ပြေးဖို့အချိန်မဟုတ်သေးဘူး
Vol. 20 Ch. 289
“စစ်ကူတွေလား”
ဆေးရုံအတွင်းရှိ လူနာများသည် လုံခြုံရေးအဖွဲ့ဝင်များကို မြင်သောအခါ ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ စိတ်ရောဂါလူနာတချို့က သူတို့ ကယ်တင်ခံလိုက်ရပြီဟု အော်ဟစ်လိုက်ပြီး ဝမ်းမြောက်စွာ အားပေးလိုက်ကြသည်။သပ်ရပ်သည့် ယူနီဖောင်းများကို ဝတ်ဆင်ထားသော လုံခြုံရေးအဖွဲ့ဝင်များသည် အသားနံရံများကို ဖြတ်တောက်ပြီး အရိပ်ကို မောင်းထုတ်လိုက်သည်။ သို့သော်လည်း ၎င်းတို့သည် အလင်းကို ယူဆောင်လာခြင်း မရှိပါပေ။
“နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ ! ငါ ဒီအကြောင်းကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့တယ် ၊ နောက်ဆုံးတော့ ဒီမိစ္ဆာလိုဏ်ဂူကနေ ငါတို့ကို ကယ်တင်မယ့်သူ ရောက်လာခဲ့ပြီ!”
လူနာအများစုကို လုဇန်နှင့် စီတုအန်းတို့က ထိုနေရာတွင် ပိတ်လှောင်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် လွတ်လပ်မှုကို အသည်းအသန် လိုချင်နေကြသည်။ သူတို့သည် လက်လျှော့ရန် ဆန္ဒမရှိသော်လည်း သူတို့၏ ကြီးမားသော အလားအလာကြောင့် စီတုအန်းက သူတို့ကို အရုပ်များအဖြစ် ပြောင်းလဲကာ အိမ်တွင် ထားရှိခဲ့သည်။
“မင်းတို့ကို ကယ်တင်ရမှာလား”
အဖွဲ့ ၃ ခေါင်းဆောင်က နံရံကို ဘေးသို့ ပစ်ချလိုက်သည်။ သူ့မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့်အတူ တောက်ပနေသည်။ လူနာများသည် အရိပ်ကြောင့် ပျက်စီးနေကြပြီ ဖြစ်သည်။ သူတို့သည် လူလည်း မဟုတ်၊ သရဲလည်း မဟုတ်ပေ။ စုံစမ်းစစ်ဆေးရေးဌာနတွင် ထိုသတ္တဝါများကို ဖောက်လွှဲမှု မပြန့်ပွားစေရန်အတွက် ချေမှုန်းရမည်ဟူသော ရှင်းလင်းပြတ်သားသည့် စည်းမျဉ်းတစ်ခု ရှိပေသည်။
လူနာတစ်ဦး၏ နောက်ကျောတွင် ဖြူဖျော့ဖျော့ စက္ကူရုပ်လေးတစ်ရုပ် ပေါ်လာသည်။ စက္ကူရုပ်၏ လက်သည် လူနာ၏ ရင်ဘတ်အား အလွယ်တကူ ထိုးဖောက်လိုက်သည်။ ၎င်းသည် ဆိုးသွမ်းသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ လူနာ၏ နှလုံးသားကို မျိုချလိုက်သည်။ နှုတ်ခမ်းတွင် သွေးများနှင့်အတူ စက္ကူရုပ်လေးသည် လေထဲတွင် လွင့်မျောကာ ပိန်ပါးသော လူအိုကြီးတစ်ယောက်ဆီသို့ ရောက်ရှိသွားသည်။
သွေးရောင်ဆက်သွယ်ရေးစက်ဖြင့် လက်တစ်ဖက်က မြှောက်တက်သွား၏။ ပိုက်ဆံစက္ကူတစ်ဆုပ် လေထဲ ဝဲပျံသွားသည်။ ထိုလူအိုကြီးသည် အဖွဲ့ ၄ ၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ကြင်နာပြီး ဖော်ရွေတတ်သည့် အဘိုးအိုတစ်ယောက်ကဲ့သို့ ဖြစ်သော်လည်း အလွန်ရက်စက်လှသည်။ အမွှေးတိုင် သုံးချောင်း ထွန်းညှိပြီးနောက် လူအိုကြီးက သူလက်ဖျားမှ စက္ကူရုပ်များ ထပ်မံ ပစ်ထုတ်လိုက်လေသည်။
အပေါက်မှတစ်ဆင့် လုံခြုံရေးအဖွဲ့ဝင်များ ဝင်ရောက်လာသည်။ သူတို့သည် ဌာနချုပ်မှ လေ့ကျင့်ပေးထာားသည့် အစွမ်းအထက်ဆုံး လျှို့ဝှက်လက်နက်များ ဖြစ်ကြသည်။
လူနာများသည် လုံခြုံရေးအဖွဲ့ဝင်များနှင့် နိုးထလာသော နတ်ဘုရားရုပ်တုများဖြင့် ဝိုင်းရံခံလိုက်ရသည်။ အကယ်၍ ပြင်ပကမ္ဘာသည် ထိုမျှ စိတ်ပျက်အားငယ်စရာ ကောင်းသည်ကို သိပါက သူတို့သည် အရုပ်များအဖြစ်သာ ဆက်နေကြပေလိမ့်မည်။
“လီစန်းဆေးရုံက မကောင်းဆိုးဝါးတွေရဲ့သားရဲတွင်း ဖြစ်သွားပြီ ၊ ဒါက အရိပ်ကမ္ဘာက အစစ်အမှန်ကမ္ဘာထဲကို ရိုက်သွင်းထားတဲ့ သံချောင်းတစ်ချောင်းပဲ ၊ ငါတို့ ဒီနေရာကို ဖြိုချပစ်ရမယ်”
” အဖွဲ့ ၁ ခေါင်းဆောင်သည် အဖွဲ့ ၃ ခေါင်းဆောင် ဘေးတွင် တိတ်တဆိတ် ထွက်ပေါ်လာ၏။ သူက သူ့နာရီကို ချိန်ညှိလိုက်ပြီး
“ငါတို့ အချိန်ပို ဆင်းရတော့မယ့်ပုံပဲ”
“ဒီမှာ ရုပ်တုတွေ အများကြီး ဝှက်ထားတယ် ၊ ဒီလူတွေက တားမြစ်ဂိမ်းရဲ့ လျှို့ဝှက်ချက်တွေကို သိနေကြတာလား”
အဖွဲ့ ၂ ခေါင်းဆောင်သည် ခေါင်းအစခြေ ဖုံးအုပ်ထား၏။ သူမက ဝမ်ကျားနောက်မှ လိုက်ပါလာသည်။
“အရိပ်ကမ္ဘာဆိုတာက လူသေတွေရဲ့ စွမ်းအားတွေ စိမ့်ဝင်နေတဲ့ သေဆုံးကမ္ဘာတစ်ခုပဲ ၊ စွမ်းအားအများစုကို နတ်ဘုရားအလောင်းတွေပေါ်မှာ စုဆောင်းထားပြီး ကျန်တာတွေကိုတော့ ပြန့်ကျဲနေတဲ့ ရုပ်တုတွေထဲမှာ ဝှက်ထားတယ် ၊ ဆေးရုံပိုင်ရှင်က ဒီလောက်များပြားတဲ့ ရုပ်တုတွေကို စုဆောင်းထားတာဆိုတော့ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ရှိရမယ်”
“သူက နတ်ဘုရားတစ်ပါးကို ပြန်အသက်သွင်းဖို့ လုပ်ခဲ့တာ ဖြစ်မယ် ၊ အရိပ်ရဲ့ရင်းမြစ်ကို ကြည့်လိုက်ပါ”
အဖွဲ့ ၁ ခေါင်းဆောင်က ရေကန်ဗဟိုချက်ကို ညွှန်ပြလိုက်သည်။ ရှုပ်ထွေးမှုအားလုံးသည် ထိုနေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း သူတို့မျက်လုံးများကို လှည့်လိုက်သည်။ သူတို့၏ အကြည့်များသည် သားစားကြူးနတ်ဘုရားအပေါ်တွင် စွဲမြဲနေလေသည်။ လက်ရှစ်ချောင်းပါသော နတ်ဘုရားသရဲသည် ရုပ်တုအားလုံးကို ပြန်လည်အသက်သွင်းရန် ရှိနေသကဲ့သို့ ရုပ်တုအားလုံး၏ အလယ်တွင် ရပ်နေလေသည်။
“ဓာတ်ပုံနှိုင်းယှဉ်မှု အောင်မြင်တယ် ၊ ကျင်းထောင်ရှန်း ပို့လိုက်တဲ့ အချက်အလက်တွေအရ ဒီမကောင်းဆိုးဝါးဟာ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာ တစ်ခါ ပေါ်လာဖူးတယ် ကျောင်းမှာဖြစ်ခဲ့တဲ့ အဆင့် ၄ မူမမှန်ဖြစ်ရပ်က သူနဲ့ ဆက်စပ်နေပုံရတယ်!”
အဖွဲ့ ၈ ၏ ဒုခေါင်းဆောင်သည် မျက်မှန် တပ်ထားသည်။ သူ့ခန္ဓာကိုယ်အား အကာအကွယ်အဝတ်အစား အထပ်ထပ် ဝတ်ဆင်ထားပေသည်။ သူသည် ထောက်ပံ့ပို့ဆောင်ရေးအတွက် တာဝန်ယူရခြင်းဖြစ်သည်။ များစွာသော လုံခြုံရေးအဖွဲ့ဝင်များ၏ မျက်လုံးများ နီရဲလာကြသည်။
“အဲဒါက ဟန်ဟိုင်းပရမ်းပတာဖြစ်ရပ်ရဲ့ အရင်းအမြစ်ပဲ”
အဖွဲ့ ၃ ခေါင်းဆောင်က ခေါင်းတလားကို ဖိချလိုက်သည်။ သူက ဝမ်ကျားထံမှ တိုက်ခိုက်ရန် ခွင့်ပြုချက် တောင်းခံလိုက်သည်။ အခြားအဖွဲ့ခေါင်းဆောင်များက ဝမ်ကျားကို လှည့်ကြည့်ကြသည်။
သားစားကြူးနတ်ဘုရားကို စိုက်ကြည့်ရင်း ဝမ်ကျား၏ မျက်လုံးများတွင် ထူးဆန်းသော အဆောင်တစ်ခု ပေါ်လာခဲ့သည်။ မကြာမီ အဆောင်သည် ကောင်းမင်၏ မျက်နှာအဖြစ် ပုံစံပြောင်းလဲသွားသည်။
“တွေ့ပြီ”
ဝမ်ကျဲက ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
“မကောင်းဆိုးဝါးရဲ့ ပခုံးပေါ်မှာ သက်ရှိလူသားတစ်ယောက် ရပ်နေတယ် ၊ သူ့ကို အရှင်ဖမ်းရမယ် ၊ သူကလွဲရင် ကျန်တာတွေကို ရှင်းပစ်လိုက်!”
ထိုစကားကို ကြားသောအခါ အဖွဲ့ ၁ ခေါင်းဆောင်က တုန်လှုပ်သွားသည်။
“လူနာတချို့ကို သုံးလို့ရသေးတယ် ၊ သူတို့က ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပြီး ဆက်သွယ်လို့ ရတယ်လေ”
ဝမ်ကျားက ဘာမှ မပြောဘဲ ထိုလူကို တစ်ချက်ကြည့်လိုက်သည်။ အဖွဲ့ ၁ ခေါင်းဆောင်က သူ့ခေါင်းကို ငုံ့၍ လူနာများနှင့် ကျိုးပဲ့နေသော ရွှံ့ရုပ်တုများဆီသို့ လျှောက်သွားလိုက်သည်။ သရဲတက်တူးသည် သူ့ကျောရိုးပေါ်သို့ တွားတက်သွားသည်။ အဖွဲ့ ၁ ခေါင်းဆောင်သည် သူ့ရှပ်အင်္ကျီ၏ ပထမဆုံး ကြယ်သီးကို ဖြုတ်လိုက်သည်။ သူ့အား ဗဟိုပြု၍ အရိပ်နှင့် သေခြင်းတရားတို့ကို နောက်တွင် ဆေးကြောခံလိုက်ရသည်။ သူ့နောက်ကျောတွင် ဖော်မပြနိုင်သောအရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ အဖွဲ့ ၁ ခေါင်းဆောင်သည် တားမြစ်ဂိမ်းတွင် ဒဏ္ဍာရီတစ်ဦး ဖြစ်သည်။ သူသည် ယဇ်ပလ္လင်တစ်ခုပေါ်တွင် အချိန်ကို နောက်ပြန်ဖတ်နိုင်သည့် နာရီတစ်လုံးကို တွေ့ရှိခဲ့သည်။ ဖော်မပြနိုင်သောအရာ၏ ခြောက်ခြားမှုအား ထိုနာရီထဲတွင် သိုဝှက်ထားသည်။ အခြားလုံခြုံရေးအဖွဲ့ဝင်များက အဖွဲ့ ၁ ခေါင်းဆောင်ကို ရှောင်ရှားကြပေသည်။ အဖွဲ့ ၃ ခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ သူတို့သည် အခင်းအကျင်းတစ်ခုကို ဖွဲ့စည်း၍ တဖြည်းဖြည်းရှေ့တိုးလာကြသည်။
“ခေါင်းတလားကို ဖွင့်လိုက်!”
အဖွဲ့ ၃ အဖွဲ့ဝင်များသည် သူတို့၏ ခေါင်းဆောင် သယ်ဆောင်လာသည့် ခေါင်းတလားထဲသို့ သွေးများ စိမ့်ဝင်စေလိုက်သည်။ ခေါင်းတလားပေါ်တွင် သရဲတက်တူးတစ်ရုပ် ထွက်ပေါ်လာခဲ့သည်။ ခေါင်းဆောင်က အခေါင်းဖုံးကို ဖွင့်လိုက်သောအခါ အတွင်းတွင် သွေးနီရောင်ဝတ်စုံပြောင်တစ်ထည် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုဝတ်စုံသည် အဖြူရောင်ဖြစ်ခဲ့သော်လည်း သွေးများဖြင့် အချိန်ကြာမြင့်စွာ စိမ်ထားခဲ့ခြင်းကြောင့် အနီရောင် ဖြစ်သွားခြင်းပင်။ အဖွဲ့ ၃ ခေါင်းဆောင်က ခေါင်းတလားကို ကာကွယ်ထားသည်။ ခေါင်းတလားထဲသို့ သူတို့သွေးများ ကျွေးခဲ့သော အဖွဲ့ဝင်များ၏ မျက်လုံးများမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် စုပေါင်းထိခိုက်ဝေဒနာတစ်ခုကို ခံစားနေရပုံ ပေါ်သည်။
သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များဖြင့် မကောင်းဆိုးဝါးကို ထိန်းသိမ်းရန် အသုံးပြုပြီး ထိုပြင်းထန်သော မကောင်းဆိုးဝါးအား အရိပ်ကို ခုခံရန် အသုံးပြုခြင်းသည် ဟန်ဟိုင်း လုံခြုံရေးအဖွဲ့ဝင်များ မြို့ကို ကာကွယ်ပုံပင် ဖြစ်သည်။
အဖွဲ့အနည်းငယ်သည် အတူတကွ ပြီးပြည့်စုံစွာ လုပ်ဆောင်လိုက်ပြီး အားနည်းချက်များ မပြသခဲ့ပေ။
သူတို့ဆီသို့ ချဉ်းကပ်လာသော လူနာများမှာ ချက်ချင်း ပျက်စီးသွား၏။ မုန်းတီးမှုများ လွှမ်းမိုးထားသော အဖွဲ့ ၁ ခေါင်းဆောင်နှင့် အဖွဲ့ ၃ အဖွဲ့ဝင်များသည် ချွန်ထက်သော လှံနှစ်ချောင်းကဲ့သို့ ဖြစ်နေလေသည်။ မိနစ်အနည်းငယ်အတွင်းတွင် သူတို့သည် အနက်ရောင်ရေကန်၏ အစွန်းသို့ ရောက်ရှိလာခဲ့ကြသည်။
“ကောင်းမင် မကောင်းတော့ဘူး ၊ သူတို့က ရှင့်ဆီ လာနေကြတာပဲ”
ရွှမ်ဝမ်သည် သားစားကြူးနတ်ဘုရား၏ နောက်တွင် ရပ်နေခြင်းဖြစ်သည်။
“သားစားကြူးနတ်ဘုရားဟာ သွေးမြို့တော်ကို ထိန်းချုပ်ဖို့ အချိန်လိုအပ်တယ် ၊ သူတို့ နတ်ဘုရားရုပ်တုတွေနဲ့ တိုက်ခိုက်ဖို့ နည်းလမ်းတစ်ခု ရှာဖို့ လိုတယ်”
ကောင်းမင်သည် မျက်လုံးများကို မှိတ်လိုက်သည်။သူ့စိတ်သည် နံရံအတွင်း ပိတ်မိနေသော ရှရန်နှင့် ချိတ်ဆက်နေသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လုံခြုံရေးအဖွဲ့ဝင်များ ဖောက်ထားသည့် နံရံရှိ အပေါက်ကို စိုက်ကြည့်နေကြသည်။
“အခုက ထွက်ပြေးဖို့ အချိန် မဟုတ်သေးဘူး”
အဖွဲ့ ၈ ခေါင်းဆောင်သည် ကောင်းမင်အကြောင်း အချက်အလက်အားလုံးကို စုစည်းထားခဲ့သည်။ ဝမ်ကျားက အချက်အလက်များကို စစ်ဆေးလိုက်ပြီးနောက် အားလုံးကို မှတ်သားသည်။
အရိပ်များမှ ဖန်တီးထားသည့် အနက်ရောင်ရေကန်ကို ဖြတ်၍ ဝမ်ကျားက ဌာနချုပ်မှ ပေးအပ်ထားသည့် အမိန့်ကို ထုတ်ယူလိုက်သည်။
“ကောင်းမင်၊ မင်းဟာ ဟန်ဟိုင်းမှာ မူမမှန်အဖြစ်အပျက် အများအပြားမှာ ပါဝင်ပတ်သက်နေတယ်လို့ ငါတို့ သံသယရှိတယ် ၊ မင်းဟာ ဟန်ဟိုင်းကို ပြောင်းပြန်လှန်ပြီး နတ်ဘုရားသရဲကို ပြန်လည်အသက်သွင်းဖို့ မျှော်လင့်ချက်နဲ့ နိုင်ငံသားတွေကို စတေးခဲ့တယ် ၊ အခု ဟန်ဟိုင်းဌာနချုပ်က မင်းကို ဖမ်းဆီးဖို့ တရားဝင်အမိန့် ထုတ်ပြန်လိုက်ပြီ”
“မင်း တစ်ခုခုကို နားလည်မှု လွဲနေတာလား”
သားစားကြူးနတ်ဘုရား၏ ပခုံးပေါ်တွင် ထိုင်နေသည့် ကောင်းမင်က ဝမ်ကျားကို သရော်လိုက်သည်။ သို့သော်လည်း သူက ထိုလူအား ယဉ်ကျေးစွာ ဖြေကြားလိုက်သည်။
“ငါ အဲဒါတွေ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး ၊ ငါလုပ်သမျှ အရာအားလုံးဟာ ငါက နတ်ဘုရားသရဲဖြစ်လို့ လုပ်တာပဲ”
နတ်ဘုရားရုပ်တုများ ၎င်းတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြသည်။ ကောင်းမင်သည် ၎င်းတို့နှင့် ဘက်အတူတူတွင် ရှိနေပုံရသည်။ သူ၏ မာနကြီးသော အမူအရာပင်လျှင် ၎င်းတို့၏ အမူအရာကို တုပနေလေသည်။