ဘာလို့ထွက်ပြေးရမှာလဲ
Vol. 20 Ch. 290
လုံခြုံရေးအဖွဲ့ဝင်များသည် ကောင်းမင် ထိုမျှမာနကြီးမည်ကို ဘယ်သူမှ မျှော်လင့်မထားကြပေ။ ဝမ်ကျားပင်လျှင် မျက်နှာအမူအရာ မည်းမှောင်သွားခဲ့သည်။ စုံစမ်းစစ်ဆေးရေးဌာန၏ ရှေ့မှောက်တွင် နတ်ဘုရားသရဲအဖြစ် ထုတ်ဖော်လိုက်ခြင်းမှာ ကောင်းမင်အတွက် အလွန်ရဲတင်းလွန်းနေလေသည်။
ဌာနချုပ်၏ သရဲများအပေါ် သဘောထားမှာ အမြဲတမ်း ရှင်းလင်းပြတ်သားပြီး ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။ အကယ်၍ ကောင်းမင်သည် လူသားဖြစ်ကြောင်း အခိုင်အမာ ပြောဆိုပါက ညှိနှိုင်းရန် အခွင့်အလမ်းများ ကျန်ရှိနေဦးမည်ဖြစ်သည်။
“မင်းအကြောင်းအားလုံးကို ငါတို့ စုံစမ်းစစ်ဆေးပြီးပြီ ၊ မင်းနဲ့ အခန်း ၁၃ က မင်းရဲ့ အတန်းဖော်တွေ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ဝမ်ကျား ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။ သူသည် လူသားနှင့် သရဲတို့ တစ်ကိုယ်တည်းဖြစ်နေပြီး ကံကြမ္မာကြိုးမျှင်များဖြင့် ချည်နှောင်ထားသော ကောင်းမင်ကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ထွက်ပြေးရမှာလား ၊ ငါတို့က ဘာလို့ ထွက်ပြေးရမှာလဲ ၊ ငါ မင်းတို့ကို ဒီအချိန်အတွက် ဒီကို ဆွဲဆောင်လိုက်တာလေ”
ကောင်းမင်သည် သူ၏ မျက်နှာအမူအရာကို ပြင်လိုက်သည်။ သူသည် စိတ်ရောဂါကုဆရာဝန်ကောင်းတစ်ဦး ဖြစ်သော်လည်း ထိုအချိန်တွင် ပြီးပြည့်စုံသော စိတ်ဝေဒနာရှင်တစ်ဦးကဲ့သို့ သရုပ်ဆောင်နေခဲ့သည်။
“မင်းတို့ သေဆုံးသွားပြီးရင် အရိပ်ကမ္ဘာက ဟန်ဟိုင်းကို ဝါးမျိုပစ်လိမ့်မယ် ၊ပြီးရင်တော့ ဒီလေဟာနယ် အိပ်မက်ကြီးက ပြီးဆုံးပြီပဲ”
ကောင်းမင်သည် ရွှံ့ရုပ်ထုများပေါ်ရှိ အမူအရာများကို အတုခိုးလိုက်သည်။ သို့သော် ရုပ်ထုများ၏ အလယ်ဗဟိုတွင် သားစားကြူးနတ်ဘုရား ရပ်နေသောကြောင့် ၎င်းတို့အားလုံးသည် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားကို ဝတ်ပြုကိုးကွယ်နေကြသည်ဟု ထင်ရသည်။
လုံခြုံရေးအဖွဲ့ဝင်များသည် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ရေကန်အလယ်တွင် ရပ်နေသော ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားကို မြင်တွေ့လိုက်ရသည်။ သူတို့သည် သွေးနီရောင်မြို့တော်လူသေဓာတ်ပုံ တည်ရှိမှုကို မသိခဲ့ကြပေ။ ရှရန်၏ ဖော်ပြချက်ကိုပါ ထပ်ပေါင်း၍ သူတို့သည် ကောင်းမင်အား တရားခံဖြစ်သည်ဟု ပုံမှန်အတိုင်း ယူဆလိုက်ကြသည်။
ဝမ်ကျား၏ မျက်လုံးများသည် သာမန်လူများ မမြင်နိုင်သောအရာများကို ထွင်းဖောက်မြင်နိုင်သည်။ သို့သော်လည်း ကုန်းစီက လူသေဓာတ်ပုံအား မတော်တဆ မျိုချလိုက်သောကြောင့် အယူလွဲယုံကြည်မှုအားလုံးသည် သားစားကြူးနတ်ဘုရားထံ စီးဆင်းသွားပြီး သူတို့မှာ တစ်ဖက်တည်း ဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
ဝမ်ကျားအား မှားယွင်းစွာ ဆုံးဖြတ်စေခဲ့သော နောက်တစ်ချက်မှာ ကျင်းထောင်ရှန်းက ပေးပို့ခဲ့သော ဖိုင်များတွင် အနီရောင် မိုးကာအင်္ကျီအကြောင်း အချက်အလက်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အနီရောင် မိုးကာအင်္ကျီသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် ပေါ်လာခဲ့ပြီး သုတေသနဌာနမှ ထိန်းချုပ်ထားသော အနီရောင်တစ္ဆေများထဲမှ တစ်ကောင်ဖြစ်ကြောင်း သူသိခဲ့သည်။ အနီရောင်တစ္ဆေသည် အနက်ရောင်ရေကန်နားတွင် ရွှံ့ရုပ်တုများနှင့် တိုက်ခိုက်နေခြင်းကြောင့် ၎င်းတို့သည် ရန်သူများဖြစ်သည်ဟု ဆိုလိုသည်။ ထို့အပြင် အနီရောင် မိုးကာအင်္ကျီသည် သုတေသီများ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ခဲ့လျှင်ပင်၊ ၎င်းသည် နတ်ဘုရားရုပ်ထုများ၏ တစ်စိတ်တစ်ပိုင်းကို အာရုံလွှဲပေးခဲ့ခြင်းဖြင့် လုံခြုံရေးအဖွဲ့ဝင်များကို ကူညီပေးခဲ့သည်။
မစ်ရှင်အတွင်း၌ အခြေအနေများသည် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားခဲ့သည်။ သူသည် စဉ်းစားရန် အချိန်များများစားစား မရခဲ့သည့်အပြင် ဆုံးဖြတ်ချက်များစွာကို ချက်ခြင်းချမှတ်ခဲ့ရသည်။ ကျိုးပဲ့နေသော ရုပ်ထုများ ပိုမိုနိုးထလာသောအခါ ဝမ်ကျားက တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
အဖွဲ့ ၃မှ အဖွဲ့ဝင်များသည် သရဲပူးခံထားရသူများကဲ့သို့ ဖြစ်နေကြသည်။ သူတို့မျက်လုံးများထဲရှိ မုန်းတီးမှုများသည် အကောင်အထည် ပေါ်လာလေသည်။ ကျား/မ ခွဲခြားမှုမရှိဘဲ သူတို့အားလုံးသည် အမျိုးသမီးဆန်လာကြပြီး သူတို့၏ ယူနီဖောင်းများပေါ်တွင်လည်း သွေးစွန်းရာများ ထွက်ပေါ်လာတော့သည်။
ရေကန်အတွင်းရှိ ရွှံ့ရုပ်ထုများကို ရှောင်ရှားရန်မှာ လုံခြုံရေးအဖွဲ့ဝင်များအတွက် အလွန်များပြားလှသည်။ ရုပ်ထုများသည် အရိပ်များကြားမှ တိတ်တဆိတ်စွာ လှုပ်ရှားလာခဲ့ကြသည်။ မည်သည့် သတိပေးချက်မှ မရှိပဲ ပထမဆုံးအော်ဟစ်သံ ပေါ်ပေါက်လာခဲ့သည်။ ရှေ့မှ ဦးဆောင်သွားနေသော အဖွဲ့ သုံး အဖွဲ့ဝင်များမှာ ထိခိုက်ခြင်း မရှိသော်လည်း အဖွဲ့ ရှစ်မှ အဖွဲ့ဝင်တစ်ဦးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အဖွဲ့ ရှစ်၏ ဒုခေါင်းဆောင်သည် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ပျောက်ဆုံးသွားသော သူ့အဖွဲ့သား၏နေရာတွင် ပန်းပွင့်မျက်နှာရှိသော ရုပ်ထုတစ်ရုပ် ပေါ်လာလေသည်။ ၎င်း၏ လက်ခြေများသည် တိုတောင်းနေပြီး ပျောက်ဆုံးသွားသော အဖွဲ့ဝင်၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည်။
“ရှောင်ကဲ့က ရုပ်ထုဖြစ်သွားတာလား”
အဖွဲ့ ရှစ်မှ အခြားအဖွဲ့ဝင်တစ်ဦးက စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ သူ့လက်ချောင်းများ ရုပ်ထုကို ထိခါနီးတွင် ဒုခေါင်းဆောင်ကအော်ဟစ်လိုက်သည်။
“အဲ့ဒါကို မထိနဲ့ကွ !”
အဖွဲ့သားက အမိန့်ကို နားထောင်သည်။ သို့သော် မကြာမီ သူ့လက်ချောင်းတွင် တစ်စုံတစ်ခု ကိုက်လိုက်သကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သောအခါ ပန်းပွင့်မျက်နှာသည် သူ့မျက်လုံးနှင့် တစ်လက်မသာ ဝေးတော့ခြင်းဖြစ်သည်။ သူ၏ မျက်ဆံထဲတွင် သူ့ပုံရိပ်ကို သူမြင်လိုက်ရသည်။
“ရွှံ့ရုပ်ထုထဲမှာ အသက်ရှင်နေတဲ့ လူတစ်ယောက် ရှိနေတယ်!”
သူ့ပုံရိပ်ထဲမှ မျက်နှာသည် ပန်းပွင့်ပုံစံများ ကြီးထွားလာနိုင်စေရန်အတွက် တဖြည်းဖြည်း ပျက်စီးလာလေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာသည် ပူလောင်ပြီး ယားယံလာခဲ့သည်။
စက္ကူရုပ်တစ်ရုပ်သည် ရွှံ့ရုပ်ထုပေါ်သို့ တက်၍ သူ့မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ ထို့နောက် ရုပ်ထု၏ ခေါင်းကို ရိုက်ချလိုက်သည်။ ပုပ်သိုးနေသော ပန်းပွင့်ပုံစံကွက် ရှပ်အင်္ကျီနှင့် နံစော်နေသော အသားများသည် ရိုက်ချခံလိုက်ရသည့် ဦးခေါင်းထဲမှ လိမ့်ထွက်လာခဲ့သည်။
အသက်အကြီးဆုံး အဖွဲ့ခေါင်းဆောင်သည် ကြေးနီတူငယ်လေးကို အသုံးပြုပြီး ရုပ်ထုငယ်၏ ခေါင်းကို ထပ်ခါထပ်ခါ ရိုက်ချလိုက်သည်။ စက္ကူရုပ်များက ပျော်ရွှင်စွာ သြဘာပေးကာ ကခုန်နေကြသည်။ ၎င်းတို့က အဝတ်အစားများကို ဆုတ်ဖြဲ၍ အသားများကို စားသုံးကြသည်။ မကြာမီတွင် ၎င်းတို့၏ စက္ကူကိုယ်ခန္ဓာများပေါ်တွင် ပန်းပွင့်ပုံစံကွက်များ ထွက်ပေါ်လာတော့သည်။ ညစ်ညမ်းသွားသော စက္ကူရုပ်များသည် ငိုကြွေးကြသည်။ အဘိုးအိုသည်အမူအရာကင်းမဲ့စွာဖြင့် ညစ်ညမ်းနေသော စက္ကူရုပ်များကို မီးရှို့လိုက်လေသည်။
“မင်း ငါ့ကို အသက်တစ်ချောင်း ကြွေးတင်သွားပြီနော်”
အဘိုးအိုက ထိုအဖွဲ့ဝင်ကို ပြောလိုက်သည်။ ထို့နောက် သူသည် သူ၏ တူနှင့်အတူ အနက်ရောင်ရေကန်ထဲ ပျောက်ကွယ်သွားခဲ့သည်။
အဖွဲ့ တစ် နှင့် သုံးသည် မစ်ရှင်ကို ဦးဆောင်ပြီး အဖွဲ့ လေးက နောက်တန်းကို တာဝန်ယူထားသည်။ မည်သည့် အားနည်းချက်မှ မရှိစေရန် အဖွဲ့တိုင်း စုပေါင်းလုပ်ဆောင်နေကြသည်။
အနီရောင် မိုးကာအင်္ကျီ၏ အကြမ်းပတမ်းနည်းလမ်းနှင့် မတူဘဲ ဤလုံခြုံရေးအဖွဲ့ဝင်များသည် လူသားဖြစ်ခြင်း၏ အားသာချက်များကို အပြည့်အဝ အသုံးချနေကြသည်။ သူတို့သည် တားမြစ်ဂိမ်း (taboo game) တွင် အတွေ့အကြုံများစွာ ရရှိခဲ့ကြသဖြင့် မတူညီသော ရွှံ့ရုပ်ထုများကို ကိုင်တွယ်ဖြေရှင်းရန် မတူညီသော နည်းလမ်းများကို ဖော်ထုတ်နေကြလေသည်။ သူတို့သည် ထိခိုက်မှုများကို အနည်းဆုံးလျှော့ချရင်း ရုပ်ထုများထံမှ ကျိန်စာအသစ်များ ရယူရန် ကြိုးပမ်းနေကြသည်။
ကောင်းမင်သည် ထိုလူများ၏ စွမ်းအားကို လျှော့တွက်မိခဲ့ခြင်းဖြစ်သည်။ အားလုံးမဆိုထားဘိ အဖွဲ့ခေါင်းဆောင် အနည်းငယ်ကပင် ကောင်းမင်ကို သတ်ဖြတ်နိုင်ပေသည်။
အနက်ရောင်ရေကန်ထဲတွင် ရွှံ့ရုပ်ထုများ ပိုမိုနိုးထလာခဲ့သည်။ သို့သော် လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာမှုကြောင့် အနီရောင် မိုးကာအင်္ကျီအပေါ် ဖိအားမှာ လျော့ကျသွားခဲ့သည်။ ရွှံ့ရုပ်ထုငယ်များသည် သေဆုံးသွားသော နတ်ဘုရားများ၏ အသိစိတ်ကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြစ်သည်။ အနီရောင် မိုးကာအင်္ကျီနှင့် နှိုင်းယှဉ်ပါက အသက်ရှင်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ယဇ်ပူဇော်ရန်နှင့် ပူးဝင်ရန် ပိုမိုကောင်းမွန်သော ပစ်မှတ်များ ဖြစ်သည်။
ကောင်းမင် ဘာမှ လုပ်စရာ မလိုဘဲ အနက်ရောင်ရေကန်ထဲရှိ ရွှံ့ရုပ်ထုများသည် မျက်လုံးများ ဖွင့်လာကြသည်။ သေဆုံးသွားသော အသိစိတ်များသည် လုံခြုံရေးအဖွဲ့ဝင်များကို ဝန်းရံလိုက်ကြသည်။
“အခု ဘယ်သူ ထွက်ပြေးရမလဲဆိုတာ မင်းတို့ သိပြီလား”
ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ ပခုံးပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ သူက အကြောက်တရားမရှိပဲ ရယ်မောလိုက်သည်။
“ခေါင်းဆောင်၊ ဒါက ထောင်ချောက်ဖြစ်နိုင်တယ် ၊ ပန်းချီဆရာသရဲက ကျုပ်တို့ကို ဒီကို ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်ခဲ့တာ ဖြစ်နိုင်တယ်”
အဖွဲ့ ရှစ်၏ ဒုခေါင်းဆောင်သည် စိုးရိမ်တကြီးဖြင့် ဝမ်ကျားကို ပြောလိုက်သည်။
ဝမ်ကျားသည် ရပ်တန့်ရန် အမိန့်မပေးဘဲ ကောင်းမင်ကိုသာ စောင့်ကြည့်နေရင်း
“ဆက်သွားကြ ၊ သူ့ကို ဖမ်းဖို့ ဘယ်အခွင့်အရေးကိုမှ လက်လွတ်မခံနဲ့”
ကောင်းမင်သည် လုံခြုံရေးအဖွဲ့ဝင်များကို စစ်ဆေးကြည့်လိုက်ရင်း ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သားစားကြူးနတ်ဘုရား၏ နောက်ကျောတွင် ပုန်းအောင်းနေသော ရွှမ်ဝမ်သည် ဆုတ်ခွာရန် ပြင်ဆင်နေသည့် အနီရောင် မိုးကာအင်္ကျီထံ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။
သူတို့ အဘယ်ကြောင့် ထွက်မပြေးသင့်သနည်း။ ရွှံ့ရုပ်ထုများ၏ စွမ်းအားသည် တူညီမှုမရှိပေ။ တချို့မှာ အစွမ်းထက်သော်လည်း တချို့မှာ မဟုတ်ပေ။ ရေကန်၏ အောက်ခြေတွင် ရုပ်ထုမည်မျှ ရှိနေသည်ကို ကောင်းမင် မသိပေ။ အကယ်၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု အမှန်တကယ်ပေါ်ထွက်လာပါက သူ ထွက်ပြေးရန် အခွင့်အရေးရတော့မည် မဟုတ်ပေ။
“အခု ငါ သားစားကြူးနတ်ဘုရားကို စောင့်ဖို့ပဲ လိုတော့တယ်”
ကောင်းမင်က သားစားကြူးနတ်ဘုရားကို လောဆော်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် နံရံအတွင်း ပိတ်မိနေသော ရှရန်ကို သူ သတိထားမိလိုက်သည်။ ဆရာရှသည် ဝမ်ကျား ဘာကိုမှ သတိမထားမိစေရန်အတွက် ကောင်းမင်နှင့် ဆက်သွယ်လိုစိတ်အား ထိန်းချုပ်ထားခဲ့သည်။