← Chapters

မြို့တော်အသစ်

Vol. 20 Ch. 294

မြို့တော်အသစ်

Vol. 20 Ch. 294

“ဂရုစိုက်ပါ “

ရွှမ်ဝမ်သည် ကောင်းမင်အား တစ်ခုခုထပ်ပြောချင်နေသော်လည်း နောက်ဆုံးတွင် ဆိတ်ဆိတ်သာနေလိုက်သည်။သူမက မျက်မမြင်လူအား ထူမပေးလိုက်ပြီး ကောင်းမင်နှင့်အတူ အရှေ့ဘက်အဆောက်အအုံဆီသို့ လိုက်ပါသွားလိုက်သည်။

အဖွဲ့တစ်ခေါင်းဆောင်သည် ခြောက်ခြားဂိမ်းကစားသမားများ အားလုံးကို မသတ်ဖြတ်ခဲ့ပေ။သူတို့သာ ထောင်ချောက်မိမနေခဲ့ပါက သူသည် ထိုအခွင့်အရေးကို သုံး၍ စုံစမ်းစစ်ဆေးရေးဌာန၏ အထင်အမြင်ကို တိုးတက်စေလိမ့်မည်ဖြစ်သည်။ကံမကောင်းစွာပင် ဤလောက၌ အကယ်၍ ဟူသည်မှာ မရှိပါပေ။

ရွှမ်ဝမ်ပြုလုပ်ပေးထားသည့် မျက်နှာဖုံးကို ပြန်တပ်လိုက်ပြီး ကောင်းမင်က အရှေ့ဘက်အဆောက်အအုံထဲတွင် သားစားကြူးနတ်ဘုရားကို ဆင့်ခေါ်လိုက်သည်။သူက ပေါ်ပေါ်ထင်ထင်ဟိန်းဟောက်လိုက်သည်။နောက်တန်းတွင် အစောင့်အကြပ်အဖြစ် ကျန်ရစ်ခဲ့သော လုံခြုံရေးအဖွဲ့ဝင်များ အပြေးအလွှားရောက်လာကြသည်။သို့သော်လည်း သူတို့သည် သားစားကြူးနတ်ဘုရားအား မယှဉ်နိုင်ကြချေ။ခြောက်ခြားဂိမ်းကစားသမားများ၏ အကြည့်နှင့်အတူ သားစားကြူးနတ်ဘုရားသည် လူသားနှင့် သရဲများကို တားဆီးထားလေသည်။သူ့တည်ရှိမှုသည် ကြောက်စရာအကောင်းဆုံး ခြောက်ခြားဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတော့သည်။

“ကပ်ဆိုးကြီး ရောက်လာနေပြီ ၊ ဘယ်သူမှ ဘဲတွေလို ထိုင်စောင့်နေမှာမဟုတ်ဘူး ၊ ငါတို့က ငါတို့ ကာကွယ်လိုတဲ့ အရာတွေကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းတွေ အသုံးပြုနေကြရုံပါပဲ “

နတ်ဘုရား၏ ပခုံးပေါ်တွင် မတ်တပ်ရပ်နေသည့် ကောင်းမင်သည် မျက်နှာအများအပြားကို ကြည့်ရှုလိုက်သည်။ခြောက်ခြားဂိမ်းကစားသမားတို့သည် ယခုထိတိုင် အားနည်းနေဆဲပင် ဖြစ်သည်။သို့ရာတွင် သူတို့အား ကြီးထွားချိန်ပေးလိုက်မည်ဆိုပါက သူတို့ထဲမှ အချို့သည် နိုးထလာသည့် လောကကြီးကို မြင်နိုင်ကြလိမ့်မည်မှာ သေချာပေသည်။

“မူမမှန်ဖြစ်ရပ်တွေဟာ လွန်ခဲ့သည့်နှစ်ဝက်ခန့်က ရှင်းလုမှာ စတင်ပေါ်ပေါက်လာခဲ့တယ် ၊ စုံစမ်းစစ်ဆေးရေးဌာနက ဒီအကြောင်းတွေကို ငါတို့ထက် စောပြီးသိခဲ့တာပဲ ၊ ဒါပေမယ့်လည်း သူတို့က နောက်ထပ်လျှို့ဝှက်ထားလို့ မရတော့တဲ့အထိ လျှို့ဝှက်ထားဖို့ပဲ ရွေးချယ်ခဲ့ကြတယ်”

အသွေးအသားနာကြည်းခြင်းအခန်းသည် မြေပြင်အား ယိုယွင်းပျက်စီးစေခဲ့သည်။အဆုံးမရှိသည့် ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာတို့သည် သူ၏ နှလုံးသားထဲတွင် တိုက်ခိုက်မိနေကြသည်။ကောင်းမင်၏အသံသည် ဩဇာကြီးမားပြီး ဖိနှိပ်မှု ရှိသည်။

“ငါဟာ ဘယ်တုန်းကမှ ဘာကိုမှ ဖြုတ်ချချင်တာမဟုတ်ခဲ့ဘူး ၊ ငါတို့ဟာ ချောင်ပိတ်မိနေကြတာဖြစ်တယ် ၊ အမှောင်ထု နဲ့ သေခြင်းတရားကြားကို ငါတို့ရွေးချယ်မှ ရမယ် “

“မူမမှန်မှုကို သတ်ပစ်နိုင်မယ့် နည်းလမ်းက တစ်ခုတည်းပဲ ရှိတယ် ၊ အဲ့တာက ကိုယ်တိုင်မူမမှန်မှုတစ်ခု ဖြစ်လာဖို့ပဲ ၊ ဖော်မပြနိုင်တဲ့ နာကျင်မှုဝေဒနာတွေကို မင်းတို့ တွေ့ကြုံခံစားခဲ့ရပြီးရင် မင်းတို့ဟာ မင်းတို့ နှလုံးသားထဲမှာ ပုန်းကွယ်နေသည့် မကောင်းဆိုးဝါးကို ထုတ်လွှတ်ရလိမ့်မယ် “

“ဘယ်သူကမှတော့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ချင်မှာ မဟုတ်ဘူး ၊ဒါပေမယ့် မင်းတို့ နေရောင်ကို ပြန်မြင်ချင်တယ်ဆိုရင် ဒါက တစ်ခုတည်းသော ရွေးချယ်မှုပဲ “

“ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးရေးဌာနရဲ့ အမြင်မှာတော့ မင်းတို့ဟာ သရဲတွေနဲ့ မကွာခြားဘူး ၊ မင်းတို့ဟာ သုတ်သင်ဖယ်ရှားခံရလိမ့်မယ် ၊ ဒါက ငါတို့တည်ရှိမှုရဲ့ ရည်ရွယ်ချက်ပဲ ၊ ငါတို့ဟာ ဟန်ဟိုင်းကို အဖြေအသစ်တစ်ခု ပေးမယ် ၊ ငါတို့ကိုယ်တိုင် ငါတို့လက်နဲ့ ရေးသားထားတဲ့ အဖြေတစ်ခု ပဲ”

ကောင်းမင်က အချိန်ကို တွက်ချက်လိုက်သည်။ဆေးရုံအရှေ့တံခါးဆီသို့ သူလျှောက်သွားလိုက်ပြီး သားစားကြူးနတ်ဘုရားက လက်ရှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။မိုးကြိုးသံ ဟိန်းထွက်လာချိန်တွင် သားစားကြူးနတ်ဘုရားသည် ဆေးရုံတံခါးကို ဖွင့်လိုက်သည်။

“ဒီနေရာက ထွက်သွားကြတော့ ၊ ပိုများတဲ့ မူမမှန်ဖြစ်ရပ်တွေကို တွေ့ကြုံခံစားကြည့်ကြ ၊ မင်းတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ရှင်သန်နိုင်အောင် ကြိုးစားကြ ၊ မင်းတို့ရဲ့ ကံကြမ္မာကို မင်းတို့ရဲ့လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားကြပါ”

ညရောက်လာခဲ့သည်။ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် တံခါးအပြင်ဘက်သို့ ပျောက်ကွယ်သွားတော့သည်။

ခြောက်ခြားဂိမ်းကစားသမားတို့သည် ချက်ချင်း ပြန့်ကျဲသွားကြသည်။ရွှမ်ဝမ်က သူတို့ကြား ရောနှော၍ မြို့ဟောင်းဆီသို့ ဦးတည်သွားလိုက်သည်။

. ………………

ဖန်ခွက်ကား မြေပြင်ပေါ် ပေါက်ခွဲခံလိုက်ရ၏။ချွန်ထက်နေသည့် အပိုင်းအစများ နေရာအနှံ့ ပျံကျဲသွားသည်။ကျင်းထောင်ရှန်းသည် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနအတွင်းရှိ ဖန်သားပြင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။သူ၏ လက်အိတ်ကား ပြတ်ရှသွား၏။ သူ့လက်ချောင်းထိပ်အား သွေးများ စွန်းထင်းနေသည်ကိုပင် သတိမထားမိတော့ချေ။

“ရှင်းလုက လုံခြုံရေးအဖွဲ့ ကိုးဖွဲ့လုံး ငါတို့နဲ့ အဆက်အသွယ် ပြတ်သွားပြီ…”

နေ မထွက်သေးပေ။သို့သော်လည်း အစည်းအဝေးခန်းထဲရှိ မည်သူတစ်ဦးတစ်ယောက်မျှ ငိုက်မြည်းမနေကြပေ။ပြောရလျင် သူတို့၏ အာရုံကြောများ တင်းမာနေကြလေသည်။

တားမြစ်ဂိမ်းမှ လုံခြုံရေးအဖွဲ့ဝင်တို့သည် ဌာနချုပ်၏ အားအကိုးရဆုံး ဝှက်ဖဲကတ်များ ဖြစ်ကြသည်။သို့သော်လည်း အဖွဲ့နှစ်ဖွဲ့သည် ပိတ်မိနေပြီး ပထမဆုံးနေ့၌ပင် အဖွဲ့ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခြင်း ခံခဲ့ရကာ စစ်ကူရောက်လာသည့် ခုနစ်ဖွဲ့မှာ ဒုတိယနေ့တွင် ပျောက်ဆုံးသွားခဲ့ကြသည်။

“သူတို့က မူမမှန်ဖြစ်ရပ်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ရောက်သွားတာဖြစ်လို့ သူတို့ရဲ့ ဆစ်ဂနယ်တွေ ပြတ်တောက်သွားတာ ဖြစ်နိုင်တယ်”

စန်းကွမ်းသည် ဟန်ဟိုင်း၏ အတွေ့အကြုံရှိသည့် ဒု-ကပ္ပတိန်တစ်ဦး ဖြစ်သည်။သူသည် သက်တမ်းအရင့်ဆုံး အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သဖြင့် စကားပြောဝံ့ပေသည်။

“ဝမ်ကျားမှာ သွေး၊ကျိန်စာနဲ့ သက်ရှိခန္ဓာကိုယ်တွေကို အသုံးပြုတဲ့ သူ့ကိုယ်ပိုင် ဆက်သွယ်ရေးနည်းလမ်း ရှိတယ် ၊ သူတို့ထဲက ဘယ်သူပဲ မူမမှန်ဖြစ်ရပ်ထဲဝင်ဝင် သူတို့က အပြင်မှာ စောင့်ကြည့်ဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့ဝင်တွေကို ချန်ထားခဲ့ကြမှာပဲ ၊ သူတို့က မူမမှန်မှုတွေ ရာနှင့်ချီ အတွေ့အကြုံခဲ့ရှိခဲ့ပြီးပြီပဲလေ ၊ သူတို့က ဒီလိုအခြေခံကျတဲ့ အရာမျိုးကို ရှုပ်ထွေးအောင် လုပ်မှာ မဟုတ်ဘူး”

ကျင်းထောင်ရှန်း၏ မျက်နှာသည် ထိတ်လန့်စရာကောင်းလောက်အောင် ဖြူဖျော့နေလေသည်။

“တစ်ဖွဲ့လုံး အဆက်အသွယ်ပြတ်သွားတာ…ဒါက အနည်းဆုံးတော့ ဝမ်ကျားရဲ့ အဖွဲ့က ပိတ်မိနေပြီး အပြင်မှာ ကျန်ခဲ့သည့် ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့တွေဟာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဆိုလိုတာပဲ”

“ခြောက်ခြားဂိမ်းကစားသမားတွေက ဘာလို့ ဒီလောက် အရမ်းအစွမ်းထက်နေရတာလဲ”

“လီစန်းဆေးရုံကို လူတွေ အခု လွှတ်လိုက်! မြို့ဟောင်းဆိုတာ လူဦးရေ အများဆုံးပဲ ၊ လီစန်းဆေးရုံကို ဒုတိယ ဟန်သဲ့ကျောင်း ဖြစ်ခွင့် မပေးနိုင်ဘူး ၊ အန္တရာယ် အရမ်းမြင့်တဲ့ မူမမှန်ဖြစ်ရပ်နှစ်ခုကို တစ်ပြိုင်တည်း ဖြေရှင်းဖို့က ငါတို့အတွက် အရမ်းခက်ခဲသွားလိမ့်မယ်!”

ကျင်းထောင်ရှန်း၏ သွေးများသည် သူ့လက်အိတ်မှ စိမ့်ထွက်လာလေသည်။သူ သွေးကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများရှုံ့မဲ့သွားပြီး သူ့အသံက ပိုစူးရှလာသည်။

“ကေ အသတ်ခံလိုက်ရတယ် ၊ ဝမ်ကျားရဲ့ အဖွဲ့တွေ ပျောက်ဆုံးနေတယ် ၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ကျောပေါ်ကို လက်တစ်စုံက ဖိထားပြီး ငါတို့ကို ချောက်ထဲ တွန်းချဖို့ ကြိုးစားနေသလို ငါခံစားရတယ်”

“တရားခံက စုံစမ်းစစ်ဆေးရေးဌာနကို သိတယ် ၊ ရှင်းလုမှာရှိတဲ့ တားမြစ်ဂိမ်းထဲ လေ့ကျင့်နေတဲ့ လုံခြုံရေးအဖွဲ့တွေကိုတောင် သိတယ် ၊ ဒါက ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပဲ”

စန်းကွမ်းသည် တုံ့ဆိုင်းနေ၏။

“လီစန်းဆေးရုံဆိုတာ တစ်ချိန်က စီတုအန်း အလုပ်လုပ်ခဲ့သည့် နေရာပဲ ၊ ပြီးတော့ သူက လက်ရှိမှာ ပျောက်နေတယ် ၊ သူက တရားခံ ဖြစ်နေနိုင်မလား”

“သူက သေဟန်ဆောင် ထွက်ပြေးခဲ့ပြီး မြို့သားတွေရဲ့ စုံစမ်းစစ်ဆေးရေးဌာနအပေါ် ယုံကြည်မှုကို ဖျက်ဆီးဖို့ သူရဲ့နောက်ဆုံးစကားတွေကို အများပြည်သူရှေ့ ဖော်ထုတ်ခဲ့တယ် ၊ အဲဒီနောက် မြို့တော်အရှေ့ပိုင်းမှာ ခြောက်ခြားဂိမ်းကစားသမားတွေ အုပ်စုလိုက် ပေါ်လာကြတယ် ၊ သူက နောက်ထပ်ပစ်မှတ်က ဌာနချုပ်လား ၊ ကျုပ် ထင်တာကတော့ သူကဒီထက် ပိုဆိုးတာတစ်ခုခုကိုတောင် လုပ်လိမ့်မယ်”

လူတိုင်း ချွေးအေးများ ပျံကုန်ကြသည်။သူတို့ စီတုအန်းနှင့် အလုပ်လုပ်ခဲ့စဉ်က သူ့အား ထိုမျှထူးခြား မည်ဟု မထင်ခဲ့ကြပေ။သို့သော်လည်း သူ ‘သစ္စာဖောက်’ပြီးသည့်နောက် သူ မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ သဘောပေါက်လာကြသည်။

“သူက တကယ်ပဲ ဒီနောက်ကွယ်မှာ ရှိနေတယ်ဆိုရင် ဒီအရာအားလုံးကို လုပ်ဖို့အတွက် သူ့မှာ ပန်းတိုင်တစ်ခု ရှိရမယ်…”

ကျင်းထောင်ရှန်းက ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။သူ၏ သွေးစွန်းနေသည့် လက်အိတ်သည် ခလုတ်များကို ထိန်းချုပ်လိုက်သည်။ ဖန်သားပြင်ပေါ်၌ မြောက်ဘက်ဆိပ်ကမ်းမြို့ရှိ စုံစမ်းစစ်ဆေးရေးဌာန အဆောက်အအုံတစ်ခု ပေါ်လာခဲ့သည်။ကပ်ဆိုးကြီးအား ကိုင်တွယ်ဖြေရှင်းရန်အတွက် စုံစမ်းစစ်ဆေးရေးဌာနသည် သီးခြားဖြစ်နေသည့် မြောက်ဘက်ဆိပ်ကမ်းမြို့အနီးတွင် မြို့တော်အသစ်တစ်ခုကို တည်ဆောက်ခဲ့သည်။မြို့တော်အသစ်ထဲမှ အဆောက်အဦးအားလုံးသည် ကပ်ဆိုးကြီးအား ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။သုတေသနဌာနများနှင့် မူမမှန်ဖြစ်ရပ်များမှ ထုတ်ယူထားသည့် ပစ္စည်းများကို ထိုနေရာတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။

မြောက်ဘက်ဆိပ်ကမ်းမြို့သစ်တွင် သုတေသနစင်တာများသာမကပဲ ဟန်ဟိုင်ဌာနချုပ်၏ အဆင့်မြင့်ဆုံး အကြီးအကဲများနှင့် သူတို့၏ မိသားစုဝင်များလည်း ရှိသည်။ဌာနချုပ်၏ စည်းမျဉ်းများအရ မူမမှန်ဖြစ်ရပ်များ၌ ပါဝင်ကူညီခဲ့သူများသာ သူတို့ မိသားစုများကို မြို့တော်အသစ်တွင် နေထိုင်ရန် ပို့ဆောင်ခွင့်ရှိသည်။မြို့တော်အသစ်သည် နောဧသင်္ဘောကဲ့သို့ ဖြစ်သည်။စုံစမ်းရေးမှူး အများအပြားသည် သင်္ဘောလက်မှတ်များအတွက် သူတို့၏ အသက်များကို စွန့်စား၍ မူမမှန်ဖြစ်ရပ်ထဲသို့ ဝင်ခဲ့ကြသည်။

“ဒီ အရူးကတော့…”

…………………

မုန်တိုင်းမှာ ရပ်တန့်သွားခဲ့သည်။ညအမှောင်မှေးမှိန်မသွားမှီ ကောင်းမင်သည် မြို့တော်အရှေ့ပိုင်း၏ ပိုဝမ်ရွာသို့ ရောက်လာခဲ့သည်။ရွာသည် နက်ရှိုင်းသည့် တောင်တန်းပေါ်တွင် ဝှက်ထားခြင်း ဖြစ်သည်။ထိုနေရာတွင် ထူးဆန်းသည့် အဖြစ်အပျက်များ အများအပြား ဖြစ်ပွားခဲ့သည်။လုံခြုံရေးအဖွဲ့ဝင်များ သူ့နောက် လိုက်လာလျှင်တောင်မှ ကောင်းမင်သည် သူတို့အား ရှောင်ရှားနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ကောင်းမင်က ဆေးခန်းလိုက်ကာကို ဆွဲဖွင့်လိုက်သည်။သူက ရိုးရှင်းသည့် အစားအစာအချို့ကို စားသောက်လိုက်သည်။ထို့နောက် သူသည် သားစားကြူးနတ်ဘုရားအား ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲမှ ရှရန်ကို ပစ်ထုတ်ခိုင်းလိုက်သည်။

All Chapters