← Chapters

အခန်း (၄၇+၄၈)

Vol. 5 Ch. 47+48

အခန်း (၄၇+၄၈)

Vol. 5 Ch. 47+48

(47)

ချင်ဖူဟိုင်က လက်ပိုက်ပြီး သစ်ပင်ပင်စည်တွင် မှီကာ ရပ်နေခဲ့၏။ သူက သူ၏အသင်းဖော်များ ကူညီနေခြင်းကို မတားဆီးခဲ့ပါချေ။

သူက ထိုသက်လတ်ပိုင်းလူကြီးများ၏ မျက်နှာပေါ်တွင် နုံအသော အပြုံးကိုကြည့်ကာ အတိတ်ကိုလွမ်းဆွတ်စွာ တွေးတောနေချိန်ခဲ့သည်။

ထိုအခိုက်တွင် နုံအသည့် လူကြီးက ခေါင်းကို ကုတ်လိုက်ပြီး ကျင်းယန်၏လက်မောင်းထဲမှ ယုန်ကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရလေသည်။

“ရှောင်လျို့ကို ကြည့်နေရတာက ငါ့ရဲ့ကိုယ်ပိုင် သမီး-”

ယခင်က ကျင်းယန်၏လက်မောင်းထဲတွင် အိပ်ငိုက်နေသော ယင်ရိလျိုမှာ သူမ၏တင်ပါးလေးတွင် စပရင်တစ်ခုရှိနေသကဲ့သို့ ချက်ချင်း ခုန်ထွက်လိုက်ပြီး လူကြီးမျက်နှာပေါ် တိုက်ရိုက် ပလုတ်ခနဲ ဆင်းသက်လိုက်သည်။

သူမ၏ အမွှေးထူထူများက ထိုလူကြီးကို အသက်ရှုကြပ်လုနီးပါးဖြစ်စေသောကြောင့် သူ ထပ်မံ၍စကား မပြောနိုင်တော့ချေ။

ချင်ဖူဟိုင် သူ၏မျက်ခုံးများကို အနည်းငယ် ပင့်မ,လိုက်သည်။ သူတစ်စုံတစ်ခုကို ဖမ်းမိခဲ့ခြင်း ဖြစ်လောက်ပေမည်။

ယင်ရိလျို၏ ခန္ဓာကိုယ်ကိုယ် အမွှေးများနှင့် ဖုံးလွှမ်းနေသော်လည်း ထိုအခိုက်အတန့်တွင် သူမ၏ နောက်ကျောမှ အေးစိမ့်မှုများကို ခံစားခဲ့ရသည်။

သူမ မသိလိုက်ခင်တွင် လူကြီး၏ပါးစပ်ကို ဖုံးအုပ်ရန် သူမ၏ခန္ဓာကိုယ်ကို အလိုအလျောက် ရွေ့လျားလိုက်ခြင်းသာဖြစ်ပေ၏။

လက်ရှိတွင် သူမ၏နောက်ကျောမှ ကျင်းယန်၏ တောက်လောင်နေသော အကြည့်ကို ခံစားနိုင်သည်။

၎င်းအကြည့်များက သူ၏နောက်ကျောမှ အမွှေးများကို ထိုးဖောက်သွားလုနီးပါးပင်။

သူမ၏ အမြီးလုံးလုံးလေးမှာ မသိစိတ်အရ လှုပ်ယမ်းသွားခဲ့သည်။

တကယ်ကို နီးကပ်လွန်းတာပဲ!

*

ကျင်းယန်၏ရှေ့တွင် ရှင်းမပြနိုင်‌သော အရာအများအပြားကို ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ယင်ရိလျိုသိပေ၏ ။ လူစကားကို နားလည်သည့် သူမ၏စွမ်းရည်နှင့် နေရာလွတ်နှစ်ခု ရှိနေခြင်းပင် ပါဝင်လေသည်။

ထို့ကြောင့် ဤနောက်ဆုံး ခြေအိတ်ရုပ်အလွှာကို ဖော်ထုတ်ခံလိုက်ရမည်ဆိုလျှင်ပင် ၎င်းသည်က ကိစ္စကြီးတစ်ခုဖြစ်မည် မဟုတ်ပါချေ။

သူမ၏နှလုံးသားထဲက ကြိုးထုံးကို မဖြည်နိုင်ဟု သူမ ခံစားရရုံသာဖြစ်သည်။

လူသားပုံစံဖြင့် ကျင်းယန်ကို ကြည့်နေသမျှကာလတွင် သူမ ယုန်တစ်ကောင် ဖြစ်စဥ်အခါက ရွှေပေါင်လုံးကြီးက သူမ၏တင်ပါးကို ရှက်ရွံ့မှုကြောင့် မေ့လဲလုနီးပါးဖြစ်သည်အထိ ရိုက်ခဲ့သည်ကို သူမ မှတ်မိနေလိမ့်မည်ဖြစ်၏။

မဖြစ်နိုင်ပေ။

သူမ၏ ပုံစံကို ပြသဖို့က လုံးဝ မဖြစ်နိုင်ပါချေ ။

သူမမလုပ်နိုင်ရုံသာဖြစ်ပြီး ၎င်းသည်က အလွန်ပင်ရှက်ဖွယ်ကောင်းလေသည်။

သူမ ခြေအိတ်ရုပ်လေးက စုတ်ပြဲသွားပြီး လေထဲတွင် တဖျပ်ဖျပ်ခတ်နေနှင့်ပြီးဖြစ်သော်ငြား ယင်ရိလျိုကတော့ ၎င်းကို ချွတ်ပစ်ရန် ငြင်းဆန်နေဆဲဖြစ်သည်။

သူမ တုံအ,ဟန်ဆောင်နေသမျှတော့ ရွှေပေါင်လုံးကြီးက ရှာတွေ့မှာမဟုတ်ဘူး!

သို့သော် ချင်ဖူဟိုင်နှင့် သူ့အသင်းဖော်များ၏ ထူးဆန်းသော တုံ့ပြန်ချက်နှင့် ယင်ရိလျို၏ မျက်နှာပေါ်မှ အပြစ်ရှိစိတ်ကို ကျင်းယန် သတိထားနှင့်ပြီးဖြစ်၏။

ယုန်လေးက တစ်စုံတစ်ခုကို ဖုံးကွယ်ရန်အတွက် ထိတ်ထိတ်ပျာပျာ ကြိုးစားနေသည်ကို ကြည့်ပြီး သူတွေးဆချင့်ချိန်နိုင်ခဲ့လေသည်။

သို့သော်လည်း...

သူမက သူ့ကို သိ‌ခွင့်မပြုလျှင် သူ မည်သည်ကိုမှ နားမလည်သည့်နှယ် ဟန်ဆောင်ပေးထားပေလိမ့်မည်သာ။

ထိုသတ္တဝါလေးက အမှန်တရားကို ပြောပြရန် အဆင့်သင့်ဖြစ်သော နေ့ကို သူ စောင့်နေလိမ့်မည်ဖြစ်သည်။

*

တောအုပ်၏ အခြားဖက်တွင်တော့ တစ်ဝက်လောင်ကျွမ်းသွားနေခဲ့သော လူတစ်ယောက်မှာ စွန့်ပစ်အဆောက်အအုံတစ်ခုဆီသို့ ဦးတည်ရွေ့လျားရန် ရုန်းကန်နေခဲ့လေသည်။

သူ၏မျက်နှာတွင်လည်း နက်ရှိုင်းသော ဒဏ်ရာတစ်ခုရှိနေခဲ့၏။

ထိုဟက်တက်ကွဲနေသော ဒဏ်ရာမှာ လုံလောက်အောင် ကြောက်စရာကောင်းနေပြီဖြစ်သော်ငြား ယခုအချိန်တွင် ဒဏ်ရာပတ်လည်ရှိ အရေပြားများမှာလည်း အမြှောက်ပေါက်ကွဲမှုမှ မီးများကြောင့် အခြောက်တိုက် လောင်ကျွမ်းသွားခဲ့လေသည်။

ခြောက်သွေ့သွားသော အရေပြားက သူ၏ပါးရိုးများကို တွယ်ကပ်နေသည်မှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလေသည်။

သူ၏လက်မောင်းထဲတွင် ခန္ဓာကိုယ်တစ်ဝက်လောက် သွေးများစိုရွှဲနေသော ကလေးမလေးတစ်ယောက်ရှိနေခဲ့၏။ သူမ၏အခြေအနေသည်လည်း သိပ်ပြီး ကောင်းနေသည့် ပုံမရချေ။

အခြေအနေပေါ်တွင် မူတည်ခြင်းအားဖြင့် အကောင်းဘက်တွင် မရှိနေကြောင်းကို မြင်ရနိုင်ပေသည်။

သူမ၏မျက်လုံးများက တင်းကြပ်စွာပိတ်နေပြီး သွေး၏အရောင်သည်လည်း သူမ၏ဝတ်စုံနှင့် ရောနှောနေခဲ့သည်။

ဤလူနှစ်ယောက်က အမြှောက်ဖြင့် ပစ်ချခံခဲ့ရသော လျို့ယွီနှင့် လျိုမိသားစုမှ သခင်မလေးတို့သာ ဖြစ်ကြသည်။

ကလေးမလေးမှာ အလွန်ငယ်ရွယ်ပြီး ဆင့်ကဲပြောင်းလဲသူတစ်ယောက်လည်း မဟုတ်ပါချေ။

ဤကဲ့သို့ သက်ရောက်မှုကြီး တစ်ခုနှင့် ကောင်းကင်မှ ပြုတ်ကျခြင်းကို ခံစားရပြီးနောက်တွင် သူမ၏ နောက်ဆုံးထွက်သက်ကိုပင် ရုန်းကန်နေနှင့်ပြီဖြစ်သည်။

ဆန့်ကျင်ဘက်တွင်တော ထိခိုက်မှု အများစုကို ခံယူခဲ့ရသည်မှာ လျို့ယွီဖြစ်လေသည်။ သူ၏တောင်ပံများမှာ အရိုးများတစ်ဝက် မြင်နိုင်သည်အထိ ပြင်းထန်စွာ ထိခိုက်မိသွားခဲ့သည်။

လောင်ကျွမ်းနေသာ အသားနံ့က ပိုးမွှားအသေးလေးများကိုဆွဲဆောင်နေခဲ့ပြီး သူ၏နောက်ကျောပေါ်တွင် ကပ်တွယ်ကာ ကိုက်ဝါးနေခဲ့ကြသည်။

သို့သော် ထိုသို့ဆိုလျှင်ပင် သူသည်က အသက်ရှင်သန်နေဆဲဖြစ်ပေသည်။

၎င်းက သူ၏ ဆင့်ကဲပြောင်းလဲခြင်း မည်မျှ သန်မာသည်ကို ပြသနေလေသည်။

သူ၏ခန္ဓာကိုယ်မှ အသွေးအသားများက ဆုတ်ဖြဲခံလိုက်ရသဖြင့် လျို့ယွီ နာကျင်မှုဖြင့် အော်ဟစ်လိုက်မိသည်။

သူ၏တောင်ပံများသည်က ဆိုးရွားလွန်းစွာ ဒဏ်ရာရခဲ့၏။ သူ့ဘာသာ ပျံသန်းနိုင်လောက်သေးသော်ငြား သူ၏တောင်ပံများ၏ ထာဝရပုံပျက်ခြင်းကို စွန့်စားရပေလိမ့်မည်။ အခြားလူတစ်ယောက် ခေါ်သွားရမည့်အချက်ကိုတော့ ဖော်ပြရန်ပင်မလိုပါချေ။

သူ မည်သို့ လုပ်သင့်သနည်း?

ထိုလူများကသာ သူတို့ကို ဖမ်းမိသွားလျှင် သူနှင့်သခင်မလေးက သံသယမရှိ သေဆုံးရလိမ့်မည်ဖြစ်၏။

လျို့ယွီ၏ စိတ်က ပြေးလွှားနေခဲ့ပြီး အစီအစဥ်တစ်ခုချရန် ကြိုးစားနေခဲ့သည်။ လျိုချန်းရှန်က သူ့မိသားစုကို စစ်တပ်ထဲတွင် ထိန်းသိမ်းထားခဲ့သည်။

ဤသခင်မလေးသေလျှင် သူတို့သည်လည်း သေချာပေါက် အသတ်ခံရမည်ဖြစ်သည်။

သူ၏နောက်ကျောရှိ အရိုးဖြူဖြူများက အားပြင်းသော ဘက်တီးရီးယားအချို့ကြောင့် ပိုးဝင်သွားသည့်ပုံပေါ်ကာ နာကျင်မှုနှင့်ယားယံခြင်းကို ဖြစ်ပွားစေလေသည်။

သူ၏တောင်ပံ တဖြည်းဖြည်းတိုက်စားခံရမှုကို လျို့ယွီ ခံစားနိုင်ပြီး သူ၏ရှေ့တွင် အစိမ်းရောင်မှလွဲ၍ မည်သည့်အရာမှမရှိတော့ချေ။

သူ့ ဘဝ၏ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေကို ကြုံတွေ့ရလာမှုက သူ့ကိုကြောက်လန့်သွားစေသည်။

သစ်ကိုင်းထူထူ အလွှာများဝန်းရံနေထားသည့် အနီးအနားမှ အဆောက်အအုံတစ်ခုကို သူသတိထားမိမှသာ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး အတွင်းဘက်တွင် အမိုးအကာရှာရန် ဆုံးဖြတ်လိုက်သည်။

အဆောက်အအုံများက အဆုံးမရှိသည့် အစိမ်းရောင် သဘာဝပေါက်ပင်များထက် လူများကို စိတ်လုံခြုံမှု ပို၍ပေးစွမ်းနိုင်လေသည်။

သူ၏ခန္ဓာကိုယ်ပေါ်မှ အလွန်အမင်းနာကျင်မှုကို တောင့်ခံလျှက် အဆောက်အအုံရှိသော အရပ်မျက်နှာဆီ ဦးတည်၍ ကလေးမလေးကို တရွတ်တိုက်ဆွဲ‌ခေါ် နေခဲ့သည်။

ထိုအချိန်တွင် မြက်ပင်ရှည်များနောက်မှ လေးလံသောအသက်ရှူသံ ဖျော့ဖျော့ကို သူကြားလိုက်ရလေသည်။

သူ ချက်ချင်းရပ်တန့်လိုက်ပြီး ဘေးဘက်ပတ်လည်ကို သတိနိုးကြားစွာ ကြည့်လိုက်သော်ငြား မည်သည့်အရာမှ မရှိပေ။

ဤနေရာတွင် တစ်စုံတစ်ရာ ပုန်းနေခဲ့ခြင်းဖြစ်ရမည်။

သူက လုံးဝ မလှုပ်မရှား နေလိုက်ကာ မြက်ပင်နောက်မှ ထိုသတ္ထဝါက သူ့ကိုစိတ်ဝင်စားမှု ပျောက်ဆုံးသွာရန် မျှော်လင့်နေခဲ့သည်။

သို့သော် မကြာခင်ပင် မီတာတစ်ဝက်ခန့်မြင့်သော သန့်စင်သည့်အနက်‌ရောင် ပုံသဏ္ဍာန်တစ်ခုက မြက်ပင်များမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်ကို မြင်လိာက်ရလျှင် သူ၏ ဆုတောင်းများက မဖြစ်နိုင်တော့သည်ကို သိလိုက်ရသည်။

ထိုအရာမှာ ဝံပုလွေတစ်ကောင်ဖြစ်ပြီး သူ၏နားရွက်ထိပ်များတွင် အဖြူရောင်အမွှေးပွပွများရှိသည်။ ထိုနေရာမှလွဲ၍ တစ်ကိုယ်လုံးက နက်ဆွေးပြောင်လက်နေသော ဝံပုလွေတစ်ကောင်ဖြစ်လေသည်။

၎င်းထံတွင် ဤကဲ့သို့ လှပသော အသွင်အပြင်ရှိလေသည်။ အနီရောင်ဝတ်စုံကလေးမလေးက ၎င်းကို ပထမဆုံးမြင်သည့်အချိန်ကတည်းက ဝံပုလွေလေးကို အလိုရှိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

ဤအရွယ်အစားအရ ပျက်ကပ်မတိုင်မှီက ၎င်းကို ဝံပုလွေအုပ်၏ ခေါင်းဆောင်ဟု ယူဆနိုင်သော်ငြား ပျက်ကပ်ပြီးနောက် ၎င်းသည်က မွေးကင်းစ အကောင်ပေါက်လေးတစ်ကောင်သာ ဖြစ်လေ၏။

မိခင်ဖြစ်သူ၏ကာကွယ်မှုမပါရှိပါက အရွယ်အစား သန္ဓေပြောင်းခဲ့သော အပြင်ဘက်မှ အခြားတိရစ္ဆာန်များထံတွင် အလွယ်တကူဖမ်းဆီးပြီး မြိုချခံရနိုင်လေသည်။

ဝံပုလွေ၏ဝမ်းဗိုက်တွင် အခြားတိရစ္ဆာန်မှ ပြုလုပ်ခဲ့သော ဖြတ်ရာတိမ်တိမ်တစ်ခု ရှိလေသည်။၎င်းကလျို့ယွီဆီကို ဦးတည်၍ ဖြည်းညှင်းစွာ ရွေ့လျားလာ၏။

ပုံမှန်အားဖြင့်ဆိုပါက လျို့ယွီက ဝံပုလွေပေါက်တစ်ကောင်ကို ဘယ်တော့မှ ကြောက်ရွံမည်မဟုတ်‌သော်ငြား ယခုတွင်ဆော့ သူသည်က အပြင်းအထန် ဒဏ်ရာရထားကာ သူ၏လက်ကိုပင် မမြှောက်နိုင်ချေ။

ဤဝံပုလွေသည် လျို့ယွီနှင့်သူ၏ အသင်းဖော်များ သေသည်အထိ နှိပ်စက်ခဲ့သော သန္ဓေပြောင်းဝံပုလွေမိခင်၏ သားပေါက်လေးဖြစ်၏။

ကလေးမလေး အလိုရှိခဲ့သော ‘ခွေးပေါက်လေး’လည်း ဖြစ်၏။

သို့သော် ယခုအချိန် ၎င်း၏ရောက်ရှိလာမှုသည်က သူ့ကို ပင်အပ်နှင့်အပ်များပေါ်သို့ တွန်းပို့စေခြင်းသာဖြစ်လေသည်။

ဝံပုလွေပေါက်လေး၏ ကျဥ်မြောင်းနေသည့်အစိမ်းရောင်မျက်လုံးများက အမှောင်ထဲတွင် တောက်ပနေခဲ့သည်။

ဤမျက်လုံးများထဲမှ နက်ရှိုင်းသည့် ဒေါသတကြီး ခံစားချက်ကို သူမြင်နိုင်သည်ဟုပင် လျို့ယွီထင်မြင်မိသည်။

နက်ရှိုင်းသောမုန်းတီးမှုမျာ့ာ သူ၏ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေလေသည်။

လျို့ယွီတစ်ယောက် မွေးကင်းစသားပေါက်လေးတစ်ကောင်က မည်သည့်အရာကိုမျှ မသိနိုင်ဟူ၍ သူ့ကိုသူ နှစ်သိမ့်လိုက်သည်။

၎င်းထံတွင် ဤကဲ့သို့ ရှုပ်ထွေးသော ခံစားချက်များ မရှိနိုင်ဟု တွေးတောနေခဲ့သော်ငြား ထိုအနက်ရောင်ဝံပုလွေလေးက အနည်းငယ်ငုံ့ကိုင်းပြီး သူ့ကိုမာန်ဖီပြလာလျှင် ဤဝံပုလွေက သူ့ကိုအမှန်တကယ် မှတ်မိခဲ့ကြောင်း သေချာသွားခဲ့သည်။

၎င်းက လက်စားပြန်ချေရန် လာခဲ့ခြင်းသာဖြစ်လေသည်။

လျို့ယွီမသိခဲ့သည်မှာ ၎င်းသည်က မွေးကင်းစသားပေါက် ဖြစ်သော်လည်း အလွန်အမင်း ဉာဏ်ကောင်းလေသည်။

၎င်းက ပျက်ကပ်အတွင်း ဉာဏ်ရည်ဉာဏ်သွေးကို ရရှိခဲ့သော တိရစ္ဆာန်အနည်းငယ်ထဲ တစ်ကောင်ဖြစ်ပြီး ၎င်း၏စိတ်ထဲတွင် လျို့ယွီ၏ အနံ့ကိုမှတ်ထားခဲ့ပေသည်။

ဝံပုလွေလေးက အဝေးကို ထွက်ပြေးပြီးနောက် ဦးတည်ရာမဲ့ လျှောက်မပြေးခဲ့ချေ။ သူ၏ လုံခြုံမှုကို အတည်ပြုပြီးနောက်တွင် တိတ်တဆိတ် ပြန်လှည့်လာပြီး သိပ်မဝေးသည့် ညောင်မုတ်ဆိတ်ပင်ကြီး၏ အောက်တွင် ပုန်းနေလျှက် လျို့ယွီနှင့် အခြားသူများကို စိုက်ကြည့်နေခဲ့သည်။

ဝံပုလွေများ၏ မူလဗီဇမှာ ပြင်းပြသော လက်စားချေလိုစိတ်ဖြင့် တိရစ္ဆာန်များသာဖြစ်ပေသည်။

ဤကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး ရရှိခဲ့သော ဝံပုလွေတစ်ကောင်ဆိုလျှင်တော့ တွေးကြည့်ရန်ပင် မလိုအပ်ပါချေ။

*

(48)

ယင်ရိလျိုနှင့် တခြားသူများ ထွက်သွားပြီးနောက် ဝံပုလွေပေါက်လေးက မြေပြင်ပေါ်မှ အလောင်းနှစ်လောင်းကို အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်ပြီးနောက် ဤနေရာမှ လျို့ယွီ၏အနံ့ နောက်ကို လိုက်လာခဲ့လေသည်။

ဝံပုလွေ၏ မျက်လုံးများက အနည်းငယ်တုန်ရီနေကာ ရောက်ရှိလာမည့် သတ်ဖြတ်ပွဲအတွက် အမြင်အားဖြင့် စိတ်လှုပ်ရှားနေလေသည်။

၎င်း၏လည်ချောင်းထဲ မာန်ဖီသံတိုးတိုးတစ်သံ ထုတ်လိုက်ပြီး အရှေ့မှ လူဆီကို ဖြည်းညင်းစွာ ချဥ်းကပ်လာလေသည်။

သူ၏မိခင်ကို နှိပ်စက်နေသောအချိန်က ဤလူမည်သို့ မည်ပုံရှိသည်ကို သူလုံးဝပင် မေ့နိုင်မည်မဟုတ်ပါချေ။

သူ့အမေ၏ နောက်ဆုံးအခိုက်အတန့်တွင် သူမ၏မျက်လုံးများထဲမှ နာကျင်ခံစားနေသောအကြည့်ကို စဥ်းစားလိုက်သောအခါ ဝံပုလွေမှာ လှုံ့ဆော်ခံလိုက်ရသည်။

သူက အူသံအရှည်ကြီးတစ်သံ ထုတ်လွှတ်ပြီးနောက် အရှေ့မှ စက်ဆုပ်အထင်မြင်သေးဖွယ် လူကို တိုက်ခိုက်ရန် စတင်ခဲ့လေသည်။

လျို့ယွီမှာ လျှပ်တပြတ် ရှောင်ချင်သော်လည်း သူ၏ဒဏ်ရာများကြောင့် မရှောင်နိုင်ခဲ့သည်။

ဝံပုလွေကို ပိတ်ဆို့ရန် သူ၏လက်မောင်းကိုသာလျှင် မြှောက်နိုင်လေသည်။

စူးရှသည့်နာကျင်မှုက နောက်မှလိုက်လာပြီး သူ့လက်မောင်းပေါ်မှ အသားတစ်ဝက်က စုတ်ပြဲသွားခဲ့က် လေထုသည် ပေါကြွယ်သော သွေးရနံ့ဖြင့် ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။

အမှောင်ထဲတွင် ပုန်းနေသော သန္ဓေပြောင်း သတ္တဝါငယ်လေးများသည်လည်း ဝင်ပါရန် ဆန္ဒရှိနေကြ၏။

အပေါ်ဘက်မှ စိတ်လှုပ်ရှားစွာအော်ဟစ်ပြီး သူ့ကိုသစ်သီးများဖြင့် ပစ်နေသော သန္ဓေပြောင်းမျောက်အချို့ကိုပင် မြင်ခဲ့ရလေသည်။

ပထမ တိုက်ခိုက်မှုပြီးနောက် သွေးများနှင့် လှုံ့ဆော်ခံရမှုကြောင့် ဝံပုလွေငယ်လေး၏ မျက်လုံးများမှာ နီရဲသွားပြီး ၎င်း၏ ဖြူဖွေးချွန်ထက်သော သွားများမှ သွေးများစီးကျနေခဲ့သည်။

သူက အူပြီးနောက် နောက်တစာကြိမ်ထပ်မံမတိုက်ခင် သူ၏သွားများကို ဖြည်းညင်းစွာ လျက်လိုက်ပြန်လေသည်။

လျို့ယွီ သူ့ကိုယ်သူတင်မကဘဲ သူ၏လက်မောင်းထဲမှ ကလေးမလေးကို ကာကွယ်ရန်လိုအပ်ခဲ့သည်။ အချိန်ခဏကြာပြီးနောက် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိသည့် အစိတ်အပိုင်းတစ်ခုမှပင် မရှိတော့ချေ။

သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့သည်။

သူ့အနေဖြင့် စိတ်လှုပ်ရှားနေသော အနက်ရောင်ဝံပုလွေကို ကြည့်လိုက်ပြီး ထိုသားပေါက်လေးသည်က သူတို့၏ လုပ်ရပ်တို့ကို အတုယူနေသည်ကို သတိထားမိလိုက်သည်။

သူတို့ ၎င်း၏အမေကို လုပ်ခဲ့သကဲ့သို့ သူ့ကိုသေသည်အထိ အပျော်တမ်းနှိပ်စက်ရန် ရည်ရွယ်ထားခဲ့ပုံရလေသည်။

ယခု သူ မည်သို့ ဆက်လုပ်ရမည်နည်း? ဤတိရစ္ဆာန်က သူ့အား သေသည်အထိ ကိုက်ခဲလာသည်ကို လက်ခံလိုက်ရမည်လား?

အနက်ရောင်ဝံပုလွေက ၎င်း၏ပါးစပ်ကို ဖွင့်ပြီး အရှေ့သို့ထပ်မံ ကိုင်းညွတ်လာသောအခိုက်တွင် လျို့ယွီ၏လည်ပင်းကို ချိန်ရွယ်လာခဲ့သည်။

သူ နောက်ထပ်ကြာကြာ မကစားချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကစားပွဲမှ မည်သည့်ပျော်ရွှင်ကိုမှမရရှိဘဲ အဆုံးမရှိ ဝမ်းနည်းမှုကိုသာ ခံစားရလေသည်။

လျို့ယွီက ပို၍နာကျင်ပြီး ဆိုးရွားလာလေလေ ထိုအချိန်က ၎င်း၏အမေ၏ စိတ်ပျက်အားငယ်မှုကို ပို၍ခံစားနိုင်လေလေဖြစ်နေခဲ့သည်။

ယခုအခါ သူ ဤလူသားနှစ်ယောက်ကို တစ်စစီစုတ်ဖြဲပစ်ချင်ရုံသာ ဆန္ဒရှိတော့သည်။

သို့သော် သူ၏ပါးစပ်က သားကောင်ဆီသို့ ရောက်လုနီးပါးတွင် ကြက်သွေးနီရောင် အရာတစ်ခုက ဝံပုလွေ၏မျက်နှာကို ထိပ်တိုက် ဆောင့်ရိုက်သွားခဲ့သည်။

ဝံပုလွေမှာ ထို သက်ရောက်မှုအားကြောင့် ဒယိမ်းဒယိုင်ဖြစ်သွားရသည်။

ဤအခိုက်ကို အခွင့်ကောင်းယူကာ ချိုချုံက ကြီးစွာသောခက်ခဲမှုဖြင့် လေထဲပျံသန်းသွားခဲ့လေ၏။ သူ၏ပုံစံမှာ အမွှေးများအားလုံး အနုတ်ခံရပြီးနောက် ပျံသန်းရန် ကြိုးစားနေသော ငှက်တစ်ကောင်နှင့် အလွန်တူနေခဲ့သည်။

သူ၏တောင်ပံများကို ခတ်လိုက်သည်အခါတွင် ဒဏ်ရာများထဲမှ သွေးများပင် စီးကျနေခဲ့သည်။

သူက တစ်နည်းနည်းဖြင့် ပျံသန်းနိုင်ဆဲဖြစ်သော်လည်း ထိုအပေါ်တွင်သာ သူ၏အသက်က မူတည်‌နေသည့်နှယ် ကာကွယ်နေခဲ့သော ကလေးမလေးကိုတော့ သူ့၏အနား မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။

ဝံပုလွေက သူ့အပေါ်သို့ ခုန်တက်တော့မည့်အချိမ်တွင် လျို့ယွီက ကလေးမလေးကို အနက်ရောင်ဝံပုလွေဆီသို့ ပစ်ပေါက်လိုက်သည်။

သူ့၏ ကိုယ်ပိုင်အသက်ထက်တော့ မည်သူ၏အသက်မှ ပို၍အရေးမကြီးချေ။

အနက်ရောင်ဝံပုလွေလည်း ကောင်းကင်တွင် ပျံသန်းနေသော လူကို ကြည့်နေခဲ့‌ပြီး သူ အလှည့်စားခံခဲ့ရသည်ကို သိရှိသွားခဲ့သည်။

၎င်း၏လက်ထဲသို့ ကျရောက်လာခဲ့ပြီးဖြစ်သော ရန်သူမှာ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ ဝံပုလွေက အူလိုက်ပြီး ကလေးမလေးကို ဒေါသတကြီး တစ်စစီ ဖြဲပစ်လိုက်လေသည်။

သူမ၏ နူးညံ့သော ခြေလက်အစိတ်အပိုင်းများသည်လည်း ချက်ချင်းပင် သွေးနှင့် အသားအိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝံပုလွေ၏ လက်ဖဝါးနှင့် ပါးစပ်များတွင် သွေးများနှင့် ဖုံးလွှမ်းနေခဲ့ပြီး ပျံပြေးသွားသော လျို့ယွီကို သူ့၏မှုန်မှိုင်းသော အစိမ်းရောင်မျက်လုံးများက စိုက်ကြည့်နေခဲ့သည်။

အရေးမကြီးချေ။

သူ မည်မျှ အဝေးသို့ သွားသည်ဖြစ်စေ၊ အရေးမကြီးချေ

၎င်းသည် သူ့ကိုနောက်ဆုံးတွင် ရှာတွေ့လိမ့်မည်ဖြစ်သည်။

အနက်ရောင်ဝံပုလွေက ဒေါသဖြစ်ကာ စိတ်အနှောင့်အယှက်လည်းဖြစ်နေခဲ့သည်။ ၎င်း၏ဒေါသကို ထွက်ပေါက်ပေးရန်အတွက် မြေပြင်ပေါ်မှ အလောင်းကိုသာ ဆက်လက်စုတ်ဖြဲနေခဲ့သည်။

သူ့၏ စိတ်တည်ငြိမ်သွားပြီးနောက်မှသာ လက်ဖဝါးများကို နှေးကွေးစွာ လျှက်လိုက်လေ၏။ ထို့နောက်တွင် ၎င်း၏မျက်လုံးများထဲ အလွန်လူသားဆန်သော အမူအရာတစ်ခု လက်ခနဲဖြတ်‌ပြေးသွားခဲ့သည်။

ဝံပုလွေပေါက်လေးက သူ၏နှာခေါင်းကို မော့ကာ လေထဲတွင် အနံ့ခံလိုက်ပြီး ၎င်းလိုက်ရှာနေသော အနံ့ကိုထောက်လှမ်းရန် ကြိုးပမ်းနေခဲ့သည်။

ယင်ရိလျို SUVသို့ ပြန်ရောက်သောအချိန်တွင် ကားထဲမှ ခရီးဆောင်အိတ်နှင့် အထောက်အပံ့ပစ္စည်းများကို သူမ၏ကိုယ်ပိုင်နေရာလွတ်ထဲသို့ အကုန်ပစ်ထည့်လိုက်လေ၏။ ထို့မှသာ နောက်တစ်ကြိမ် ကားကိုစွန့်ပစ်ရသည့်အချိန်တွင် သူတို့ ပေါ့ပေါ့ပါးပါး ထုပ်ပိုးနိုင်မည်ဖြစ်၏။

ဤအကြိမ် သူမ၏လုပ်ဆောင်ချက်များကို ကျောင်းမောင်နှမဆီမှ ဖုံးကွယ်ထားချေ။ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် အထောက်အပံ့ပစ္စည်များ ပျောက်ကွယ်နေသည်ကို ကြည့်ကာ သူတို့နှစ်ယောက်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

ကျောင်းစီဟွေ့ သူမ၏အံ့အားသင့်မှုကို ချက်ချင်း ဖိနှိပ်လိုက်ကာ သူမမည်သည်ကိုမှ မသိသကဲ့သို့ ဟန်ဆောင်နေလိုက်သည်။

ဤနှစ်ရက်တာ ဖြတ်သန်းပြီးနောက် လိုအပ်သော အစားအစာနှင့် ရေအထောက်အပံ့များနှင့်အတူ ကျင်းယန်၏ဝှီးချဲအထိ ပါးလျသောလေထဲမှ ပေါ်ပေါက်လာပြီး ပျောက်ကွယ်သွားသည်ကို သူမ ဝိုးတဝါးသတိထားမိ‌သောကြောင့် သူတို့တွင် သူတို့၏ကိုယ်ပိုင်ဆန်းပြားသော သိုလှောင်နည်းလမ်း ရှိရမည်ဖြစ်၏။

ဤလျှို့ဝှက်ချက်ကို သူမ၏အစာအိမ်ထဲတွင်သာ အမြစ်တွယ်ခွင့်ပြုရန် သူမဆုံးဖြတ်ထားခဲ့သည်။

လူအများကစာ ဤအကြောင်းကို ရှာတွေ့သွားလျှင် အတော်လေးပင် ဂယက်မုန်တိုင်း တစ်ခုဖြစ်ပွားစေလိမ့်မည်ပင်။

ကျောင်းချီယန်တွင်တော့ သူ့အစ်မ၏ သမာဓိမရှိချေ။ သူက သူ၏မေးကို အတင်းအကျပ် လှည့်ထားနိုင်ရုံမျှသာဖြစ်ပေ၏။ သူ၏နားရွက်များကို ဆွဲလိမ်ပြီး သူ၏ပါးကိုကုတ်ကာ လျှို့ဝှက်ချက်အကြောင်း ဖော်ထုတ်ရန် ကြိုးစားနေခဲ့သည်။

သူ၏ခေါင်းထဲတွင် ဖြတ်ပြေးနေသော မေးခွန်းပေါင်း ရာချီရှိလေသည်။ သူ့အစ်မ၏ ကြားဝင်ခြင်းကြောင့်သာ မဟုတ်လျှင် သူ ကျင်းယန်နှင့် ယင်ရိလျို့ပေါ်သို့ ခုန်အုပ်ပြီး သူတို့ကို လျှောက်လှန်ကာ သူတို့ ထိုအရာအားလုံးကို မည်သည့်နေရာတွင် ဖွက်ထားသည်ကို အဖြေရှာရန် ကြိုးစားမည်ဖြစ်သည်။

အဆိုရှိသည်မဟုတ်ပါလား။ 'မင်း တစ်ယောက်ယောက်ကို သံသယဝင်ရင် သူ့ကိုအသုံးမပြုနဲ့.. အဲဒီလိုပဲ တစ်စုံတစ်ယောက်ကို အသုံးပြုရင် သူ့ကို သံသယမဝင်နဲ့'။

သို့သော် ကျင်းယန်က ကျောင်းမောင်နှမကို ယုံကြည်လျှင်ပင် သူတို့၏ရှေ့၌ နေရာလွတ်သည်က သူ့အပိုင်ဟု ပြောခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားဆဲသာဖြစ်သည်။

ထို့ကြောင့် အနည်းဆုံးလျှို့ဝှက်ချက် ပေါက်ကြားသွားအည်ဆိုလျှင်ပင် လူများက ယင်ရိလျိုအစား သူ့အပေါ်တွင်သာ အာရုံစိုက်ကြလိမ့်မည်ဖြစ်သည်။

တခြားသူများက နေရာလွတ်ကို ရှာတွေ့သွားလျှင် ဖြစ်လာမည့် အခြေအနေကို မည်သို့စီမံသင့်ကြောင်း သူလုံးဝ တွေးမထားခဲ့ချေ။

ကျောင်းစီဟွေ့ ကားမောင်းနေစဥ် ကျင်းယန်က သူ၏လက်မောင်းထဲတွင် ယင်ရိလျိုကို ထည့်ပြီးနောက်ခုံတွင် ထိုင်နေခဲ့သည်။

သူ စိတ်လျော့လိုက်သည့်အချိန်တွင်ပင် သူ၏ခြေထောက်များက တုန်ရီစပြုလာပြီး သူ တမင်တကာ လျစ်လျူရှုထားသော နာကျင်မှုက ပျက်စီးနေသော ဘောလုံးတစ်လုံးကဲ့သို့ တိုးဝင်လာခဲ့သည်။

သူ၏နှုတ်ခမ်းများကလည်း နာကျင်မှုကြောင့် ဖြူစုတ်သွားသော်ငြား သူ၏မျက်နှာကတော့ တည်ငြိမ်နေဆဲဖြစ်ပေသည်။

သူ၏ခြေထောက်များက တုန်ရီမှုကို ယင်ရိလျို ခံစားနိုင်လေသည်။

သူမက သူ၏လက်မောင်းကို လက်ဝါးများဖြင့် ပူပန်စွာ ပုတ်ခဲ့လေသည်။ သူမ၏ပဲစေ့သဖွယ် မျက်လုံးနီနီလေးများက ဉာဏ်ထိုင်းသည့်ပုံပေါ်သော်လည်း သူ့အတွက် ယုန်လေး၏ပူပန်မှုကို ကျင်းယန် အာရုံခံစားနိုင်ခဲ့သည်။

ဤကဲ့သို့ မက်ဆေ့ချ်တစ်စောင်ကို ယုန်လေးဆီမှ အဓိပ္ပာယ်ကောက်နေမိသည့်အတွက် သူ့ကိုယ်သူ ရူးသွားပြီဟု ထင်သော်ငြား ယင်ရိလျို၏ ‘မျက်ခုံးများ’ကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်လိုက်ဆဲဖြစ်ပြီး နူးညံ့စွာပြောလိုက်မိလေသည်။

“ထပ်ပြီး‌ လျှောက်မပြေးနဲ့တော့”

ပြီးတော့ ကိုယ့်ကို စိတ်ပူရအောင် ထပ်မလုပ်နဲ့တော့..

ယင်ရိလျို သူ၏လက်ချောင်းထိပ်များကို သူမ၏ခေါင်းဖြင့်ပွတ်လိုက်သည်။

ကျင်းယန်သည်က သူမ၏အဖေအိုကြီးနှင့် အမှန်တကယ် တူသည်ဟုတွေးတောမိပြီး နွေးထွေးလှသည့် တောက်ပမှုတစ်ခုကို နှလုံးသားထဲတွင် ခံစားလိုက်ရသည်။

ကံမကောင်းစွာဖြင့် ယင်ရိလျို၏ အတွေးများကို ကျင်းယန်မသိခဲ့ပါချေ။

သူ နိုးလာပြီး ကားထဲမှထွက်သောအချိန်နှင့် သူ၏ခြေထောက်များ စတင်ကိုက်ခဲသည့်အချိန် ကြားမှအချိန်ကိုသာ သူ၏ စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။

နာကျင်မှုကို ကာရံသော စွမ်းရည်သည်က တစ်နာရီခွဲပတ်လည်သာ ခံနိုင်လေသည်။

သူ ကန့်သတ်အချိန်ကို ကျော်လွန်သွားလျှင် ချက်ချင်း ရပ်တန့်လိုက်ရမည်ဖြစ်၏ ။ ထိုသို့မဟုတ်လျှင် နာကျင်မှုက နှစ်ဆဖြစ်လာလိမ့်မည်။

တစ်နာရီခွဲက အမှန်တကယ် မလုံလောက်ဟု ကျင်းယန်ခံစားလိုက်ရသည်။ သူ ကသိကအောက်လည်းဖြစ်သွားခဲ့ရသည်။

ထပ်မံ ဆင့်ကဲပြောင်းလဲနိုင်ရန် အလို့ငှာ မခန့်မှန်းနိုင်သောမြူ ပြန်ပေါ်ပေါက်လာသည်ကို သူ စောင့်ရဦးမည်လား?

ချင်ဖူဟိုင် သူတို့ကိုညွှန်ပြခဲ့သော လမ်းသည် City M မှအနီးအနား City Wဆီသို့ ဆက်သွယ်နေသော လမ်းဖြစ်၏။ လမ်းဘေးတစ်လျှောက် သစ်ပင်များလျော့နည်းလာသောကြောင့် ၎င်းက ဖြတ်သန်းနိုင်ဆဲဖြစ်၏။

လွန်ခဲ့သည့် ရက်များတွင်ပင် သဘာဝပညာရှင်များက ကမ္ဘာကြီးသည်က ယခုအခါ နေရာတိုင်းတွင် အင်္ဂတေဖြင့်အဆောက်အဦးများ၊ လမ်းများဖြင့် သိမ်းပိုင်ထားခြင်းခံရပြီး သဘာဝတရားချို့တဲ့နေပြီဟု ပြောခဲ့သည်။

သို့သော် ကျောင်းချီယန်မှာ ကျယ်ပြန့်သော ကွန်ကရစ်လမ်းကို နောက်တစ်ဖန်မြင်ရသောအခါ ငိုချင်မိသည်အထိစိတ်လှုပ်ရှားသွားလေသည်။

နောက်ဆုံးတော့ သူ့ရဲ့မြင်ကွင်းက အကုန်လုံး အစိမ်းရောင်တွေချည်း ဖုံးလွှမ်းနေတာ မဟုတ်တော့ဘူး ။

All Chapters