ဆယ့်သုံး
Vol. 20 Ch. 296
သွေးနီရောင်မြို့တော်၏ သေမင်းပုံတူထဲတွင် လူဆယ့်သုံးဦး ရှိသည်။ သူတို့သည် ဆယ့်သုံးမျိုးသော မတူညီသည့် ရွေးချယ်မှုများနှင့် အနာဂတ်များကို ကိုယ်စားပြုကြသည်။ ကပ်ဆိုးကြီး နီးကပ်လာသည်နှင့်အမျှ ထိုဆယ့်သုံးဦးသည် ပို၍ တောက်ပလာမည်ဖြစ်သည်။ သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမို ခွန်အားကြီးလာမည်သာ ဖြစ်သည်။ အကောင်းဆုံးဥပမာမှာ စီတုအန်း ဖြစ်သည်။ ကောင်းမင်သည် ကပ်ဆိုးကြီး မတိုင်မီ မလှုပ်ရှားခဲ့ပါက စီတုအန်းကို သူ့နှလုံးသားထဲသို့ ဆွဲသွင်းနိုင်မည် မဟုတ်ပေ။ ထိုလူယုတ်မာသည် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံထားရသော ဗီလိန်တစ်ဦး ဖြစ်သည်။ သူ့တွင် အပြစ်ဆိုစရာ လုံးဝနီးပါး မရှိပေ။
“သွေးနီရောင်မြို့တော်ရဲ့ ပိုင်ရှင်တစ်ဦးတည်းပဲ ရှိနိုင်သလို အနာဂတ်ကလည်း တစ်ခုတည်းပဲ ရှိနိုင်တယ်…”
ကောင်းမင် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သကဲ့သို့ သားစားကြူးနတ်ဘုရားသည် သူ၏ ရဲရဲနီနေသော လက်နှစ်ဖက်ကို ကောင်းမင်၏ ပခုံးပေါ် တင်လိုက်သည်။ နတ်ဘုရားပုံစံကွက်များသည် ကောင်းမင်တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ နတ်ဘုရားသည် အရာအားလုံးကို ကောင်းမင်နှင့်မျှဝေရန် ဆန္ဒရှိပေသည်။ ပူနွေးနေသောသွေးများသည် ကောင်းမင်၏ အရေပြားပေါ်သို့ စွန်းထင်းသွားပြီး အသားနံ့များ ပျံ့နှံ့သွားသည်။ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအားတစ်ခု စီးဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။ သားစားကြူးနတ်ဘုရားသည် သန္ဓေပြောင်းလဲမှု ဖြစ်ပေါ်လုနီးနီးမှသာ ရပ်တန့်လိုက်သည်။ ကပ်ဆိုးကြီးထဲတွင် ရှင်သန်နေထိုင်သူများသည် စွမ်းအားရရှိရန် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိကြသည်။ ကောင်းမင်ကမူ ဆန့်ကျင်ဘက် ဖြစ်သည်။ နတ်ဘုရားသရဲသည် သူတို့အချင်းချင်း အထင်အမြင်လွဲမှားမှုများကို စိုးရိမ်သောကြောင့် သူ့အား စွမ်းအားများ ကျွေးမွေးနေခြင်း ဖြစ်သည်။
သားစားကြူးနတ်ဘုရားသည် ဆရာစားမချန်ထားဘဲ အရာအားလုံးကို မျှဝေပေးခဲ့သည်။ သူ၏ ခန္ဓာကိုယ်၏အပြောင်းအလဲများကို ကောင်းမင် ခံစားမိသည်။ ယင်းမတိုင်မီက သူ့လက်များသည် မမြင်ရသော အင်အားတချို့ဖြင့် တားဆီးခံထားရသလို ခံစားခဲ့ရသည်။ သို့သော်လည်း သားစားကြူးနတ်ဘုရားက သူ့အာား ထိုကန့်သတ်ချက်ကို ချိုးဖျက်ရန် ကူညီပေးခဲ့သည်။
“ဒါက ဟန်ဟိုင်းမြို့က လူတိုင်းအပေါ်မှာရှိနေတဲ့ ကံကြမ္မာရဲ့ အချုပ်အနှောင်တွေလား”
ကုန်းရှီက ခေါင်းညိတ်ပြသည်။ သူက သူ့လက်များကို ပြန်ရုပ်လိုက်ပြီး ကောင်းမင်အား အရာအားလုံးကို သူကိုယ်တိုင် ခံစားနိုင်စေရန် ခွင့်ပြုလိုက်သည်။
သွေးကြောနှစ်ခုသည် ကောင်းမင်၏ လက်နှစ်ဖက်အတွင်း၌ အကောင်အထည်ပေါ်လာ၏။ ပုံဆောင်ခဲသဖွယ် သွေးကြောမျှင်များသည် အဝေးမှကြည့်လျှင် လှပသော်လည်း အနီးကပ်ကြည့်ပါက တွန့်လိမ်နေလေသည်။ ၎င်းတို့ပေါ်တွင် စီတုအန်းနှင့် ရှရန်တို့၏ အမည်များကို ထွင်းထုထားသည်။
“လုဇန်က စီတုအန်းရဲ့ ဝိညာဉ်ကို ဘာကြောင့် မဖျက်ဆီးချင်တာလဲဆိုတာ အခု ငါနားလည်လာပြီ ထင်တယ်”
လူသေဓာတ်ပုံထဲ လူဆယ့်သုံးဦးလုံးသည် ကံကြမ္မာ၏အချုပ်အနှောင် တစ်စိတ်တစ်ပိုင်းကို ချိုးဖျက်ခဲ့ကြသည်။ သူတို့ထဲမှ မည်သူမဆို ကံကြမ္မာကို တိုက်ခိုက်မည့် လက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။
သားစားကြူးနတ်ဘုရားသည် ကောင်းမင်နှင့် စိတ်ချင်း ပေါင်းစည်းထားသည်။ သူက ကောင်းမင်ကို ကြည့်ရင်း ဆိုးဝါးစွာရယ်မောလိုက်သည်။ သွေးနီရောင်မြို့တော်၏ ပုံစံကွက်ပေါ်တွင် လူမျက်နှာ ဆယ့်သုံးခု ပေါ်လာခဲ့သည်။ ၎င်းတို့သည် ကောင်းမင်၏ ပစ်မှတ်များ ဖြစ်ကြပေသည်။
“ငါ အိပ်မက်ထဲက နိုးထဖို့ သရဲတွေရဲ့ အကူအညီ လိုတော့မှာ မဟုတ်ဘူး ထင်တယ် ၊ ကျန်တဲ့ လူဆယ့်နှစ်ယောက်ကို ငါ့ရဲ့ ညှဉ်းပန်းနှိပ်စက်ခန်းထဲ ပို့လိုက်တာနဲ့ ကံကြမ္မာရဲ့ ချည်နှောင်မှုတွေကနေ လုံးဝ လွတ်မြောက်နိုင်ပြီ”
“ဟမ်”
ရှရန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“သူတို့ထဲက တစ်ယောက်ကို ငါ မြင်ဖူးတယ်”
“ဘယ်သူလဲ”
ရှရန်အား နှလုံးခန်းထဲသို့ ပြောင်းရွှေ့လိုက်ပြီးကတည်းက ကောင်းမင်သည် သူ့အပေါ် အရင်ကလောက် သတိမထားတော့ပေ။ အားလုံးသိကြသည့်အတိုင်း သူတို့၏ အသက်များသည် ချည်နှောင်ထားပြီး ဖြစ်သည်။
“ဟိုကောင်လေးလေ”
ရှရန်က မြို့တော်၏ ထောင့်တစ်နေရာကို လက်ညှိုးထိုးပြသည်။ လူသူကင်းမဲ့နေသည့် ထောင့်တွင် အနီရောင်တောက်တောက်ဘောင်းဘီပွဝတ်ထားသည့် ကောင်လေးတစ်ယောက် ရှိသည်။ သူသည် လူဆယ့်သုံးယောက်ထဲတွင် မပြောပလောက်သည့်တစ်ဦးတည်းသောသူ ဖြစ်သည်။ သူ့ပတ်ပတ်လည်တွင် ကစားစရာများစွာ ရှိနေသော်လည်း သူသည် ဂရုမစိုက်ပေ။ သူသည် သူ၏ ချစ်စဖွယ်မျက်နှာလေးအား ခရမ်းရောင်သန်းနေသည်အထိ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။
“မင်း ငါ့ကို မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနကို စူးစမ်းဖို့ ပို့ခဲ့တုန်းက စီတုအန်းက အဆောက်အအုံထဲမှာ သရဲနီတွေ ထားတယ်လို့ ငါ ကြားခဲ့ရတယ် ၊ ငါ အားနေတာနဲ့ သွားစစ်ကြည့်လိုက်တာပေါ့ ၊ ဒီကောင်လေးက ဆယ်လွှာက သရဲနီတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနေတာကို ငါ သတိပြုမိတယ် ၊ အဲဒီသရဲနီတွေက ဒီကောင်လေးကို ကာကွယ်ဖို့ ငါ့ကိုတောင် သတ်ချင်ခဲ့ကြတာလေ”
ရှရန်က ပြောလိုက်သည်။
“သူ့နာမည်က အားဖန်တဲ့ ၊ သူက စီတုအန်းက သရဲနီတွေကို အစာကျွေးဖို့ အသုံးပြုခဲ့တဲ့ သက်ရှိငါးစာပဲ”
ကောင်းမင်က ကောင်လေးကို စိုက်ကြည့်လိုက်သည်။ သူသည် ညှဉ်းပန်းနှိပ်စက်ခန်းကို ဖွင့်လိုက်ပြီး ဆရာဝန်နှစ်ဦးကို ခေါ်လိုက်သည်။ ဓာတ်ပုံများကို နှိုင်းယှဉ်ပြီးနောက် ကောင်းမင်က အားဖန်သည် လူဆယ့်သုံးဦးထဲမှ တစ်ဦးဖြစ်ကြောင်းနှင့် ထိုဆရာဝန်နှစ်ဦး၏ ကလေးဖြစ်ကြောင်း အတည်ပြုလိုက်သည်။
“သူက စီတုအန်းနဲ့ လုဇန်တို့ လီစန်းဆေးရုံမှာ လေ့ကျင့်ပေးခဲ့တဲ့ အရိပ်ရဲ့ကလေးပဲ ၊ ဒါပေမဲ့ အခုတော့ သူ့ကို စုံစမ်းစစ်ဆေးရေးဌာနက ခေါ်သွားလောက်ပြီ”
ကောင်းမင်သည် လူဆယ့်သုံးဦးထဲက တစ်ဦးကို သူတို့ ဒီလောက်မြန်မြန် ရှာတွေ့နိုင်ခဲ့ခြင်းကို အံ့အားသင့်သွားသည်။ သူနှင့် သားစားကြူးနတ်ဘုရားတို့ အလုပ်များသွားကြသည်။ စုံစမ်းစစ်ဆေးရေးဌာနအား အာရုံလွှဲရန် အားလုံး စီစဉ်လိုက်ပြီးနောက် ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ပြန်ပို့လိုက်ပြီး တစ်ခြားတစ်နေရာသို့ တစ်ယောက်တည်း ဦးတည်လိုက်သည်။
…………………..
“ကျားမေတိုက်ခန်းတွေက မြို့တော်အရှေ့ပိုင်းရဲ့ ထိပ်တန်းလူသတ်မှုဆယ်ခုထဲက တစ်ခုပဲ၊ ရူးသွပ်နေတဲ့ အမေဟာ သူ့ကလေးနှစ်ယောက်ကို သတ်ပစ်လိုက်ပြီးတော့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ၊ အဲဒီနေ့ကစပြီး ဒီတိုက်ခန်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးစုံနဲ့ ဒုက္ခရောက်နေခဲ့တယ် ၊ အဲ့ဒီနေရာက နွေရာသီမှာတောင် အေးစိမ့်နေတယ်”
စုံစမ်းစစ်ဆေးရေးမှူးက လီစန်းစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ချန်းယွင်ထျန်းအား အခြေအနေကို အစီရင်ခံလိုက်သည်။ သို့သော်လည်း ချန်းယွင်ထျန်း၏ အာရုံသည် ပိုင်ရှောင်ပေါ်တွင်သာ ရှိနေခဲ့သည်။ ပိုင်ရှောင်သည် လီစန်းစုံစမ်းစစ်ဆေးရေးဌာန၏ အားအကိုးရဆုံးသူဖြစ်ပြီး ချန်းယွင်ထျန်း၏ နေရာကို ဆက်ခံနိုင်မည့် စံပြပုဂ္ဂိုလ်လည်း ဖြစ်သည်။ သို့သော် ပိုင်ရှောင်သည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ ဝင်ရောက်၍ ထွက်ခွာလာပြီးကတည်းက သူ ပြောင်းလဲသွားခဲ့သည်။
“အကြီးအကဲ၊ ကျင်းထောင်ရှန်းက ကျွန်တော်တို့ကို နေမဝင်ခင် သက်ရှိငါးစာအားဖန်ကို ဖမ်းဆီးဖို့ တောင်းဆိုထားတယ် ၊ ကျွန်တော်တို့ရဲ့ ခြေရာခံမှုအရ ကောင်လေးက လောလောဆယ် ကျားမေ တိုက်ခန်းတွေမှာ နေထိုင်နေပါတယ်…”
“နားလည်ပြီ”
ချန်ယွင်ထျန်းက စုံစမ်းစစ်ဆေးရေးမှူးကို ကြားဖြတ်ပြောလိုက်သည်။
“ကပ်ဆိုးကြီးက လာနေပြီလေ ၊ အခုက ကောင်လေးတစ်ယောက်ကို လိုက်ဖမ်းနေဖို့ အချိန်လား”
“ကျင်းထောင်ရှန်းက ကျွန်တော်တို့ကို မယုံဘူး၊ ဒါကြောင့် သူက ကျွန်တော်တို့ကို အဝေးပို့ဖို့ ကြိုးစားနေတာ”
ပိုင်ရှောင်သည် အဖွဲ့၏ နောက်ဘက်တွင် ရပ်နေခြင်းဖြစ်သည်။ သူသည် အလောင်းဆီဖြင့် စိမ်ထားသည့် ဓားသွားကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ ၎င်းသည် စီတုအန်းက ချင်ဂီအား ပေးခဲ့သော ဓားဖြစ်သည်။ ယင်းကို ဒေါက်တာလုက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အရိပ်ကို ဖြတ်တောက်နိုင်သည်။ စီတုအန်း အသတ်ခံရပြီးနောက် ကောင်းမင်သည် ထိုဓားကို ပိုင်ရှောင်အား ပေးခဲ့သည်။
“ပိုင်ရှောင်၊ မင်းရဲ့ညီမ မူမမှန်ဖြစ်ရပ်ထဲမှာ ပျောက်ဆုံးသွားတာကို ငါတို့အားလုံး ဝမ်းနည်းရပါတယ် ၊ ဒါပေမဲ့ ဒါက မင်းကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ငါ မျှော်လင့်ပါတယ် ၊ မင်း လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့တာပဲလေ”
ချန်းယွင်ထျန်းသည် အရည်အချင်းရှိသည့် အထက်အရာရှိတစ်ဦး ဖြစ်သော်လည်း ပိုင်ရှောင်သည် အရင်ကကဲ့သို့ လက်အောက်ငယ်သား မဟုတ်တော့ပေ။
“အကြီးအကဲ၊ ကျွန်တော် အဆင်ပြေပါတယ်”
ကောင်းမင်နှင့် တွေ့ဆုံပြီးနောက် ပိုင်ရှောင်သည် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသည်။ သူသည် ဟန်သဲ့ ကိုယ်ပိုင်ကျောင်းထဲ ရှိခဲ့စဉ်က ဌာန၏ တစ်ဖက်ခြမ်းကို မြင်ခဲ့ရသည်။
“တိုက်ခန်းတွေထဲ ဝင်ဖို့ ပြင်ဆင်ကြရအောင် ၊ ကျင်းထောင်ရှန်းဆိုတဲ့လူက ငါတို့ ပျင်းရိနေတာ သိရင် သူ ရူးသွပ်သွားလိမ့်မယ် ၊ ဒီလူက ရူးနေတာ ၊ ဌာနချုပ်ရဲ့ ယုံကြည်မှုကို သူ ဘယ်လို ရနိုင်ခဲ့လဲဆိုတာ ငါ တကယ် မသိတော့ဘူး”
ချန်းယွင်ထျန်း သက်ပြင်းချလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ သူက ကျားမေ တိုက်ခန်းများ၏ ဝင်ပေါက်ရှေ့တွင် ခေတ္တရပ်လိုက်သည်။ သူတို့နှင့် ဆယ်မီတာခန့်ဝေးသော တိုက်ခန်းအတွင်း၌ လိုက်ကာများ လှုပ်ရှားသွား၏။
အနီရောင်ဝတ်စုံဝတ်ထားသည့် အရိပ်တစ်ခု လျှပ်တစ်ပြက် ပြေးထွက်သွားသည်။ ထိုအခန်းထဲတွင်ပင် ကစားစရာကားတစ်စီးကို ပွင့်လာလေသည်။ ကားက တုန်ခါနေခြင်းဖြစ်သည်။ ဒိုင်နိုဆော ဘောင်းဘီဝတ်ထားသည့် အားဖန်သည် ရီမုတ်ထိန်းချုပ်ကိရိယာဖြင့် ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။ သူသည် မည်သည့် ကြောက်ရွံ့မှုကိုမှ ပြသခြင်း မရှိပေ။ သူ့မျက်နှာပေါ်တွင် ပြုံးရယ်နေသည့် အပြုံးကြီးတစ်ခု ရှိနေပေသည်။ သူ၏ ကျောင်းလွယ်အိတ်ထဲတွင် ကစားစရာဘလောက်တုံးများ ပြည့်နှက်နေ၏။
“Happy birthday to me~ Happy birthday to me~”
အားဖန်က သီချင်းညည်းလိုက်သည်။ ကစားစရာကားကို သူဆော့လို့ဝသွားပြီးနောက် သူက စာကျက်စားပွဲပေါ်သို့ တက်လိုက်သည်။ သူသည် ပြတင်းပေါက်နှင့် အလွန်နီးကပ်နေလေသည်။ အနည်းငယ် တွန်းလိုက်ရုံဖြင့် သူ ပြုတ်ကျသွားနိုင်ပေသည်။ သို့သော်လည်း သူသည် သူရင်ဆိုင်နေရသည့် အန္တရာယ်ကို သတိထားမိပုံမရပေ။ သူသည် ရောင်စုံခဲတံများကို ရွေးချယ်ရာတွင် အပြည့်အဝအာရုံစိုက်နေခဲ့သည်။
လိုက်ကာများ တဖျတ်ဖျတ်လွင့်ခါသွားသည်။ ဗီရိုတံခါးက တဂျစ်ဂျစ်အသံထွက်လာခဲ့သည်။ မှန်ထဲတွင် အနီရောင်အင်္ကျီလက်တစ်ဖက် ပေါ်လာလေသည်။ ဓားဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည့် လက်တစ်ခုက အားဖန်ထံသို့ လက်လှမ်းလိုက်သည်။ အားဖန် မတုံ့ပြန်နိုင်ခင်မှာပင် ထိုလက်သည် သူ့ကို ချီမ၍ ပြတင်းပေါက်နှင့် ဝေးရာသို့ ချစ်ခင်စွာဖြင့် ညင်သာစွာရွှေ့ပြောင်းပေးလိုက်လေသည်။