စုဆောင်းမှု
Vol. 20 Ch. 300
“မင်းရဲ့ မိဘအရင်းတွေနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်”
အားဖန်၏ လူသေဓာတ်ပုံသည် အားဖန်နှင့် ဆက်နွယ်နေခြင်းဖြစ်သည်။ နှစ်ဦးသား ပိုနီးကပ်လာလေ ဓာတ်ပုံထဲမှ ဇာတ်ကောင်များ ပိုရှင်းလင်းလာလေပင်။ ဓာတ်လှေကားသည် အပေါ်သို့ မြင့်တက်သွား၏။ ကောင်းမင်သည် စီတုအန်းနဲ့ ရှရန်၏ အဆင့်လောက်ရှိသည့် ဗီလိန်တစ်ဦးနဲ့ တွေ့ဆုံရန် အသင့်ပြင်ထားလိုက်သည်။ သူ့သေဆုံးမှတ်ဉာဏ် အားလုံးတွင် ထိုကောင်လေးသည် မည်သည့်အခါကမှ ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ သူသည်အရိပ်၏ ကလေးဖြစ်သော်လည်း ကျန်ဆယ့်နှစ်ယောက်နှင့် လုံးဝ ကွဲပြားသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
“ပုံထဲမှာတော့ ကောင်လေးက ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တယ် ၊ ဒါပေမဲ့ သွေးနီရောင်မြို့တော်ရဲ့ လူသေဓာတ်ပုံမှာ ပါဝင်လာဖို့ဆိုရင်တော့ သူက ထူးခြားရမယ်”
ဓာတ်လှေကားသည် ၁၆ လွှာတွင် ခေတ္တရပ်တန့်သွားသည်။ သူသည် ညီငယ်ကို လာကြိုသည့် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ ကစားစရာအိတ်ကို ကိုင်ဆောင်ထားရင်း သူ၏ပတ်ဝန်းကျင်ရှိ မူမမှန်မှုများကို ဂရုမစိုက်ဘဲ တံခါးများဘေးမှ လျှောက်သွားလိုက်သည်။ ကောင်းမင်သည် အားဖန်၏ ပုံကို ငုံ့ကြည့်လိုက်သည်နှင့် အခန်းများသည် သူ့ဘေးမှ ရွေ့လျားသွားသည်။ သူ ခေါင်းပြန်မော့လိုက်သောအခါ သူ့ရှေ့မှ အခန်းသည် အခန်း ၁၆၀၁ ဖြစ်နေပေသည်။ ကောင်းမင်က တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်သည်။ ထိုကဲ့သို့ မူမမှန်ဖြစ်ရပ်ထဲတွင် သူ ယဉ်ကျေးစွာလုပ်ဆောင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
“အိမ်မှာ လူရှိပါသလား”
ဟောင်းနွမ်းနေသော သတင်းစာအချို့သည် မှောင်မိုက်နေသော ကော်ရစ်ဒါတွင် မျောလွင့်နေကြသည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်များစွာက တိုက်ခန်းတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ရာ လူသတ်မှုများကို မှတ်တမ်းတင်ထားသည်။ သွေးများဖြင့် ဖုံးအုပ်နေသည့် ရူးသွပ်နေသော အမျိုးသမီးသည် ဓားကို ဝှေ့ယမ်းရင်း ကော်ရစ်ဒါအတိုင်း ပြေးဆင်းလာသည်။ သူမသည် သူမ ကလေး၏ ရုပ်အလောင်းကို သယ်ဆောင်လာခဲ့သည်။ မျက်ရည်များသည် သူမ၏ မျက်နှာပေါ်မှ စီးကျနေသော်လည်း သူမသည် ရယ်မောနေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။ နစ်နာသူတစ်ဦးထက် ပိုရှိခဲ့သည်။ လူသတ်မှုငါးခုထက် ပိုရှိခဲ့သည်။ လူသတ်မှုတိုင်းသည် သတင်းစာ၏ မျက်နှာဖုံးတွင် ပေါ်နေခဲ့သည်။
“အားဖန် ၊ မင်းရဲ့ မိဘတွေကိုယ်စား ငါ ဒီကို ရောက်လာတာပါ”
အဖြူအမဲ သတင်းစာမှ သွေးများ ယိုစီးထွက်လာ၏။ ဆောင်းပါးထဲရှိ အမျိုးသမီးသည် ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။ သူမ၏ လက်ဖြင့် ကိုင်ထားသော အနက်ရောင်ဓားသည် စာရွက်မှ ထွက်လာတော့မည့်အလား ဖြစ်နေလေသည်။
သော့အိမ် လှည့်သွား၏။ အိုဟောင်းနေသော တံခါးသည် အတွင်းမှ ဖွင့်လာခဲ့သည်။ ဒိုင်နိုဆော ဝတ်စုံဝတ်ထားသည့် ကောင်လေးတစ်ယောက် တံခါးဝတွင် ရပ်နေလေသည်။ သူ့မျက်လုံးများသည် စင်ကြယ်ပြီး အပြစ်အနာအဆာ ကင်းသည်။ သူသည် ကြောက်ရွံ့နေပုံရသည်။ သရဲများထက် လူစိမ်းများက သူ့ကို ပိုကြောက်စေခြင်းဖြစ်သည်။ အားဖန်သည် သူ့ခေါင်းကို မော့ကြည့်လိုက်ရာ ဒိုင်နိုဆောဝတ်စုံ ဦးထုပ်က သူ့နဖူးကို ဖုံးအုပ်သွားခဲ့သည်။ သူက ကောင်းမင်၏ မျက်နှာကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“အားဖန်လား”
ကောင်လေးသည် ပုံထဲက ကလေးနှင့် ဆင်တူသည်။ ကောင်းမင်သည် ဒီလောက် အလွန် အဆင်ပြေလိမ့်မည်ဟု မထင်ခဲ့မိပေ။
“သားရဲ့ မိဘတွေ သားကို ရှာနေကြတာ သားကို သားရဲ့ အမေနဲ့ အဖေဆီ ဦးဦးခေါ်သွားပေးမယ်”
“အမေနဲ့ အဖေ… ဒါပေမဲ့…”
အားဖန်သည် ကောင်းမင်၏ နောက်ဘက်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။
“သားအမေက ဦးဦးနောက်မှာ ရပ်နေတာ မဟုတ်ဘူးလား”
သူ့လည်ပင်းပေါ်တွင် ကြက်သီးများ တဖြန်းဖြန်းထလာခဲ့သည်။ ပြင်းထန်သော လူသတ်လိုသည့် အရှိန်အဝါသည် ဓားသွားတစ်ခုကဲ့သို့ ရောက်လာ၏။ ကောင်းမင်က ညှဉ်းပန်းနှိပ်စက်ခန်းမှ ချိန်းကြိုးကို ချက်ချင်း ဆွဲယူလိုက်ပြီး သူ့ဘေးကို ပိတ်ဆို့လိုက်သည်။ ဧရာမ သက်ရောက်မှုက ကောင်းမင်အား လွင့်ထွက်သွားစေသည်။ သူ နံရံနှင့် ရိုက်မိသွား၏။ သားစားကြူးနတ်ဘုရားက သူ့အား ခွန်အား မပေးထားခဲ့ပါက ထိုတစ်ချက်တည်းဖြင့် သူ သေသွားနိုင်ပေသည်။ ကောင်းမင်သည် သူ့ဟန်ချက်ကို လျင်မြန်စွာ ချိန်ညှိ၍ ရှောင်တိမ်းလိုက်သည်။ သူ ရှိခဲ့သည့်နေရာသို့ သံချေးတက်ဓားတစ်ချောင်းက ထိုးစိုက်သွားသည်။ ကောင်းမင်သည် ငါးမီတာကျော် အကွာအဝေးသို့ ရောက်သောအခါမှ အသက်ရှူရန် အခွင့်အရေး ရလိုက်သည်။ သူက အခန်း ၁၆၀၁ ကို အကဲခတ်လိုက်သည်။
အရပ်နှစ်မီတာခန့်ရှည်သည့် ရူးသွပ်နေသော အမျိုးသမီးသည် သွေးစွန်းနေသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခြေလက်များသည် ပိန်သွယ်လျက်ရှိသည်။ သူမ၏ ခြောက်သွေ့နေသော လက်ချောင်းများက မဖြစ်နိုင်လောက်အောင် ကြီးမားသော ဓားကို ဆုပ်ကိုင်ထားလေသည်။ သူမ၏ ဆံပင်နက်များမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်မျောနေ၏။ အမျိုးသမီးသည် မညီမညာသော သွားများဖြင့် သွားဖြဲပြုံးပြလိုက်သည်။ အားဖန်သည် ထိုကဲ့သို့သော သရဲတစ်ကောင်ကို မျက်နှာချင်းဆိုင်နေရသော်လည်း ကြောက်ရွံ့ခြင်းမရှိချေ။ သူက အမျိုးသမီးနောက်တွင် ပုန်းအောင်းလိုက်ပြီး သတိအနေအထားဖြင့် ကောင်းမင်အား စိုက်ကြည့်နေလေသည်။
“သူက သားရဲ့ အုပ်ထိန်းသူလား”
ကောင်းမင်သည် အားဖန်နှင့် အရင်က အပြန်အလှန် ဆက်ဆံဖူးခြင်း မရှိခဲ့ပေ။
လုံခြုံရေးအဖွဲ့ လေးသည် ၁၁ လွှာတွင် ရှိနေသည်။ ကောင်းမင်သည် တစ်ဖွဲ့တည်းကို မကြောက်ရွံ့သော်လည်း ဝမ်ကျားနှင့် ကျန်အဖွဲ့ကဲ့သို့ အကူအညီများ ခေါ်ယူမည်ကို စိုးရိမ်ပေသည်။
ကောင်းမင်က ချိန်းကြိုးများကို ချလိုက်ပြီးနောက် သူ့လက်များကို မြှောက်လိုက်သည်။
“သားကို လီစန်းဆေးရုံက ခွဲစိတ်စားပွဲပေါ်မှာ မွေးခဲ့တာ ၊ စီတုအန်းက သားကို သားရဲ့ မိဘတွေဆီက ခိုးပြီး သရဲနီတွေကို ပေးခဲ့တယ် ၊ဦးဦးက သားရဲ့မိဘအရင်းတွေကို ရှာတွေ့ခဲ့ပြီ ၊ သူတို့က ဦးဦးရဲ့ နှလုံးသားထဲမှာ ရှိနေကြတယ်”
ကောင်းမင် မည်သို့ပြောပြော အားဖန်သည် အမျိုးသမီးနောက်တွင်သာ ပုန်းနေခဲ့သည်။ သူသည် သက်ရှိလူသားများကို မယုံကြည်ချေ။
“သား သူတို့ကို အခု တွေ့ခွင့်ရနိုင်တယ်”
ကောင်းမင်၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်နေသည်။ လက်ရှစ်ချောင်းသည် သူ၏ နောက်ကျောမှ ရောက်လာပြီး ညှဉ်းပန်းနှိပ်စက်ခန်း၏ တံခါးကို ဆုတ်ဖြဲလိုက်သည်။
ခွဲစိတ်စားပွဲ၏ ဘေးနှစ်ဖက်ရှိ ဆရာဝန်နှစ်ဦးက အပြင်ဘက်သို့ အလိုလို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် အမျိုးသမီးနောက်က ကောင်လေး၏ အကြည့်နှင့် ဆုံသွားလေသည်။
အမျိုးသမီးဆရာဝန်၏ မျက်ရည်များသည် ချက်ချင်း စီးကျလာခဲ့သည်။ ထို့နောက် အားဖန်က သူမ၏ လက်ရှိအခြေအနေကို မြင်မည် စိုးရိမ်သကဲ့သို့ အမျိုးသားဆရာဝန်၏ နောက်ကွယ်တွင် အလျင်စလို ပုန်းအောင်းလိုက်သည်။ အမျိုးသားဆရာဝန်၏ အမူအရာသည် ပထမဆုံးအကြိမ် ပြောင်းလဲသွားခဲ့သည်။ လူနာအများစုကို ကြောက်လန့်စေမည့် အပြုံးတစ်ခုက ကြောက်စရာကောင်းသော သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာလေသည်။
“သူတို့က သား မိဘတွေလား”
အားဖန်သည် သူ၏ မိဘအရင်းများနှင့် ပတ်သက်၍ မည်သည့်မှတ်ဉာဏ်မှ မရှိပေ။ သူ့ မျက်လုံးများထဲရှိ ရှုပ်ထွေးမှုမှာ ပိုနက်ရှိုင်းလာခဲ့သည်။ကြည်လင်နေသော သူ့မျက်လုံးများက ဆရာဝန်နှစ်ဦးကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အခန်းထဲသို့ ပြန်ပြေးဝင်သွားပြီး ကျောင်းလွယ်အိတ်ကြီးကို ဆွဲထုတ်လာသည်။ အားဖန်သည် အိတ်ကို ခက်ခက်ခဲခဲ ပွေ့ဖက်ပြီးနောက် တွန်းချလိုက်သည်။ အဆောက်အအုံ ဘလောက်တုံးများ ဆူညံစွာ ပြုတ်ကျလာလေသည်။ ၎င်းတို့သည် အရိပ်နှင့် ထိတွေသွားသောအခါ ဘလောက်တုံးများသည် ရိုးရှင်းသော မြို့တစ်မြို့အဖြစ် အလိုအလျောက် စီစဉ်လိုက်ကြသည်။
ထိုမြို့သည် ရိုးရှင်းပြီး မထင်ရှားသော်လည်း ဟန်ဟိုင်းမြို့တော်မှ လူသတ်မှုများဖြင့် နှိုင်းယှဉ်ပါက ထိုမြို့သည် မြို့တော်ရှိ သရဲခြောက်သည့် အိမ်များအားလုံးနှင့် ကိုက်ညီကြောင်း သတိပြုမိကြလိမ့်မည်ဖြစ်သည်။
အေးစက်သော လေသည် တဟူးဟူးတိုက်ခတ်လာခဲ့သည်။ သစ်သားအိမ်များအတွင်းရှိ တွန့်လိမ်နေသော ဝိညာဉ်များက သူတို့မျက်လုံးများကို ဖွင့်လိုက်သည်။ မတူညီသော သရဲနီများ တွားသွားထွက်လာကြသည်။ အလယ်တွင် ရပ်နေသည့် အားဖန်သည် ကောင်းမင်အား အပြစ်ကင်းစင်စွာ မေးလိုက်လေသည်။
“ဒါဆို သူတို့ကရော”
ကြောက်မက်ဖွယ်ရာ အရှိန်အဝါက ပတ်ဝန်းကျင်အား ထိုးနှက်လိုက်သည်။ ကောင်းမင် နောက်ပြန်ဆုတ်လိုက်သည်။ သူ့ဦးရေပြား ထုံကျဉ်သွားသည်ကို ခံစားလိုက်ရသည်။ ဒီကောင်လေးက သရဲခြောက်တဲ့ အိမ်တွေကို စုဆောင်းတဲ့သူပဲ!
ကျောင်းအိတ်ကို ပြန်လွယ်ထားရင်း အားဖန်သည် အဆောက်အအုံ ဘလောက်တုံးများဖြင့် ပြုလုပ်ထားသော မြို့ထဲတွင် ရပ်နေသည့် မကောင်းဆိုးဝါးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။ ၎င်းသည် ရယ်စရာကောင်းနေသော်လည်း ကောင်းမင်သည် အားဖန်တွင် မြို့ကို ဖျက်ဆီးနိုင်သည့် စွမ်းအားရှိကြောင်း ခံစားမိသည်။
“ဂါး !”
အားဖန်သည် ကောင်းမင် နောက်ဆုတ်သွားသည်ကို မြင်သောအခါ ဟိန်းဟောက်ဟန် ပြုလိုက်သည်။ ကောင်လေးသည် စင်ကြယ်သော်လည်း သူ့ပတ်ဝန်းကျင်တွင် ဆိုးယုတ်စွမ်းအင်များ များပြားလွန်းလှသည်။ ခွန်အားကြီးသော သရဲများက ကိုယ်ထင်ပြလာကြပြီး ကော်ရစ်ဒါထဲတွင် စုပြုံလာကြတော့သည်။
အားဖန်သည် အဆောက်အအုံ ဘလောက်တုံးများကို အသုံးပြု၍ သရဲခြောက်သည့် အိမ်များစွာကို ဖန်တီးခဲ့သည်။ သရဲခြောက်သည့် အိမ်များသည် မမျှော်လင့်ထားသော နည်းလမ်းများဖြင့် တစ်ခုနှင့်တစ်ခု လွှမ်းမိုးခဲ့ကြပြီး မရဏဘုံအဖြစ်သို့ ပြောင်းလဲမည့် လက္ခဏာများ ပြသနေလေသည်။ အားဖန်သည် ဆက်နွယ်မှုမရှိသော သရဲခြောက်သည့် အိမ်များကို ပေါင်းစည်းနိုင်သည့် အထူးစွမ်းအားဖြင့် မွေးဖွားလာကြောင်း ကောင်းမင် အတည်ပြုလိုက်သည်။
“ဒါက အရိပ်၏ ကလေးဆိုတာလား”
ကောင်းမင်သည် ကစားစရာအိတ်ကို သူတို့နှစ်ဦးနောက်သို့ ပစ်ချလိုက်သည်။ သူက ဆရာဝန်နှစ်ဦးအား အပြင်သို့ ပို့ဆောင်ရန် သူ့နှလုံးသားကို ထိလိုက်သည်။
“ငါ ကတိရဲ့ ငါ့အပိုင်းကို ပြီးမြောက်ခဲ့ပြီ ၊ အခု မင်းတို့ရဲ့ အထောက်အထားကို အတည်ပြုရမယ့် အလှည့်ပဲ”
အမျိုးသမီးဆရာဝန်သည် အားဖန်ကို ဝန်းရံထားသော သရဲနီများကို ကြည့်လိုက်သည်။ သူမ၏ သားသည် မည်မျှ ‘ချစ်ခင်ခံရသည်’ ကို မြင်ရသောအခါ သူမ ပျော်ရွှင်မိသည်။ တစ်ချိန်တည်းမှာပင် သူမ၏ သားသည် သူမကိုပင် မမှတ်မိနိုင်သောကြောင့် အနည်းငယ် စိတ်ပျက်မိလေသည်။