← Chapters

သားက ကလေးတစ်ယောက်ပါပဲ

Vol. 20 Ch. 297

သားက ကလေးတစ်ယောက်ပါပဲ

Vol. 20 Ch. 297

အားဖန်သည် သူ့ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော ထူးဆန်းသည့် အရာများကို အသားကျနေပြီးသား ဖြစ်သည်။ လက်ဖြင့် ပြောင်းရွှေ့ခံချိန်တွင် သူသည် မည်သည့် ကြောက်ရွံ့မှုကိုမျှ ပြသခြင်း မရှိပေ။

ကောင်လေးသည် သူ့ခန္ဓာကိုယ်မှ ဖုန်များကို ပုတ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အိပ်ခန်းထဲတွင် မည်သူမျှ မရှိသော်လည်း သူက လေထဲတွင် ယဉ်ကျေးစွာ အရိုအသေပေးလိုက်ပြီး ချစ်စဖွယ်လေသံဖြင့်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မေမေ! သား အန္တရာယ်ရှိတဲ့နေရာတွေကို မသွားတော့ပါဘူး!”

သူ၏ မျက်နှာငယ်လေးသည် အလွန်ချစ်စရာကောင်း၏။ သူ့ပါးနှစ်ဖက်ကို ဆွဲလိမ်ချင်သည့် စိတ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်မိကြမည်ဖြစ်သည်။ အားဖန်သည် ရောင်စုံခဲတံများကို ဆွဲယူ၍ အိပ်ခန်းထဲမှ ထွက်လာပြီး ပုံဆွဲရန် စာအုပ်တစ်အုပ် ရှာလိုက်သည်။သူ့ခြေထောက်များ ယိမ်းယိုင်သွားရာ သူ၏ ဒိုင်နိုဆောဝတ်စုံ၏ အမြီးသည်လည်း လှုပ်ရမ်းသွားရသည်။

“မေမေ မပေါ်လာရင်တောင် မေမေက သားဘေးမှာ အမြဲရှိနေတယ်ဆိုတာ သားသိပါတယ်”

အားဖန်က တေးဆိုလိုက်သည်။ သူသည် မြို့တော်အရှေ့ပိုင်းရှိ နာမည်အကြီးဆုံး သရဲခြောက်သည့် အိမ်ထဲတွင် ရှိမနေသည့်အလား အလွန် ပေါ့ပါးလွတ်လပ်နေပုံရသည်။ အခန်းသည် တိတ်ဆိတ်နေတော့သည်။

နာရီဝက်ကြာ ကစားပြီးနောက် အားဖန် မောသွားသည်။ သူသည် ရောင်စုံခဲတံများကို လွတ်ချ၍ ဆိုဖာပေါ်၌ ကွေးကွေးလေး အိပ်ပျော်သွားသည်။ အားဖန်၏ အသက်ရှူသံမှာ ပုံမှန်ဖြစ်နေသည်။ သူသည် ပျော်စရာ အိပ်မက်တစ်ခု မက်နေပုံရသည်။ သူသည် တစ်ခုခုစားနေသည့်အလား သူ့နှုတ်ခမ်းများ လှုပ်ရှားနေပေသည်။

လိုက်ကာများ လှုပ်ရှားသွားပြီး ပြတင်းပေါက်မှ သွေးများ စီးကျလာသည်။ သို့သော်လည်း သွေးများသည် ပြတင်းပေါက်၏ အလယ်တစ်ဝက်သို့သာ စီးဆင်းပြီး တစ်စုံတစ်ခုက တားဆီးလိုက်သကဲ့သို့ အမိန့်နာခံစွာဖြင့် နောက်ပြန် စီးဆင်းသွားသည်။

အိပ်ခန်းတံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။ ပါးလွှာသော စောင်တစ်ထည် ပျံထွက်လာပြီး အားဖန်ပေါ်သို့ လွှမ်းခြုံသွားသည်။

တောက်ပနေသည့် လက်ဖက်ရည်ခွက်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည့် လက်တစ်ဖက်ကို ရောင်ပြန်ဟပ်နေလေသည်။ အနီရောင်ဝတ်စုံသည် လက်ချောင်းများကို ဖုံးအုပ်ထားသည်။ သူမသည် ကောင်လေးထံသို့ ဖြည်းညှင်းစွာ လက်လှမ်းလိုက်သည်။ သူမလက်ချောင်းများ၏ အေးစက်မှုက အားဖန်ကို နိုးသွားမည်ကို စိုးရိမ်သကဲ့သို့ ဖြူဖျော့နေသော ထိုလက်သည် သူ့ကို မထိမီ ရပ်တန့်သွားသည်။

အရပ်ရှည်ပြီးပိန်ပါးသော အမျိုးသမီးတစ်ယောက် ဆိုဖာဘေးတွင် ရပ်နေလေသည်။ သူမ၏ မျက်လုံးများ လှုပ်ရှားသွားသည်။ ဒဏ်ရာရထားသည့် လက်ချောင်းများက ကြမ်းပြင်ပေါ်မှ စာအုပ်ကို ကောက်ယူလိုက်သည်။ မှောင်မဲနေသော အခန်းထဲတွင် စာအုပ်ထဲရှိ ရောင်စုံပန်းချီလေးများသည် ပို၍ ထင်ရှားပေါ်လွင်နေ၏။ အားဖန်သည် မွေးနေ့ကိတ် အကြီးကြီးတစ်လုံးကို ခုနကမှ ဆွဲထားခဲ့ခြင်း ဖြစ်သည်။ မွေးနေ့ကိတ်ကို ခရင်မ်အလွှာထူထူဖြင့် ဖုံးအုပ်ထားပြီး သစ်သီးများဖြင့် အလှဆင်ထားလေသည်။

“ဘယ်သူမှ မင်းရဲ့ မွေးနေ့ကို မကျင်းပပေးကြဘူးလား…”

ကော်ရစ်ဒါထဲတွင် ခြေသံများ ထွက်ပေါ်လာလေသည်။ စာအုပ်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အားဖန်သည် နက်နဲဆန်းကြယ်သော အင်အားတစ်ခုဖြင့် ချီမခံလိုက်ရသည်။

……………………………..

“ပစ်မှတ်က ဒီမှာ ရှိခဲ့တယ်”

ပိုင်ရှောင်က ကြမ်းပြင်ပေါ်မှ စာအုပ်ကို ကောက်ယူလိုက်သည်။ သူသည် ဆွဲထားသည့် မွေးနေ့ကိတ်ကို ထိတွေ့လိုက်သည်။

“သူတို့ ခုနကမှ ထွက်သွားကြတာ ဖြစ်မယ်”

“သရဲတွေနဲ့ ဒီလို အေးအေးဆေးဆေး အပြန်အလှန် ဆက်ဆံနိုင်ပြီး သူတို့ကို ကာကွယ်ပေးဖို့တောင် ခိုင်းနိုင်တာဆိုတော့… ဒီတစ်ကြိမ် ပစ်မှတ်က အရမ်း ထူးခြားတာပဲ”

ချန်းယွင်ထျန်းသည် ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူက စောင်ပါးလေးကို ကောက်ယူလိုက်သည်။

“ပစ်မှတ်က သရဲခြောက်တဲ့နေရာတွေမှာ နေရတာကို နှစ်သက်တယ်”

“မူမမှန်ဖြစ်ရပ်တွေထဲက သရဲတွေက ဆိုးသွမ်းချင်မှ ဆိုးသွမ်းမှာပါ”

ပိုင်ရှောင်သည် ခေါင်းဆောင် ကျန်းတင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုသရဲနီသည် အသက်ရှင်စဉ်ကပင် လေးစားခံရသူ ဖြစ်သည်။ သူ သေဆုံးပြီးနောက်တွင်ပင် လူတိုင်းကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

“လူကြီးမင်းတို့၊ ဒါကို ဆွေးနွေးဖို့ အချိန် မဟုတ်သေးပါဘူး ၊ ကျုပ်တို့ရဲ့ အရေးအကြီးဆုံး မစ်ရှင်က ကျင်းထောင်ရှန်းအတွက် ပစ်မှတ်ကို ဖမ်းဆီးဖို့ပါပဲ”

ကျန်းထောင်ရှန်းသည် ပိုင်ရှောင်နှင့် ချန်းယွင်ထျန်းတို့အား စောင့်ကြည့်ရန် သူ့ယာဉ်မောင်းကို ထိုမစ်ရှင်သို့ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ယာဉ်မောင်းတစ်ဦး ဖြစ်နိုင်သော်လည်း ချန်းယွင်ထျန်းအား အထင်သေးပေသည်။

ယင်းမတိုင်မီက သူသည် စုံစမ်းစစ်ဆေးရေးဌာနမှ စွမ်းအားကို လိုအပ်နေသေးသောကြောင့် ချန်းယွင်ထျန်းကို မျက်နှာသာ ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် မကြာသေးမီက သတင်းကောင်းတစ်ခု ရခဲ့သည်။ လီစန်းဆေးရုံတွင် ပိတ်မိနေသည့် လုံခြုံရေးအဖွဲ့ဝင်များ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီဟူ၏!။

အဖွဲ့ကိုးဖွဲ့ထဲမှ ငါးဖွဲ့ခွဲသာ ကျန်ရှိသော်လည်း ၎င်းသည် ပုံမှန်စုံစမ်းရေးမှူးများထက် ပိုမို အစွမ်းထက်နေသေးသည်။

“လုံခြုံရေးအဖွဲ့ လေးမှာ ထိခိုက်မှု သိပ်မရှိပါဘူး ၊ သူတို့ ကျုပ်တို့ဆီ အမြန်လာနေကြပြီ ၊ သူတို့က လီစန်းဆေးရုံမှာ အချက်အလက်တချို့ တွေ့ခဲ့ကြတယ် ၊ စီတုအန်းက သက်ရှိငါးစာအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ ဒီကောင်လေးမှာ လျှို့ဝှက်ချက်ကြီးတွေ ရှိနိုင်တယ်”

ယာဉ်မောင်း၏ သဘောထား ပြောင်းလဲမှုကို ခံစားမိသောအခါ ချန်းယွင်ထျန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး

“ဒါဆိုရင်လည်း ငါတို့ သူတို့ကို စောင့်သင့်တာပေါ့ ၊ သူတို့ဆီက ဂုဏ်သရေကို ငါလုမယူဝံ့ပါဘူး”

ချန်ယွင်ထျန်းက ထိုအရာကို ဂရုမစိုက်ပေ။ သူသည် သူ့လူများကို ကာကွယ်ချင်ရုံသာ ဖြစ်သည်။

ကောင်းကင် မှောင်လာသည်နှင့်အမျှ ကျားမေ တိုက်ခန်းများရှိ လေထုသည် ပိုမို ထူးဆန်းလာခဲ့သည်။ မှောင်မိုက်သော ကော်ရစ်ဒါများထဲတွင် ကလေးများ၏ ငိုကြွေးသံများ ရံဖန်ရံခါ ပဲ့တင်ထပ်နေသည်။ အချို့သော အခန်းများတွင် ရူးသွပ်နေသည့် အမျိုးသမီးတစ်ဦးသည် သူ့မဘာသာ ရေရွတ်နေပုံ ပေါ်သည်။

လေစိမ်းများ တိုက်လာပြီး တံခါးလက်ကိုင်များပေါ်တွင် ချည်နှောင်ထားသည့် သော့များ တချွင်ချွင် မြည်လာကြသည်။ သော့များသည် မတူညီသော သော့ချိတ်များဖြင့် အလှဆင်ထားခြင်းဖြစ်သည်။ သော့ချိတ်များ၏ ရှေ့တွင် မတူညီသော ချစ်စဖွယ်ကလေးများ၏ ပုံများ ပါရှိပြီး နောက်ဘက်တွင် ဆံပင်ပြတ်များနှင့် လှပသောအဖြူရောင် ဆံထိုးများ ထည့်သွင်းထားသည်။

မရင်းနှီးသူများက သော့ချိတ်များကို ကောင်းမွန်စွာ ပြုလုပ်ထားသည်ဟု ထင်နိုင်သော်လည်း အဖြူရောင် ဆံထိုးသည် ကလေးများ၏ အရိုးများကို ကြိတ်ချေ၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်းကံဆိုးခြင်းများ ဖြစ်စေနိုင်လေသည်။

ကလေးများ၏ ငိုသံများမှာ တက်လိုက်ကျလိုက် ရှိနေသည်။ သူမ၏ ကလေးကို ရှာမတွေ့သော ရူးသွပ်နေသည့် မိခင်သည် တစ်စုံတစ်ခုကို သယ်ဆောင်လာပြီး ကော်ရစ်ဒါထောင့်တွင် စောင့်ဆိုင်းနေလေသည်။ အနီရောင်ဝတ်စုံသည် လေထဲတွင် မျောလွင့်နေ၏။ သူမသည် အရပ်အလွန်ရှည်သည်။ သူမ၏ ဝတ်စုံသည် ဖိနပ်များတွင် စွန်းထင်းနေသည့် အနီရောင် ‘ဆေးသား’အား ဖုံးကွယ်နိုင်ခြင်း မရှိပါပေ။

အခန်း ၁၆၀၁ အတွင်းတွင် ဧည့်ခန်းထဲ၌ အလင်းရောင် မှိန်မှိန်လေး ရှိနေသည်။ အားဖန်သည် သူ၏ ဒိုင်နိုဆောဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောင်းလွယ်အိတ်ကြီးကို လွယ်၍ လက်နှစ်ဖက်ဖြင့် ဖယောင်းတိုင်သေးသေးလေးတစ်ခုကို ကိုင်ဆောင်ထားသည်။ သူသည် မရင်းနှီးသော အခန်းများကို သူဘာသာ စူးစမ်းနေခဲ့သည်။ တစ်ချိန်က အခန်း ၁၆၀၁ အတွင်း၌ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ဖူးသည်။ ပရိဘောဂများအားလုံးကို ပလတ်စတစ် အကာအကွယ်ဖြင့် ချိတ်ပိတ်ထားပေသည်။ ကြမ်းပြင်ပေါ်တွင် စုတ်ပြဲနေသည့် ရဲဌာနသုံး တိပ်များ ရှိနေသည်။ အားဖန်သည် ခြေလှမ်းကို နှေးကွေးလိုက်ပြီး ဆိုဖာ၏ ထောင့်ကို ဆွဲတင်လိုက်သည်။နီညိုရောင် ရေညှိများသည် ဧရာမ အမာရွတ်ကြီးတစ်ခုကဲ့သို့ ခြောက်ခြားဖွယ် ကောင်းလှပေသည်။

သူ အိပ်ခန်းဘက်သို့ လှည့်လိုက်သည်။ အဝတ်ဗီရိုတံခါးကို ဖွင့်ဟထားသည်။ ဗီရိုထဲရှိ အဝတ်အစားများအားလုံးသည် ဓားဖြင့် အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံထားရသည်။ ကောင်းမွန်သော အဝတ်အစား အပြည့်အစုံ တစ်စုံမှ မရှိချေ။

တရှဲရှဲအသံတစ်ခု ထွက်ပေါ်လာသည်။ အားဖန် တစ်စုံတစ်ခုကို ရှာတွေ့လိုက်သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သူသည် ဖယောင်းတိုင်ကို မြှောက်၍ မီးဖိုချောင်ဘက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ အသက်ရှူသံကို ထိန်းထားရင်း အားဖန်သည် တံခါးကို အနည်းငယ် တွန်းဖွင့်လိုက်သည်။ ဟင်းလှီးခုံရှေ့တွင် အနီရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ကို သူမြင်လိုက်ရသည်။ မှောင်မဲနေသော မီးဖိုချောင်ထဲတွင် အရပ်ရှည်ရှည်ဖြင့် ပိန်ပါးသော ပုံရိပ်သည် သွေးစွန်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူမ၏ ဖုံးဖိမထားသော အရေပြားသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေလေသည်။ သူမ၏ မျက်နှာသည် အိပ်မက်ဆိုးအများစုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ သံချေးတက်ဓားမှာ ကျဆင်းသွားပြီး အနီရောင်အရည်များ နေရာအနှံ့သို့ ပန်းထွက်သွားလေသည်။ အားဖန်သည် လက်တစ်ဖက်ဖြင့် နှာခေါင်းကို အုပ်လိုက်သည်။ သူ့အခြားလက်တစ်ဖက်က တံခါးကို တွန်းဖွင့်လိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့သည်။

“မေမေ့ကို တွေ့ပြီ!”

စိတ်လှုပ်ရှားနေသည့် လက်ချောင်းများသည် ရှေ့သို့ ဆွဲလိုက်သော်လည်း အားဖန်သည် ဘာကိုမှ ဖမ်းမမိလိုက်ပေ။ ထိုအမျိုးသမီးသည် စကတည်းက မရှိခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။

“မေမေ၊ မေမေ ဒီလို မလုပ်ရဘူး! သား မြင်လိုက်တယ်နော်!”

အားဖန်က အော်ဟစ်လိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။ သူသည် သူ၏ ဖယောင်းတိုင်ကို ဟင်းလှီးခုံနှင့် ပိုမို နီးကပ်စွာ ရွှေ့လိုက်သည်။

မှိုတက်နေသော မီးဖိုဘေးတွင် သန့်ရှင်းသော ဟင်းလှီးခုံတစ်ခု ရှိနေလေသည်။ ၎င်း၏အပေါ်တွင် ပုပ်သိုးနေသော အသားမုန့်တစ်လုံးကို တင်ထားသည်။ တစ်စုံတစ်ဦးက ပန်းသီးစိတ်များနှင့် ရိရွဲနေသော ခရမ်းချဉ်သီးများကို မုန့်သား၏ အစွန်းထဲသို့ ထိုးထည့်ထားလေသည်။

တိုက်ခန်းများတွင် အခြား သစ်သီးများ မရှိပေ။ ထိုအမျိုးသမီးသည် ပန်းသီးနှင့် ခရမ်းချဉ်သီးများကို ဘယ်က ရှာတွေ့ခဲ့လဲ မသိပေ။

“ဝိုး! ဒါ မွေးနေ့ကိတ်ပဲ!”

အားဖန်သည် ဟင်းလှီးခုံအား အံ့သြဝမ်းမြောက်စွာ ကြည့်လိုက်သည်။

“ တစ်ယောက်ယောက်က သားရဲ့ မွေးနေ့ကို ကျင်းပပေးတာ ဒီတစ်ခါက ပထမဆုံးအကြိမ်ပဲ ! မေမေ! မေမေ သားနဲ့အတူ ပါရမယ်နော် ! သားတို့ သားမွေးနေ့ကျင်းပနေကြတာပဲ!”

ကောင်လေး၏ ချစ်စဖွယ် အသံသည် ဗလာနတ္တိဖြစ်နေသော သရဲခြောက်သည့် အိမ်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။ သူသည် ဟင်းလှီးခုံအား ခက်ခက်ခဲခဲ ကိုင်မြှောက်ထားသော်လည်း သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ရှားနေလေသည်။

All Chapters