ထွက်ပြေးတိမ်းရှောင်နေခြင်း (4)
Vol. 30 Ch. 299
“ဂျက်စမင်”
ကုကျစ်စုန့်၏ အသံက ဖုန်းထဲမှထွက်လာကာ တင်းမာနေသောလေထုထဲသို့ ရောက်နေသည့် ဇနီးမောင်နှံ နှစ်ယောက်ကို တစ်ချိန်ထဲတွင်ပင် ရပ်တန့်သွားစေသည်။
ကုကျစ်စုန့်က ပြောလိုက်သည်။
“အရမ်းကြမ်းတမ်းပြီး နာကျည်းမှုများလွန်းတဲ့ တစ္ဆေတစ်ကောင်က ရှင့်အမျိုးသားရဲ့ဘေးနားမှာ ရှိနေတယ်.. သူ့မှာ စွမ်းအားကြီးမိစ္ဆာစိတ်ဝိညာဉ်ရှိနေတယ်.. တစ္တေရဲ့အရိပ်ကို နာကျည်းမှုကနေတစ်ဆင့် ကျွန်မ မြင်လိုက်ရတယ်”
ထိုလူ၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ သူမက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
“အဲဒါက အရမ်းကိုငယ်ရွယ်တဲ့ နာကျည်းမှုတစ္ဆေပဲ.. သူက မတရားမှုကြောင့် သေဆုံးခဲ့ရတာ.. တစ္ဆေကိုယ်တိုင်ထက် နာကျည်းမှုအကြွင်းအကျန်ဖြစ်နေလို့ ကျွန်မ သူ့သွင်ပြင်ကို သေသေချာချာတော့ မမြင်ရဘူး.. ဒါပေမဲ့ ရှင့်ရဲ့အမျိုးသားကတော့ အဲဒါက ဘယ်သူလဲဆိုတာကို သိလောက်မယ်ထင်တယ်”
“ဘာလို့လဲဆိုတော့ အဲဒီတစ္ဆေက သူ့ကို လိုက်ခြောက်လှန့်နေတာ အတော်ကြာပြီမလို့ပဲ”
ဂျက်စမင် ရုတ်တရက် မမျက်လုံးပြူးသွားပြီး သူမ၏ အမျိုးသားကို အံ့အားသင့်မှုနှင့် သံသယတို့ဖြင့် ကြည်လိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းတွင် မရေမတွက်နိုင်သော ဝမ်းနည်းမှုများက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သတ်လက်ပိုင်းလူ၏ ထောင်လွှားမှုများက သိပ်အားမကြီးချေ။ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ကြောင့် သူ့နောက်ကျော၊ လက်မောင်းနှင့် လည်ပင်းတို့မှာ ချွေးများထွက်လာခဲ့သည်။
သူ ချွေးထွက်လာပြီးပြီးချင်း သူ့အနံ့ဆိုးမှာ ပိုပြင်းထန်လာသည်။
“ဘာလို့ ငါ့ကို ဒီလို ကြည့်နေတာလဲ.. ငါ ဘာမှမလုပ်ခဲ့ဘူး.. အဲဒီလူရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်မနေနဲ့.. ဘာကို တစ္ဆေနဲ့ မိစ္ဆာလဲ.. မင်း အဲဒါတွေကို ယုံလား”
“တကယ်လား”
ကုကျစ်စုန့်က အေးစက်စွာ ပြောလာသည်။
“ရှင် ဘာမှမသိဘူးဆိုရငိ ဘာလို့ ကျုံခွေ့ပုံကို တက်တူးထိုးခဲ့လဲ.. ရှင့်ဘေးနားက လေထုကရော ဘာလို့သိပ်သည်းလွန်းနေတာလဲ”
"ကျွန်မထင်တာတော့ မိစ္ဆာတစ္ဆေမှာ စွမ်းအားကြီးအရည်အချင်းတွေရှိလိမ့်မယ်.. ဒါပေမဲ့ သူက ဒီအတိုင်းသေသွားပြီး သူ့စွမ်းရည်ကို ကောင်းကောင်းမသုံးနိုင်တဲ့ တစ္ဆေလေးပဲ.. မဟုတ်ရင် ရှင် ကျုံခွေ့တက်တူးကို ထိုးချိန်တောင် ရလိုက်မှာမဟုတ်ဘူး
ဒါပေမဲ့ သူက နှစ်လအတွင်း ပုံပေါ်လာလိမ့်မယ်”
ခဏရပ်ပြီးနောက် ကုကျစ်စုန့်က အလေးအနက်ပြောလာသည်။
“ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းဖို့ အကြံပေးချင်တယ်.. ကျုံခွေ့နဲ့ တားဆီးထားတာတောင် သူ့ရဲ့မကျေနပ်မှုတွေနဲ့ နာကျည်းမှုတွေက ထွက်ပေါ်လာနေသေးပြီး စွမ်းအားတွေက ပိုကြီးလာတယ်.. အနှေးနဲ့အမြန် ရှင့်ရဲ့တစ်ခုတည်းသော အကာအကွယ်က ကျိုးပျက်တော့မှာ”
“ဒါ့အပြင် ရှင်က သရဲနဲ့ နတ်ဘုရားကို တက်တူးထိုးထားတာဖြစ်ပြီး တက်တူးတွေကလဲ မချောမွေ့သလို သန့်ရှင်းမှုလဲ မရှိဘူး.. ဒါကြောင့် မယဉ်ကျေးရာရောက်နေတယ်.. ရှင် တုံ့ပြန်ခံရမှာပဲ”
*
သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ဖြူဖျော့ပြီး ချွေးများလည်း ထွက်နေခဲ့ကာ စကားလည်းမပြောချင်နေခဲ့ပေ။
အခြားတစ်ဖက်တွင်မူ အတွေးနက်နေပြီး မည်သည့်အကြောင်းကို တွေးနေမှန်းမသိရသော ဂျက်စမင်က ခေါင်းမော့၍ သူမ၏အမျိုးသားကို ကြည့်လိုက်သည်။
ထို့နောက် သူမက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“ဆရာသခင်.. အရမ်းငယ်သေးပြီး လတ်တလောကမှ ဆုံးသွားတဲ့သူလို့ ပြောလိုက်တာနော်.. အဲဒီတစ်ယောက်ကို ကျွန်မ မှတ်မိပြီ.. ပြီးတော့ သူက ကျွန်မအမျိုးသားနဲ့လည်း နည်းနည်းဆက်စပ်နေတယ်”
ဂျက်စမင်မှာလည်း ဇဝေဇဝါဖြစ်နေသည်။
သူမအမျိုးသားမှာ မြာပွေသူမဟုတ်ချေ။ သူ့တွင် သွေးသောက်ညီအစ်ကိုတစ်ယောက်ရှိပြီး လူတိုင်းက သူ ခေါ်လျှင် တုံ့ပြန်ရမည်ဟုဆိုသည့်တိုင် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း သူလုပ်ခဲ့သည့် အကြီးမားဆုံးအရာမှာ ရန်ပွဲတစ်ခုတွင် အခြားတစ်ယောက်၏ နှာခေါင်းကို ဖြတ်မိခဲ့ခြင်းလောက်အထိသာ ဖြစ်သည်။
သူ တစ်ယောက်ယောက်ကို သတ်ရမည်ဆိုလျှင်ပင် သူ ထိုသို့မလုပ်နိုင်ကြောင်း ဂျက်စမင်သိသည်။
ထို့ပြင် သူမတို့ဇတီးမောင်နှံက မိသားစုဆိုင်တစ်ဆိုင်ဖွင့်ထားကာ ပြီးခဲ့သည့် ဆယ်စုနှစ်တာအတွင်း နှစ်သစ်ကူးနှင့် အားလက်ရက်များမှလွဲ၍ အနားယူသည်မှာ ရှားသည်။
သူမတို့က ဆိုင်ကို အတူစောင့်ခဲ့ကြသည့်အတွက် သူမ၏ အမျိုးသားမှာ အားလပ်ချိန်ဟူ၍ သိပ်မရှိပါချေ။
အကယ်၍ တစ်စုံတစ်ခုသာ ဖြစ်ပျက်ခဲ့ပါက ဂျက်စမင် မသိဘဲနေမည်မဟုတ်ပေ။
သူမ၏ အဝေးတစ်နေရာတွင် ဖြစ်ခဲ့ခြင်း မဟုတ်လျှင်ပေါ့။
အချိန်အများစုတွင် သူမ၏ အမျိုးသားက တစ်ယောက်တည်း ညဘက်တွင် အငှားကားမောင်းကာ
မိသားစုတင်ငွေကို ထောက်ပံ့နိုင်ရန် ပိုက်ဆံရှာရသည်။
ပြီးနောက် သူ အငှားကားမောင်းစဉ်က ဖြစ်ခဲ့သည့် အကြောင်းအရာတစ်ခုက ဂျက်စမင်၏ စိတ်ထဲ ပေါ်လာခဲ့သည်။
သူမကို ကြည့်ရသည်မှာ အတော်လေးထူးဆန်းနေပြီး ခဏအကြာတွင် ပြောလာသည်။
“လွန်ခဲ့တဲ့တစ်လလောက်က ကျွန်မ ညစာပြင်ပြီးတော့ သူ အိမ်ပြန်လာမဲ့အချိန်ကို စောင့်နေခဲ့တယ်.. သူကပုံမှန်ပြန်ရောက်ရမဲ့အချိန်ထက် နောက်ကျနေတာလေ.. ရလဒ်အနေနဲ့ ကျွန်မ သူ့ကို ဖုန်းခေါ်လိုက်တော့ သူ ရဲစခန်းမှာ ရောက်နေခဲ့တာတဲ့”
သူမ၏ အမျိုးသားက အသေးစိတ်မပြောပြခဲ့ပေ။ ဂျက်စမင်က သူ ကားမောင်းနေစဉ် တစ်ယောက်ယောက်ကို တိုက်မိသွားပြီး မတော်တဆမှုတစ်ခုဖြစ်သွားသည်ဟူ၍ တွေးလိုက်မိခြင်းကြောင့် အလွန်စိုးရိမ်သွား၏။
သူ ရဲစခန်းကို အပြေးသွားကြည့်ပြီးနောက်မှ သူမ၏မေးခွန်းကို ဖြေပးလာသည့် ရဲအရာရှိက စိတ်မလှုပ်ရှားရန်ပြောပြီး သူမအမျိုးသားက ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း မဟုတ်ကြောင်း ပြောပြလာခဲ့သည်။
ရဲစခန်းကို ရောက်နေရသည့်အကြောင်းရင်းမှာ သူက လူသတ်မှုတစ်ခုတွင် မျက်မြင်သက်သေဖြစ်နေပြီး သေဆုံးသူနှင့် သံသယရှိသူတို့ကို တွေ့ခဲ့ခြင်း ဖြစ်သောကြောင့် အခြေအနေကို နားလည်နိုင်ရန် ရဲစခန်းသို့ အခေါ်ခံရခြင်းဖြစ်သည်။
ထိုည မတိုင်ခင်တွင် ဂျက်စမင်၏အမျိုးသားက တက္ကစီအော်ဒါကို ညနေခြောက်နာရီလောက်တွင် ဖုန်းမှတစ်ဆင့် လက်ခံရရှိခဲ့ပြီး ဒုတိယအဆင့် သက်မွေးတက္ကသိုလ်သို့ သွားကာ ခရီးသည်သုံးဦးကို ကြို၍ ဖော်ပြထားသည့် ဦးတည်ရာသို့ သွားခဲ့သည်။
သို့သော်လည်း ယနေ့တွင်တော့ ထိုခရီးသည်သုံးဦးထဲမှ တစ်ဦးသည်က သေဆုံးသွားခဲ့ပြီဖြစ်၏။
လက်ရှိ ဖြစ်စဉ်တွင်ပါဝင်သည့် အခြားသော သက်မွေးကျောင်းသူကျောင်းသားများက ရဲစခန်းသို့ အခေါ်ခံရသည်။ သို့သော် သူတို့က ခေါင်းရှောင်နေကာ အနိုင်ကျင့်မှုကိုစတင်ခဲ့သူမှာ သေသွားသည့်ကျောင်းသားသာဖြစ်သည်ဟု ပြောနေခဲ့ကြ၏။
သူက အလွန်ပင်ခုခံခဲ့ခြင်းကြောင့်ဟူ၍လည်း သူတို့ ပြောလာကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည်က နေရာကို မရောက်ခင်ကတည်းက ပူးပေါင်းကြံစည်ကာ တိုင်ပင်ထားခဲ့ကြပြီး အားလုံးကလည်း တညီတညွတ်တည်း ပြောနေကြသည်။
နာမည်အတိုင်းပင် “ဝိညာဉ်ဖမ်းစာအုပ်”ဆိုသည်မှာ မြေအောက်လောက၏ တမန်များအတွက် သရဲတစ္ဆေများကို ဖမ်းဆီးရန် အညွှန်းစာအုပ်ဖြစ်သည်။
မြေအောက်ကမ္ဘာနှင့် ပြင်ပသဘောတူညီချက်များကို လက်မှတ်ထိုးခဲ့သည့် ရှီဟိုင်ဟုန်ကဲ့သို့ပင် သူမတွင်လည်း လက်ထဲတွင် စာအုပ်တစ်အုပ်ရှိနေသည်။ သို့သော် ရှီဟိုင်ဟုန်၏စာအုပ်က အဆင့် အနိမ့်ဆုံးတွင်သာ ရှိ၏။
စာအုပ်အဖုံးက မီးခိုးရောင်ခပ်ဖျော့ဖျော့ဖြစ်ကာ သူမ တာဝန်ရှိသည့်အပိုင်းတွင် လတ်တလောသေဆုံးပြီးသူ၏ စာရင်းသာရှိသည်။
ထို့ကြောင့် သူတို့ဆရာသခင်၏ လုပ်ပိုင်ခွင့်ကိုယ်စား သူတို့က ထိုသရဲတစ္ဆေများကို မြေအောက်လောကသို့ တစ်ယောက်ပြီးတစ်ယောက် ပို့ဆောင်ပေးရမည်ဖြစ်သည်။
ကုကျစ်စုန့်ကိုင်ရသည့်စာအုပ်ကတော့ ပို၍လုပ်ပိုင်ခွင့်များသည်။
ဤသည်က ဟေးပိုင်ဝူချန် အစောင့်အရှောက်များ ကိုင်ရသည့်
‘ဝိညာဉ်ဖမ်းစာအုပ်’နှင့် အဆင့်တူပင်ဖြစ်ပြီး ရှားတိုင်းပြည်တစ်ခုလုံး၏ အသက်နှင့် သေခြင်းမှတ်တမ်းများ ပါဝင်သည်။
ထို့အပြင် အငြိုးကြီးတစ္ဆေဖြစ်လာကြသော ထွက်ပြေးတစ္ဆေများနှင့် မြေအောက်လောကသို့ ဝင်မလာလိုသော တစ္ဆေများကို မှတ်သားထားသည်။
ထိုသို့ဆိုလျှင် ထွက်ပြေးတစ္ဆေများ၏ မှတ်တမ်းနှင့် ကိုက်ညီသည့်တစ္ဆေများကို ရှာတွေ့နိုင်ပြီး ကမ္ဘာကို အနှောင့်အယှက်ပေးမည့် တစ္ဆေတို့၏ သဲလွန်စများကိုလည်း ရှာတွေ့အောင် ကူညီပေးနိုင်လိမ့်မည်ဖြစ်သည်။
‘ဝိညာဉ်ဖမ်းစာအုပ်’၏ စည်းမျဉ်းမှာ အလွန်ရိုးရှင်းလှ၏။
ထိုစာအုပ်ကို ယမမင်းက ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း လူသားကမ္ဘာ၏ စည်းမျဉ်းဥပဒေသများကို လိုက်နာသည်။
ဝိညာဉ်တစ်ခုချင်းစီက ကောင်းကင်နှင့်မြေကြီးကြား မွေးဖွားလာခဲ့မည်ဆိုလျှင် ဝိညာဉ်စွမ်းအား နှောင်ကြိုးက ဥပဒေသများ၏စွမ်းအားမှ ရရှိမည်ဖြစ်ပြီး ‘ဝိညာဉ်ဖမ်းစာအုပ်’ထဲတွင် ချိတ်ပိတ်ထားကာ လူသားတို့ခေါ်နေကြသည့် ‘မော်ကွန်း’တစ်ခုနှင့် တူညီသည်။
ထိုအချိန်မှစ၍ ထိုဝိညာဉ်က မွေးဖွားခြင်းဖြစ်စေ၊ စေဆုံးသည်ဖြစ်စေ၊ ပြန်လည်ဝင်စားသည်ဖြစ်စေ၊ မည်သည့်အပြောင်းအလဲမဆို ‘ဝိညာဉ်ဖမ်းစာအုပ်’ထဲတွင် ခြေရာလက်ရာကျန်ရစ်ခဲ့မည်ဖြစ်သည်။
မြေအောက်လောကမှ ယမမင်းဆယ်ပါး၏လက်ထဲတွင် ကိုင်ဆောင်ထားသော အမြင့်ဆုံးအာဏာရှိသည့် ‘ဝိညာဉ်ဖမ်းစာအုပ်’က ဝိညာဉ်ပြန်လည်ဝင်စားခြင်းအားလုံး၏ အတွေ့အကြုံ၊ အတိတ်၊ ကောင်းချီးနှင့် ပြစ်မှုများကို ဖော်ပြပေးထားသည်။
တစ်ချိန်တည်းတွင်ပင် ဝိညာဉ်လမ်းပြများက ဝိညာဉ်များကို စုဆောင်းသည့်အချိန်တွင် ဝိညာဉ်ဖမ်းစာအုပ်ထဲမှ ချိတ်ပိတ်ထားသော ဝိညာဉ်စွမ်းအားနှောင်ကြိုးကို အားကိုးရသည်။
သက်ရှိကမ္ဘာတွင် လူတစ်ယောက်သေဆုံးသွားသည်နှင့် ဝိညာဉ်က ခန္ဓာကိုယ်နှင့် လုံးဝအဆက်အသွယ်ပြတ်သွားပြီဖြစ်ကာ ‘ဝိညာဉ်ဖမ်းစာအုပ်’ထဲရှိ နှောင်ကြိုးမှတ်တမ်းမှာလည်း ပြောင်းလဲသွားမည်ဖြစ်ပြီး သေဆုံးသည့်ရက်စွဲ၊ နေရာနှင့် အကြောင်းရင်းတို့ကို ဖော်ပြပေးလိမ့်မည်။
ထို့နောက် ဝိညာဉ်ပို့ဆောင်သူများနှင့် သေမင်းတမန်များက သက်ဆိုင်ရာဝိညာဉ်၏နေရာအတိအကျကို အာရုံခံနိုင်ပြီး ဝိညာဉ်ဘေးနားတွင် ပေါ်လာကာ မြေအောက်လောကသို့ ခေါ်ဆောင်သွားနိုင်သည်။
သို့သော်လည်း လူသားကမ္ဘာကို တွယ်တာလွန်းသော ဝိညာဉ်များ သို့မဟုတ် နာကျည်းချက်နှင့် အမုန်းတရားများ များပြားစွာ ရှိနေသော ဝိညာဉ်များလည်း ရှိသေးကာ အားကောင်းသည့်စိတ်ခံစားချက်ကြောင့် ထူးကဲသောအစွမ်းများကို ရရှိနိုင်၏။
သူတို့က ဤစွမ်းအားများကို အသုံးပြုကာ သူတို့ဖြစ်တည်မှုကို ကာကွယ်ကြသည်။
သူတို့ဖြစ်တည်မှုကို ကာကွယ်လိုက်ပြီဆိုသည်နှင့် ‘ဝိညာဉ်ဖမ်းစာအုပ်’က သူတို့ဝိညာဉ်နှင့် သဘာဝကျကျပင် ဆက်သွယ်ချက်ပြတ်တောက်သွားမည်ဖြစ်ကာ ထိုဝိညာဉ်များ မည်သည့်နေရာတွင်ရှိမှန်းကိုလည်း မသိရတော့သကဲ့သို့ ဝိညာဉ်လမ်းပြများမှာလည်း အာရုံခံရန် မစွမ်းသာတော့ပေ။
ထိုသို့သော ဝိညာဉ်များမှာ အလိုရှိစာရင်းထဲသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
သူမ ပြောပြခဲ့သည့် ရွှီရုန်ဟန်မှာ ထိုသို့သော ထွက်ပြေးတစ္ဆေပင်ဖြစ်သည်။