← Chapters

အခန်း (၄၃+၄၄)

Vol. 5 Ch. 43+44

အခန်း (၄၃+၄၄)

Vol. 5 Ch. 43+44

(43)

ကျင်းယန်ထံမှ ပစ်ခတ်မှုများကို ခံရပြီးနောက် ရှုံ့နိမ့်စွာ ပျံသွားသော လျို့ယွီကိုမြင်လျှင် ယင်ရိလျိုတစ်ယောက် ကျေနပ်မှု ခံစားခဲ့ရသည်။

သို့သော်လည်း သူမ၏ ပျော်ရွှင်မှုလေးက အသက်တို‌ရှာ၏။ ကျင်းယန်က သူ၏ခန့်ညားသောမျက်နှာနှင့် တတန်းတည်းတွင် ဆုံတွေ့ရန် သူမကို ပင့်မလိုက်လေသည်။

ကျင်းယန်တွင် ညင်သာသော အမူအရာရှိသော်လည်း ယင်ရိလျိုတစ်ယောက် တုန်ရီသွားခဲ့ရသည်။

“အခု မင်းနဲ့ ဆွေးနွေးရအောင်”

သူ၏ကလေးကို အနိုင်ကျင့်ခဲ့သူနှင့် ကိုယ်တွယ်ဖြေရှင်းပြီးနောက် ယခုအခါ ဆိုးသွမ်းသော ကလေးကို အပြစ်ပေးရန်အတွက် အလှည့်သို့ရောက်လာပြီဖြစ်သည်။

ယင်ရိလျို ကျင်းယန်၏ မျက်နှာပေါ်မှ အပြုံးတုကို ကြည့်ပြီး သူမ၏ နူးညံ့သော ဗိုက်သားလေးကို ဂရုတစိုက် လှန်ပေး၍ ကမ်းလှမ်းလိုက်ကာ သူမ၏ အနီရောင်ပဲစေ့သဖွယ်မျက်လုံးများက အလေးအနက်ရှုသည့် စိတ်ရင်းကို ဖော်ပြနေခဲ့လေသည်။

ရွှေပေါင်လုံးကြီး ဒီကိုလာပြီး ကျွန်မကို rua* ပါ!

(T/N- rua*: “ထိခြင်း၊ ပုတ်ခြင်း၊ နယ်ခြင်း၊ ပွတ်ခြင်း” အတွက်internet slang။ (အများအားဖြင့် အမွှေးထူထူတိရစ္ဆာများအတွက် သုံးတာပါ))

သို့သော်လည်း ကျင်းယန်သည်ကား အေးစက်ပြီး စိတ်မလှုပ်ရှားပါချေ။ သူ့အနေဖြင့် ဤအကောင်လေးကို သင်ခန်းစာတစ်ခု သင်ပေးရန် ဆုံးဖြတ်ခဲ့ပြီဖြစ်၏ ။

ထိုမှသာ ၎င်းအနေဖြင့် ထပ်၍ လျှောက်ပတ်မပြေးရဲတော့မှာပင်။

ဤကဲ့သို့ အန္တရာယ်အချိန်အခါမျိုးက အနာဂတ်တွင် ထပ်မံ ဖြစ်ပွားနိုင်သည်။

ဤအကြိမ်တွင် ယင်ရိလျိုက ကံကောင်းသွားခဲ့သည်။

နောက်အကြိမ်အတွက် မည်သို့ သိနိုင်မည်နည်း?

ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွင် ကြိုတင်မခန့်မှန်းနိုင်သော အန္တရာယ်က အလွန်ပင်အများအပြားရှိနေခဲ့၏။ ယင်ရိလျိုက အကြိမ်တိုင်း ဘေးရန်မသင့်ဘဲ လွတ်မြောက်နိုင်မည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း?

အလုံခြုံဆုံးသောနည်းလမ်းသည်က ဤအကောင်လေးမှ ထပ်မံ၍ လျှောက်ပတ်ပြေးခြင်းမှ ကာကွယ်ရန်အတွက် သူ၏ဘေးနားမှ ထွက်ခွာခြင်းကို ထိန်းသိမ်းရန်သာဖြစ်ပေသည်။

ကျင်းယန်၏ မယိမ်းယိုင်သော မျက်လုံးများကို ကြည့်နေလျှက် ယင်ရိလျို ထိတ်လန့်တုန်လှုပ်သွားသည်။

ပြီးသွားပြီ!

ရွှေပေါင်လုံးကြီးက ငါ့ကို ဒေါသထွက်နေပြီ!

သူမ စိတ်ညှိုးနွမ်းသွားခဲ့၏။

ဤကဲ့သို့ ပြဿနာဖြစ်သွားရန်အတွက် သူမအမှန်တကယ် မရည်ရွယ်ခဲ့ချေ။

သူမအနည်းငယ် မူးဝေကာ မတ်တတ်ရပ်ရန် ရုန်းကန်နေရသည်။

အလွန်အကျွံခေါင်းပွတ်ခံရခြင်းကြောင့် သူမ၏ ခေါင်းပင်ပြောင်လုနီးပါး ဖြစ်နေခဲ့သည်။ နားထဲသို့ ကျင်းယန်၏ပျားရည်ကဲ့သို့ အသံကိုကြားရသောအခိုက်တွင် သူမ၏နားကိုပင် မယုံနိုင်ခဲ့ချေ။

“သရေစာ တစ်ပတ်မရဘူး”

သရေစာ တစ်ပတ်မရဘူး!

ဒါတွေအကုန်လုံး လျို့ယွီရဲ့ ငရဲလိုအမှားပဲ!

ဤအခိုက်အတန့်တွင် လျို့ယွီအတွက် ယင်ရိလျို၏အမုန်းတရားသည်က အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ယခင်က သူမ၏အသက်ကို အန္တရာယ်ဖြစ်စေရုံသာဆိုသော်လည်း ယခုအခါတွင် သူမ၏ကောင်းကျိုး(စားသောက်ခွင့်)ကိုပင် သက်ရောက်ခဲ့သည်။

အစားအစာများကို သူမ၏ကိုယ်ပိုင်နေရာလွတ်ထဲတွင် သိုလှောင်ထားသော်လည်း သူမ၏ ရွှေပေါင်လုံးကြီးက သူမစားနေသည်ကို မိသွားလျှင်…

ကျင်းယန်၏ ပွေ့ဖက်မှုထဲ ပြန်ရောက်သွားပြီးနောက် ယင်ရိလျို အလွန်အမင်းလုံခြုံမှုကို ခံစားခဲ့ရသော်လည်း သူမကို ကာကွယ်ရန်အတွက် ခိုင်မာစွာ ရပ်တည်ခဲ့သော သူငယ်ချင်းများကို မမေ့ခဲ့ပါချေ။

လျို့ယွီသာ ပြန်သွားခဲ့လျှင် ချင်ဖူဟိုင်နှင့် ကျန်သည့်သူများအတွက် ပို၍ပင် အန္တရာယ်ရှိလာတော့မည်ဖြစ်၏။

သူမ ကျင်းယန်၏ အင်္ကျီလက်ကို ညင်သာစွာကိုက်ကာ မြက်ခင်းပေါ်သို့ခုန်ချပြီး သူမ၏ အမြီးလေးကို လှည့်ပြီး ယခင်အရပ်မျက်နှာဆီသို့ ဦးတည်ပြေးခဲ့သည်။

ကျင်းယန်က ယင်ရိလျို ဆိုလိုသည်အား နားလည်သည်။ သူနှင့် ကျောင်းမောင်နှတို့က ယုန်လေး၏နောက်သို့ နီးကပ်စွာ လိုက်လာခဲ့ကြသည်။

လျို့ယွီပြန်လာသောအချိန်တွင် ချင်ဖူဟိုင်နှင့် သူ့အသင်းဖော်များ၏ အခြေအနေက သူ စိတ်ကူးထားသကဲ့သို့ မဆိုးရွားနေသည်ကို ရှာတွေ့လိုက်သည်။

သူတို့ထံတွင် ကောင်းမွန်သော အသင်းလိုက်ဆောင်ရွက်မှုရှိပြီး တိုက်ပွဲ၌ အနည်းငယ်ပင် အသာစီးရနေခဲ့သည်။

အရည်ပျော်နေသော ရေခဲများက မြေပြင်အနှံ့ရှိနေပြီး အရည်ပျော်ကျခဲ့သော ရေစက်အချို့က မြက်ဓားသွားများတွင် တွယ်ကျနေခဲ့သည်။

သေနတ်ကို ကိုင်ထားသော ချင်ဖူဟိုင်၏လက်ကတော့ တုန်ရီနေနှင့်ပြီဖြစ်ပြီး သူ့နောက်ရှိ လူအချို့သည်လည်း ဒဏ်ရာရနေခဲ့သည်။

အန္တရာယ်များသောလူ ပြန်လာသည်ကို မြင်လျှင် စွန်းဖိန်နှင့် အမျိုးသားကြီးများမှာ စိတ်ပူသွားကြလေ၏။

ရှောင်လျိုက ထွက်မပြေးနိုင်ခဲဘဲ အဖမ်းခံလိုက်ရတာများ ဖြစ်နိုင်မလား?

သို့သော်လည်း လျို့ယွီက တစ်ယောက်တည်း ပြန်ရောက်လာခဲ့သည်ကို မြင်လျှင် သူတို့လည်း စိတ်သက်သာရာရသွားသည်။

လျို့ယွီ နောက်ဆုံးတွင် သူ၏အသင်းဖော်များ ရပ်နေသော နေရာသို့ ပြန်ရောက်သောအချိန်တွင် သူ၏တောင်ပံများပေါ်မှ ပြင်းထန်သော နာကျင်မှုကို အရှုံးပေးလိုက်ပြီး မြေပြင်‌ပေါ် ပြုတ်ကျသွားခဲ့သည်။

သူ၏တောင်ပံကြီးများသည်က မြေပြင်တစ်လျှောက် လှည်းကျင်းသွားကာ လေထဲ ဖုန်မှုန့်များကို လွှင့်ထွက်သွားစေလိုက်လေသည်။

သူ၏ အညိုရောင် ငှက်မွှေးထူထူများ အောက်မှ ဒဏ်ရာများမှာ သွေးများထွက်နေကာ မြေပြင်ပေါ် ရှည်လျားသော သွေးစွပ်‌ကြောင်းအချို့ကို ချန်ထားခဲ့လေသည်။

လျို့ယွီ၏ ဖြူဖပ်နေသော မျက်နှာနှင့် တောင်ပံပေါ်မှ ဒဏ်ရာများကို မြင်လိုက်ပြီးနောက် အမြှောက်နှင့်လူကြီးလည်း ရှော့ရသွားခဲ့လေသည်။

“မင်း ဘယ်လိုဖြစ်လာတာလဲ?”

သူမေးလိုက်၏။

လျို့ယွီ မည်မျှ သန်မာသည်ကို သူသိ၏။

သူက ကလေးမလေးနောက်ကို လိုက်သွားရုံပဲမလား?

ဘယ်လိုလုပ်ပြီး အခုလိုမျိုး ပစ်ခတ်ထုရိုက်ခံလာရတာလဲ?

ထို့အပြင် သူသည်က လက်ဗလာဖြင့် ပြန်လာခဲ့၏။ ထိုကလေးမလေး လွတ်မြောက်သွားခဲ့သည်မှာ သိသာလေသည်။

ဤအကြောင်းကို မေးသောအခါ လျို့ယွီတစ်ယောက် အေးတိအေးစက်နှင့် အရာအားလုံးကို လျစ်လျူရှုနေပုံရသည့်လူနှင့် သူ၏ပုခုံးပေါ်မှ ပျော်မြူးအားရနေသော ယုန်ကို တစ်ကြိမ်ထပ်မံ တွေးမိသွားသည်။

သူစိတ်မပါသည့် အပြုံးတုတစ်ခုကို ထုတ်ဖော်လိုက်သည်။

“ဘာမှ အများကြီးမဟုတ်ပါဘူး.. မင်း ဒီလူနည်းနည်းလေးကိုတောင် ဂရုမစိုက်နိုင်သေးဘူးလား?”

သူသည်က စိတ်အခြေအနေ အလွန်ဆိုးရွားနေခဲ့၏။ သူ၏ဒေါသကို ထွက်ပေါက်ပေးရန်အတွက် တစ်စုံတစ်ခုကို ဖျက်စီးရန်လိုအပ်နေသောကြောင့် သူ့အကြည့်ကို ချင်ဖူဟိုင်နှင့် သူ့အသင်းဖော်များဆီ လှည့်လိုက်လေသည်။

သူတို့တွင် ယုန်မျိုးစပ်နှင့် မည်သည့် ဆက်ဆံရေးအမျိုးအစားရှိပါစေ.. သူတို့က သေရန်ထိုက်တန်ပေ၏။

အမြှောက်လူကြီးသည်ကား ပျက်ကပ်မတိုင်မှီက ပင်စင်ယူထားသော အထူးအင်အား စစ်သားတစ်ယောက် ဖြစ်ပြီး လူများအတွက် တာဝန်ထမ်းဆောင်ပေးခြင်းသည်က သူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။

သန္ဓေပြောင်းတိရစ္ဆာန်များကို တိုက်ခိုက်ရသည့် မသက်မသာဖြစ်မှုကို သည်းခံနိုင်သော်ငြား သူ၏သေနတ်ကို အပြစ်ကင်းစင်သော လူများကို ချိန်ရန် သူ တောင့်ခံနိုင်သည်ဟု မဆိုလိုချေ။

“လျို့ယွီ မင်းရူးသွားပြီလား?”

သူ ဟိန်းဟောက်လိုက်သည်။

ထိုသူသည်က အမှန်ပင် ရူးသွပ်နေပြီဖြစ်၏။ သူ၏မျက်လုံးများသည်က နီရဲနေပြီး ကျည်ဆန်များကို ဖယ်ရန်အတွက် သူ၏တောင်ပံများပေါ်မှ ဒဏ်ရာထဲကို သူ၏သွယ်လျသော လက်ချောင်းရှည်ရှည်များနှင့် တူးဆွနေခဲ့သည်။

သူသည်က တွန့်ပင် မတွန့်ဆုတ်နေခဲ့ချေ ။ သူ၏လက်များသည်လည်း သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ဤမြင်ကွင်းကို ကြည့်နေလျက် အမြှောက်လူကြီးကို ကြက်သီးထသွားစေသည်။

ကျည်ဆန်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သူ၏နှုတ်ခမ်းများလည်း ပို၍ပင် ဖြူဖပ်သွားခဲ့သည်။

“မင်းက ဘယ်သူအမိန့်ကို နာခံနေတာတာလဲ?”

သူခြိမ်းခြောက်လိုမှုအပြည့်နှင့် ဟစ်ဟောက်လိုက်သည်။

အမြှောက်လူကြီး၏ ထူထဲသောနှုတ်ခမ်းများက ဟသွားသော်လည်း သူမည်သည်ကိုမှ မပြောနိုင်ခဲ့ချေ။

သူ စစ်တပ်မှ အနားမယူခင်က သူသည် နိုင်ငံကိုအလုပ်အကျွေးပြုခဲ့သည်။

သူသည်က ပြည်သူများ၏ သူရဲကောင်းဖြစ်၏။

သူ့စိတ်ထဲတွင် ဤစံနှုန်းနှင့်အတူ နေထိုင်ခဲ့သည်။ သူအနားယူပြီးနောက် ကြေးစားတစ်ယောက်ဖြစ်ရန် ရွေးချယ်ခဲ့ပြီး သူ၏ဝန်ဆောင်မှုများကြောင့် ရက်ရောစွာ ပေးချေခံခဲ့ရသည်။

ထိုနေ့မှစ၍ သူ့၏ဘဝသည် သူ့၏ကိုယ်ပိုင်မဟုတ်တော့ဘဲ သူ့အလုပ်ရှင်များ၏ အမိန့်များကို နာခံခဲ့ရသည်။

သူ၏မျက်နှာက ပြာနှမ်းသွား၏။

သူအသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ကြံ့ခိုင်သန်စွမ်းသော လက်‌မောင်းဖြင့် သူ၏လက်ထဲမှ လေးလံသည့် လက်ကိုင်အမြှောက်ကို မြှောက်လိုက်သည်။

ထို့နောက် ပြောင်းဝကို ချင်ဖူဟိုင်နှင့် သူ့အသင်းဖော်များဆီ မြှောက်လိုက်ပြီး သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် တောင်းပန်လိုက်လေသည်။

လျို့ယွီက ပြုံးလိုက်ပြီး အနီရောင်ဝတ်စုံနှင့် ကလေးမလေး၏ ဘေးတွင် ငုပ်တုပ်ထိုင်ချလိုက်သည်။

“နျိုနျို သမီးအတွက် ယုန်နားရွက်တွေကို မြို့တော် B ကိုရောက်မှ ယူရအောင်လေ၊ ကောင်းပြီလား?”

သူ တိတ်တဆိတ်ပြောခဲ့သည်။

ပထမတွင်တော့ ကလေးမလေးသည်က သွေးသံရဲရဲများပေစွန်းနေသည့် လူကြောင့် ကြောက်လန့်‌နေခဲ့သည်။

သူမာ အမြှောက်လူကြီး၏နောက်တွင် ပုန်းနေကာ ထွက်မလာရဲချေ။

သူ၏ရင်းနှီးသော အပြုံးကို မြင်သောအခါမှသာ သူမ၏သတ္တိကို ပြန်ရပြီး မပျော်ရွင်စွာ နှုတ်ခမ်းဆူလိုက်သည်။

“ယုန်နားရွက်လေးတွေ လိုချင်တယ်…”

ကလေးမလေး၏ စိတ်တွင် ယင်ရိလျို၏ နားရွက်များသာရှိလေ၏။

သူမ ယခင်က ရေးကြီးခွင်ကျယ်ကြီး လုပ်ခဲ့သော ခွေးပေါက်လေးအကြောင်းကိုတော့ မေ့ခဲ့သည်မှာ ကြာပြီဖြစ်၏။

သူမ၏မောက်မာသော အသံသည်က စိတ်အခြေအနေဆိုးနေ နှင့်ပြီးသားဖြစ်သော လျို့ယွီကို ပို၍ပင်ကသိကအောက် ဖြစ်သွားစေလေသည်။

သူ မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်လျှင် သူ၏အလွန်အမင်းဖြူဖပ်နေသော မျက်နှာထားက ကလေးမလေးကို တုန်ရီသွားစေသည်။

သူမတွန့်ဆုတ်စွာဖြင့် စကားကို ပြောင်းပြောလိုက်သည်။

“ဒါဆို နျိုနျို ယုန်နားရွက်တွေကို မြို့တော် Bကိုရောက်မှယူတော့မယ်..ကောကတိပေးထားတာကို မှတ်ထားနော်”

“နျိုနျိုက လိမ္မာတဲ့ကောင်မလေးပဲ”

လျို့ယွီ ပြုံးလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။ သွေးအလွန်အကျွံဆုံးမှုမှုကြောင့် သူ၏အမြင်အာရုံသည်က တိုတောင်းသော အခိုက်အတန့်တစ်ခုလောက် မှောင်မဲသွားခဲ့သည်။

သူက အမြှောက်လူကြီးဆီသို့ အကြည့်တစ်ချက်ပေးပြီး အသာအယာ ခေါင်းငြိမ့်ကာ သတ်ဖြတ်ခြင်းကို စတင်သင့်ပြီဟု ညွှန်ပြလိုက်သည်။

ထိုအချိန်တွင် စွန်းဖိန်နှင့် ကျန်ရှိနေသောလူများမှာ ချင်ဖူဟိုင်၏အမိန့်အောက်တွင် အလျှင်အမြန် ဖြန့်ကျက်ကာ ပတ်ဝန်းကျင်သစ်တောထဲတွင် ပုန်းနေခဲ့ကြသည်။

ခြောက်လုံးပြူးများနှင့်အမြှောက်များဆိုသည်က လက်ရှိ ဆင့်ကဲပြောင်းလဲသူများ ခုခံနိုင်သည့် တစ်စုံတစ်ခုမဟုတ်ချေ။

သူတို့အနေဖြင့် ဖြစ်နိုင်သမျှ အကောင်းဆုံး ပုန်းနေရုံသာ တတ်နိုင်၏။

ဤသည်မှာ ယင်ရိလျိုတစ်ယောက် သူမ ချန်ထားခဲ့သော အနံ့၏ နောက်သို့လိုက်၍ စိုးရိမ်တကြီး ပြန်ပြေးသောအချိန်တွင် တွေ့လိုက်သည့် မြင်ကွင်းသာဖြစ်ပေ၏။

အ‌မြှောက်လူကြီးသည်က သူ၏မျက်လုံးများကို စောင်းကြည့်လိုက်ကာ သူ၏လက်များသည်လည်း သေနတ်ပြောင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီးနောက် မောင်းခလုတ်ကို ဆွဲလိုက်သည်ကို မြင်လိုက်ရသည်။

ကျယ်လောင်သော ဘန်းးး ဆိုသော အသံ၏နောက်မှ လိုက်လာသည်မှာ ပေါက်ကွဲမှုမှ ဖြစ်ပေါ်ခဲ့သော အနီရောင်တိမ်တိုက်ကြီး တစ်ခုဖြစ်ပြီး အနီးနားသစ်ပင်များ၏ သစ်ကိုင်းများပင် မီးစွဲသွားခဲ့သည်။

အမြှောက်ပစ်ခတ်ခြင်းက အလွန်စွမ်းအားကြီးသောကြောင့် သစ်ပင်ပင်စည်အချို့သည်လည်း ပေါက်ကွဲသွားကာ အချို့ကတော့ အခေါက်များ မီးကျွမ်းသွားခဲ့သည်။

ပေါက်ကွဲမှုသည်က သူတို့အသင်းဖော်များထဲမှ တစ်ယောက်သွားသည့်နေရာတွင် ဖြစ်ပွားခဲ့၏။

ထိုအမြှောက်ကိုပစ်ပြီးနောက်တွင် ပြေးနေသော လူထွားကြီးမှာ နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ယင်ရိလျို၏ နောက်သို့လိုက်သော ကျင်းယန်နှင့် ကျောင်းမောင်နှမသည်လည်း ပေါက်ကွဲမှုကို ကြားခဲ့လေသည်။

ကျင်းယန် ချက်ချင်းပင် လမ်‌လျှောက်နှုန်းကို အရှိန်မြှင့်လိုက်သည်။

သူ၏ခြေထောက်များတွင် နာကျင်မှုကို ခံစားစပြုလာခဲ့သည်။

နာကျင်မှုကို ပိတ်ဆို့သည့် စွမ်းရည်သည်က ၎င်း၏သက်ရောက်မှုကို ဆုံးရှုံးလုနီးပါးဖြစ်နေခဲ့ပေပြီ။

*

(44)

“လောင်ဝမ်!!”

သူငယ်ချင်းဟောင်းကြီးမှာ သေသည်လား အသက်ရှင်ဆဲလား မသိရဘဲ ပေါက်ကွဲမှုမှ အပျက်အစီးများအောက် မြုပ်သွားသည်ကို မြင်လျှင် အသင်းထဲမှ နောက်ထပ်လူကြီးတစ်ယောက် ကူကယ်ရာမဲ့ ဝမ်းနည်းစွာ ငိုကြွေးလိုက်မိလေသည်။

သူ၏နဖူးမှ သွေးကြောများကလည်း ထောင်ထွက်လာပြီး သူ၏မျက်လုံးများ ပြူးကျယ်လာခဲ့သည်။

သူဆက်လက်၍ ပုန်းနေခြင်း သို့မဟုတ် ထွက်ပြေးခြင်းကို ထပ်မလုပ်ချင်တော့ချေ။ အံကိုတင်းတင်းကြိတ်ပြီး လျို့ယွီနှင့် သူ့၏အသင်းဖော်များဆီသို့ တဟုန်ထိုးပြေးသွားလိုက်တေားသည်။

ဒီလူသတ်သမားတွေ!

ချင်ဖူဟိုင်၏ မျက်နှာက ဖြူဖျော့သွားခဲ့လေ၏။ သူက မျက်ရည်များ စိုချွဲနေပြီဖြစ်သော စွန်းဖိန်ကို ထိန်းကိုင်ထားခဲ့လေသည်။

စွန်းဖိန်မှာ သူမ၏ပါးစပ်ကို လက်ဖြင့်ဖုန်းအုပ်ပြီး လျှံထွက်နေသော အမုန်းတရားများကို ထုတ်ဖော်ရန် သူမ၏ကိုယ်ပိုင်လက်ဝါးကိုသာ ကိုက်ခဲနေခဲ့သည်။

သာမန်လူတစ်ယောက် ဖြစ်နေသည့်အတွက် သူမကိုယ်သူ ယခင်ကဤမျှလောက် အလွန်အကျွံ မမုန်းခဲ်ဖူးချေ။

သူမသည်က လမ်းတစ်လျှောက် အကာကွယ်ခံခဲ့ရပြီး သူမ၏အသင်းဖော်များကို အဆင်မပြေမှုများ ဖြစ်ပွားစေခဲ့လျှင်ပင် ပျက်ကပ်ကိုသာ ကြောက်ရွံခဲ့သည်။

သို့‌သော် ဤအခိုက်အတန့်တွင်တော့ ထိုလူများကို သေသည်အထိ တိုက်ခိုက်ရန် သတ္တိရှိနေခဲ့ပြီး သူမထံတွင်ထူးဆန်သော စွမ်းရည်များ ရရှိလာစေရန် ပြင်းပြင်းထန်ထန် ဆုတောင်းနေမိခဲ့သည်။

လူတစ်ယောက်က သူတို့ဆီသို့ ဦးတည်လျှက် ပြေးလာသည်ကို မြင်သောအခါ အေးခဲခြင်းစွမ်းရည်ဖြင့် လူက တိတ်တဆိတ်ဖြင့် ရှေ့သို့တစ်လှမ်းတိုးခဲ့သည်။

သူ၏ပိန်ပါးပြီး ပိုက်လုံးနှင့်တူသော လက်မောင်း၏ မျက်နှာပြင်တွင်တော့ ရေခဲတစ်လွှာက နှေးကွေးစွာဖွဲ့စည်းလာခဲ့သည်။ ထိုလူ ကလုံလုံလောက်လောက် နီးကပ်လာသည့်အချိန်တွင် သူ့ကိုအေးခဲပြီး ချိုးဖျက်လိုက်ပစ်မည်ဖြစ်၏။

သူတော်ကောင်းယောင်ဆောင်သော အမြှောက်လူကြီးနှင့်မတူဘဲ သူသည်က ရိုးရှင်းသည့် ကြေးစားတစ်ယောက်သာဖြစ်၏။

သူ့ကို လုံလုံလောက်လောက်ဖြင့် ကောင်းမွန်စွာ ပေးချေနေသရွေ့ လူသတ်ခြင်းအပါအဝင် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိလေသည်။

အမြှောက်လူကြီးမှာ တံတွေးမြိုချလိုက်မိ၏။ သူသည်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သော်လည်း ပြုပြင်မွမ်းမံထားသော လက်ကိုင်အမြှောက်၏ နောက်ပြန်ကန်အားသည်လည်း အလွန်သန်မာသောကြောင့် သူနောက်တစ်လှမ်းဆုတ်လိုက်ရပြီး လက်မောင်းကြွက်သားများ ထုံသွားခဲ့သည်။

လျို့ယွီ၏ အမိန့်များကို ကြားလိုက်ရမှသာ သူ၏သေနတ်ကို နောက်တစ်ကြိမ်ထပ်မြှောက်လိုက်မိလေ၏…

ထိုအခိုက်အတန့်လေးတွင် သူ့၏ရှေ့မီတာအနည်းငယ် အကွာတွင် အဖြူရောင်အရိပ်လေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

၎င်းသည်က အလွန်သေးငယ်ပြီး အလွန်လျှင်မြန်စွာ လှုပ်ရှားနေသောကြောင့် အမြှောက်လူကြီးမှာ သတိထားမိခဲ့ခြင်း မရှိခဲ့ပါချေ။

၎င်းက သူ့အပေါ် ရုတ်တရက် ခုန်တက်လာသောအခိုက်တွင် သူက အကာအကွယ်မဲ့နေခဲ့သည်။

သူ၏လက်မောင်းပေါ်တွင် နွေးထွေးပြီး အမွှေးပွပွ အထိအတွေ့ကိုခံစားလိုက်ရသောအချိန်မှသာ အဖြူရောင်အရိပ်ကို ကြည်လင်စွာ မြင်နိုင်လေသည်။ ၎င်းသည်က သေးငယ်သော ယုန်တစ်ကောင်သာဖြစ်၏။

သူ မတုံ့ပြန်နိုင်ခင် အမြှောက်ကိုကိုင်ထားသော သူ၏လက်မောင်းမှာ အလွန်အမင်းထက်မြသော ဓားသွားအနည်းငယ်ဖြင့် နက်ရှိုင်းစွာ ကုတ်ခြစ်ခြင်းခံလိုက်ရသည်။

သူ၏လက်ဖျံရိုးများပင် ကျိုးသွားသည်ကို ခံစားနိုင်၏။

သူ နာကျင်မှုဖြင့်အော်ဟစ်လိုက်မိပြီး သူ့၏ပုခုံးပေါ်မှ သေနတ်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ထုံထိုင်းစေသော အသံဖြင့် ဆောင့်ရိုက်သွားခဲ့သည်။

ထိုကျယ်လောင်သောအသံက လျို့ယွီ၏ဘေးမှ ကလေးမလေးကို ထိတ်လန့်မှုဖြင့် အော်ဟစ်မိသွားစေခဲ့သည်။

ထိချက်တစ်ခုကို သက်ဆင်းစေပြီးနောက်တွင် ယုန်ဖြူလေးသည်က သူမ၏လက်ဖဝါးကို ပြန်ရုတ်ပြီး လျို့ယွီ၏ မျက်နှာပေါ်သို့ ခုန်တက်လိုက်လေသည်။

သူမ၏ချွန်မြသော လက်သည်းများတွင်တော့ တစ်စက်စက် စီးကျနေသော သွေးများရှိနေခဲ့ပေပြီ။

လျို့ယွီက အသင့်အနေထားတွင် ရှိနေနှင့်ပြီးဖြစ်၏။ သူက အဖြူရောင်အရိပ်ကို လျှင်မြန်စွာ ရှောင်တိမ်းလိုက်‌လင့်ကစား သူ၏မျက်နှာသည်က နှာတံမှနားရွက်အထိ တစ်လျှောက် နက်ရှိုင်းသော ဟက်တက်ကွဲရာအရှည်ကြီး တစ်ခုအဖြစ် ဖြတ်တောက်ခံလိုက်ရသည်။

ဤသို့ ဖြစ်ပျက်သွားရန်လုပ်ဆောင်သည့်အရာကို သူမြင်ခဲ့သည်။

သူနှင့်အမြှောက်လူကြီးကို ဒဏ်ရာရစေခဲ့သူသည်က ယုန်တစ်ကောင်သာဖြစ်၏။

သူ အလွန်အမင်း မုန်းတီးသော မျက်လုံးနီနီများနှင့် ယုန်တစ်ကောင်ဖြစ်ပေသည်။

ယုန်လေးက မြေပြင်ပေါ်သို့ခုန်ဆင်းကာ လှိမ့်ပြီးနောက် အနီးနားမှ လူငယ်လေး၏ လက်မောင်းထဲသို့ ပြန်ခုန်သွားခဲ့သည်။

သူမ၏နားရွက်ရှည်ရှည်များကတော့ စိတ်ပျက်အားလျော့စွာ ကုတ်ကျနေခဲ့သည်။

သူမကို ကာကွယ်ခဲ့သော သူငယ်ချင်းမှာ အသေပစ်သတ်ခံလိုက်ရပြီး လူသတ်သမားက ဒုတိယပစ်ချက်ကိုပင် ပစ်တော့မည်ကို တွေ့ခဲ့ရသဖြင့် မစဥ်းစားဘဲ ရှေ့တဟုန်ထိုးတက်သွားခဲ့သည်။

သူမအနေဖြင့် ဤနေရာသို့ စောစောပြန်မလာနိုင်ခဲ့သည့်အတွက် နောင်တရနေခဲ့မိလေသည်။

သူမက အကောင်းမြင်သူတစ်ယောက် ဖြစ်ပြီး မည်သည့် အတားအဆီးမဆို ကျော်ဖြတ်နိုင်မည်ဟုသာ ယုံကြည်ခဲ့မိသည်။

သူမသည်ကာ လက်တွေ့ဘဝတွင် အမှန်စင်စစ်ဖြစ်ပျက်နေသည့်အရာများကို ဤအချိန်ကာလသို့ ရောက်လာမှ နားလည်သဘောပေါက်သေးရုံသာဖြစ်နေခဲ့သေး၏။

သို့သော်လည်း ဤအခိုက်အတန့်လေးတွင်တော့ သူမ လျို့ယွီကို အမှန်တကယ်ပင် သတ်ပစ်ချင်ခဲ့သည်။

ထိုသူက သေစေနိုင်သော ရိုက်ချက်ကို ရှောင်ရှားနိုင်သော်လည်း သူ၏မျက်နှာပေါ်မှ ဒဏ်ရာသည်က ပါးရိုးထဲအထိ နက်ရှိုင်းသွားခဲ့လေသည်။

သူ၏မျက်နှာက ပျက်စီးသွားပြီဖြစ်သည်။

အမြှောက်လူကြီး၏ မျက်နှာသည်လည်း သေလုမတတ် ဖြူဖျော့နေ၏။

သူ၏လက်ဖျံသည်က ယင်ရိလျို၏ ချွန်ထက်သော လက်သည်းများကြောင့် အပြည့်အဝကျိုးသွားခဲ့ပြီဖြစ်၏။

သူ၏လက်မောင်းက ဘေးဘက်တွင် ပျော့ခွေစွာ တွဲလောင်းကျနေကာ သူ၏သွေးသံရဲရဲ အသားတို့က အရိုးများကို ဆက်တွယ်နေရုံမျှသာရှိနေတော့၏။

ယုန်လေးတစ်ကောင်က သူတို့ကို ဤမျှလောက် ပျက်စီးမှု အများအပြားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သန္ဓေပြောင်း ဝံပုလွေများကိုပင် မကြောက်ရွံ့သော သူသည်က ယုန်တစ်ကောင်ထံတွင် အနိုင်ယူခြင်းခံလိုက်ရသည်။

ကျင်းယန်နှင့် ကျောင်းမောင်နှမတို့ ရောက်ရှိလာသည်ကို မြင်လျှင် ချင်ဖူဟိုင်နှင့် သူ့အသင်းဖော်များမှာ သူတို့ အန္တရာယ်ထဲမှ လွတ်မြောက်သွားသည်ကို သတိထားမိခဲ့သည်။

ထို့ကြောင့် သူတို့ထဲမှ တချို့က သူတို့၏သူငယ်ချင်းဖြစ်သူ ယခုလေးတင် ဖောက်ကွဲခံလိုက်ရသော နေရာဆီသို့ ပြေးသွားခဲ့ကြလေသည်။

သူတို့အသင်းဖော်၏ နောက်ကျောမှာ အပြည့်အဝ ပေါက်ကွဲထွက်သွားပြီဖြစ်ကာ သူ၏ခန္ဓာကိုယ်သည်လည်း လုံးလုံးလျားလျား လောင်ကျွမ်းသွားခဲ့သည်။ သူသည်က ကြေကွဲစရာသေဆုံးမှုဖြင့် သေသွားခဲ့ပေပြီ။

စွန်းဖိန် သူမ၏မျက်ရည်များကို သုတ်ပစ်ပြီး ကျင်းယန်နှင့် သူ့အသင်းဖော်များဆီသို့ ချင်ဖူဟိုင်နောက်မှ ဖြည်းညှင်းစွာ လိုက်သွားခဲ့သည်။

စွန်းဖိန်နှင့် ချင်ဖူဟိုင်၏ အကြည့်များက ပထမဆုံး သူတို့၏အရှေ့မှ သာလွန်သောအရှိန်အဝါများဖြင့် တည်ရှိနေသည့် ချောမောခန့်ညားသောသူထံတွင် ဆွဲဆောင်ခြင်းခံလိုက်ရသည်။ ထို့နောက်တွင် သူ၏လက်မောင်းထဲမှ အမွှေးလုံးဖြူဆီမှ ဆွဲဆောင်ခံလိုက်ရပြန်သည်။

ယုန်လေးသည်က ၎င်း၏ အဖြူရောင်နားရွက်ရှည်များကို လှုပ်ယမ်းပြီး သူတို့ကို ၎င်း၏မျက်လုံးနီနီများနှင့် မျက်တောင်ခတ်ပြခဲ့သည်။

ဤသည်မှာ ကလေးမလေး၏ သန္ဓေပြောင်းအသွင်ဖြစ်ရမည်ကို သူတို့နှစ်ယောက် ချက်ချင်းပင် သိခဲ့ကြသည်။

ယခင်က ယင်ရိလျိုပြောခဲ့သည့် သူမ၏'ဒယ်ဒီ’ဆီမှ လူကွဲသွားခဲ့သည်ဆိုသည်ကို စွန်းဖိန် အမှတ်ရလိုက်သည်။

သူတို့ရှေ့ရှိ ခန့်ညားသောသူသည်က သူမ၏’ဒယ်ဒီ’ဖြစ်နိုင်မည်လား?

စွန်းဖိန် နည်းနည်းလောက် ရှက်ရွံ့သွားခဲ့ရသွား၏။ သူမသည်က တစ်စုံတစ်ယောက်၏ ကလေးကို မည်သည့်အကြောင်းကြားစာမှ ချန်မထားဘဲ ခေါ်ဆောင်လာခဲ့မိသည်ပင်။

သူ၏သမီးကို ရှာရန် ထိုသူမှာ အင်အားအများအပြား စိုက်ထုတ်ခဲ့ရပေမည်။

ကျင်းယန်ကတော့ သူသည်က တစ်စုံတစ်ယောက်၏ ‘ဒယ်ဒီ’ ဖြစ်လာခဲ့သည်ကို မသိသေးပါချေ။ သူ့၏ အရှေ့မှ အနီဝတ်ကလေးမလေး၏ စကားလုံးများကိုသာ

အာရုံစိုက်နေခဲ့သည်။

ထိုကလေးမလေးသည်က လက်ရှိတွင် ဖြစ်ပျက်နေသည်များကို လုံးဝပင့ နားမလည်ပါချေ။ သူမက ကြောက်ရွံ့နေသော်ငြား သူမ၏ တစ်ဘဝလုံး အလိုလိုက်ဖျက်စီးခံခဲ့ရသော ကလေးတစ်ယောက်သာ ဖြစ်ခဲ့သည်။

ကျင်းယန်၏လက်မောင်းထဲတွင် ဝပ်နေသော ယုန်အသွင်ဖြင့် ယင်ရိလျို မြင်လျှင် သူမ၏မျက်လုံးများ တောက်ပသွားပြီး သူမ၏ လက်ချောင်းများကို ယုန်လေးဆီ ညွှန်ပြလိုက်သည်။

“လျို့ယွီကော.. သမီး ယုန်နားရွက်တွေလိုချင်တယ်”

သူမ တောင်းဆိုခဲ့သည်။

ကျင်းယန်၏ မျက်နှာက တဖြည်းဖြည်း မှောင်မိုက်သွား၏။

သူမက ယုန်နားရွက်တွေကို လိုချင်နေတယ်ပေါ့။ သူမက နားရွက်တွေကို ဘယ်လိုယူဖို့ စီစဥ်ထားတာလဲ?

ချင်ဖူဟိုင်နှင့် အခြားသူများမှာ သူတို့၏သေဆုံးခဲ့သော အသင်းဖော်ကို မြှုပ်နှံပြီးနောက်တွင် ကျင်းယန်သည်လည်း စွန်းဖိန်ဆီမှ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအားလုံးကို သိရှိနေခဲ့ပေပြီ။

သူ မရှိသည့်အချိန်တွင် ထိုလျို့ယွီက သူ့ယုန်လေး၏ နားရွက်များကို ဆွဲဖြုတ်ချင်ခဲ့သည်။ ထိုမြင်ကွင်းကို စဥ်းစားကြည့်ရုံမျှဖြင့် ကျင်းယန်၏သွေးများကို ဒေါသဖြင့် ဆူပွက်သွားစေသည်။

တခြားအရာများအတွက်လည်း စွန်းဖိန်က ပြောပြခဲ့သည်။

“ရှောင်လျိုက သူရဲ့စောင့်ရှောက်သူတွေနဲ့ ကွဲသွားတာကို ကျွန်မမသိခဲ့ဘူး..ရှင်တို့ကို ပြဿနာဖြစ်သွားစေတဲ့အတွက် ကျွန်မတကယ်တောင်းပန်ပါတယ် “

၎င်းက သူ့ကိုအနည်းငယ် ပဟေဠိဖြစ်သွားစေသည်။

သူက စွန်းဖိန်၏ လက်မောင်းထဲမှ တုံးအချင်ယောင်ဆောင်ပြီး ချစ်စရာများရောင်းချနေသော ယုန်လေးကို တစ်ချက်ကြည့်လိုက်၏။

၎င်း၏ အနီရောင် ဖန်လုံးတစ်စုံနှင့် တူသော ပဲစေ့သဏ္ဍာန်မျက်လုံးများသည် သူမှလွဲ၍ ကောင်းကင်၊ မြေကြီးနှင့် နေရာတိုင်းကို ကြည့်နေခဲ့သည်။

ယုန်လေးက သူဆီမှ တစ်စုံတစ်ခုဖုံးကွယ်ထားသည်ဟု သူ ခံစားချက်တစ်ခုရရှိလာခဲ့လေသည်။

ယင်ရိလျိုကတော့ စွန်းဖိန်မှ ‘ရှင်ရဲ့ကလေးက အရမ်းချစ်စရာကောင်းတာပဲ လိမ္မာတဲ့ကောင်မလေးပဲ’ စသည့်ဖြင့် သူမ၏ခြေအိတ်ရုပ်လေးကို ထုတ်ဖော်မည့် တစ်စုံတစ်ခုအား ပြောလိမ့်မည်ကို ကြောက်ရွံ့နေသော်ငြား ကျေးဇူးတင်စရာကောင်းစွာဖြင့် မပြောခဲ့ပါချေ။

သူမ သက်ပြင်းချလိုက်သည်။ ဤအခြေအနေတွင် သူမအနေဖြင့် မည်သည်ကြောင့် ယုန်တစ်ကောင်မှ လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်သည်ကို ကျင်းယန်အား ရှင်းမပြနိုင်ပါချေ။

သူမသည်က ယုန်မျိုးစပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဟု လူတိုင်းထင်နေသော်ငြား ထိုသို့ မဟုတ်သည်ကို ကျင်းယန်က ရှင်းလင်းစွာ သိနေခဲ့၏။

ဤအချိန်တွင် လျို့ယွီ၏လူလေးယောက်ရှိသော အသင်းထဲတွင် ကလေးမလေးမှလွဲလျှင် သူတို့ထဲမှ နှစ်ယောက်က အပြင်းအထန်ဒဏ်ရာရနေပြီး ကျန်ရှိနေသောတစ်ယောက်ကတော့ ရေခဲချွန်များ ပြုလုပ်ရန် ရေများအားလုံးကို အသုံးပြုနှင့်ပြီးဖြစ်၏။

သူသည်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ချေ။

ဒီရေက ပြောင်းပြန်ဖြစ်သွားခဲ့ပေပြီ။လျို့ယွီ၏အသင်းသည်က ချင်ဖူဟိုင်အသင်း၏ ဘဝနှင့်သေဆုံးခြင်းကို ဆုံးဖြတ်ခြင်းမှသည် သူတို့၏ကိုယ်ပိုင်အသက်များနှင့် သေဆုံးခြင်းကို ဆုံးဖြတ်ခံရသူများဖြစ်လာခဲ့သည်။

ဤကဲ့သို့ အကျပ်အတည်းတွင်း ကျရောက်သွားလိမ့်ဟု လျို့ယွီ သူကိုယ်သူ ဘယ်တုန်းကမှ စိတ်မကူးနိုင်ချေ။ သို့သော် လက်ခံရန် မည်မျှပင် ခက်ခဲပါစေ သူ့ဒေါသကိုသာ အောင့်ထားပြီး ကျင်းယန်ကို နီးကပ်စွာစောင့်ကြည့်နေသည်။

All Chapters