လူဆယ့်နှစ်ယောက်
Vol. 20 Ch. 295
“ဆရာရှ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ”
ကောင်းမင်က နံရံကို မတ်လိုက်သည်။ နံရံပေါ်ရှိ ပန်းချီဆွဲထားသည့် အမျိုးသမီး၏ ခြေလက်များကို သံချွန်များဖြင့် ရိုက်နှက်ထားပြီး သူမသည် နွမ်းနယ်နေပုံရသည်။
“ငါ မင်းကို ကယ်ဖို့အတွက် သူတို့ကို လှည့်စားပြီး တမင်တကာ အဖမ်းခံခဲ့တာလို့ ပြောရင် မင်း ယုံပါ့မလား”
ရှရန်၏ အပြုံးသည် သူ၏ ဖိုသီဖတ်သီဖြစ်နေနေပုံနှင့် မလိုက်ဖက်ပေ။
“ဒါပေမဲ့ အဲဒါက အမှန်တရားပဲကွ ၊ အရာအားလုံးက ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ ၊ ပန်းချီဆရာကောင်းတစ်ယောက်ဟာ ပထမဆုံး စုတ်ချက်ကို မဆွဲခင် ပန်းချီကားတစ်ချပ်လုံးကို သူ့စိတ်ထဲမှာ အပြီးသတ်ထားပြီးသား ဖြစ်ရမယ်လေ”
“ဒါဆို ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်သင့်လား”
“ငါက မင်းပဲ မင်းက ငါပဲ ၊ ကျေးဇူးတင်စရာ မလိုပါဘူး”
ရှရန်သည် နံရံထဲတွင် ပိတ်မိနေပြီး သူ့စွမ်းအားကို မသုံးနိုင်ပေ။ ရှရန်က ဒီလောက်တောင် ခေါင်းမာပြီး ကလေးဆန်လိမ့်မယ်လို့ ကောင်းမင် မထင်ခဲ့မိပေ။ တစ်ချိန်တုန်းက ကမ္ဘာပေါ်က အကောင်အကြီးဆုံး နတ်ဆိုးကို သူဘယ်လိုများဖြစ်ခဲ့တာလဲ။
“နေထွက်လာတော့မယ် ၊ မင်း ငါ့ကို မြန်မြန်လွှတ်ပေးသင့်တယ်လို့ ငါ အကြံပေးချင်တယ် ၊ လုံခြုံရေးအဖွဲ့ဝင်တွေမှာ ထူးဆန်းတဲ့ စွမ်းအားတွေ ရှိတယ် ၊ သူတို့ ဒီနံရံကို ခြေရာခံနိုင်တယ်”
ရှရန်က ကြင်နာသည့်လေသံဖြင့် ပြောသည်။
“ခင်ဗျား မှန်တယ်”
ကောင်းမင်သည် ပင်ပန်းနွမ်းနယ်နေသည့် သားစားကြူးနတ်ဘုရားကို လွှတ်ပေးလိုက်ပြီး ထိုနံရံကို ထမ်းခိုင်းလိုက်သည်။
ရှရန်သည် သားစားကြူးနတ်ဘုရားပေါ်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲကို အာရုံခံမိသည်။ ဖိနှိပ်နိုင်သော စွမ်းအားသည် သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။
“မင်း ငါ့ကို ဘယ်ခေါ်သွားဖို့ စီစဉ်ထားတာလဲ”
“ရောက်ရင် သိပါလိမ့်မယ်”
သားစားကြူးနတ်ဘုရားနှင့် ကောင်းမင်တို့သည် ပိုဝမ်ရွာ၏ အတွင်းပိုင်းသို့ ဦးတည်လိုက်ကြသည်။ ထိုရွာတွင် ထူးဆန်းသောအဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။ ၎င်းသည် ဥပဒေမဲ့သောနယ်မြေတွင် တည်ရှိပြီး စီတုအန်း၏ တမင်တကာ ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ရွာသည် အိုးမဲ့အိမ်မဲ့များနှင့် ရာဇဝတ်သားများ ပုန်းအောင်းရာနေရာ ဖြစ်လာခဲ့သည်။ ရွာသူရွာသားအများစုသည် အစွန်အဖျားတွင်သာ နေထိုင်ကြသည်။ တောင်ပေါ်သို့ နက်ရှိုင်းစွာ ဦးတည်သွားလေ၊ ပို၍ အန္တရာယ်များလေ ဖြစ်သည်။
“ဟေ့!”
ကြမ်းတမ်းသော အသံတစ်ခုက တစ်နေရာရာမှ ထွက်ပေါ်လာ၏။
“ညီကို၊ ငါတို့ကို ပိုက်ဆံနည်းနည်းလောက် ချေးပေးနိုင်မလား ၊ ငါတို့လည်း မင်းကို မနာကျင်စေချင်ပါဘူးကွ”
ကောင်းမင်က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ စုတ်ပြတ်နေသည့် အဝတ်အစားများဝတ်ဆင်ထားသော လူနှစ်ဦးသည် သစ်ပင်များကြားမှ ထွက်လာကြသည်။ တစ်ယောက်သည် သံချေးတက်နေသည့် ပုဆိန်တစ်လက်ကို ကိုင်ထားပြီး ကျန်တစ်ယောက်က သေနတ်တစ်လက်ဖြင့် ကောင်းမင်၏ ခေါင်းကို ချိန်ထားလေသည်။
“မင်းရဲ့ အတွင်းခံအပါအဝင် မင်းရဲ့အဝတ်အစားတွေ အားလုံး ချွတ်လိုက်စမ်း ၊ မြန်မြန်လုပ်!”
ပုဆိန်ကိုင်ထားသည့်လူက ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
“ငါတို့ စကားကို နားထောင်ရင် မင်းကို မထိခိုက်စေရဘူး!”
သားစားကြူးနတ်ဘုရားသည် မည်သည့်အန္တရာယ်မှ မခံစားမိသောကြောင့် ကောင်းမင်အား သတိမပေးခဲ့ချေ။
“ကောင်းပြီလေ”
ကောင်းမင်သည် သူတို့နှစ်ဦးနောက်ကို ကြည့်လိုက်ချိန်တွင် သူ့လက်များသည် အင်္ကျီကြယ်သီးထိပ်သို့ ရောက်နေပြီဖြစ်သော်လည်း ရုတ်တရက် သူ့မျက်စိများက အကြောက်တရားဖြင့် တုန်လှုပ်သွားသည်။
“ဒီလိုလှည့်ကွက်တွေက ငါတို့အပေါ် အလုပ်မဖြစ်ဘူးကွ!”
ထိုလူနှစ်ဦးသည် ကျောချမ်းသွားသည်ကို ခံစားလိုက်ရသည်။ ပုဆိန်ကိုင်ထားသည့်လူသည် သူ့ခေါင်းကို မော့ကြည့်လိုက်ရာ ပုဆိန်က မြေပေါ်သို့ ပြုတ်ကျသွားလေသည်။ သူနှင့် သူ့တွဲဖက်သည် လက်များစွာဖြင့် ဆွဲမြှောက်ခံလိုက်ရပြီး လွင့်စင်သွားကြသည်။ ကြုံရာလူများကို ကောင်းမင် မသတ်ချင်ပေ။ သူသည် စုံစမ်းစစ်ဆေးရေးဌာနအား လမ်းကြောင်းလွှဲချင်သောကြောင့် ထိုရာဇဝတ်သားများကို လိုအပ်ပေသည်။
“တောင်နက်ထဲက စွန့်ပစ်ထားတဲ့ရွာ၊ ယဇ်ပလ္လင်အဖြစ် ပြောင်းလဲထားတဲ့ သန်းခေါင်ယံ ဆေးရုံ၊ ရှင်သန်ဖို့အတွက် စည်းကမ်းတွေကို လိုက်နာရမယ့် ကျောင်း... ဟန်ဟိုင်းမြို့က သရဲမြို့တော်ဂိမ်းတစ်ခုလို ပိုပို ဖြစ်လာနေပြီပဲ”
တောင်ပေါ်တွင် လမ်းများ မရှိပေ။ ရံဖန်ရံခါ စွန့်ပစ်ထားသည့် အိမ်တစ်လုံးနှစ်လုံးရှိသော်လည်း ၎င်းတို့သည် မြက်ရိုင်းများဖြင့် ဖုံးလွှမ်းနေသည်။ ပိုင်ရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ထွက်ခွာသွားကြပြီ ဖြစ်သည်။ပရိဘောဂဟောင်းများနှင့် အင်းဆက်ပိုးကောင်သေများသာ ကျန်ရစ်တော့သည်။
“ဒီနေရာက သစ်ပင်တွေက အရမ်းသက်ဝင်နေပေမဲ့ ဘယ်သတ္တဝါအသံမှ ငါမကြားရဘူး ၊ တိရစ္ဆာန်တွေ အားလုံး ယဇ်ပူဇော်ခံထားသလို ခံစားရတယ်”
ရှရန်၏ အသံသည် နံရံထဲမှ ထွက်ပေါ်လာသည်။
“ဒါက ငါ့ကို သဘာဝရှုခင်းပန်းချီကားတစ်ချပ် ဆွဲချင်စိတ် ဖြစ်ပေါ်စေတယ်ကွာ”
ကောင်းမင်က ရှရန်ကို လျစ်လျူရှုလိုက်သည်။ သူသည် အိမ်ဟောင်းအများစု၏ အောက်ဘက်တွင် မီးဖိုအိုးများ ရှိနေသည်ကို သတိပြုမိသည်။ ထိုအိုးများထဲတွင် ဆံပင်ပြတ်များနှင့် ပိုက်ဆံစက္ကူပြာများ ရှိသည်။ ပြာများ လွင့်စင်သွားသောအခါ မီးမလောင်ခဲ့သည့် ဓာတ်ပုံအပိုင်းအစများ ကျန်ရစ်ခဲ့သည်။ ကောင်းမင်က အိမ်ဟောင်းအချို့ကို စစ်ဆေးကြည့်ရာ ဓာတ်ပုံများတွင် မတူညီသော လူများ ပါဝင်နေသည်ကို သိလိုက်ရသည်။ တူညီသည်မှာ လူ့မျက်နှာများအားလုံးကို တမင်တကာ မီးရှို့ဖျက်ဆီးထားခြင်းပင် ဖြစ်သည်။
“ဒီဓာတ်ပုံထဲက ရွာသားတွေက လီစန်းဆေးရုံက လုဇန်နဲ့ တူနေတယ်”
လုဇန်ကို ကောင်းမင် မြင်ဖူးသည်။ ထိုဆရာဝန်သည် အခြေအနေတချို့တွင် သူ့မျက်နှာပေါ်၌ နဂါးနှင့်တူသော အမာရွတ်များ ပေါ်လာတတ်သည်။
“ပိုဝမ်ရွာဟာ အမြဲတမ်း ဒီနာမည်ဖြစ်နေခဲ့တာ မဟုတ်ဘူး”
ရှရန်က နံရံအတွင်းမှ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ဒီရွာရဲ့နာမည်က ဒီနေရာကို ကျိန်စာသင့်နေတဲ့ပုံပဲ”
“ငါ တခြား ဘာမှမဆုံးဖြတ်ရသေးခင် ငါ့အတွက် စီတုအန်းချန်ထားခဲ့တဲ့ အရာတွေကို အရင် နားလည်အောင် လုပ်ဖို့ လိုတယ်”
ကောင်းမင်သည် နေရာတစ်ခုတည်းတွင် ကြာကြာမနေရဲပေ။ သူ လမ်းပျောက်လုနီးပါးမှသာ ရပ်တန့်လိုက်သည်။
“ငါတို့ ရှေ့ဆက်သွားလို့ မရတော့ဘူး”
သားစားကြူးနတ်ဘုရား၏ အခြေအနေက ကောင်းမင်ကို စိုးရိမ်စေသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က သူသည် နေရောင်ထဲတွင် ကြာကြာနေခဲ့မိ၍ ဖြစ်နိုင်သည်။ နတ်ဘုရား၏ မျက်နှာလေးခုမှာ မှုန်ဝါးလာပြီး သူ့လည်ချောင်းမှ ဟိန်းသံများ ပဲ့တင်ထပ်လာသည်။ သူသည် ချဉ်းကပ်လာသော တစ်စုံတစ်ခုကို သတိပေးနေပုံရသည်။
အန္တရာယ်သည် တိတ်ဆိတ်စွာ ချဉ်းကပ်လာချေသည်။ ကောင်းမင်က နံရံအပိုင်းအစကို ဖျက်ဆီးရန် အမိန့်ပေးလိုက်သည်။ အုတ်ခဲများ ပြိုကျသွားသည်။ ရှရန်ကို ထောင်ချောက်ဆင်ထားသည့် ပန်းချီကားသည် အရောင်များ ဖျော့သွား၏။ သံချောင်းများကို အသားထဲမှ ဆွဲထုတ်လိုက်သည်။ ထိုပန်းချီကားအမျိုးသမီးသည် မုန်းတီးမှုနှင့် နာကျင်မှုများဖြင့် ဖုံးလွှမ်းနေသည်။ သူမ မကွဲကြေသွားခင် သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အရာအားလုံးကို မှတ်သားထားလိုက်သည်။
“နောက်တစ်ခါကျရင် ငါ စုံစမ်းစစ်ဆေးရေးဌာနက လူတိုင်းကို ပုံဆွဲပစ်ရမယ်”
ရှရန်၏ လေသံသည် နွေးထွေးနေပြီး ထိုအမျိုးသမီး၏ ပုံတူကို ဖျက်ဆီးပစ်လိုက်တော့သည်။
“ပြန်လာခဲ့”
ရှရန်က ညှဉ်းပန်းနှိပ်စက်ခန်းသို့ ပြန်မသွားချင်သောအခါ ကောင်းမင်သည် သားစားကြူးနတ်ဘုရားဘက်သို့ အကူအညီမဲ့စွာ လှည့်လိုက်ရသည်။ သူတို့နှစ်ဦးစလုံးသည် ပုန်ကန်သည့် ကာလသို့ စတင်ရောက်ရှိနေပုံရသည်။
သွေးစွန်းမြို့တော်၏ လူသေဓာတ်ပုံကို မျိုချပြီးသည့် နောက်ပိုင်းမှစ၍ သားစားကြူးနတ်ဘုရားသည် ကိုယ်ပိုင်အသိစိတ်ကို စတင်ပြသလာခဲံသည်။ သို့မဟုတ် သူသည် အမြဲတမ်း ဟန်ဆောင်နေခဲ့ခြင်း ဖြစ်နိုင်ပါသည်။
“ငါတို့နှစ်ယောက် စကားကောင်းကောင်းပြောဖို့လိုနေပြီ”
ကောင်းမင်က သူ့ရင်ဘတ်ပေါ်သို့ လက်တင်လိုက်သည်။ သူ၏နှလုံးသားသည် နတ်ဘုရား၏ နှလုံးသားနှင့်အတူ ခုန်ပေါက်နေခဲ့သည်။ သူတို့၏ ကံကြမ္မာများသည် ဆက်နွှယ်နေခြင်းဖြစ်သည်။
“ဒီအခြေအနေကို ရောက်ဖို့ မင်းရဲ့အကူအညီကို ငါ ယူခဲ့ရတယ် ၊ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို အတိတ်နဲ့ အနာဂတ်ကနေ ပြန်စုဆောင်းဖို့ ငါ့ရဲ့သေဆုံးမှုတွေကို ထပ်ခါတလဲလဲ မလုပ်မချင်း မင်းရဲ့ ကံကြမ္မာကို လွတ်မြောက်နိုင်မှာဘူး”
သားစားကြူးနတ်ဘုရားသည် သစ်တောထဲတွင် ရပ်လိုက်သည်။ နေရောင်ခြည်သည် သစ်ပင်ထိပ်ဖျားမှတစ်ဆင့် သူ့အပေါ်သို့ ကျရောက်လို့ နေသည်။နေရာင်ခြည်သည် သွေးများဖြင့် တောက်ပနေလေသည်။ ကုန်းစီမှအပ ကျန်မျက်နှာသုံးခုက ဟိန်းဟောက်လိုက်ကြသည်။ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ ရှရန်နှင့် စီတုအန်းတို့သည် ရုတ်တရက် အော်ဟစ်လိုက်ကြသည်။ နတ်ဘုရား၏ နှလုံးသားမှ သွေးလိုင်းနှစ်ခု တွားသွားထွက်လာပြီး သူ(သားစားကြူးနတ်ဘုရား)၏ လက်မောင်းနှစ်ခုပေါ်ရှိ သွေးနီရောင်ပုံစံကွက်များကို လုံးဝနီမြန်းသွားစေသည်။ ၎င်းသည် နေရောင်ထဲ၌ ပင့်မြှောက်ထားသော သွေး မီးရှူးတိုင်နှစ်ခုကဲ့သို့ ဖြစ်သည်။ မျက်နှာလေးခုက ကောင်းမင်ကို ကြည့်လိုက်ကြသည်။ ကျန်လက်ခြောက်ချောင်းမှာ အားအင်ချိနဲ့စွာ တွဲကျနေသည်။ သားစားကြူးနတ်ဘုရားသည် ကျန်လူဆယ့်နှစ်ဦးကို သူ ကိုင်တွယ်ဖြေရှင်းပြီးနောက် ကောင်းမင်၏ အမိန့်များကို အပြည့်အဝ နာခံမည်ဖြစ်ကြောင်း ဤနည်းလမ်းဖြင့် ကောင်းမင်ကို အဖြေပေးလိုက်သည်။
“သားစားကြူးနတ်ဘုရားမှာ မျက်နှာလေးခုနဲ့ လက်ရှစ်ချောင်း ရှိတယ် ၊ ငါက မြို့တော်ရဲ့ လူသေဓာတ်ပုံထဲမှာ မပါဘူး ၊ ဆယ့်နှစ်ယောက်ထဲမှာ နှစ်ယောက်ရှိတယ် ၊ အဲဒီ ဆယ့်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခန်းထဲ ပို့စေချင်တာလား”
ထိုစကားကိုကြားသောအခါ သားစားကြူးနတ်ဘုရားက ကြီးမားလှသော သူ့ခန္ဓာကိုယ်အား ဖြည်းညင်းစွာ နှိမ့်ချလိုက်လေသည်။သူသည် အခြားလူဆယ့်နှစ်ယောက်ကို ဖြေရှင်းပြီးနောက် ကောင်းမင်၏အမိန့်များကို အပြည့်အဝနာခံမည်ဖြစ်ကြောင်း ပြောပြနေပုံရသည်။