အခန်း (၄၁+၄၂)
Vol. 5 Ch. 41+42
(41)
လျို့ယွီ ဒေါသထွက်လာချိန်တွင် သူ၏နောက်ကျောမှ တောင်ပံကြီးများက မြန်ဆန်စွာ ခတ်လာခဲ့ပြီး သူ၏ အရောင်တောက်ပသော မျက်လုံးများကို အသုံးပြု၍ သူတို့ကို စိုက်ကြည့်လိုက်ချိန်တွင် သူတို့ကိုအရိုးအထိ အေးစိမ့်သွားစေသည်။
သူက နောက်ဘက်မှ သူ့အသင်းဖော်များကို လက်ဟန်ပြလိုက်ပြီးနောက် လက်သီးဆုပ်အရွယ် ရေခဲလုံးတစ်လုံးက ချင်ဖူဟိုင်နှင့် သူ၏အသင်းဖော်များဆီသို့ ဦးတည်ပျံသန်းလာလေသည်။
ချင်ဖူဟိုင် သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ရေခဲလုံးကို တိကျသော ပစ်ချက်တစ်ချက်ဖြင့် ပစ်ခတ်လိုက်သည်။
ကျည်ဆံက ရေခဲလုံးကို ထိမှန်သွားသောအချိန်တွင် ရေခဲလုံးက မိုးသီးနှင့်တူသော အပိုင်းအစမျာအဖြစ် ချက်ချင်း ကွဲကြေသွားခဲ့လေ၏။ ထိုမိုးသီးများက သူ၏အသင်းဖော်များကို ထိမှန်ချိန်တွင်တော့ မပြင်းထန်သော နာကျင်မှုကိုသာလျှင် ဖြစ်ပွားစေခဲ့သည်။
လျို့ယွီ လှောင်ပြောင်လိုက်သည်။
“ပြစ်ဒဏ်အဖြစ် ဖိအားပေးခံရချိန်မှာ အရက်သောက်ပြီး တောင်းပန်ဖို့အတွက်ကို ခွက်မြှောက်ဖို့ ငြင်းတယ်ပေါ့လေ* ၊ ငပျော့ကောင်တွေ ငါ့ကိုဆန့်ကျင်တဲ့အတွက် မင်းတို့တွေ ဘယ်လို ပေးဆပ်ရမလဲဆိုတာ သိအောင် လုပ်ပေးမယ်”
(T/n : 敬酒不吃吃罚酒 (Refusing to toast only to be forded drinking as a penalty):
မသိသေးတဲ့ သူတွေအတွက် ရှင်းအောင်ပြောရရင် တရုတ်လူမျိုးတွေမှာ တောင်းပန်တဲ့အနေနဲ့ ခွက်မြှောက်ပြီး အရက်ခွက်ကို တစ်ကျိုက်တည်းနှင့်မော့သောက်ပြတဲ့အလေ့အကျင့်မျိုးရှိတယ်မလား ၊ ဒါကို မလုပ်ဘဲ ပိုကြီးတဲ့ အပြစ်ဒဏ်ရောက်လာတဲ့ အခြေအနေကို ဖြစ်သွားစေတာ ကိုပြောချင်တာပါ )
အနီရောင်ဝတ်စုံနှင့် ကလေးမလေးမှာ သူမကို ကြောက်လန့်စေခဲ့သော လူက သူမ၏ လျို့ယွီကောထံတွင် ကျိန်ဆဲခြင်းခံသည်ကို မြင်လိုက်ရလျှင် ပျော်မြူးအားရစွာ ပြုံးလိုက်လေသည်။
“ယုန်နားရွက်လေးတွေကို လိုချင်တယ်”
သူမက ယင်ရိလျိုကို လက်ညှိုးထိုးပြပြီး နောက်တစ်ကြိမ်ထပ်မံ တောင်းဆိုလိုက်သည်။
ကလေးဘဝကတည်းက သူမ မရနိုင်သည့်အရာဟူ၍ မရှိခဲ့ပေ။ သူမတစ်စုံတစ်ခုကို လိုချင်နေသရွေ့ ၎င်းအရာက နောက်ဆုံးတွင် သူမဆီသို့ ရောက်ကို ရောက်လာရလိမ့်မည်ဖြစ်၏။
၎င်းတွင် ပိုင်ရှင်ရှိရှိ ၊မရှိရှိ အရေးမကြီးပါချေ။
သူမ မရနိုင်သည့်အရာဟူ၍ မရှိဟု သူမ တဖြည်းဖြည်း ယုံကြည်လာခဲ့သည်။
မရနိုင်သည့်အရာ ရှိနေခဲ့လျှင်ပင် သူမအတွက် ယူပေးစေရန် ခိုင်းစေပါက သူမ၏ဘေးမှ အစ်ကိုကြီးများနှင့် အန်ကယ်တို့အနေဖြင့် သူတို့လုပ်နိုင်သည့်အရာအားလုံးကို လုပ်လိမ့်မည်ဖြစ်၏။
ယနေ့ကဲ့သို့ပင်။
သူမသည် ယင်ရိလျိုပေါ်မှ ယုန်နားရွက်များကို လိုချင်ခဲ့သည်။
အခြားသူများ ဘေးသင့်မည် မသင့်မည်ကို သူမ ဂရုမစိုက်ချေ။ သူမလိုချင်တာကို ရကို ရရ,လိမ့်မည်ဖြစ်၏ ။
အသင်းဖော်များက စွန်ဖိန်းကိုစက်ဝိုင်း၏ အလယ်တွင် ကာကွယ်ထားလိုက်ကြလေသည် ။
တစ်ဖက်မှ လျို့ယွီ၏အမိန့်အောက်တွင် ရေများကို ခဲနိုင်သော အားနည်းသည့် လူငယ်လေးက ချင်ဖူဟိုင်နှင့် သူ၏အသင်းဖော်များဆီသို့ ရေခဲချွန်များကို အဆတ်မပြတ်ပစ်နေခဲ့သည်။
၎င်းရေခဲချွန်များက ချင်ဖူဟိုင်၏ တိကျလှသော ကျည်ဆန်များဖြင့် ထိမှန်ခြင်းကို ခံခဲ့ရသည်။
ရေခဲချွန်များက မာကျော ချွန်ထက်လွန်းပေသည်။ ၎င်းတို့က မြေပြင်ပေါ်တွင် လဲလျောင်းနေသော သန္ဓေပြောင်း ဝံပုလွေကဲ့သို့ သတ္တဝါကြီးများကိုပင် တစ်ချက်လောက်ထိမှန်စေရုံဖြင့် သတ်ပစ်ရန် လုံလောက်၏။
လျို့ယွီ သူ့လက်ထဲမှ ကလေးမလေးကို အမြှောက်နှင့်လူကြီးဆီသို့ လက်လွှဲပေးလိုက်၏။
သူ တိုက်ပွဲထဲကို ဝင်ပါရန်အတွက် လှည့်ထွက်ခါနီးတွင်ပင် ထိုကလေးမလေးက သူ၏အင်္ကျီကို ဆောင့်ဆွဲလိုက်လေသည်။
သူမက သူမ၏ပါးများကို ဖောင်းကားပြီး အမိန့်ပေးခဲ့သည်။
“လျို့ယွီကော သူတို့ကို မှတ်သားလောက်တဲ့အထိ သင်ခန်းစာပေးခဲ့နော်”
“အိုကေ”
လျို့ယွီ သဘောတူပြီး သူမကိုပြုံးပြလိုက်သည်။
“သမီး အဲဒီယုန်နားရွက်လေးတွေကို လိုချင်တယ်”
“ကောက သမီးအတွက် ယူလာပေးမယ်”
သူ ချင်ဖူဟိုင်တို့ဘက်သို့ ပြန်လှည့်လာချိန်တွင်တော့ မတိုင်ခင်က ပြုံးနေသော သူ၏မျက်နှာသည် ချက်ချင်း မှောင်မည်းသွားလေသည်။
ကြားဝင်ဖြန်ဖြေချင်သော အမြှောက်လူကြီးပင်လျှင် သူ့ကိုစကားပြောရန်အတွက် အလွန်ကြောက်လန့်သွားခဲ့သည်။
သူက ချင်ဖူဟိုင်နှင့် အခြားသူများအတွက် တိတ်တဆိတ် ဆုတောင်းပေးရုံသာ တတ်နိုင်ပေတော့သည်။
ဤလျို့ယွီသည်က အရူးတစ်ယောက်သာဖြစ်ပေ၏။
သူသည်က အမြဲတစေ ရူးသွပ်နေသောလူတစ်ယောက်ဖြစ်ခဲ့သော်ငြား ကန့်သတ်တချို့ကတော့ ရှိနေဆဲဖြစ်ပေ၏။
သို့သော်လည်း ကမ္ဘာပျက်ကပ်အချိန်သို့ ရောက်ရှိပြီးနောက်တွင်တော့ သူသည်က လူသားအရေခွံခြုံထားသော မကောင်းဆိုးဝါးတစ်ကောင် အဖြစ် အပြည့်အဝနိုးထလာခဲ့ပုံရသည်။
သူသည်က သခင်မငယ်လေးကို မျက်ကန်းတစ်ယောက်သဖွယ် နာခံပြီး တခြားလူများကို သတ်ရချိန်တွင် မျက်တောင်တစ်ချက်ပင် ခတ်လိမ့်မည်မဟုတ်ချေ။
ချင်ဖူဟိုင်နှင့် သူ၏အသင်းဖော်များမှာ ရေခဲပစ်လွှတ်နေသည့်တစ်ယောက်နဲ့ပင် ရုန်းကန်နေနှင့်ရပြီးဖြစ်ပေသည်။ လျို့ယွီ တိုက်ပွဲထဲသို့ ဝင်ရောက်လာခြင်းက သူတို့အတွက်တော့ ကိစ္စများကို သေချာပေါက် ပို၍ပင်ခက်ခဲသွားစေပေလိမ့်မည်။
ယင်ရိလျို အံကြိတ်လိုက်ပြီး လူသားအသွင်ဖြင့် သူမ၏သန္ဓေပြောင်းစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုလိုက်သည်။
သူမ၏ဖြူဖွေးပြီး ထိခိုက်လွယ်သော လက်မောင်းများနှင့် စွန်းဖိန်၏လက်မောင်းထဲမှ ချိုးဖောက်လွတ်မြောက်ပြီး မြေပြင်ပေါ် ပေါ့ပါးစွာ ခုန်ဆင်းလိုက်သည်။
ထို့နောက်တွင် သူမ လျို့ယွီကို တစ်ချက်ကြည့်ပြီး ခြုံပုတ်များထဲ ပြေးဝင်သွားခဲ့လေသည်။
အတွင်းပိုင်းမှ နာကျင်နေလင့်ကစား သူမသည်က သူမ၏ယုန်အသွင် ဖြစ်နေချိန်ကကဲ့သို့ လျှင်မြန်လုနီးပါးပင် ဖြစ်နေခဲ့သေးသည်။
စွန်းဖိန် အံ့အားတကြီးအော်လိုက်သောကြောင့် လူတိုင်းက သူတို့ခေါင်းကို လှည့်ကြည့်မိကာ ထိုကောင်မလေးက သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသည်။
လျို့ယွီက လျှင်မြန်စွာ တုံ့ပြန်လိုက်၏။ ငှက်အမျိုးအစား သန္ဓေပြောင်း လူတစ်ယောက်အနေနှင့် သူ၏ ကြီးမားသော တောင်ပံတစ်စုံကို ထုတ်ဖောလိုက်လေသည်။
သူ့၏တောင်ပံများကို ခတ်လိုက်သောအခိုက်တွင် လေစီးကြောင်းကြီးက ယင်ရိလျိုနှင့် ယှဥ်ပြိုင်နိုင်သော အရှိန်ဖြင့် ရှေ့သို့တွန်းပို့လာခဲ့လေသည်။
သူ၏ အမူအရာက အလွန်ပင် မှုန်သုန်သွားသည်။ သူ ထိုကောင်မလေးကို လျော့တွက်မိခဲ့သည်။
သူမသည်က အရွယ်ရောက်သူများ နောက်တွင်ပုန်းနေသော ကြောက်ရွံ့၊ အားနည်းသည့် ကလေးလေးတစ်ယောက်ဟုသာ ယူဆထားခဲ့သော်ငြား သူမ၏အရှိန်နှင့် တုံ့ပြန်နှုန်းက အလွန်လျှင်မြန်နေခဲ့၏။
သူမသည်က ယုန်မျိုးစပ်တစ်ယောက် ဖြစ်နေသည်မှာ အံ့သြစရာမရှိပါချေ။
သခင်မငယ်လေး လိုချင်သည်ကို သူရမှ ဖြစ်ပေမည်။ ယင်ရိလျိုက ကြမ်းကြုတ်သော ကျားတစ်ကောင် ဖြစ်နေလျှင်ပင် သူမကို အမဲလိုက်ပစ်ရမည်ပင်။
ဤသည်ကို စဥ်းစားပြီးနောက် ချိုချုံ၏ မျက်လုံးများက ပို၍အေးစက်လာခဲ့၏။ သူ၏မျက်လုံးများက သူရှေ့ရှိ ကလေးမလေးပေါ်တွင်သာ မြဲမြံစွာ မလွတ်စတမ်းကြည့်နေခဲ့လေသည်။
သူမက အလွန် လျှင်မြန်လာသောကြောင့် သူ အရှိန်ပြည့် ပျံသန်းနေသောအချိန်၌ပင် သူမကို ရှုံးနိမ့်လုဆဲဆဲ ဖြစ်နေပေသည်။
လျို့ယွီ၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အကြည့်တစ်ခု ရှိနေခဲ့၏။
သူက သစ်တောထဲသို့ တဟုန်ထိုးဖြတ်သန်းနေကာ သူ၏တောင်ပံများကို ဒေါသတကြီး ခတ်နေခဲ့လေသည်။
တစ်ဖက်တွင်တော့ ယင်ရိလျိုမှာ အလွန်ပင် ဒေါသထွက်နေခဲ့ပြီး သူမ၏နှလုံးသားထဲမှ ဒေါသတို့ကသာ သူမကို နာကျင်မှုကြောင့် လောင်ကျွမ်းသွားခြင်းမှ ကာကွယ်နေသည့် တစ်ခုတည်းသောအရာအဖြစ်ရှိနေခဲ့သည်။
သူမအနေဖြင့် လျို့ယွီ နှင့် အနီရောင်ဝတ်စုံနဲ့ ကောင်မလေးကြားမှ စကားများကို ကြားခဲ့ပြီးဖြစ်ပေ၏။
သူတို့က သူမ၏နားရွက်များကို လိုချင်နေကြသည်။
အသက်ရှင်နေစဥ်တွင် သူမ၏နားရွက်များကို ဆုတ်ဖြဲချင်နေကြသည်။
ယင်ရိလျို သူမ၏ခန္ဓာကိုယ်ထဲမှ နာကျင်မှုကို တောင့်ခံနေလျက် အံကြိတ်လိုက်၏။
သူမအနေဖြင့် ဖော်ထုတ်မခံချင်သောကြောင့်သာ မဟုတ်လျှင် နေရာမှာတင် တိုက်ရိုက်ခုန်တက်ပြီး ထိုကောင်မလေး၏မျက်နှာကို ကုတ်ခြစ်ပစ်ခဲ့မည်ဖြစ်၏။
ယင်ရိလျိုက ယုန်တစ်ကောင်ဖြစ်သော်ငြား သူမက အသီးအရွက်စားယုန် မဟုတ်ချေ။
အန္တရာယ်အရှိဆုံး ရန်သူကို အဝေးသို့ မျှားရန်အလို့ငှာ ယင်ရိလျို လုပ်နိုင်သည့် တစ်ခုတည်းသောအရာသည်က ချင်ဖူဟိုင်တို့ရှိနေသည့်နေရာမှ ဆန့်ကျင်ဘက် အရပ်မျက်နှာကို ထွက်ပြေးခြင်းသာ ဖြစ်၏။
လုံလောက်သည့် အကွာအဝေးကိုပြေးလပြီးနောက်တွင် သူမ၏ နောက်ကို တစ်ဇွတ်ထိုးလိုက်နေဆဲဖြစ်သော လူကြီးထံမှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူမ ကနဦးက ယုံကြည်ခဲ့သော်ငြား သူမ၏ခန္ဓာကိုယ်ထဲမှ နာကျင်မှုကို လျော့တွက်ခဲ့မိသည်။
အချိန်အကြာကြီး ပြေးပြီးနောက် သူမ၏မျက်လုံးများက လုံးဝမှောင်ကျသွားပြီး နောက်ဆုံးတွင် ထပ်၍ မတောင့်ခံနိုင်တော့ချေ။
သူမ၏ခန္ဓာကိုယ်က အရွယ်အစားကျုံ့ဝင်သွားပြီး ယုန်ဖြူလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမ၏အရွယ်အစား ရုတ်တရက်ပြောင်းလဲမှုမှ အကျိုးဆက်ကြောင့် အသွင်ပြောင်းပြီးနောက် မြေပြင်ပေါ်တွင် လှိမ့်သွားခဲ့လေသည်။
သူ၏သားမွှေးဖြူများသည်လည်း တခဏချင်း ဖုန်မှုန့်များ ဖုံးလွှမ်းသွားခဲ့သည်။
သူမ ယုန်တစ်ကောင်အဖြစ် ပြောင်းလျှင်ပြောင်းချင်း သူမ၏ခန္ဓာကိုယ်ထဲမှ နာကျင်မှုာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူမ စိတ်သက်သာရာရသည့် သက်ပြင်းကိုချလိုက်ပြီး သူမ၏နောက်ကို တစ်ချက်ကြည့်လိုက်သည်။
လျို့ယွီသည်က သူမကို လွှတ်ပေးရန် ငြင်းဆန်နေဆဲဖြစ်၏။
သူမ၏မျက်လုံးများက အေးစက်သွားခဲ့ပြီး အရှိန်ကိုမြှင့်တင်လိုက်သည်။
ယုန်အသွင်ဖြင့် သူမ၏အရှိန်က လူသားအသွင်ဖြင့် အရှိန်ထက် များစွာပိုမြန်ပြီး ယခင်က သူတို့နှစ်ယောက်ကြား လျော့ကျသွားသော အကွာအဝေးက တစ်ဖန်ပြန်ကျယ်လာခဲ့သည်။
ကလိမ်ကကျစ် ကလေးမလေးမှ ရုတ်တရက် ယုန်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လျှင် လျို့ယွီ အံ့သြသွားသော်လည်း သူမသည်က ယုန်မျိုးစပ်တစ်ကောင်ဖြစ်ပြီး သူမ၏ သန္ဓေပြောင်းအသွင်သို့ အသွင်ပြောင်းသွားရုံမျှသာဟု သူအလျှင်အမြန်ယူဆလိုက်သည်။
ယင်ရိလျို သူမ၏အရှိန်ကို အမြင့်ဆုံးမြှင့်လိုက်သည်။
သူမ၏နားထဲတွင် လေချွန်သံကို ကြားနေရကာ ပြင်းထန်စွာ တိုက်ခိုက်နေသော လေက သူမ၏မျက်နှာပေါ်မှ သားမွှေးဖြူများကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။
သူမ၏မျက်လုံးများကိုပင် ဖွင့်နိုင်ရုံမျှသာ ရှိနေပေသည်။
ယင်ရိလျို နှလုံးသားထဲ၌ သူမ၏ နောက်မှ စိတ်ရှုပ်စရာကောင်းသော လူကို ကျိန်ဆဲပြီး သူ့ကိုအနိုင်ယူရန် ပို၍ပင် စိတ်ပိုင်းဖြတ်သွားခဲ့သည်။
သူ့ကိုအနိုင်မယူနိုင်လျှင်ပင် သေသည်အထိ ဆွဲခေါ်သွားမည်ဖြစ်၏!
သူ့ကို အမောဖောက်ပြီး သေအောင်လုပ်ပစ်မယ်!
အကွာအဝေးအတွင်းမှ ရင်းနှီးသော ပုံသဏ္ဍာန်အချို့ကို သတိထားမိသည့်အချိန်တွင် ယင်ရိလျိုမှာ ချိုချုံနှင့် တိုက်ပွဲရှည်ကြီးတစ်ခုအတွက် စိတ်ကို ပြင်ဆင်နှင့်ပြီးဖြစ်ပေသည်။
ထိုရင်းနှီးသော ပုံရိပ်ကြောင့် သူမ၏နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်သွားခဲ့သည်။
သူမ ပို၍နီးကပ်လာသောအချိန်တွင် လူသုံးယောက်၏ မျက်နှာများကို မြင်လိုက်ရပြီး သူမ၏နှလုံးသားက ပျော်ရွှင်မှုဖြင့် ပို၍ပင် ခုန်ပေါက်သွားခဲ့သည်။
၎င်းသည်က ကျင်းယန်နှင့် ကျောင်းမောင်နှမပင်ဖြစ်ပေ၏။
*
(42)
သူတို့အားလုံးက အသက်ရှင်ဆဲဖြစ်ပြီး အခြေအနေလည်းကောင်းမွန်နေခဲ့ကြ၏။
ယင်ရိလျိုတစ်ယောက် နောက်ဆုံးတွင် စိတ်ပူပန်ခြင်းကို ရပ်တန့်နိုင်ပြီဖြစ်ပေ၏။ ထို့အပြင် ကျင်းယန်က ခြေထောက်နှစ်ဖက်ဖြင့် လမ်းလျှောက်နေသည်ကိုလည်း သူမ သတိထားမိလိုက်သည်။
ရွှေပေါင်လုံးကြီးရဲ့ ခြေထောက်တွေက ကုသပြီးသွားပြီလား?
ကျင်းယန်၏ အမြင်အာရုံက ဒုတိယဆင့်ကဲပြောင်းလဲမှုပြီးနောက်တွင် ရုပ်ရှင်ဇာတ်လမ်းဆန်စွာ တိုးတက်လာခဲ့ပြီး သူ၏မြင်ကွင်းအကျယ်သည်လည်း သိသာထင်ရှားစွာ ချဲ့ထွင်လာခဲ့သည်။
ကနဦးတွင် သူတို့သုံးယောက်က ရုတ်ရုတ်သဲသဲဖြစ်နေသည့် အရင်းအမြစ်၏ ဆန့်ကျင်ဘက် အရပ်မျက်နှာဆီ သွားနေခြင်းဖြစ်၏။
သို့သော် ဟိန်းဟောက်သံကြီးတစ်ခုပြီးနောက်တွင် တုန်ခါမှုသည် လုံးဝရပ်တန့်သွားပြီး တောအုပ်သည်လည်း နောက်တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
သစ်တောထဲရှိ အန္တရာယ်က မရှိတော့ကြောင်းကို သူတို့သိခဲ့သည်။
တခဏကြာပြီးနောက် သေနတ်ပစ်သံများကို ကြားခဲ့ရသည်။
သူတို့လည်း သတိအနေအထားဖြင့် ဆက်ထားခဲ့ကြပြီးနောက် မကြာခင်ခဏတွင် ထူးဆန်းသောပုံစံဖြင့် ‘ငှက်လူသား’ကို မြင်လိုက်ရကာ အံ့သြသွားခဲ့ကြသည်။
ထိုသူသည်က လူသားတစ်ယောက် ဖြစ်သော်လည်း သူ့၏နောက်ကျောတွင် တောင်ပံကြီးများရှိနေခဲ့လေ၏။ သူက သူတို့ ရှိနေသည့်အရပ်မျက်နှာသို့ အရှိန်မြှင့်စွာ ပျံတက်လာနေခဲ့သည်။
ကျင်းယင်က ပထမဆုံး ကောင်းကင်ပေါ်မှ ချိုချုံကို တွေ့သွားခဲ့သည်။
သူကျောင်းမောင်နှမကို ဂရုစိုက်ရန် သတိပေးခဲ့ပြီး သေနတ်ကို ထုတ်ယူလိုက်လေသည်။
ယင်ရိလျို၏ ယုန်ခန္ဓာကိုယ်လေးမှ် အလွန်သေးငယ်ပြီး ဒုတိယမြူပြီးနောက်တွင် မြက်များက ပို၍ရှည်လျားစွာ ကြီးထွားလာသည့်အတွက် ၎င်းမြက်ပင်များကြားတွင် သူမ ဖြတ်သန်းပြေးလွှားနေသောအခါ အပြည့်အဝ သတိမထားမိနိုင်ပါချေ။
ပထမဆုံးအကြည့်တစ်ချက်တွင် ကျင်းယန်င ပြေးလွှားလာနေသော ယုန်လေးကို သတိမထားမိခဲ့ချေ။
သို့သော်လည်း သူမ နီးလာချိန်တွင်တော့ ကျင်းယန်တစ်ယောက် မြက်များကြားတွင် ရင်းနှီးသော အဖြူရောင်အရိပ်လေးကို မြင်ခဲ့ရပြီး သူ၏စိတ်အခြေအနေက ချက်ချင်း မြင့်တက်သွားသည်။
၎င်း၏ ထိတ်ထိတ်ပျာပျာ ခုန်ပေါက်ပြေးလွှားနေသောခန္ဓာကိုယ်လေးနှင့် ခေါင်းပေါ်မှ အဆတ်မပြတ်လှုပ်ယမ်းနေသော နားရွက်များအရ ထိုအရာလေးသည်က သူ၏ ပျောက်ဆုံးနေသော ယုန်လေး, ယင်ရိလျိုသာဖြစ်ပေသည်။
ကျင်းယန်၏ နှုတ်ခမ်းထောင့်တို့က မသိမသာ ကွေးတက်သွားခဲ့လေ၏။
တစ်ချိန်တည်းတွင် သူက မျက်လုံးကိုပင့်မ,ကာ ယုန်လေး၏ နောက်တွင် လိုက်ဖမ်းနေသော ငှက်လူသားကို ကြည့်လိုက်သည်။
သူ၏ရွှေရောင်မျက်လုံးများကို အသာအယာ မှေးကျဥ်းပြီး မျက်လုံးများထဲတွင် အေးစက်မှုများက ရောစပ်နေခဲ့လေသည်။
သူသာ အခြေအနေကို မှန်ကန်စွာ နားလည်မည်ဆိုလျှင် ဤသည်မီာ သူ၏ယုန်လေးနောက်ကို လိုက်ဖမ်းနေခြင်းသာဖြစ်သည်။
သူဘာလုပ်ချင်တာလဲ?
စားဖို့အတွက်လား ?
ဒါမှမဟုတ် ယုန်ကို အန္တရာယ်ပေးဖို့အတွက်လား?
ကျင်းယန်၏ မျက်နှာက မှောင်မည်းသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရေခဲသေတ္တာအအေးခန်း အတွင်းဘက်နှင့်တူသော အေးစက်မှုများ ဖြာထွက်လာသည်ကို ကျောင်းမောင်နှမ မြင်တွေ့နေခဲ့ရသည်။
သူတို့အနေဖြင့် တစ်ဖက်လူလောက် အမြင်အာရုံမကောင်းသည့်အတွက် ထိုသူမှ သူ၏သေနတ်ကို မြှောက်၍ လက်ကိုကွေးကာ ပစ်ခတ်လိုက်ပြီး ထိုကျည်ဆန်က လျို့ယွီ၏ အရပ်မျက်နှာသို့ ပျံထွက်သွားသောအခိုက်တွင်ပင် ကျင်းယန်က မည်သည်အတွက်ကြောင့် ထပ်မံ၍ ဒေါသထွက်သွားသည်ကို သူတို့ အဖြေမရှာနိုင်ကြချေ။
လျို့ယွီက လေ၏လှုပ်ရှားမှုများကို အလွန်အမင်း အကဲဆတ်လွယ်နေခဲ့သည်။
သူက ကျည်ဆန်၏လှုပ်ရှားမှုကို အာရုံခံနိုင်ပြီး သူ၏ခန္ဓာကိုယ်ကို တစ်ဖက်သို့ စောင်းလိုက်သော်လည်း ပစ်ချက်မှ မလွတ်မြောက်နိုင်ဆဲပင်ဖြစ်ချေသည်။ ကျည်ဆန်သည်က သူ၏တောင်ပံကို ထိမှန်သွားကာ အညိုနက်ရောင် တောင်ပံ၏ အောက်ဘက်ပိုင်းတွင် အပေါက်တစ်ခု ပေါက်သွားခဲ့လေသည်။
ယင်ရိလျို ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ကျင်းယန်၏ လက်မောင်းထဲသို့ တည့်တည့်ခုန်ဝင်လိုက်လေ၏ ။
လျို့ယွီ၏မျက်နှာအမူအရာက ချက်ချင်းပင် မဲ့သွားသွားပြီး သူတို့နှင့် မီတာအနည်းငယ် အဝေးတွင် တုံ့ဆိုင်းသွားခဲ့သည်။
ကျင်းယန်က သူမကို အနီးကပ် ပွေ့ချီကာကိုင်ထားခဲ့သည်။
သူ၏လက်ထဲမှ အမွှေးထူထူအထိအတွေ့ကို ခံစားလိုက်ရချိန်မှသာ သူ နိုးလာခဲ့ကတည်းက မပျော်ရွှင်သည့် စိတ်အခြေအနော ရုတ်တရက် ပြန်လည်တောက်ပသွားခဲ့လေသည်။
သူက လျှောက်ပတ်ပြေးနေခြင်းအတွက် အပြစ်ပေးသည့်အနေဖြင့် ယုန်လေး၏ ခေါင်းနှင့် နားရွက်များကို လက်ဖဝါးဖြင့် နယ်ပစ်လိုက်သည်။
ယင်ရိလျိုအနေဖြင့် သူမတစ်ကိုယ်တည်း ရှိနေချိန်က သတ္တိကိုရှေ့တန်းတင်နိုင်သော်ငြား သူမကိုယ်သူမ ကျင်းယန်၏ နွေးထွေးသော လက်မောင်းထဲသို့ ပစ်ဝင်ပြီးသောအခိုက်တွင်မူ ကျောင်း၌ အနိုင်ကျင့်ခံခဲ့ရပြီး နောက်ဆုံးတွင် သူမ၏အမေဆီမှ နှစ်သိမ့်မှုကို ရှာဖွေရန် အိမ်ပြန်လာသော ကလေးတစ်ယောက်နှင့် တူနေခဲ့လေသည်။
သူမက သူမကိုယ်သူမ ကျင်းယန်၏လက်မောင်းထဲတွင် မြှုပ်နှံထားပြီး မကျေနပ်စွာ ညည်းညူလိုက်ကာ မည်သူ့၏ နှလုံးသားကိုမဆို အရည်ပျော်ကျသွားစေနိုင်သော သနားစရာအသံများကို ပြုလုပ်လိုက်သည်။
ကျင်းယန်၏ဒေါသများက အလျှင်အမြန် လျော့ပါးသွားပြီး ညင်သာစွာ သက်ပြင်းချခဲ့သည်။
ဤအကောင်လေးသည်က အပြင်ဘက်တွင် အနိုင်ကျင့်ခံခဲ့ရပြီး သူ့ဆီတွင် တိုင်တန်းညည်းညူနေခြင်းသာဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေ၏။
သူက ယုန်လေး၏ ပန်းရောင်နှာခေါင်းကို ထိလိုက်ရင်း နှာမှုတ်လိုက်လေသည်။ သူ၏အသံက နက်ရှိုင်းပြီး တမျိုးတစ်ဖုံ ညင်သာနေခဲ့သည်။
“မင်း နောက်တစ်ကြိမ် ထပ်ပြီး လျှောက်ပြေးရဲသေးလား?”
ယုန်လေးက သူ၏ခေါင်းကို သနားစရာကောင်းစွာ ခါရမ်းလိုက်လေသည်။
'ကျွန်မ အပြင်ကိုထပ်မသွားတော့ဘူး.. ထပ်ပြီး လျှောက်ပတ် မပြေးတော့ပါဘူး..ရွှေပေါင်လုံးကြီးရဲ့ ဘေးက အလုံခြုံဆုံးပဲ.. ကျွန်မကိုသတ်ရင်တောင်မှ ရွှေပေါင်လုံးကြီးရဲ့ဘေးကနေ ဘယ်တော့မှ ထပ်ခွာမှာမဟုတ်ဘူး! '
ယင်ရိလျို ကတိပေးပြီးနောက် ကျင်းယန်လည်း ကျေနပ်သွားခဲ့သည်။
သူ၏နူးညံ့ညင်သာသော မျက်လုံးများမှာ လေထုအလယ်မှ အကျည်းတန်သော ငှက်လူသားဆီသို့ ရွေ့သွားသောအခိုက်တွင်တော့ ရေခဲကဲ့သို့ အေးစက်သွားခဲ့လေသည်။
ဤသတ္တဝါက သူ့၏ပိုင်ဆိုင်မှုပေါ်တွင် လက်တင်ရဲသည်။
သူ၏အသက်ကို ချမ်းသာပေးရန် မလိုအပ်တော့ချေ။
ကျင်းယန် သူ၏လက်ကို ဖြည်းညှင်းစွာမြှောက်လိုက်၏။
သူ၏လှုပ်ရှားမှုများက နှေးကွေးသော်ငြား သူက အလွန်အန္တရာယ်များကြောင်းကို လျို့ယွီ အာရုံခံနိုင်လေသည်။
ငှက်တစ်ကောင်၏ အန္တရာယ်ကြိုတင်ခန့်မှုန်းမှုသည်က အလွန်အမင်း တိကျလေ၏။
ချင်ဖူဟိုင်က အတော်အတန် ခြိမ်းခြောက်နေသော်လည်း ယခု သူရှေ့တွင်ရှုနေသောလူသည်ကတော့ သူ၏လက်ကို မြှောက်ရုံမျှသာ ဖြစ်လျှင်ပင် နောက်ထပ် အဆင့်အသစ်တစ်ခုတွင် ရှိနေခဲ့၏။
လျို့ယွီ အသာစီးရရန်အတွက် ပထမဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ကျင်းယန်နှင့် အခြားသူများဆီသို့ ခုန်ဝင်လိုက်လေသည်။
ကျောင်းမောင်နှမသည်လည်း လျှင်မြန်စွာပင် တုံ့ပြန်ခဲ့ကြလေ၏။
ကျောင်းစီဟွေ့က လေထဲတွင်ရှိနေသော လျို့ယွီကို တစ်ချက်ကြည့်ပြီး သူမ၏လက်ဖဝါးထဲမှ မရေမတွက်နိုင်သော အပ်ရှည်များကို သူ့ဆီသို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။
လျို့ယွီမှာ တိုက်ခိုက်မှုကြောင့် အံ့သြသွားပြီး လျှင်မြန်စွာ ရှောင်တိမ်းလိုက်သော်ငြား သူ၏တောင်ပံသည်ကတော့ ထပ်မံ၍ထိုးဖောက်ခံလိုက်ရပြန်သည်။
သူ၏ဒဏ်ရာမှ သွေးများ ပန်းထွက်လာပြီး သူ၏မျက်နှာသည်လည်း ပြင်းထန်စွာနာကျင်မှုဖြင့် တွန့်လိမ်သွားခဲ့သည်။
သူ အသံတိုးတိုးဖြင့် ကျိန်ဆဲပြီး ဆက်လက်၍ တိုက်ခိုက်ခဲ့သည်။
ကျင်းယန်က နှေးကွေးကာ တည်ငြိမ်ပေသည်။ သူက လျို့ယွီ၏ အရှိန်နှင့် မယှဥ်နိုင်သော်ငြား ဤကဲ့သို့ ပြက်ရယ်ပြုဖွယ် အရှိန်နှေးနှေးနှင့်ပင်လျှင် လျို့ယွီ၏ လှုပ်ရှားမှုများမှ လမ်းကြောင်းကို အကြိမ်တိုင်း တိကျစွာခန့်မှန်းနိုင်လေသည်။
ကျည်ဆန်က လျို့ယွီ၏ တောင်ပံများနှင့် လက်မောင်းများကို တည်ငြိမ်စွာဖြင့် အပေါက်များ ဖောက်နေခဲ့သည်။
ဤအခိုက်အတန့်၌ လေထဲတွင် ကျင်းယန်၏ ကျည်ဆန်များကို ရှောင်တိမ်းရန် ရုန်းကန်နေရသော လျို့ယွီမှာ သူနှင့်သူ၏အသင်းဖော်များ နှိပ်စက်ညှင်းပန်းခံရချိန်က သန္ဓေပြောင်းဝံပုလွေ၏ နာကျင်မှုကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။
သူသည်က လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော ငှက်တစ်ကောင်နှင့်တူနေခဲ့၏။ သူ လွတ်မြောက်ချင်သည့် အချိန်တိုင်းတွင် ကျင်းယန်၏ ကျည်ဆန်များထံမှ တားဆီးခြင်းကို ခံရလေသည်။ ထိုသူ့၏ အနားကိုပင် မကပ်နိုင်ချေ။
သူ ဒေါသထွက်နေခဲ့ရကာ စိတ်အနှောင့်အယှက်ဖြစ်နေပြီး သွေးများထွက်နေသည့်နေရာမှလည်း နာကျင်နေခဲ့ရသည်။
လျို့ယွီ၏ အလွန်ဆိုးဝါးသော အခြေအနေကို ယင်ရိလျို မြင်သော် သူမ၏နှလုံးသားထဲတွင် ပျော်မြူးသွားခဲ့လေသည်။
ရွှေပေါင်လုံးကြီးက အကောင်းဆုံးပဲ!
ဤသည်က အလွန်မိုက်သော ခံစားချက်တစ်ခုဖြစ်၏။
လွန်ခဲ့သောတစ်စက္ကန့်ခန်းက လျို့ယွီက နတ်ဘုရားတစ်ပါးကဲ့သို့ ပြုမူနေခဲ့၏။ သူ၏ လက်ကိုမြှောက်ရုံဖြင့် သူမ၏ ကံကြမ္မာကို ဆုံးဖြတ်ပြီး နားရွက်များကို လုယူလိမ့်မည်ဖြစ်၏။
သို့သော်လည်း နောက်စက္ကန့်တွင်တော့ သူကိုယ်တိုင်က အဆုံးဖြတ်ခံရမည့် တစ်ယောက်ဖြစ်လာခဲ့၏။
ကျင်းယန်က လျို့ယွီကို သူ လိုချင်သမျှ ကာလပတ်လုံး ဆက်လက် ပစ်ခတ်နိုင်လေသည်။
အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်။
ကျင်းယန်ကသာ ချိုချုံကို ပစ်ခတ်နေသော တစ်ယောက်ဖြစ်သော်လည်း ယင်ရိလျိုတစ်ယောက် ခံစားချက်ကောင်းနေခဲ့သည်မှာ သူမကိုယ်တိုင်က လက်စားချေနေရသည့် တစ်ယောက်ဖြစ်နေသည်နှင့်တူ၏။
သူမက ကျင်းယန်၏ ပုခုံးပေါ်တွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီး တကျီကျီအော်နေခဲ့ကာ ကျင်းယန်ကိုပင် အသံတိုးတိုးနှင့် ရယ်မောသွားစေခဲ့သည်။
ဤသည်မှာ တိုတောင်းသော ရယ်မောမှုသာ ဖြစ်လေသည်။
လျို့ယွီကို ရင်ဆိုင်သောအခါတွင်တော့ သူ၏မျက်နှာသည်က တစ်ဖန် အေးစက်သွားခဲ့ပြန်သည်။ ပွဲကြည့်နေသော ကျောင်းမောင်နှမသည်ပင် အံ့သြသွားခဲ့သည်။
သူတို့အနေဖြင့် ကျင်းယန်ကို မစော်ကားသင့်ကြောင်း သူတို့ကိုယ်သူတို့ နောက်တစ်ကြိမ် မှတ်သားလိုက်ကြပြန်သည်။
မဟုတ်သေးချေ။
တိတိကျကျဆိုရလျှင် ယုန်လေးကိုလည်း ကျင်းယန်နှင့်အတူ မစော်ကားသင့်ပါချေ။
လျို့ယွီက သူ၏ သခင်မငယ်လေးကို ယင်ရိလျို၏ ယုန်နားရွက်များကို အရယူပေးမည်ဟု ကတိပေးခဲ့သော်လည်း ကိစ္စများကို ကြည့်ခြင်းအာဖြင့် သူ လက်ဗလာ ပြန်သွားရမည့်ပုံပင်။
နတ်ဆိုးဆန်လွန်းသော ယုန်က ဤပို၍ပင် ထူးဆန်းသောလူကို မည်သည့်နေရာမှ ရှာတွေ့ခဲ့သည်ကို သူ မသိချေ။
ထိုလူတွင် ကြိုတင်ခန့်မှန်းနိုင်သော စွမ်းရည်များ ရှိနေခဲ့ပြီး သူ လှုပ်ရှားမည့် နေရာကို အလွန်ထင်ရှားစွာ ပြောနိုင်လေသည်။
ဆင့်ကဲပြောင်းလဲသူများက ပို၍သန်မာသော ခန္ဓာကိုယ်များရှိလျှင်ပင် အဆတ်မပြတ် ပစ်ချက်များကိုတော့ သူတောင့်မခံနိုင်ပါချေ။
လျို့ယွီ ယင်ရိလျိုအား စိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။ ထိုအခိုက်တွင် ယုန်လေးက ထူးဆန်းသောလူ၏ ပုခုံးပေါ်တွင် ခုန်ပေါက်နေသည်မှာ ယုန်တစ်ကောင်မျှကိုပင် ဖမ်းရန် မတတ်နိုင်သည့်အတွက် သူ့ကို လှောင်ပြောင်နေသည်နှင့် တူလေ၏။
လျို့ယွီ ဤအမုန်းတရားကို သူ၏နှလုံးသားထဲတွင် ထွင်းထုခဲ့သည်။ ထို့နောက် သူ၏ဒဏ်ရာရထားသော တောင်ပံများကို ယက်ကန်ယက်ကန်ခတ်လျှက် သူ၏ခန္ဓာကိုယ်ထဲမှ နာကျင်မှုကို တောင့်ခံပြီး တစ်စုံတစ်ယောက်က သူ့နောက်မှ လိုက်ဖမ်းနေသကဲ့သို့ မြန်မြန် ပျံသွားခဲ့လေသည်။