လိမ်ညာထွက်ဆိုခြင်း(1)
Vol. 30 Ch. 300
ကုကျစ်စုန့်က ဝိညာဉ်ဖမ်းစာအုပ်ထဲမှ စာတိုတိုဖြင့်ရေးသားထားသည့် မှတ်တမ်းကို ကြည့်လိုက်သည်။
‘သေသည့်တိုင်အောင် အရိုက်ခံရခြင်း’
သူမ တွေးတောရင်း လက်ချောင်းထိပ်များနှင့် စာအုပ်ပေါ်မှ ရွှီရုန်ဟန်၏နာမည်ကို ထိကြည့်လိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းဥပဒေသများမှ ဝိညာဉ်ဖမ်းစာအုပ်ထဲတွင် ပိတ်ဆို့ခြင်းခံရသည့် ဝိညာဉ်စွမ်းအားကို ထိတွေ့ကြည့်ရန်နှင့် စာနာနားလည်ကြည့်ရန်ဖြစ်၏။
ရှားတိုင်းပြည်တွင် ‘မျှဝေခံစားပေးသည့်နည်းစနစ်’က ‘အိပ်မက်ထဲသို့ဝင်ရောက်ခြင်းနည်းလမ်း’၊ ‘ဝိညာဉ်ရှာဖွေနည်းလမ်း’နှင့် နိုင်ငံခြားဒေသများမှ ‘တယ်လီပသီနည်းလမ်း’များနှင့် ဆင်တူသည်။
ထိုနည်းလမ်းအားလုံးက တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအားကို အာရုံခံကာ ထိုစွမ်းအားဖြင့် တစ်ဖက်လူဒစိတ်ဝိဥာဥ်ထဲသို့ ကိုယ့်ကိုယ်ကိုယ် ခဏတာလောက် နစ်ဝင်စေခြင်းဖြစ်သည်။
အလွန်တိုတောင်းလှသော အချိန်အတွင်းတွင်ပင် ထိုဆရာသခင်က ပါဝင်နေသည့်လူများထဲမှ တစ်ယောက်ဖြစ်လာပြီး နက်ရှိုင်းသောမှတ်ဉာဏ်များ၊ ခံစားချက်များနှင့် မူလဝိညာဉ်၏ အနက်ရှိုင်းဆုံးတွင် ကွယ်ဝှက်ထားသည့်အတွေးတို့ကိုပါ အာရုံခံစားနိုင်လာသည်။
တောက်ဆရာသခင်က ပို၍စွမ်းအားကြီးလေလေ၊ အချိန်တစ်ခဏအတွင်း သူဖမ်းဆုပ်နိုင်သည့်သတင်းအချက်အလက်က ပိုများလေလေပင်။
ကုကျစ်စုန့်က ဤသို့ ပြောလိုက်သည်။
“ကျွန်မ တွက်ချက်ကြည့်ဦးမယ်”
ထို့နောက် သူမက မျက်လုံးများကို ပိတ်လိုက်သည်။
သူမ၏ လက်ချောင်းထိပ်များက ဝိညာဉ်ဖမ်းစာအုပ်ထဲမှ ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်သောအခိုက်တွင် ကုကျစ်စုန့်၏ အသိစိတ်က မီးခိုးလွှာတစ်ခုဖုံးနေသည့်နှယ်ရှိသော မြူဆိုင်းနေသည့်နေရာတစ်ခုဆီ ရောက်သွားခဲ့သည်။
သူမက ရွှီရုန်ဟန်၏ ဝိညာဉ်မူလအစကို အာရုံခံလိုက်နိုင်ပြီး ထိုဝိညာဉ်နှင့် ခပ်ဖျော့ဖျော့ဆက်သွယ်နိုင်လိုက်ပြီဖြစ်ကြောင်းကို သိလိုက်သည်။
ရွှီရုန်ဟန်မှာ သူ့တည်ရှိမှုကို ကောင်းစွာ ဖျောက်ဖျက်ထားပြီး အပြစ်ဆိုဖွယ်ပင်မရှိချေ။
ယခုအချိန်တွင်တော့ သူမအနေဖြင့်တစ်ဖက်လူ၏ကွယ်ဝှက်နေရာကို စိုးရိမ်နေစရာမလိုတော့။
သူမက ဝိညာဉ်တွင်းရှိ မှတ်ဉာဏ်ခပ်နက်နက်တို့ကို ခံစားကြည့်လိုက်သည့်အခိုက်တွင် အလွန်နက်ရှိုင်းပြီး ဖျောက်ဖျက်မရနိုင်သော မှတ်ဉာဏ်အစအနများက သူမစိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုခဏတွင် တစ်နေရာရာ၌ ပုန်းအောင်းနေသော တစ္ဆေက ဝိညာဉ်နှင့် ချိတ်ဆက်ထားမှုကို သတိပြုမိသွားခဲ့သည်။
သူ့အမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး သူ့၏ဘေးနားက ယင်စွမ်းအင်များမှာ ချက်ချင်း ထကြွလာကာ ဝိညာဉ်ထဲမှ မသိမသာမှိန်ဖျော့နေသည့်ဆယ်သွယ်မှုကို တိုက်ရိုက်ဖျက်ပစ်လိုက်သည်။
ဖျော့တော့ကာ ဖောက်ထွင်းမြင်နေရသော မျက်နှာမှာ ဒေါသတကြီးနှင့် အကျည်းတန်နေသည်။ သူ့မျက်လုံးများမှာလည်း နာကျည်းမှုတို့ဖြင့် တင်းလက်နေ၏။
‘မျှဝေခံစားသည့် နည်းစနစ်’ကို ဖြတ်တောက်ခံလိုက်ရသည့် ကုကျစ်စုန့်က မျက်လုံးများကို ပြန် ဖွင့်လိုက်လေ၏။ အချိန်က စက္ကန့်အနည်းငယ်မျှသာ ကုန်လွန်သွားသေးသည်။
သူမက မျက်ခုံးများကို အသာပင့်လိုက်သည်။ ရွှီရုန်ဟန်က သူမ ထင်ထားသည်ထက် သတိကြီးကြီးထားကာ ပိုအစွမ်းထက်နေပြီး နည်းစနစ်ကို အမြန်ရှာတွေ့၍ ဖြတ်တောက်နိုင်လိမ့်မည်ဟု ကုကျစ်စုန့် မထင်မှတ်ထားမိပေ။
သို့သော်လည်း သူ နောက်ကျလွန်းသွားခဲ့သည်။ ပွင့်အံလာသည့်မှတ်ဉာဏ်များကို ကုကျစ်စုန့်မြင်လိုက်ပြီးဖြစ်၏။
ရှုပ်ထွေးနေသော အစိတ်အပိုင်းများနှင့် ဂျက်စမင်၏အမျိုးသားထံတွင် ဖြစ်ခဲ့သည့် အခြေအနေများကို ခွဲခြားပြီးနောက် ကုကျစ်စုန့်က ဖြစ်စဉ်တစ်ခုလုံး၏ အကြောင်းရင်းကို တွက်ချက်နိုင်လိုက်သည်။
သူမက ကင်မရာကို ကြည့်ကာ ရှုပ်ထွေးဟန်ဖြင့် ဆိုလာသည်။
“လွန်ခဲ့တဲ့ လလယ်လောက်က ရှင် ညလယ်ဘက်ကြီး တက္ကစီအော်ဒါတစ်ခုရလို့ အသက်မွေးမှုနဲ့ နည်းပညာကျောင်းကို သွားခဲ့သေးတယ်မလား.. အဲဒီမှာ ကျောင်းသားသုံးယောက်ကို ကြိုပြီး မြို့မြောက်ဘက် ဆင်ခြေဖုံးဘက်ဆီသွားခဲ့တယ်”
“အဲဒီကျောင်းသား သုံးယောက်ထဲက တစ်ယောက်က ရွှီရုန်ဟန်ပဲ”
မြင်ကွင်းကို ပြန်စဉ်းစားပြီးနောက် ကုကျစ်စုန့်က ဖော်ပြလိုက်သည်။
“သူက ပိန်ပါးပြီး ကိုယ်လုံးကိုယ်ပေါက်က ပုံမှန်အနေအထားရှိတယ်၊ အသားဖြူတယ်၊ မျက်မှန်တပ်ထားတယ်၊ သန့်ရှင်းပြီး ကြည့်ကောင်းတဲ့ရုပ်ရည်ရှိတယ်.. အတိုချုံးပြောရရင် သူက တခြားနှစ်ယောက်နဲ့ လုံးလုံးကွဲပြားနေတယ်”
“လူသုံးယောက်က ကားထဲဝင်လိုက်တဲ့အချိန်မှာ သူတို့တွေက ပဋိပက္ခလေးတွေ ဖြစ်ထားကြတယ်.. ရှင်က ဒါကို သတိထားမိပြီးတော့ သူတို့ကြားက ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုတာကို သိလိုက်တယ်”
ကုကျစ်စုန့်၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် ပြာနှမ်းနေခဲ့သော ဂျက်စမင်၏ အမျိုးသား၏ မျက်နှာမှာ ပို၍ပင် အကျည်းတန်လာကာ မျက်ဆံများလည်း တုန်ရီလာသည်။
ဒီမိန်းမက ဘာလို့ အဲဒီနေ့ကအဖြစ်အပျက်တွေကို အသေးစိတ်ပြောပြနိုင်နေရတာလဲ?!
သူရဲ့ကားထဲမှာ စတုတ္ထမြောက်လူ ရှိနေခဲ့တဲ့အတိုင်းပဲ။
သူ အလွန်အမင်း ကြောက်ရွံ့လာခဲ့သည်။
မကြာသေးမီရက်များက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများက နှစ်ထပ်ဆင့်ကာ သူ့ကို ပိုကြောက်လန့်စေခဲ့သည်။
ထိုဖော်ပြချက်များကို နားထောင်ပြီးနောက် ထိုနေ့တွင်ဖြစ်ခဲ့သောမြင်ကွင်းများက သူ့စိတ်ထဲ အတင်းအကြပ်တိုးထွက်လာခဲ့၏။
အရာအားလုံးက ကုကျစ်စုန့် ဖော်ပြခဲ့သည့်အတိုင်းပင်။
ညနေငါးနာရီ ထိုးတော့မည်ဖြစ်ကာ ထိုအော်ဒါက ထိုနေ့အတွက် ပထမဆုံးအော်ဒါဖြစ်ပေ၏။
ကျောင်းသားသုံးယောက်က ကားထဲသို့ ဝင်လာချိန်တွင် တစ်ခုခုမှားနေသည်ကို သူ သတိပြုမိလိုက်သည်။
အလယ်မှ ကောင်လေးမှာ ချောမောသန့်ရှင်းသည်။ သို့သော် သူ၏ ဆံပင်များက အနည်းငယ်ရှုပ်ပွနေခဲ့ပြီး သူ့မျက်နှာမှာလည်း သိပ်မကောင်းလှချေ။
ဘေးနှစ်ဖက်က လူငယ်နှစ်ယောက်မှာ သူ့ထက် ပိုသန်မာကြပြီး သူ့ကို ဆွဲခေါ်လာကြကာ ကားထဲသို့ အတင်းအကျပ်ဆွဲမသွင်းရုံတမယ်ပင်။
သူက သူ့ကို ကားတံခါးဆီသို့ တွန်းလိုက်သော တစ်ဖက်လူကို စိုက်ကြည့်ကာ တံခါးကို စွဲမြဲကာကိုင်ထားခဲ့ပြီး ထွက်ရန်ပြင်နေခဲ့သည်။
“မင်း ရူးနေတာလား.. ငါ မသွားဘူးလို့ ပြောနေတယ်လေ..”
သို့သော်လည်း နှစ်ယောက်ထဲမှ တစ်ယောက်က လက်ကို မြှောက်ကာ သူ့၏မျက်နှာနှင့် နားတို့ကို ပိတ်ရိုက်လိုက်သည်။
ရိုက်သံများက အားပြင်းစွာ တိုက်ရိုက်ထွက်ပေါ်လာခဲ့ကာ မျက်မှန်ကိုလည်း ပြုတ်ကျသွားစေခဲ့သည်။
“အရှက်မမဲ့စမ်းနဲ့.. မင်းက ဘာကောင်မှ မဟုတ်ဘူး.. မွေးနေ့ပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်တာက မင်းအမြင်တွေကို ကျယ်သွားစေလိမ့်မယ်.. မင်းက အခုထိ မာနကြီးနေတုန်းလား”
ထိုလူငယ်က ကျိန်ဆဲပြီးနောက် မြို့မြောက်ဘက်မှ ဆင်ခြေဖုံးအသစ်ရှိ ဗီလာတစ်ခု၏ လိပ်စာကို ပြောပြလာသည်။
“ကားဆရာ မြန်မြန်မောင်းပါ”
ထိုအချိန်တွင် ကားမောင်းသူထိုင်ခုံတွင် ထိုင်နေသော ဂျက်စမင်၏ခင်ပွန်းမှာ မျက်မှောင်ကြုတ်ထားလျက်ရှိနေခဲ့သည်။
အလယ်က ကောင်လေးမှာ အနိုင်ကျင့်ခံနေရခြင်းဖြစ်ကြောင်း သူ ကျိန်းသေပေါက်သိသည်ပင်။
အရိုက်ခံရပြီးနောက် ကောင်လေး၏မျက်နှာမှာ နီရဲနေခဲ့သည်။ အနိုင်ကျင့်သည့်လူက သူ၏လည်ပင်းကို အကြမ်းဖက်ဟန်ဖြင့် လက်မောင်းနှင့်ပတ်ထားသည်ကို နောက်ကြည့်မှန်မှတစ်ဆင့် မြင်နေရသည်။
“မင်း ဝိုင်ရော သောက်ဖူးရဲ့လား.. အဖြူရောင်ချောကလက်တို့၊ Kobe beef တို့ကိုရော စားဖူးလား
ရှုန်းတိ မင်းက ရေတွင်းထဲက ဖားလိုပဲ သနားစရာကောင်းလွန်းတယ်.. ဒီတော့ စာနာစိတ်ရှိရှိနဲ့ခေါ်ပေးတာကို ကျေးဇူးမသိတာမျိုးမလုပ်နဲ့”
တခြားလူရွယ်တစ်ဦးကလည်း စပ်ဖြီးဖြီးလုပ်နေကာ ဖုန်းကိုကိုင်ထားခဲ့ပြီး အနိုင်ကျင့်နေသည်ကို ဟာသပြဇာတ်ကဲ့သိာ့ ကြည့်နေခဲ့သည်။
ကားမောင်းသူမှာ ကြည့်လေလေ၊ စိတ်တိုလာရလေလေဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အနိုင်ကျင့်ခံနေရသည့် အလယ်မှ လူငယ်လေးမှာ အသက်နှစ်ဆယ်မျှသာ ရှိဦးမည်ဖြစ်ကာ သူ့သားနှင့် အသက်တူတူလောက်ပင်။
ထိုခဏတွင် ထိုကောင်လေးက အနိုင်ကျင့်သူ၏ ဖမ်းချုပ်မှုအောက်မှ တိတ်တဆိတ် ရုန်းထွက်လာပြီး သူ့လက်ထဲတွင် မျက်မှန်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဂျက်စမင်၏ခင်ပွန်းကို ဖိနှိပ်ထားရသည့်ဒေါသသံဖြင့် ပြောလာခဲ့သည်။
“ဆရာ ခဏလောက်ကားရပ်ပေးပါ.. ကျွန်တော် ဒီလူတွေကို လုံးဝမသိပါဘူး။။ ပြီးတော့ သူတို့နဲ့ တစ်လမ်းထဲသွားမှာလဲ မဟုတ်ဘူး.. သူတို့က ကျွန်တော့်ကို ကားထဲအတင်းဝင်ခိုင်းတာ”
“မင်း ဘာစောက်လုပ် လုပ်နေတာလဲ”
စိတ်ဆတ်သည့်လူငယ်က ခုန်ထလိုက်ပြီး ကောင်လေးကို လက်သီးထိုးကာ ကန်ကျောက်လိုက်သည်။
သူက အလွန်စိတ်တိုနေသည့်အတွက် သူ့ခွန်အားကို မထိန်းချုပ်ဘဲ ထိုကောင်လေးကို သေသည်အထိ ရိုက်ပစ်ချင်နေခဲ့သည်။
ဂျက်စမင်၏ခင်ပွန်းမှာ သူ့နောက်က လှုပ်ရှားမှုများကြောင့် ထိတ်လန့်သွားရ၏။ သူက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ဘရိတ်အုပ်ကာ ခေါင်းလှည့်၍ ပြောတော့သည်။
“ဟေး.. မင်းတို့ ဘာလုပ်နေကြတာလဲ.. မင်းတို့တွေ လူတစ်ယောက်ကို ဒီလိုအနိုင်ကျင့်လို့မရဘူးလေ.. မင်းက ငါ့ကို ဒီလိုပုံစံနဲ့ ဘယ်လိုများ ကားငှားနိုင်ရတာလဲ”
“ခင်ဗျားစောက်လုပ် ဘာပါလို့လဲ.. ဆင်းရဲတဲ့ ကားသမားအဘိုးကြီးတစ်ယောက်က ငါ့ကိုများ သင်ခန်းစာလာပေးနေတယ်?”
ထိုလူရမ်းကားက တစ်ဖက်လှည့်ကာ ခရီးသည်တင်ထိုင်ခုံ၏ နောက်ဘက်ကို ဆွဲလိုက်ပြီး ကားဆရာကို စိုက်ကြည့်နေသည်။ သူ့ပါးစပ်တွင်လည်း တံတွေးများပြည့်နေကာ သူ့ကို ရိုက်တော့မည်ဟန်ပြင်လာသည်။
“ဘယ်သူက ခင်ဗျားကို ကားရပ်ခိုင်းလို့လဲ.. ယုံချင်ယုံ မယုံချင်နေ ကျုပ် ခင်ဗျားကိုပါ ရိုက်တော့မှာ!”
ဂျက်စမင်၏ခင်ပွန်းမှာ ဒေါသအလွန်ထွက်သွားခဲ့သည်။
“မင်း ဘယ်လိုစကားပြောလိုက်တာလဲ.. အပြုအမူကောင်းတွေ မရှိဘူးလား”
ထိုအချိန်တွင် ပွဲကြည့်နေသော တခြားလူငယ်မှာ ရဲသားကောင်းတစ်ယောက်* ဟန်ဖြင့် ဝင်ပြောလာသည်။ သူက သူ့သူငယ်ချင်း၏ပခုံးကို ပုတ်လိုက်ပြီး ပြောလာသည်။
“ဦးလေး.. စိတ်မရှိပါနဲ့.. သူက အပြောဆိုးတဲ့လူမို့လို့ပါ.. ကျွန်တော်တို့က တစ်တန်းတည်းသားချင်းတွေလေ.. သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကို တက်ဖို့ သဘောတူထားတာ.. ဒါပေမဲ့ နည်းနည်း ပဋိပက္ခလေးတွေနဲ့ စကားများတာလေးတွေ ဖြစ်သွားတယ်”
“သူတို့ကို စိတ်မပူဘဲ မြန်မြန်သာမောင်းပေးပါ.. ကျွန်တော်တို့က သတ်မှတ်ချိန်အမီရောက်ရမှာမလို့.. နောက်ကျနေရင် အပြစ်ပြောခံရလိမ့်မယ်”
ဂျက်စမင်၏ခင်ပွန်းက အော်ဒါကို လက်ခံပြီးဖြစ်သည်။ လက်ခံပြီးသည့်နောက်တွင် ပြန်ဖျက်ခွင့်လည်း နောက်ကျသွားခဲ့ပြီး ခရီးသည်ထံမှ ကွန်ပလိန်းတက်ခံရပါက တန်ဖိုးထက် ဆယ်ဆ ပြန်လျော်ရမည်ဖြစ်၏။
အော်ဒါဈေးမှာလည်း ဈေးမပေါပေ။ အကယ်၍သူသာ ကွန်ပလိန်းတက်ခံရလျှင် ရာချီသောပိုက်ဆံများကို နှုတ်ယူခံရမည်ဖြစ်ကာ ခရက်ဒစ်အမှတ်များလည်း လျော့သွားပေမည်။
အကြိမ်ကြိမ်အခါခါတုံ့ဆိုင်းနေပြီးနောက်တွင် သူ ဆက်မမောင်းခဲ့ပါက သူ့နောက်မှ လူရမ်းကား၏ ရိုက်နှက်ဆူဆဲခြင်းကို ခံရမည်စိုးသောကြောင့် ကားဆရာမှာ အရှိန်မြှင့်ကာ ကားမောင်းလိုက်တော့သည်။
“လူတွေကို ထပ်အနိုင်မကျင့်နဲ့တော့”
“စိတ်မပူပါနဲ့ ဦးလေး.. ဒါက စနောက်နေတာပါလို့ ဦးလေးကို ပြောပြီးသားပဲ”
ထိုသို့သော အပြင်လူ ရှိနေခြင်းကြောင့် မတိုင်ခင်က အရူးလိုဖြစ်သွားသော အခြားတစ်ဖက်က လူငယ်မှာ ကားဆရာထံကို ဒေါသတဝင်းဝင်းကြည့်လာသော်လည်း စကားမပြောလာတော့သကဲ့သို့ အလယ်မှ ကောင်လေးကိုလည်း ထပ်မထိတော့ချေ။
ကားမောင်းလိုက်သည်နှင့် အရှက်ရနေသော ကောင်လေးကို နောက်ကြည့်မှန်မှ သူ မြင်လိုက်ရသည်။
သူ့၏အကြည့်ထဲတွင် စိတ်ပျက်မှုတို့ရှိနေပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ စကားမပြောလာတော့ချေ။
ထိုအကြည့်ကိုမြင်လိုက်ရလျှင် ကားဆရာမှာ အပြစ်ရှိသလို ခံစားရပြီး ရှက်ရွံ့သွားရသည်။
ထိုအချိန်က ထိုကောင်လေးကို သူ မည်သို့ အစားထိုးလျော်ပေးနိုင်မည့်အကြောင်းကိုသာ တွေးလာခဲ့သည်။
သူတို့ ပို့ခိုင်းသည့် နေရာကိုရောက်ပြီးပါက အော်ဒါတင်သူမှ ပို့ဆောင်ခြင်းအတည်ပြုပြီးသွားချိန်တွင် ထိုကောင်လေးကသာ ထိုနေရာမှ ထွက်သွားလိုသေးလျှင် သူ အခကြေးငွေမယူဘဲ အလကားလိုက်ပို့မည်ဖြစ်ကြောင်းပင် တွေးခဲ့မိလေသည်။
*
( t/n: ရဲသားကောင်းတစ်ယောက်* : ရဲတွေက တရားခံကို အမှုစစ်တဲ့အချိန် တစ်ယောက်က ချိန်းလားခြောက်လားလုပ်ပြီး ကြောက်အောင်ခြောက်လှန့်တယ် ခပ်ဆိုးဆိုးရဲလိုမျိုး။
နောက်တစ်ယောက်က ရဲသားဆိုးခြောက်လို့ ကြောက်နေတဲ့တရားခံကို လေပြေအေးလေးနဲ့ ချော့မော့ပြီး ဝန်ခံအောင် အနုနည်းနဲ့ဖိအားပေးတတ်တယ် ဒါကို ရဲသားကောင်းလို့ခေါ်တာပါ
တစ်နည်းပြောရရင် မိသားစုထဲမှာ အဖေက ရိုက်ပြီးဆုံးမပြီးတဲ့အချိန် အမေက ချော့မော့ပြီး နောက်မလုပ်ဖို့ ပြောနေသလိုမျိုး)