လုံးဝရှော့ရသွားလေပြီ။ လာမည့်ရက်သတ္တပတ်အဆုံးတွင် သူ့ကောင်မလေးနှင့် သွားလည်မည်ဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောရသေးဘဲ ဟိုတယ်ကိုလည်း သူကိုယ်တိုင်သာ သွားရှာကြည့်ခဲ့ခြင်းဖြစ်သည်။
သူ့အမေက ဒါကို ဘယ်လိုသိသွားတာလဲ။
ဂျက်စမင်က တစ်ခဏမျှတွေးပြီး ပြောလာသည်။
“ချန်ချန်ကိုလည်း ပြောလိုက်ဦး.. သန်ဘက်ခါ ဘယ်မှမသွားနဲ့လို့.. အမေက မင်းတို့ကို မကောင်းစေချင်လို့မဟုတ်ဘူး.. ဒီညနေ ဖုန်းပြန်ခေါ်လိုက်မယ်”
ဖုန်းမချခင်တွင် ဂျက်စမင်က သူမသားကို မည်သည့်အမှားမျှ မလုပ်ရန် ထပ်ကာထပ်ကာသတိပေးနေခဲ့သည်။
သူမက ကုကျစ်စုန့်ကို သက်ရှိဖန်ဆင်းရှင်ကို ကြည့်နေရသည့်အတိုင်း ကျေးဇူးတင်မှုများနှင့် တစ်ဖန်ပြန်ကြည့်လိုက်သည်။
နောက်ဆုံးတွင်မူ ကုကျစ်စုန့်ပြောခဲ့သမျှက အတည်ပြုပြီးဖြစ်၏။
သူမ ဟောချက်ထဲတွင် ယိုပေါက်ရှိကောင်းရှိနိုင်သော်လည်း လူငယ်စုံတွဲ ဟိုတယ်တွင်နေမည့် ကိုယ်ရေးကိုယ်တာကိစ္စတွင် ဝင်မပါသင့်ဟူ၍တော့ ခံစားရသည်။
သို့သော်လည်း ကုကျစ်စုန့်က ကလေးနှစ်ယောက်၏ ဘဝကို ကယ်တင်ပေးလိုက်ခြင်းနှင့် ညီမျှပေသည်။
ဂျက်စမင်က ကြောက်ရွံ့နေမိနေသေးသည်။
“တောက်ကျန့်.. ကျွန်မ ရှင့်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး.. ကလေးနှစ်ယောက်အတွက်ရော၊ မိသားစုတစ်ခုလုံးအတွက်ပါ ရှင့်ကို ကျေးဇူးတင်ပါတယ်”
ကုကျစ်စုန့်က ခေါင်းကို အသာငြိမ့်ကာ ကံကြမ္မာကို ထပ်ဟောရန် လက်ချောင်းထိပ်များကိုသုံး၍ တွက်ချက်လိုက်သည်။ ဂျက်စမင်၏သားနှင့် သူ့ကောင်မလေးတို့တွင် သက်ရောက်နေသော မက်မွန်ပွင့်မိစ္ဆာမှာ တဖြည်းဖြည်းလျော့ပါးသွားကြောင်း တွေ့လိုက်ရသည်။
အဓိပ္ပာယ်မှာ ကောင်လေးက သူ့အမေ၏ စကားကို နားထောင်နေဆဲဖြစ်ပြီး ပိတ်ရက်တွင် လျှောက်မလည်ရန် ဆုံးဖြတ်လိုက်ပုံပင်။
မထွက်ပေါ်လာသေးသည့်ဘေးဒုက္ခမှာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျော်လွန်သွားခဲ့သည်။
ကုကျစ်စုန့်က သီးသန့်ဆက်သွယ်မှုကို ပြောင်းလိုက်ရသည့်အကြောင်းရင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် အများကြီးရှိနေကြပြီး အခွင့်အရေးကိုစောင့်နေသည့် အနက်ရောင်ဖန်များနှင့် အရည်အသွေးနိမ့် အပြစ်ရှာသူများလည်း အများပင်ရှိသောကြောင့်ဖြစ်သည်။
သူမက ဤကိစ္စ၏ အကြောင်းရင်းနှင့် သက်ရောက်မှုကို ထုတ်ဖော်လိုက်ပါက ဗီဒီယိုများ အမှန်တကယ်ပေါက်ကြားမလာလျှင်ပင် နစ်နာသူများကို ဝေဖန်ကြမည့် ဦးနှောက်မရှိသူများရှိနေမည်စိုးသောကြောင့်ပင်။
ဂျက်စမင်ကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပြောလိုက်ပါက သူမ ၏ သားနှင့် ချစ်သူကောင်မလေးတို့အကြောင်းကို ဖော်ထုတ်ချင်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တို့ရှိသည့် တစ်စုံတစ်ယောက်အတွက်
လွယ်ကူသွားလိမ့်မည်။
သူက သူတို့နှစ်ယောက်ကို လူထုအမြင်ထဲသို့ ကျရောက်စေကာ တချို့သော ကောလဟာလများကိုလည်း ပျံ့နှံ့သွားစေခဲ့သည်။
ထိုသို့ဆိုပါက မူလအဆုံးသတ်ထက် ပိုကောင်းသွားမည်ဖြစ်သော်လည်း သူတို့ဘဝတွင် သက်ရောက်မှုရှိပေလိမ့်မည်။
အထူးသဖြင့် မိန်းကလေးရှင်အတွက်ပင်။
ဤသည်က ကုကျစ်စုန့်က သီးသန့်ဆက်သွယ်မှုကို ပြောင်းလိုက်သည့်အကြောင်းရင်းပင် ဖြစ်ပေသည်။
သူမက စခရင်ကို ကြည့်လိုက်ပြီးနောက် မက်မွန်ပွင့်မိစ္ဆာ၏ ပန်းရောင်ဖျော့ဖျော့က မှိန်သွားပြီးနောက်တွင် ဂျက်စမင်၏မျက်နှာပေါ်မှ ပျက်စီးခြင်းလမ်းကြောင်းက အတန်ပင် လျော့ပါးသွားခဲ့သည်ကို တွေ့လိုက်ရသည်။
ပြီးနောက် မက်မွန်ပွင့်မိစ္ဆာနှင့် ကလေးတို့၏ ဘေးဒုက္ခအောက်တွင် ပုန်းကွယ်နေသော မိစ္ဆာအစစ်မှာ ပေါ်ထွက်လာတော့သည်။
ကုကျစ်စုန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကျွန်မ ခုနတုန်းက ရှင့်ကို ပြောခဲ့တာကို မှတ်မိလား.. တိုက်ရိုက်သားချင်းတွေရဲ့ ကံကြမ္မာတွေက ဆက်စပ်နေပြီး အချင်းချင်းရဲ့ ကံကြမ္မာကိုလည်း သက်ရောက်နိုင်တယ်ဆိုတာလေ.. ရှင့်ရဲ့သားမှာ ဘေးဒုက္ခရှိနေတော့ ရှင့်ရဲ့ ရင်သွေးနန်းတော်ကနေ မြင်တွေ့နိုင်သလိုမျိုးပေါ့”
ဂျက်စမင်က ခေါင်းငြိမ့်ကာ သူမ နားလည်ကြောင်း ပြောလိုက်သည်။
ကုကျစ်စုန့်က ပြောလိုက်သည်။
“သားဖြစ်သူရဲ့ဘေးဒုက္ခက အခု ဖြေရှင်းပြီးသွားပြီ၊ အခု ရှင်နဲ့သားဖြစ်သူ နှစ်ယောက်လုံးက ယင်စွမ်းအင် ခပ်ဖျော့ဖျော့အလွှာရှိနေတုန်းပဲ .. ဆိုလိုတာက အဓိကပြဿနာက ရှင်နဲ့မဟုတ်ဘဲ တခြားသူတွေနဲ့ ဆက်စပ်နေတာပဲ”
ဂျက်စမင်၏ သားနှင့် သူ့ကောင်မလေးမှာ ဟိုတယ်သို့ သွားခဲ့ကြသည်။ သို့သော်လည်း ယင်စွမ်းအင်ကြောင့် သူတို့၏ ကံကောင်းမှုကို သက်ရောက်ပြီး လျော့ကျသွားစေခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူတို့က ထိုဟိုတယ်မှ ကင်မရာအနေအထား တည့်တည့်ဖြစ်နေသည့် ထိုအခန်းကို ဖွင့်ခဲ့မည်မဟုတ်ပေ။
ဂျက်စမင်၏ သားဖြစ်သူအတွက် ပြဿနာ ငြိမ်းအေးသွားသော်လည်း နတ်ဆိုးအငွေ့အသက်မှာ မပျောက်ကွယ်သွားသေးဘဲ သူတို့အဆွေအမျိုးများထဲမှ တစ်ယောက်မှာ နောင်တစ်ချိန်တွင် ဘေးအချို့ကို ကျိန်းသေပေါက်ကြုံရဦးမည်ဖြစ်သည်။
ကုကျစ်စုန့်က ရှေးဟောင်းအကြွေစေ့များကို ပွတ်တိုက်ပြီး အေးဆေးပြောလိုက်သည်။
“မိသားစုထဲမှာ ဘယ်သူက ပြဿနာရှိနေတာလဲဆိုတာ ရှင် သိထားသင့်တယ်”
ဂျက်စမင်၏မျက်နှာက ကြည့်ရဆိုးသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်မ ခုလေးတင် သံသယဖြစ်မိနေတာ..”
သူမ အပြန်အလှန်ဆက်သွယ်ရန် အရွေးမခံရသည်အထိ သူမ အတွေးလွန်နေသည်လော သို့မဟုတ် မိသားစုထဲတွင် သဘာဝထက်ကျော်လွန်သော အချို့ကိစ္စများ ရှိနေသည်လော ဟူ၍ မသေမချာဖြစ်ခဲ့သည်။
သို့သော် ယခုတော့ သူမ၏ ခန့်မှန်းချက်များက သေချာနေလေပြီ။
ကုကျစ်စုန့်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်ဖွင့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းအခန်းထဲမှ ပူပန်စွာ စောင့်နေသော ကြည့်ရှုသူများမှာ တိုက်ရိုက်ထုတ်လွှင့်မှုက ပြန်ပွင့်လာကြောင်း တွေ့လိုက်ရသည်။
[ဟမ့်.. မင်းက ပရိသတ်တွေကို ၉ မိနစ်နဲ့ ၃၁ စက္ကန့် စောင့်ရအောင်လုပ်တယ်.. မင်းတို့ ဘာတွေပြောခဲ့တာလဲဆိုတာ ပြောပြရင် ငါ မင်းကို ခွင့်လွှတ်ပေးမယ်]
[နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ.. ပြဿနာရှင်းပြီးသွားပြီလား]
တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ပြီးနောက် ကုကျစ်စုန့်က ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။
“ပြောပါ.. ရှင့်ရဲ့ အမျိုးသားနဲ့ပတ်သက်ပြီး ဘာဖြစ်ခဲ့တာလဲ.. ဆက်သွယ်မှုကို စလိုက်တုန်းက ရှင် သူ့အကြောင်းကို မေးချင်နေတာမဟုတ်လား”
ပရိသတ် : “..?!?!”
ဂျက်စမင်၏ ကံကြမ္မာကို ဟောခဲ့စဉ်က သူမ အိမ်ထောင်ရေးနန်းတော်ထဲမှ သူမနှင့်ဆက်စပ်နေသော အခြားတစ်ယောက်၏ ကံကြမ္မာမှာ အနည်းငယ်ထူးဆန်းနေသည်ကို ကုကျစ်စုန့်တွေ့လိုက်ရသည်။
သူမ သား၏ ပိုထင်ရှားနေသော မက်မွန်ပွင့်မိစ္ဆာနှင့်ယှဉ်လျှင် သူမအမျိုးသားကလည်း ယင်စွမ်းအင်၏ သက်ရောက်ခြင်းခံရသည်။ ဖျော့တော့သောကံကြမ္မာနှင့် နိမ့်ကျသောရှေ့ဖြစ်လမ်းကြောင်းရှိနေသည်။
အစတွင်တော့ ကုကျစ်စုန့်က ဂျက်စမင်၏အမျိုးသားမှာ သူမကဲ့သို့ပင် သားဖြစ်သူ၏ကိစ္စကြောင့် သက်ရောက်ခြင်းခံရခြင်းလားဟု တွေးမိလိုက်သည်။
သို့သော် ယခုတွင်တော့ မက်မွန်ပွင့်မိစ္ဆာက မှိန်ဖျော့သွားပြီဖြစ်ကာ သူမသားကံကြမ္မာက ပြောင်းလဲသွားပြီး သူမ၏ ကံကြမ္မာကလည်း ပြောင်းလဲသွားခဲ့သည်။ ကိစ္စ၏အမှန်တရားမှာ သူမ အစပိုင်းတွင် တွေးခဲ့သည်နှင့် လုံးဝ ကွာခြားနေကြောင်း ကုကျစ်စုန့်
သိလိုက်ရ၏။
ဂျက်စမင်နှင့် သူမ၏ သားတို့က သူမအမျိုးသား၏ သက်ရောက်ခံခြင်းကို ခံနေရသည်ပင်။
အနှီသူမှာ ယင်စွမ်းအင်ကို သယ်ဆောင်ထားသည့်သူသာ ဖြစ်ချေသည်။
သူ့ အနာဂတ်လမ်းကြောင်းနှင့် ကျန်းမာရေးတို့မှာ လွန်စွာမှမှိန်ဖျော့လျက်ရှိသည်။ သို့သော် ကုကျစ်စုန့် သေသေချာချာတွက်ချက်ကြည့်လိုက်သောအခါ သူ့ကံကြမ္မာက ဖြောင့်မတ်မှုနှင့် စွမ်းအားတို့ပြည့်နေသည်။
တရားမျှတသောစွမ်းအားအလွှာတစ်ခုနှင့် ကာကွယ်ထားခံရသည့်အလားပင်။
ယင်နှင့် ယန်တို့မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ယင်စွမ်းအင်နှင့် စွမ်းအားတို့က မညီမညွတ်ဖြစ်နေကြ၏။
ထိုခဏတွင် ဂျက်စမင်က ခပ်ဖြည်းဖြည်း ပြောလာသည်။
“ကျွန်မအမျိုးသားပြောတာတော့ သူ ဒီတလော နည်းနည်းထူးဆန်းနေတယ်တဲ့.. ပြီးတော့ သူ့အကျင့်ကလဲ ထူးဆန်းနေတာ.. အရင်တုန်းက သူ နည်းနည်းခေါင်းမာတယ်ဆိုပေမဲ့ ဒီရက်ပိုင်း အဲလိုမဟုတ်တော့ဘူး”
ခဏမျှစဉ်းစားပြီးနောက် သူမ သင့်တော်သည့် အသုံးအနှုန်းမျိုးကိုပင် စဉ်းစားမရတော့ချေ။ ထို့ကြောင့် သူမ၏ အမျိုးသားတွင် ဖြစ်နေသော ထူးဆန်းသည့်အရာအားလုံးကိုသာ တိုက်ရိုက်ပြောချလိုက်ပြီး ကုကျစ်စုန့်ကို စစ်ဆေးကြည့်ရန် တောင်းဆိုလိုက်သည်။
ဂျက်စမင်က ပြော၏။
“တောက်ကျန့်ကို ကျွန်မ ပြောဖူးတယ်လေ.. သူ ငယ်ငယ်တုန်းက အဲလိုအဖွဲ့ငယ်လေးတွေနဲ့ အပြင်ထွက်လေ့ရှိခဲ့တယ်လို့.. ပြီးတော့ နှစ်ခါ သုံးခါလောက် ထိန်းသိမ်းခံရဖူးတယ်.. ကံကောင်းစွာနဲ့ပဲ သူက ပြင်းထန်တဲ့ ရာဇဝတ်မှုမှတ်တမ်း မရှိခဲ့ဘူး.. ဒါပေမဲ့ ထိန်းသိမ်းခံရတယ်ဆိုတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူးပေါ့”
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူ အတော်လေး ရှုပ်ထွေးပွေလီခဲ့တယ်။ အဲဒီညီအစ်ကိုတွေနောက်ကို လိုက်ပြီး သွေးသောက်ဂိုဏ်းတွေ ဖွဲ့ပြီး တက်တူးတောင် ထိုးခဲ့သေးတယ်
သူ့နောက်ကျောနဲ့ လက်မောင်းမှာ တက်တူးတွေရှိတယ်.. ဒီနွေရာသီမှာ သူ အင်္ကျီချွတ်တဲ့အခါ နောက်ကျောရော၊ လက်မောင်းရော ညိုမည်းပြာနေတာ”
သူမ ပြောပြီးနောက် မျက်ဝန်းထဲတွင် ရွံရှာမှုတို့ ဖြတ်ပြေးသွားသည်။
ငယ်စဉ်က သူမ၏ အမျိုးသားမှာ ရုပ်ရည်အသင့်အတင့်ရှိသည်။ ကြွက်သားများလည်း ရှိကာ သူ့ကိုကြည့်ရသည်မှာ ခပ်မိုက်မိုက်ပုံမျိုး။ ယခုတော့ သူက အသက်ကြီးပြီး ဝလာကာ သူ့တက်တူးများသည်ပင် ကြီးလာ၏။
သူမ ထိုတက်တူးများကို ဖျက်ပစ်ဖို့ပြောသည့်အချိန်တိုင်း သူ မပျော်မရွှင်ဖြစ်သွားမြဲပင်။
သူမ ထိုတက်တူး၏အဓိပ္ပာယ်ကို နားမလည်ဟု သူက ပြောပြီး သူမကိုပင်ဆန့်ကျင်ကာ တက်တူးထိုးခဲ့သည်။
ကုကျစ်စုန့်က ကင်မရာကြည့်ကာဘမေးလိုက်သည်။
“သူ ဘယ်ပုံကို တက်တူးထိုးခဲ့တာလဲ”
ဂျက်စမင်က ပြောသည်။
“သူ့နောက်ကျောက တက်တူးပုံက ကွမ်ကုန်းပုံပဲ.. လက်ထဲမှာ ဓားကြီးကိုင်ထားတဲ့ပုံ လည်ပင်းကနေ ကျောရိုးဆုံးတဲ့ထိ ရှိတယ်.. လက်မောင်းပေါ်မှာတော် နဂါးခေါင်းတက်တူးရှိတယ်.. အဲဒါက သိပ်တော့မကြီးပေမဲ့ ပခုံးကနေ တံတောင်ဆစ်အထိရှိတယ်”
သူမ ဖော်ပြလိုက်သောအခိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ တက်တူးအကြောင်းကို သိသူတို့က စတင်ဆွေးနွေးလာကြပြီး ခန့်မှန်းကြတော့သည်။
[အိုးး ကွမ်ကုန်းလား.. အဲ့ပုံက တက်တူးထိုးဖို့ သိပ်ကောင်းတာတော့ မဟုတ်ဘူး.. ကြာဖူးတာကတော့ မျက်စိဖွင့်ထားတဲ့ ကွမ်ကုန်းပုံကို တက်တူးမထိုးကောင်းဘူးတဲ့
ဘာလို့လဲဆိုတော့ ကွမ်ကုန်းရဲ့မျက်လုံးတွေက လူသတ်ဖို့ပွင့်နေတာမလို့ သွေးထွက်သံယိုဒုက္ခတွေ ကြုံရတတ်တယ်တဲ့
နောက်ကျောမှာလဲ အဲ့ပုံမထိုးသင့်ဘူး၊ နောက်ကျောမှာ တက်တူးထိုးတာက မယုံကြည်ရဘူးတဲ့၊ ဒါတာကြောင့် ရင်ဘတ်မှာပဲ ထိုးသင့်တာ]