← Chapters

တံခါး

Vol. 20 Ch. 293

တံခါး

Vol. 20 Ch. 293

ရွှမ်ဝမ်နှင့် ယန်ယုတို့မှာ လီစန်း ဆေးရုံထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ သူမသည် ယန်ယု ထွက်ပြေးမည်ကို စိုးရိမ်ခြင်းမရှိပေ။ အကြွေးစာရွက်ရှိနေသမျှ ကာလပတ်လုံး ရွှမ်ဝမ်သည် ထိုသူအား ရှာဖွေမည့် နည်းလမ်းတစ်ခုရှိသည်။ ရွှမ်ဝမ်က အကြွေးစာရွက်ပေါ်ရှိ သွေးများကို အလွတ်ဖြစ်နေသော လူသေဓာတ်ပုံပေါ် သုတ်လိုက်သည်။ သွေးများ လူသေဓာတ်ပုံထဲသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။ သူမသည် ယန်ယုကို ဆင့်ခေါ်ရန်အတွက် နှုတ်ခမ်းများ လှုပ်ရှားလိုက်သည်။

ရွှမ်ဝမ်၏ စွမ်းအားမှာ ထူးခြားသည်။ သူမ၏ ဆင့်ခေါ်မှုနှင့်အတူ သွေးစွန်းရာသည် မှေးမှိန်သွားပြီး အရိပ်ထဲသို့ ပျော်ဝင်သွားသည်။ ယင်းသည် ယန်ယု၏ ပုံသဏ္ဍာန်ကို ဖန်တီးလိုက်သည်။

“ဒီကလေးက အရမ်းချစ်စရာကောင်းတယ် ၊ သူက သူ့မိသားစုရဲ့ကာကွယ်ပေးတာကို အမြဲခံခဲ့ရတာ ၊ သူက ဒီကမ္ဘာကြီး ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မသိရှာဘူးလေ”

လူသေဓာတ်ပုံထဲရှိ ယန်ယုသည် ‘ချစ်စရာကောင်းခြင်း’နှင့် လုံးဝမသက်ဆိုင်ပေ။ သို့သော် ထိုနေရာရှိ ဘယ်သူကမှ ပုံပန်းသဏ္ဍာန်ကို ဂရုမစိုက်ကြပေ။ ဓာတ်ပုံထဲတွင် ယန်ယုသည် အိပ်ရာနိုးလာသည့် ကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးများ ပွင့်လာပြီး ရွှမ်ဝမ်အား မယုံနိုင်စွာ ကြည့်လိုက်သည်။ သူသည် မမြင်ရသော မှန်တစ်ချပ်ကို ထုရိုက်နေသကဲ့သို့ လက်များကို ဝှေ့ယမ်းနေခဲ့သည်။

“နင့်မိဘတွေကို ငါတို့ဆီ လာတွေ့လို့ ပြောလိုက်”

ရွှမ်ဝမ်၏ အသံနေအသံထားသည် ယန်ယု၏ ဆံပင်များကို ထောင်သွားစေခဲ့သည်။

“သူ မလာရင် မင်းကို သူတို့ ထပ်မြင်ရတော့မှာ မဟုတ်ဘူးနော်”

သွေးများသည် လူသေဓာတ်ပုံပေါ်တွင် ရွေ့လျားသွားသည်။ ယန်ယုက ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ ကောင်းမင်နှင့် အနီရောင် မိုးကာအင်္ကျီတို့သည် သူတို့၏ အာရုံစိုက်မှုကို ပတ်ဝန်းကျင်သို့ ပြောင်းလိုက်ကြသည်။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက် ရေခဲတိုက်၏အနက်ရှိုင်းဆုံး နေရာတွင်ရှိသော သံဗီရိုသည် အတွင်းမှ ပွင့်လာခဲ့သည်။ ဗီရိုကို မူလက ပစ္စည်းမျိုးစုံ သိုလှောင်ရန် အသုံးပြုသည်။ သေဆုံးသူများ၏ အဝတ်အစားများကို အတွင်းတွင် ချိတ်ဆွဲထားပြီး သန့်ရှင်းရေးမလုပ်ရသေးသည့် အရိုးများလည်း ရှိနေလေသည်။

တုတ်ခိုင်သော လက်များသည် သံမဏိလက်သည်းများဖြင့် ထိုးဖောက်ခံထားရသည်။ထူးဆန်းသော ပန်းပွင့်ပုံအင်္ကျီဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး တွားထွက်လာလေသည်။ သူ့ခန္ဓာကိုယ်သည် ကြောက်ရွံ့နေသကဲ့သို့ တုန်ယင်နေသော်လည်း သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ မရှိပေ။ ထိုအမျိုးသားသည် ရှည်လျားသော ဆံပင်ရှိပြီး သူ့နှုတ်ခမ်းပေါ်တွင် သွေးများစွန်းပေနေသည်။ သူ့နှုတ်ခမ်းများက မည်းနက်နေသော သွားများကိုထုတ်ဖော်ရန် တစ်ခါတစ်ရံ ပွင့်ဟသွားသည်။

“သူက… မင်းရဲ့ အမေလား”

ကောင်းမင် မရေမရာ မေးလိုက်သည်။ ယန်ယုက ဘာမှမပြောသေးသော်လည်း ထိုအမျိုးသားက ရူးသွပ်စွာ ခေါင်းညိတ်ပြီးသား ဖြစ်နေသည်။‌

သူ့မျက်လုံးများက အနီရောင် မိုးကာအင်္ကျီနှင့် သားစားကြူးနတ်ဘုရားကြား လှည့်ပတ်ကစားလိုက်သည်။ ထိုအမျိုးသားသည် ပါးနပ်စွာဖြင့် လက်နက်ချရန် ရွေးချယ်လိုက်သည်။ သူသည် ဆယ်စုနှစ်များစွာ စကားမပြောဖူးသည့်အလား အချိန်အတော်ကြာအောင် တီးတိုးရေရွတ်နေခဲ့သည်။ နောက်ဆုံးတွင် သူက ရေရွက်လိုက်သည်။

“ငါ… ငါ မင်းကို မြင်ဖူးတယ် ၊ မင်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်”

“ကျွန်တော့်ကို မြင်ဖူးတာလာား”

ကောင်းမင်တွင် ယန်ယုမိသားစု၏ မှတ်ဉာဏ်များမရှိခဲ့ပေ။

ထိုလူက သူ့ဘေးရှိ တွန်းလှည်းကို တိုက်မိလိုက်သည်။ တွန်းလှည်းပေါ်ရှိ ပစ္စည်းများမှာ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။သူ့သန္ဓေပြောင်းလက်မောင်းများဖြင့် နှလုံးမရှိသော အလောင်းတစ်လောင်းကို ကောက်ယူလိုက်သည်။

“မင်းက အလောင်းတစ်လောင်းဘေးမှာ လဲနေခဲ့တာ ၊ အဲ့ဒီအလောင်းကို ငါ ခုထိ ရှာမတွေ့သေးဘူး”

“သူ လိမ်ပြောနေတာတော့ မဖြစ်နိုင်ဘူး ၊ ရှင် ကျွန်မနဲ့ မတွေ့ခင်က လီစန်းဆေးရုံကို ရောက်ခဲ့ဖူးတယ်”

ရွှမ်ဝမ်သည် စိတ်ရောဂါ အကြံဉာဏ်ပေးခန်းတွင် လုဇန်နှင့် ကောင်းမင်တို့ကြားရှိ မှတ်တမ်းများကို မြင်ဖူးခဲ့သည်။

“ကျွန်တော်က အလောင်းတစ်လောင်းဘေးမှာ လဲနေခဲ့တာလား!”

ကောင်းမင်က ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိလိုက်သည်။

“အဲ့ဒီအလောင်းက လူနာလား ၊ သူက သူ့ကိုယ်သူ မေးခွန်းလို့ ခေါ်ခဲ့သလား”

“ငါ မမှတ်မိဘူး ၊ သူ အခန်း ၇၀၀၃ မှာ နေတယ်ဆိုတာပဲ ငါသိတယ် ၊ ငါ သူ့ကို ရှာနေခဲ့တာ”

ထိုလူက သူ့လည်ပင်းပေါ်ရှိ ဧရာမဒဏ်ရာကြီးကို ထောက်ပြလိုက်သည်။

“ဒါက သူ့ကို ဆုံးရှုံးသွားလို့ ဆရာဝန်တွေ ငါ့ကို ပေးခဲ့တဲ့ ပြစ်ဒဏ်ပဲ”

“အခန်း ၇၀၀၃ က လူနာက မေးခွန်းဖြစ်ရမယ် ၊ ငါ့နောက်ဆုံးမှတ်ဉာဏ်ထဲမှာ ငါ သူ့နဲ့အတူ ရှိနေခဲ့တယ် ၊ ဒါပေမဲ့ သူ အိပ်မက်ထဲကနေ မနိုးသေးဘူးလား ၊သူက ဘာလို့ အလောင်းဖြစ်သွားတာလဲ”

ကောင်းမင်သည် ထွက်သွားရန် ဇောသန်နေသောကြောင့် ထိုအရာများကို စဉ်းစားရန် အချိန်သိပ်မရခဲ့ပေ။

“လီစန်း ဆေးရုံထဲက နတ်ဘုရားရုပ်ထုတွေ နိုးသွားခဲ့ပြီ ၊ ဒီနေရာက မကြာခင် ဖျက်ဆီးခံရတော့မှာ ၊ ခင်ဗျား ထွက်ပေါက်ကို သိရင် ကျွန်တော်တို့ အတူတူ ထွက်သွားလို့ရတယ်”

“ဒေါက်တာလုက မင်း ဒီကို လာမယ်လို့ ပြောခဲ့တယ် ၊ ငါ မင်းအတွက် ထွက်ပေါက်ကို ဖွင့်ထားပြီးသားပါ”

ထိုလူက ထိုသို့ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ်မှာ မလှုပ်ရှားပေ။

“သူကပြောခဲ့တယ် ၊ မင်းက ငါ့ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ဆေးပစ္စည်းကို ဖယ်ရှားပေးနိုင်ပြီး ဆေးရုံရဲ့ ကျိန်စာကနေ လွတ်မြောက်အောင်လည်း ကူညီနိုင်တယ်တဲ့ “

“ဆေးပစ္စည်းကို ဖယ်ရှားပေးရမှာလား”

“ဟုတ်တယ် ၊ ငါက ဒါကို ပြောနေတာ”

ထိုအမျိုးသားသည် ဗီရိုထဲမှ လွှသွားပုံ ဓါးတစ်ချောင်းကို ထုတ်လိုက်သည်။ သူက သူ့လည်ပင်းမှ ပခုံးအထိ ရှည်လျားနေသော အမာရွတ်ကို ခွဲပစ်လိုက်သည်။ သူ့ရင်ဘတ်ထဲတွင် သံလှောင်အိမ်တစ်ခု တပ်ဆင်ထားလေသည်။ သူ၏ သန္ဓေပြောင်းနေသော နှလုံးသည် လှောင်အိမ်ထဲတွင် အတောင်ပံ တဖျတ်ဖျတ်ခတ်နေရှာသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

“ငါ ဒါကို ကိုယ့်ဘာသာ ဖယ်ရှားဖို့ ကြိုးစားဖူးပါတယ်၊ ဒါပေမဲ့ ငါ ဆေးပစ္စည်းကို ထိလိုက်တာနဲ့ ကျိန်စာသင့်နေတဲ့ ဆရာဝန်တွေ ရောက်လာတော့တာပဲ ၊ ဒီအရာကပဲ ငါ့ကို ဆေးရုံကနေ ထွက်လို့မရအောင် လုပ်ထားတာ”

အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ကောင်းမင်က သားစားကြူးနတ်ဘုရားအား ညှဉ်းပန်းနှိပ်စက်သည့် အခန်းတံခါးကို ဖွင့်ခိုင်းလိုက်သည်။ အခန်းပြည့်ရှိနေသော လူနာများ အံ့အားသင့်သွားကြသည်။သူတို့သည် ထိုအမျိုးသားနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့သည် တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ရင်း ရှုပ်ထွေးသွားခဲ့ကြသည်။

“လာ လာ ၊ ခွဲစိတ်စားပွဲပေါ် လှဲနေလိုက်”

ကောင်းမင်သည် လီစန်းဆေးရုံ၏ ခွဲစိတ်စားပွဲကို ခိုးယူထားခဲ့ခြင်းဖြစ်သည်။ သရဲဆရာဝန်နှစ်ဦးပင်လျှင် သူ့နှလုံးသားအတွင်း ရှိနေသေးသည်။ ထိုနှစ်ဦး၏ အကူအညီဖြင့် ထိုအမျိုးသား၏ ရင်ဘတ်ရှိ သံလှောင်အိမ်ကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။ ခွဲစိတ်မှုအား ကောင်းမင်၏ နှလုံးသားအတွင်း၌ ပြုလုပ်ခဲ့သောကြောင့် ကျိန်စာသင့် ဆရာဝန်များကို လှုံ့ဆော်မိခြင်းမရှိခဲ့ပေ။

ထိုအမျိုးသားသည် နီးကပ်လာသော လွတ်လပ်မှုအား မြည်းစမ်းရတော့မည်ကို စိတ်လှုပ်ရှားနေခဲ့သည်။ သူ့မျက်လုံးများက ရက်စက်ပြီး အန္တရာယ်ရှိသည့် အရိပ်အယောင် ဖြစ်လာခဲ့သည်။ လုဇန်၏ အစောင့်အဖြစ် ရွေးချယ်ခံရရန်အတွက် အမျိုးသားသည် ရိုင်းစိုင်းပြီး ရူးသွပ်နေရမည်ဖြစ်သည်။ ရူးသွပ်သူများကိုသာ လုဇန် သဘောကျပေလိမ့်မည်။

သံလှောင်အိမ်ကို တစ်ဝက်ခန့်သာ ဖယ်ရှားရသေးချိန်တွင် ကောင်းမင်က ဆရာဝန်များကို ရပ်တန့်ရန် ပြောလိုက်သည်။

“ဆေးရုံကနေ ထွက်သွားပြီးရင် ကျန်တာကို ခင်ဗျားဘာသာ ဆက်လုပ်လို့ရတယ်”

ထိုအမျိုးသားသည် မိုက်မဲသူ မဟုတ်ပေ။ သူက ကောင်းမင်အား ထွက်ခွာရန် နည်းလမ်းကို နာခံစွာ ပြောပြလိုက်သည်။

သူသည် သူ့ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာမှ အနံ့ဆိုးထွက်နေသော သော့တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ၎င်းအား ကောင်းမင်ထံသို့ ပစ်ပေးလိုက်ပြီးနောက် အလောင်းသေတ္တာများကို ညွှန်ပြလိုက်သည်။

“ထွက်သွားမယ့် တံခါးက စတုတ္ထတန်းရဲ့ စတုတ္ထသေတ္တာထဲမှာ ဝှက်ထားတယ်”

ကောင်းမင်က သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာအတွင်း၌ သွေးတံခါးတစ်ချပ် ရှိနေသည်။ ၎င်းကို ပူနွေးနေသော သွေးများဖြင့် ဖုံးလွှမ်းထားသည်။

“ငါ မင်းအတွက် ယဇ်ပူဇော်တာ လုပ်ထားပြီးပြီနော်”

ထိုအမျိုးသားက ရယ်မောလိုက်သည်။ သူသည် ယဇ်ပူဇော်မှုကို သဘောကျပုံရသည်။

သော့အား သော့ပေါက်ထဲသို့ ထိုးထည့်လိုက်သည်။ ခြောက်ခြားဖွယ် လေပြေသည် တံခါးအပြင်ဘက်မှ တိုက်ခတ်လာ၏။ အရိပ်များသည် တံခါးထံ အရူးအမူး စုဝေးလာကြသည်။

“နောက်ဆုံးတော့ ငါတို့ ထွက်သွားလို့ ရပြီ”

ကောင်းမင်သည် သားစားကြူးနတ်ဘုရားနှင့် အနီရောင် မိုးကာအင်္ကျီကို ညှဉ်းပန်းနှိပ်စက်သည့်အခန်းသို့ ပြန်သွားစေလိုက်သည်။ သူနှင့် ရွှမ်ဝမ်တို့ လွှတ်မြောက်သွားလေပြီ။

အရိပ် မပျံ့လွင့်မီ ကောင်းမင်က တံခါးကို ပိတ်လိုက်သည်။

တံခါးအတွင်းဘက်တွင် သေဆုံးနေသော အရိပ်ကမ္ဘာရှိသည်။ တံခါးအပြင်ဘက်တွင် သူ ကြီးပြင်းလာခဲ့သော ဟန်ဟိုင်းရှိသည်။ ထိုည၏ အတွေ့အကြုံက သူ၏ ကမ္ဘာ့အမြင်ကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ သူသည် လက်တွေ့ဘဝသို့ ပြန်ရောက်လာသည့်တိုင် မသက်မသာ ခံစားနေရလေသည်။

“စုံစမ်းစစ်ဆေးရေးဌာနနဲ့ ငါ့ကြားက ရန်ငြိုးက ရှိနှင့်ပြီးသားပါပဲ”

သူသည် လုံခြုံရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကို သတ်ခဲ့ပြီးနောက် သွယ်ဝိုက်သောနည်းဖြင့် အဖွဲ့နှစ်ဖွဲ့ကို သေဆုံးစေခဲ့သည်။ ကျန်ရှိသော အဖွဲ့ခုနစ်ဖွဲ့ကိုလည်း သူထိခိုက်စေခဲ့သည်။ အရိပ်ကမ္ဘာထက် လုံခြုံရေးဌာနကို ပိုမိုပျက်စီးစေခဲ့သူမှာ သူဖြစ်ပေသည်။

“ရွှံ့ရုပ်ထုတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ထွက်လာတဲ့အခါကျရင် လီစန်းဆေးရုံက အဆင့်ငါး မူမမှန်မှု ဖြစ်လာလိမ့်မယ်လို့ ကျွန်မ ယူဆတယ်”

ရွှမ်ဝမ်သည် ရွှံ့ရုပ်ထုများ ဤမျှ ကြောက်စရာကောင်းသည်ကို မသိခဲ့ပေ။ သို့သော် ၎င်းတို့၏ တည်ရှိမှုအပေါ် အခြေခံ၍ ဟန်ဟိုင်းတွင် မည်သူကမှ သူတို့အား ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။

“အရင်ပြန်သွားပြီး ကျန်းတင်းကို အသင့် ဖြစ်နေဖို့ သတင်းပို့လိုက်ပါ ၊ ဒါ့အပြင် ရေသေဖိုရမ်ကတစ်ဆင့် ခြောက်ခြားဂိမ်း နောက်ဆုံးစည်းကမ်းချက်တွေကို မင်းထုတ်ပြန်ပေးဖို့ လိုလိမ့်မယ် ၊ ကိုယ်တို့ မြို့သားတွေကို တတ်နိုင်သမျှ များများရှင်သန်အောင် ထားဖို့ ကြိုးစားရမယ်”

ကောင်းမင်က အချိန်ကို ကြည့်လိုက်သည်။

“မိုးက ခုထိ လင်းနေတုန်းပဲ ၊ ကိုယ် ရှရန်ကို တခြားမြို့နေရာတွေဆီ ခေါ်သွားလိုက်မယ်”

All Chapters