ရေကန်
Vol. 20 Ch. 286
မျက်ခွံအဖြတ်ခံထားသော ချစ်စဖွယ်အိုင်ဒေါရုပ်လေးသည် သူ့ပတ်ပတ်လည်ရှိ အရိပ်များကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။ထိုလူက စတင်ငိုကြွေးလိုက်သည်။ အရုပ်၏ ခန္ဓာကိုယ်သည် အရိပ်များဖြင့် ဖြည်းညှင်းစွာ ပြည့်နှက်လာခဲ့သည်။ ကျိုးပဲ့နေသော ရုပ်တုငယ်များအနီးတွင် ချန်မင် ရောက်ရှိလာသည်။ သူသည် သူ့အိပ်မက်ဆိုးမှ နိုးထလာရုံသာ ရှိသေးသည်။ ပြုံးရယ်နေသည့် နတ်ဘုရားရုပ်တုကို မြင်သောအခါ သူ့မျက်နှာတွင် လွတ်မြောက်လာသည့် ပျော်ရွှင်မှုများ ရှိနေဆဲဖြစ်သည်။
“ဒေါက်တာရွှမ်၊ ခင်ဗျား ကျွန်တော့်ကို ဒီလောက်တောင် သေစေချင်နေတာလားဗျာ!”
ချန်မင်ကဲ့သို့သော လူနာများစွာ ထွက်ပေါ်လာကြသည်။ သူတို့သည် လွန်ခဲ့သောဆယ်နှစ်က လူနာဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
“အတူတူ တိုက်ခိုက်ကြ!”
ကောင်းမင်သည် မျက်မမြင်လူကို ပွေ့ချီ၍ သူတို့လာရာလမ်းအတိုင်း လှည့်ပြေးလိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် အူလမ်းကြောင်းသည် အလွန်အမင်း ကျဉ်းမြောင်းလာသည်ကို သတိပြုမိကြသည်။ တွန့်ခေါက်နေသည့် နံရံများသည် အတွင်းဘက်မှ ဖိညှစ်လာ၏။ နံရံများထဲတွင် ပေါက်ဖွားလာသော မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများသည် သူတို့အား မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ သူတို့သည် လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် တစ်ဦးနှင့်တစ်ဦး အသားချင်း ပူးပေါင်းလိုက်ကြသည်။
“ငါ မင်းတို့ကို ထွက်သွားခွင့်ပေးမယ် ထင်နေလား”
စီတုအန်းသည် ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် ခေါင်းငုံ့ထားသည်။
“လုဇန်နဲ့ ငါဟာ ဒီအရိပ်ကမ္ဘာထဲက လီစန်းဆေးရုံကို နှစ်ပေါင်းများစွာ အချိန်ယူပြီး ပြုပြင်ခဲ့တာ ၊ ဒါက ငါ့အိမ်ပဲ ၊ အရာအားလုံးကို သေသေချာချာ ဒီဇိုင်းဆွဲထားတာ ၊ အိမ်ရဲ့ ကောင်းမွန်တဲ့ မှတ်ဉာဏ်တွေ ပျက်စီးသွားရင် ဥမင်ထဲမှာ ငါချန်ထားခဲ့တဲ့ မကောင်းဆိုးဝါးတွေ နိုးထလာလိမ့်မယ် ၊ သူတို့ဟာ သူတို့ နှလုံးသားထဲမှာ အကြင်နာတရားမရှိတဲ့ ရာဇဝတ်သားတွေပဲ ၊ သူတို့ရဲ့ အခြေအနေ ဘယ်လောက်ပဲ ဆိုးဆိုး သူတို့က တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ အကောင်းဆုံး ကြိုးစားကြလိမ့်မယ် ၊ သူတို့က မင်းတို့ကို အရက်စက်ဆုံး နည်းလမ်းတွေနဲ့ သတ်ဖြတ်ပြီး ဒီနေရာမှာ မြှုပ်နှံပစ်လိမ့်မယ်”
“ငါ့အိမ်ကို ဖျက်ဆီးသူတွေဟာ ကျိုးပဲ့နေတဲ့ ရုပ်တုတွေအတွက် ပထမဆုံး ယဇ်ကောင်တွေ ဖြစ်လာလိမ့်မယ် ၊ ပြီးရင် ဟန်ဟိုင်း တစ်မြို့လုံးကိုပါ ယဇ်ပူဇော်ပစ်မယ်!”
စီတုအန်း၏ လေသံသည် တည်ငြိမ်သော်လည်း သူ့မျက်လုံးများက ရူးသွပ်စွာ တောက်ပနေ၏။
“ငါမရှိတဲ့ မြို့တစ်မြို့ဟာ တည်ရှိနေဖို့ အဓိပ္ပာယ်မရှိဘူး”
စီတုအန်းကို ကြည့်ရင်း အမျိုးသမီးကြီးသည် နာကျင်မှု ၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။ သူမ၏သားသည် ထိုကဲ့သို့ မည်သို့ဖြစ်လာသည်ကို နားမလည်နိုင်ပေ။
တစ်ခုတည်းသော ထွက်ပေါက်ကား ပိတ်သွားခဲ့ချေပြီ။ ကောင်းမင်နှင့် အခြားသူများအတွက် အခြားထွက်ပေါက်မရှိတော့ပေ။
“စီတုအန်း!”
ကောင်းမင်က နှာမှုတ်လိုက်သည်။ စီတုအန်းကား ရူးသွပ်နေပြီဖြစ်သည်။ သူသည် သူ့ရှုံးနိမ့်ခြင်းအတွက်ပင် ကြိုတင်ပြင်ဆင်ထားလောက်အောင် အလွန်အမင်း တွက်ချက်တတ်သူဖြစ်သည်။ ကောင်းမင်အား ဒုတိယအခွင့်အရေး မပေးခဲ့ပါက စီတုအန်းကို သတ်ဖြတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ဓားသွားသည် အသားနံရံကို ခုတ်ထစ်ပစ်လိုက်သည်။ ဒဏ်ရာများက အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြသည်။ သူတို့သည် အစစ်အမှန်ကမ္ဘာတွင် ရှိနေခြင်းမဟုတ်ပေ။ အရိပ်ကမ္ဘာတွင် နံရံများအတွင်းမှ အရာဝတ္ထုများသည် လေထဲရှိ အဆုံးမဲ့သော ဆိုးယုတ်သည့်စိတ်ဆန္ဒများကို စုပ်ယူခြင်းကြောင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ပေသည်။
“ဒီအသားနံရံက ဘယ်လောက် ထူလဲဆိုတာ ဘယ်သူသိမှာလဲ ၊ စီတုအန်းက လမ်းကြောင်းကို ဒီလောက်လွယ်လွယ်နဲ့ ဖျက်ဆီးခွင့်ပြုမှာ မဟုတ်ဘူး”
ရွှမ်ဝမ်သည် ကောင်းမင်၏ ကော်လာကို ဆုပ်ကိုင်ထားသည်။
“ကျွန်မတို့ တခြားလမ်းကြောင်းကို စမ်းကြည့်ရင် မကောင်းဘူးလား”
“တခြားလမ်းကြောင်း ရှိသေးလား”
ကောင်းမင်သည် ရွှမ်ဝမ် ညွှန်ပြရာသို့ ကြည့်လိုက်သည်။
“အနက်ရောင်ရေကန်လား”
“ဟုတ်တယ် ၊ စီတုအန်းနဲ့ လုဇန်တို့ ဘာ့ကြောင့် နတ်ဘုရားရုပ်တုတွေကို ဒီလောက်အများကြီး စုဆောင်းထားသလဲဆိုတာ ကျွန်မမသိပေမယ့်၊ ဒီလို လွှဲမှားနေတဲ့ယုံကြည်မှု အများကြီးကို တစ်နေရာတည်းမှာ စုစည်းထားတာကတော့ အကြောင်းရင်းတစ်ခုတော့ ရှိရမယ် ၊ ရေကန်အောက်ခြေမှာ တစ်ခုခု ဝှက်ထားတာ ဖြစ်နိုင်တယ်”
ရွှမ်ဝမ်သည် ကောင်းမင်ပင် မယှဉ်နိုင်လောက်အောင် ရဲရင့်သူ ဖြစ်သည်။
“တခြားနည်းလမ်း မရှိတော့တဲ့အတွက် ဒီနည်းလမ်းကို စမ်းကြည့်သင့်တယ်”
“ကိုယ်ကတော့ ရပါတယ်၊ ဒါပေမယ့် မင်းကို စိုးရိမ်တယ်”
ကောင်းမင်သည် အမည်မသိအရာဝတ္ထုများ ၊ အရိပ်များဖြင့် ပြုလုပ်ထားသော ရေကန်အား လေ့လာလိုက်သည်။
“မင်း အရိပ်ကမ္ဘာထဲ ပြန်ဆွဲခေါ်ခံရမှာကို ကိုယ်စိုးရိမ်မိတယ်”
နောက်ဆုံးအကြိမ်က စီစွေ့အိမ်ရာတွင် ရွှမ်ဝမ်သည် အရိပ်ကမ္ဘာ၏ ဝါးမြိုခြင်းခံရပြီး သေဆုံးခဲ့သည်။ ကောင်းမင်သည် ထိုအဖြစ်ကို ရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်သည်။
“ကျွန်မက အရိပ်ကမ္ဘာက လာတာလေ ၊ရှင် ဘာတွေပြောနေတာလဲ”
ရွှမ်ဝမ်သည် ကောင်းမင်၏ စိုးရိမ်မှုကို စိတ်ရှုပ်ထွေးသွားပြီး ရေကန်ထဲသို့ ဆင်းသွား၏။ ဖြူဖျော့နေသော လက်ချောင်းများက ရေထဲသို့ နစ်ဝင်သွားသည်။ သူမသည် စိုစွတ်မှုကို မခံစားရသော်လည်း သူမ၏ စိတ်ဝိညာဉ်မှာ အေးစက်သွားသည်။များစွာသောအသံများက သူမစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ အသံအများစုမှာ သူမအား ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆင်းရန် သွေးဆောင်နေကြသည်။ အချို့အသံများကမူ အသက်ရှင်နေခြင်းသည် အပြစ်ဖြစ်သည်ဟု ပြောဆိုကာ ရွှမ်ဝမ်အား ချက်ချင်းသေဆုံးစေလိုသည်။
“ကျွန်မနောက်က လိုက်ခဲ့”
ကောင်းမင် တစ်စုံတစ်ရာ မပြောနိုင်မီ ရွှမ်ဝမ်က သူ့လက်ကို ဆွဲလိုက်သည်။
နိုးထလာသော ရုပ်တုများက အနီရောင်မိုးကာအင်္ကျီနှင့် သားစားကြူးနတ်ဘုရားအပေါ် အာရုံစိုက်နေကြသည်။ ရွှမ်ဝမ်သည် သူတို့နှစ်ဦး ရေကန်ကို တိတ်တဆိတ် ဖြတ်ကူးနေစဉ် ကောင်းမင်အား သတိထားသွားရန် ပြောသည်။
“ စီတုအန်းကို ကျွန်မသိတာထက် ရှင်ပိုသိသင့်တယ် ၊ သူ ချန်ထားခဲ့တဲ့ အရာအားလုံးက သူ့အိမ်နဲ့ ဆက်စပ်နေတာ ၊ ဒါက သူဟာ ကျန်တဲ့အရာတွေကို ဂရုမစိုက်မိအောင်လို့ သူ့အိမ်ကိုပဲ အာရုံစိုက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေသလိုပဲ”
ရွှမ်ဝမ်သည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်။
“စီတုအန်းက ရုပ်တုအကျိုးအပဲ့တွေက သူ့အိမ်ရဲ့ အခြေခံအုတ်မြစ်ပဲလို့ ပြောခဲ့တယ်”
“ရှင်သူ့ကို မယုံသင့်ဘူးဆိုတာ ပိုသိသင့်တယ်”
ရွှမ်ဝမ်နှင့် ကောင်းမင်တို့သည် အလွန်အမင်း အာရုံစိုက်ထားကြသည်။ သူတို့နှစ်ဦးစလုံးသည် အသံများ၏ သက်ရောက်မှုကို မခံစားရပေ။ အနက်ရောင်ရေကန်သည် အမှောင်ထု၏ ရင်းမြစ်ဖြစ်သည်။ အရိပ်သည် ထိုနေရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
“အရိပ်ဆိုတာ ကမ္ဘာကြီး သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ မှတ်ဉာဏ်တွေပဲ ၊ ရင်းမြစ်တစ်ခုအနေနဲ့ ဒီနေရာမှာ ထူးခြားတာတစ်ခုခု ရှိကိုရှိရမယ်!”
ရွှမ်ဝမ်က သူမ၏ ယူဆချက်ကို အတည်ပြုလိုက်သည်။ သူမနှင့် ကောင်းမင်တို့သည် ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်နေစဉ်အတွင်း အိပ်ပျော်နေသော ရုပ်တုများကို ဂရုတစိုက် ရှောင်ရှားခဲ့ကြသည်။ မြင်နိုင်စွမ်းသည် နည်းပါးသော်လည်း ရွှမ်ဝမ်တွင် သူမ၏ကိုယ်ပိုင် လမ်းရှာနည်း ရှိသည်။ သူမသည် ဆိုးယုတ်မှု၏ ရင်းမြစ်ဆီသို့သာ ဦးတည်သွားရန် လိုအပ်ပေသည်။ သူတို့၏ ခေါင်းထဲမှ အသံများမှာ များပြားလို့ လာ၏။ အရိပ်များသည် ကောင်းမင်၏ အရေပြားကို ပိတ်အလွှာပါးတစ်ခုကဲ့သို့ ကပ်နေလေသည်။ ၎င်းတို့သည် သူ့အရေပြားအောက်သို့ တွားသွားရန် ကြိုးစားနေသည့် ပိုးမွှားကောင်များနှင့် တူသည်။
“ကိုယ် ဒီထက် ပိုပြီး မခံနိုင်တော့ဘူး ထင်တယ်”
ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် သားစားကြူးနတ်ဘုရားနှင့် ဆင်တူသော သွေးပုံစံကွက်များ ထွက်ပေါ်လာခဲ့သည်။ သွေးလိုင်းများက သူ့မျက်စိသူငယ်အိမ်သို့ ထိုးဖောက်ဝင်ရောက်လာ၏။ သူသည် ရူးသွပ်တော့မည့် အခြေအနေ ဖြစ်နေသော်လည်း သူ့ဘေးတွင် ရွှမ်ဝမ်ရှိနေခြင်းကြောင့် သူ့သတိကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်သည်။
“ကျွန်မတို့ ရောက်ခါနီးပြီ”
ရွှမ်ဝမ်က ကောင်းမင်အား ရှေ့သို့ ဦးဆောင်သွားသည်။ သူတို့သည် အခြားတစ်ဖက်မှ အနက်ရောင်ရေကန်၏ ဗဟိုချက်ကို မြင်လိုက်ရသည်။
နိုးထလာသော နတ်ဘုရားရုပ်တု အများအပြားသည် အနီရောင်မိုးကာအင်္ကျီအား ကုတ်ဆွဲထားကြသည်။ သူတို့က သူမအား တစ်နေရာရာသို့ ဆွဲခေါ်သွားလိုခြင်းဖြစ်သည်။
“အဲဒါ ဘာလဲ”
ရွှမ်ဝမ်သည် မရည်ရွယ်ဘဲ ရှေ့သို့ ဆွဲဆောင်ခံလိုက်ရသည်။ သူမသည် အနီရောင်မိုးကာအင်္ကျီနှင့် ရုပ်တုအကျိုးအပဲ့များအောက်တွင် လူသေဓာတ်ပုံတစ်ခုကို မြင်လိုက်ရသည်။ အရိပ်အားလုံးသည် ထိုလူသေဓာတ်ပုံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုလူသေဓာတ်ပုံသည် သူမနှင့် ကောင်းမင်တို့ ယခင်က မြင်တွေ့ခဲ့ဖူးသော မည်သည့် ဓာတ်ပုံများနှင့်မှ တူညီမနေပေ။ ၎င်းသည် စွမ်းအားပြည့်ဝသည့် တည်ရှိမှုကို ထုတ်လွှတ်နေပေသည်။
ရေကန်၏ ဗဟိုချက်အနီးရှိ ရုပ်တုအများစုသည် နိုးထခြင်း မရှိသေးပေ။ ၎င်းတို့သည် ထိုလူသေဓာတ်ပုံကြောင့် အိပ်ပျော်နေစေရန် ပြုလုပ်ခံထားရခြင်း ဖြစ်သည်။ ၎င်းသည် စီတုအန်း အိမ်၏ အစစ်အမှန် အခြေခံအုတ်မြစ်ဖြစ်သည်။
“စီတုအန်းက ဒီလူသေဓာတ်ပုံကို ပျိုးထောင်ဖို့ သေဆုံးသွားတဲ့ နတ်ဘုရားတွေကို အသုံးပြုနေတာပဲ ၊ ဘယ်အရာမျိုးကများ နတ်ဘုရားအကျိုးအပဲ့တွေရဲ့ ယုံကြည်မှုအထောက်အပံ့ကို လိုအပ်တာလဲ”
ရွှမ်ဝမ်သည် သိချင်စိတ် ပြင်းပြသော်လည်း ပိုမိုနက်ရှိုင်းစွာ သွားဝံ့ခြင်း မရှိပေ။ သူမနှင့် ကောင်းမင်တို့ တုံ့ဆိုင်းနေစဉ်မှာပင် အနက်ရောင်ရေကန်သည် ရုတ်တရက် လှုပ်ခတ်သွားသည်။ အရိပ်များသည် အသားနံရံများထဲသို့ ပစ်ဝင်လိုက်ကြပြီး အသားနံရံများထဲသို့ ပျော်ဝင်သွားကြလေသည်။
“ဘာ ဖြစ်နေတာလဲ”
နှစ်ဦးသား မလှမ်းမကမ်းရှိ အသားနံရံကို ကြည့်လိုက်သည်။ နံရံများအတွင်းမှ မကောင်းဆိုးဝါးများသည် အပြင်ဘက်ရှိ တစ်စုံတစ်ရာက နံရံကို တိုက်ခိုက်နေသကဲ့သို့ အော်ဟစ်နေကြသည်။
“ရှင် အကူအညီ ခေါ်ထားသေးလား”
ရွှမ်ဝမ်က ကောင်းမင်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ကောင်းမင်က ခေါင်းယမ်းပြလိုက်သည်။ ကျန်းတင်းသည် ဆေးရုံထဲသို့ မဝင်ရောက်နိုင်ကြောင်း သူ သိထားသောကြောင့် သူ တစ်ယောက်တည်း ရောက်လာခဲ့ခြင်းဖြစ်သည်။
“ဒါဆို... စီတုအန်းရဲ့ အိမ်က ဒီမှာရှိနေမှန်း တခြားဘယ်သူ သိနေသေးတာလဲ”