ရှေ့မှာ ဝံပုလွေ၊ နောက်မှာကျား
Vol. 1 Ch. 82
လူများသည် ဆယ့်သုံးယောက် ဖြစ်ပြီး တစ်ယောက်သည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် ဖြစ်ပြီး ငါးယောက်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်နှင့် ကျန်လူများသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ဖြစ်သည်။
ကျန်းရီသည် နှစ်ယောက်ချင်း တိုက်ပွဲ ဖြစ်လျှင်မူ ကြောက်နေမည် မဟုတ်ပေ။ သူ့ကျင့်ကြံဆင့်သည် နိမ့်နေသည့် အပြင် သူ့တွင် လူဆယ့်သုံးယောက်ကို တိုက်ခိုက်ရန် အတွင်းအား အလုံအလောက် ရှိမနေခဲ့ပေ။ အတွင်းအား ပေါက်ကွဲလက်ဝါးကို ဆက်တိုက် အသုံးပြုလိုက်လျှင်လည်း သူ့ကိုယ်သည် အားနည်းလွန်း၍ သေရမည်ကိုသာ စောင့်ရပေမည်။
သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို ခြေထောက်ဆီ ပို့ဆောင်လိုက်ကာ လေအလျင်နှင့် ပြေးသွားလိုက်သည်။ သူ့အမြန်နှုန်းသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်လောက် ဖြစ်သွားသော်လည်း သူ့ နောက်မှ လူများသည် သူ့ကို မီတော့ပေမည်။
ငါအခု ဘာလုပ်သင့်လဲ။
ကျန်းရီသည် တည်ငြိမ်နေကာ မကြောက်ဟန်ပေါ် နေသော်လည်း သူ့စိတ်ထဲတွင် အတော်လေး စိတ်လှုပ်ရှား နေပေသည်။ သူသည် အသက် လုပြေးနေရင် လွတ်မြောက်ရန် နည်းလမ်းကို ကြိုးစား တွေးကြည့်နေခဲ့သည်။ အဆုံးတွင် သူ့၌ တိုက်ခိုက်ရန် သို့မဟုတ် သေရန်မှတစ်ပါး ရွေးချယ်စရာ မရှိကြောင်း သိသွားခဲ့သည်။
တစ်ဖက်အဖွဲ့သည် ချမ်ဝမ်ကွမ်နှင့် ဆရာကျောက်ကို ပထုတ်နိုင်သည် စွမ်းရည် ရှိသည် သို့မဟုတ် ထိုနှစ်ယောက်သည် သူတို့နှင့် ပတ်သက်နေသည် ဟူ၍သာ ကောက်ချက် ချရပေမည်။ ဤလူများသည် သူ့ကို ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ မြေပေါ်၌ပင် သတ်ရဲသည် ဆိုသော အချက်အရ ကျန်းရီတွင် ထွက်ပြေး လွတ်မြောက်ရန် နေရာ မရှိပေ။ သူအများဆုံး လုပ်နိုင်သည်ကား သင်တန်းကျောင်းမှ အကူအချို့ရရန် တတ်နိုင်သလောက် အချိန်ဆွဲခြင်းသာ ဖြစ်သည်။
တိုက်ပွဲသည် ရှောင်လွဲ၍ မရတော့ကြောင်း သိလိုက်သည်နှင့် ကျန်းရီသည် ပတ်ဝန်းကျင်ကို အမြန် ကြည့်လိုက်ကာ တိုက်ခိုက်ရန် သင့်တော်သော နေရာကို ရှာဖွေလိုက်သည်။ သူ၏ ကိုယ်ပိုင် အင်အားကိုသာ အားကိုးနေပါလျှင် သူသည် မိနစ်ငါးဆယ်ပင် မခံလိုက်ပဲ အေးစက် တောင့်တင်းသော အလောင်းကောင် ဖြစ်သွား ပေလိမ့်မည်။ ထို့ကြောင့် သူသည် ပြင်ပ အကူအညီများ လိုအပ်နေသည်။
ရှေ့တည့်တည့်မှာ ဂူတစ်လုံးပဲ။
သူသည် သူ့ရှေ့တည့်တည့်ရှိ ဂူတစ်ခုကို မြင်သွားလေသည်။ ဂူသည် ပိန်းပေါက်အောင် မှောင်နေခဲ့ပြီး အထဲတွင်လည်း မည်သည့် နတ်ဆိုးသားရဲများ ပုန်းအောင်း နေမည်ကို မသိရပေ။ သူသည် သာမန်နေ့များတွင် ဂူကို ဖြတ်သန်း သွားရဲမည် မဟုတ်သော်လည်း ယခုလို အချိန်မျိုးတွင် အများကြီး ဂရုစိုက် မနေနိုင်ဘဲ ဂူတွင်းသို့သာ တန်းတန်းမတ်မတ် ပြေးရလေသည်။
"ဝှစ်"
သူ့နောက်မှ လူသုံးယောက်သည် ဂူတွင်းသို့ ဝင်လာကာ တွေဝေနေခြင်း မရှိပဲ ပြေးလိုက်လာ ကြလေသည်။ သူတို့၏ မျက်နှာများသည် မျက်နှာဖုံး ဝတ်ထားသည် ဖြစ်သော်လည်း မျက်လုံးများထဲတွင် လှောင်ပြောင်ရိပ်များ ယှက်သန်း နေခဲ့သည်။ သူတို့သည် ကျန်းရီမှာ လျှပ်တီးလျှပ်ပြာ နိုင်လွန်းသည်ဟု တွေးနေကြသည်။ သူသည် သူ့သေတွင်း သူတူး၍ လမ်းကို သေချာမရွေးပဲ ပြေးသွားသည်ဟု ထင်ရသည်။
သူတို့ ဆယ့်သုံးယောက်သည် ဂူထဲသို့ ဝင်လိုက်သည်နှင့် ထောင့်တစ်နေရာမှ လေထုကို ခွင်း၍ ပျံသန်းလာသော အရာဝတ္ထုများ၏ အသံကို ကြားလိုက်ရသည်။ လူအုပ်ကို ဦးဆောင်လာသော ခရမ်းရောင် နန်းတော်ရှင်အဆင့် လူသည် သဘောပေါက် သွားကာ အလန့်တကြား ဆိုလာခဲ့သည်။
"လက်နက်ပုန်းတွေ ... နောက်ဆုတ်ကြ"
ဂူထဲတွင် အလင်းမှိန်မှိန်သာ ရှိနေရာ သူတို့ နောက်ဆုတ်ရန် ဆုံးဖြတ်သည်မှာ သဘာဝကျပေသည်။ သူတို့သည် ပထမထောင့်ကို ဖြတ်ဖြတ်ခြင်းပင် လက်နက်ပုန်းများနှင့် တိုက်ခိုက်ခံရသည်။ သို့သော် ဂူလမ်းကြောင်းသည် တစ်ကြိမ်လျှင် လူသုံးယောက်ခန့်သာ ဖြတ်သွားနိုင်သည်။ လူငါးယောက်၊ ခြောက်ယောက်ခန့် သည်သာ ဂူဝကို ဖြတ်သန်း ရသေးရာ ကျန်လူများသည် သတိမထားမိဘဲ ရှေ့သို့ ဆက်တိုးလာကြသည်။ ရှေ့ရှိ လူများသည် နောက်ဆုတ် ကြသော်လည်း နောက်ရှိ လူများသည် မမြင်မစမ်းနှင့် ရှေ့တိုးလာကြရာ တိုက်မိကြသည်မှာ ပြောစရာပင် မလိုချေ။
"ဖုန်း ... ဖုန်း ... ဖုန်း ... "
သို့သော် သူတို့ နောက်ဆုတ် ပြီးသည်နှင့် လက်နက်ပုန်း တစ်ခုသည် ကျောက်ပြားပေါ်သို့ ကျရောက်သွားရာ အသံများ ထွက်ပေါ်လာလေသည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် အလင်းရောင်မှိန်မှိန်ကို အားပြု၍ လက်နက်ပုန်းကို စစ်ဆေး ကြည့်လိုက်သည်။ တကယ်တော့ ထိုလက်နက်ပုန်းသည် သာမန် ကျောက်တုံးတစ်ခုသာ ဖြစ်နေလေရာ သူအတော်လေး စိတ်တို သွားရလေသည်။
"လိုက်ကြ"
ထပ်မံ၍ သူသည် လူအုပ်ကို ဦးဆောင်၍ ဒေါသတကြီး ပြေးလိုက်ခဲ့လေသည်။ သူတို့ ထောင့်ကို ဖြတ်လိုက်သည်နှင့် နောက်ထပ် လေတိုးသံတို့သည် ထွက်ပေါ်လာကာ လက်နက်ပုန်း များသည် သူတို့ထံ ကျရောက် လာခဲ့လေသည်။
"ထပ်ပြီး ဒါပဲလား"
ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် အေးစက်စွာ ပြောလိုက်ကာ ရှေ့ဆုံးရှိ လူသုံးယောက်နှင့် အတူ လက်ဝါးများ၊ လက်သီးများကို ထုတ်လွှတ်ကာ ပြေးဝင် သွားကြသည်။
"ဖုန်း ... ဖုန်း ... ဖုန်း"
ကျောက်တုံးများသည် သူတို့ အပေါ်သို့ ဆက်လက် ကျဆင်း နေခဲ့သည်။ သို့သော် ကျောက်တုံးများသည် ပြေးလာသူများ၏ ဖယ်ရှားခြင်းကို အလွယ်တကူ ခံရလေသည်။
ဂူသည် ရှည်လျားပြီး ကျဉ်းမြောင်းသည့် အပြင် ထောင့်တိုင်းတွင် အချိုးအကွေ့ပေါင်း များစွာ ရှိလေသည်။ မကြာခင်မှာပင် သူတို့သည် နောက်ထပ် အချိုးအကွေ့တစ်ခု ကြုံတွေ့ရကာ ဂူသည်လည်း ပို၍ မှောင်မည်း လာခဲ့သည်။ သို့သော် သူတို့ အားလုံးသည် နောက်တစ်ထောင့်သို့ တိုးဝင်သွားသော ကျန်းရီ၏ ပုံရိပ်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။
"ဝှစ်"
လူအုပ်သည် ရှေ့သို့ ဆက်တိုးလာကြကာ ထောင့်သို့ ရောက်ရှိ လာကြသည်။ သူတို့ကို ဆီးကြို နေသည်မှာကား သူတို့ထံ တိုးဝင်လာသော လက်နက်ပုန်းများ၏ လေတိုးသံများသာ ဖြစ်သည်။
သူ့မှာ တခြားအကြံ မရှိတော့ဘူးလား။
ခရမ်းရောင် နန်းတော်ရှင် အဆင့်လူ၏ မျက်လုံးများသည် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်ထွက် လာခဲ့သော်လည်း သူ့အတွေးပင် မပြီးဆုံးလိုက်ပဲ တစ်ဝက်တစ်ပျက် ရပ်တန့် သွားခဲ့လေသည်။ သူသည် ကျောက်တုံးများနှင့် ရောပါလာသော အစိမ်းရောင် တောက်နေသည့် ခပ်တိုတို ဓားတစ်ချောင်းကို မြင်လိုက်ရသည်။ ထိုဓားသည် အစက မည်သည့် အတွင်းမှ ပါဝင် အရိပ်အယောင် မရှိသော်လည်း တဖြည်းဖြည်းနှင့် အတွင်းအားများ ပေါင်းစပ်လာကာ သူနှင့် သုံးပေခန့် အကွာသို့ ရောက်ရှိလာခဲ့သည်။ တောက်ပသော အစိမ်းရောင် အလင်းသည် ဖြာထွက်လာခဲ့ပြီး ဓားပုံရိပ်များစွာ ဖြစ်ပေါ်လာကာ ရှေ့ဆုံးရှိ လူသုံးယောက်ထံ ပိတ်ဆို့ ကျဆင်း လာခဲ့သည်။
"မိုးစက်ဓားသိုင်း"
အေးစက်သော အော်သံတစ်ခုသည် လေထုကို ခွင်း၍ ထွက်ပေါ် လာခဲ့သည်။ ထိုခဏတွင် အစိမ်းရောင်ဓား၏ အလင်းသည် တောက်ပနေကာ ကျန်းရီကို ထင်ထင်ရှားရှား မြင်ရစေသည်။ သူ့မျက်လုံးများသည် အေးစက်နေကာ မည်သည့် ခံစားချက်မှ မတွေ့ရပေ။ မည်းမှောင်နေသော ဂူထဲတွင် ထိုမျက်လုံးများသည် အလွန် ချောက်ချားဖွယ်ရာ ကောင်းနေခဲ့သည်။
"ဟမ့် ... ပုန်းကွယ်နေသော ကျားလက်ဝါး"
ခရမ်းရောင်နန်းတော်ရှင် အဆင့်လူသည် ကြောက်လန့်နေ၍ ပြန်ဆုတ်ချင် သော်လည်း သူ့နောက်တွင် လူတစ်အုပ် ရှိနေသေးရာ ပို၍ ရုန်းရင်းဆန်ခတ်မှုများ ဖြသ်လာနိုင်ပေသည်။ အနီရောင် အလင်းများသည် သူ့လက်ဝါးမှ ဖြာထွက်လာခဲ့ပြီး အတွင်းအားများသည် အနီရောင် နဂါးများနှယ် လက်ဝါးထက်တွင် ဝေ့ဝိုက်နေခဲ့သည်။ သူသည် ကျန်းရီ၏ ဘယ်ဘက် ပခုံးထက်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ သူ့အင်အားသည် ကြောက်စရာကောင်းသည့်အပြင် အရှိန်သည်လည်း အလွန်အမင်း မြန်ဆန်နေခဲ့သည်။ ကျန်းရီသည် ဓားကို သူ့ထံ ရောက်အောင် မလုပ်နိုင်ခင် သူသည် ကျန်းရီကို ဂူပြင်ဘက်သို့ လွင့်ထွက်သွား စေနိုင်မည်ဟု သူထင်လိုက်သည်။
"အတွင်းအား ပေါက်ကွဲလက်ဝါး"
ကျန်းရီ၏ နှုတ်ခမ်းထောင့်မှ အပြုံးရေးရေး တစ်ခုသည် ပေါ်ထွက် လာခဲ့သည်။ ကံတရား၏ ဓားစိမ်းထံမှ အလင်းများသည် ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ ဝတ်ရုံလက် အတွင်းရှိ အပြာရောင် အလင်းများ ဖြာထွက်နေသော အခြားလက်ဝါး တစ်ဖက်သည် ပေါ်ထွက်လာကာ ပြိုင်ဘက်၏ လက်ဝါးထံ ရိုက်ချ လာခဲ့လေသည်။
"ဗုန်း"
ပေါက်ကွဲသံကျယ်ကြီး တစ်ခုသည် လေထုကို ခွင်း၍ ပေါ်ထွက်လာကာ ဂူတစ်ခုလုံးသည် သိမ့်သိမ့်တုန် သွားခဲ့သည်။ ကျောက်တုံးများစွာ ပြုတ်ကျလာကာ လူတိုင်း၏ နားစည်များသည် စူးရှလှသော အသံကြောင့် နာကျင် သွားရလေသည်။ ရှေ့တွင် ရပ်နေသော လူများသည်လည်း ကြောက်လန့်၍ နောက်ဆုတ် လိုက်ကြသည်။ ဂူသည် ကျဉ်းကျဉ်းလေး ဖြစ်ရာ နောက်ရှိ လူများသည် လဲကျ ကုန်ကြလေသည်။
"ဖူး ... "
ကျန်းရီ၏ ကိုယ်သည်လည်း တွန်းကန်အားကြောင့် လွင့်စင်သွားရာ ပါးစပ်မှ သွေးများ အန်ကျလာရသည်။ သူ၏ ဘယ်ဘက်လက်သည် အဆတ်မပြတ် တုန်ယင်နေကာ ဟူခို့အမှတ် (လက်မနှင့် လက်ညှိုး ကြားနေရာ) မှ သွေးများ စိမ့်ထွက်နေခဲ့သည်။ သူသာ အတွင်းအား ပေါက်ကွဲလက်ဝါးကို သုံး၍ ခရမ်းရောင် နန်းတော်ရှင်အဆင့် ရန်သူ၏ အားအပြည့် ရိုက်ချက်ကို မခုခံဘဲ နေခဲ့ပါလျှင် သူ့လက်မောင်း တစ်ခုလုံးသည် ပြုတ်ထွက်သွား ပေလိမ့်မည်။
"ဗုန်း ... ဗုန်း"
ဂူသည် ဆက်လက်၍ တုန်ခါနေရာ ကျောက်တုံးများသည် အဆက်မပြတ် ပြုတ်ကျနေကြပြီး ဂူလမ်းကြောင်းသည် ပိတ်ဆို့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို အမြန်သတိထား၍ ကြည့်လိုက်သောအခါ ခရမ်းရောင် နန်းတော်ရှင် အဆင့်လူကို တွေ့လိုက်ရသည်။ ထိုသူ၏ လက်မောင်း တစ်ဖက်သည် သွေးများ ဖုံးလွှမ်းနေကာ သူ့အနားရှိ လူနှစ်ယောက်သည်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့သည်။ ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် သူ့အတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည်။ ထိုသူသာ ဒဏ်ရာပြင်းပြင်း မရသွားလျှင် သူသေရမည်မှာ မုချဖြစ်သည်။
"အတွင်းအား ပေါက်ကွဲလက်ဝါး"
သူသည် မတ်တတ် ရပ်လိုက်ပြီး အတွင်းအားများသည် သူ့လက်မှ ထွက်ပေါ်လာကာ နောက်ထပ် အတွင်းအား ပေါက်ကွဲလက်ဝါး ရိုက်ချက်တစ်ခု ဖြစ်တည် လာခဲ့သည်။ သူသည် ကျောက်ဂူ၏ နံရံကို ဦးတည်၍ ရိုက်ချ လိုက်လေသည်။ သူသည် ဒီတစ်ကြိမ်တွင် အားအပြည့် မသုံးနိုင်သော်လည်း ကျောက်တုံးများကို ပြင်းပြင်းထန်ထန် တုန်ခါ သွားစေရန်မှာ လုံလောက်ပေသည်။ ကျောက်တုံးများသည် ဂူကို လုံးဝပိတ်ဆို့ သွားခဲ့လေပြီ။
"ဝှစ်"
သူသည် ဒဏ်ရာများ ကုသရန် ဆေးတစ်လုံးကို အလျင်အမြန် ထုတ်ယူ၍ မျိုချလိုက်ပြီး ဂူအတွင်းပိုင်းသို့ ပြေးဝင်သွားခဲ့သည်။ သူသည် ဂူကို ပိတ်ဆို့ ထားခဲ့သော်လည်း ထိုလူအုပ်သည် စွမ်းအားများသုံး၍ လမ်းကြောင်းတစ်ခုကို လွယ်လွယ်ကူကူ တူးဖော်နိုင်မည် ဖြစ်သည်။ သူသည် မြန်နိုင်သမျှ မြန်မြန် လွတ်မြောက်ရန် လိုလေသည်။ မဟုတ်လျှင် သူသေရ ပေလိမ့်မည်။
သေလိုက်စမ်းကွာ …
သို့သော် သူသည် ဆယ်ပေခန့်မျှ ပြေးလာပြီး နောက်တွင် စိတ်ပျက် သွားရလေသည်။ သွေးညှီနံ့သည် သူထံသို့ တိုးဝင်လာခဲ့ပြီး ကြက်သီးများသည် သူ့ကိုယ်အနှံ့မှ စိမ့်တက် လာခဲ့လေသည်။
နတ်ဆိုး သားရဲတစ်ကောင်။
၎င်း၏ အင်အားသည် သေချာပေါက် ရေဘဝဲမိစ္ဆာနှင့် နှိုင်းယှဉ်၍ ရပေမည်။
ရှေ့မှာ ဝံပုလွေ၊ နောက်မှာကျားပဲ …
ကျန်းရီသည် ထိုအချိန်တွင် အလွန် အားယုတ်နေပြီ ဖြစ်သည်။ နတ်ဆိုးသားရဲကို သတ်နိုင်ရန်မှာ ပို၍ပင် ခက်ခဲလေသည်။ ဟိုလူအုပ်သာ ပိတ်မိ မနေခဲ့ပါလျှင် အတော်လေး အဆုံးသတ် လှပပေမည်။
ငါလုပ်ရမယ် …
သူသည် တွေဝေနေခြင်း အလျှင်းမရှိဘဲ လာရာ လမ်းအတိုင်းသာ လှည့်ပြေး လာခဲ့လေသည်။ သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို မျက်လုံးဆီသို့ ပို့ဆောင် အသုံးပြုလိုက်ရာ ဂူတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ဗုန်း"
ပိတ်နေသော ဂူဆီမှ ပေါက်ကွဲသံများ ထွက်ပေါ် လာခဲ့သည်။ သူ့နောက်ကို လိုက်နေသော လူအုပ်သည် ဂူလမ်းကြောင်းကို စတင်ဖောက်ထွင်း နေသည်မှာ ထင်ရှားသည်။ ကျန်းရီသည် ခေါင်းလှည့်လိုက်ကာ သူ့နောက်ရှိ စပါးအုံး မြွေကြီးကို တစ်ချက် ကြည့်လိုက်ပြီး သူ့မျက်လုံးမှ ကြောက်စရာ အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
သူသည် ကျောက်တုံးအပုံ တစ်ခုဆီ ပြေးသွားလိုက်ကာ အစိမ်းရောင်ဓားထံ အတွင်းအားများ ဖြည့်သွင်း လိုက်သည်။ ထို့နောက် ဓားကို မွှေ့၍ ကျောက်ပုံထက်တွင် အပေါက်တစ်ခု ဖန်တီးလိုက်သည်။ သူသည် ကျောက်ပုံထဲသို့ သင်းခွေချပ် တစ်ကောင်နှယ် တိုးဝင်လိုက်ကာ ဘေးရှိ ကျောက်တုံးများထံ ဓားကို ဝှေ့ယမ်းလိုက်သည်။ ကျောက်တုံးများသည် ကျဆင်းလာကာ သူ့ကို အသက်ရှင်လျက် မြှုပ်နှံလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ရှေ့တွင် ဝံပုလွေနှင့် နောက်တွင် ကျားရှိနေရာ သူသည် တိုက်ပွဲတွင် အနိုင်မရနိုင်ပေ။ သူသည် ဟိုအုပ်စု နတ်ဆိုးသားရဲ၏ အာရုံကို ဆွဲဆောင်နိုင်မည်လား ဟူသည့်အပေါ် သူ့အသက်ကို အလောင်းအစား ပြုလုပ်လိုက်သည်။ နတ်ဆိုးသားရဲသည် သူ့ကို ပစ်မှတ်ထား၍ တိုက်ခိုက်ချင် နေသည် ဆိုလျှင်လည်း သူ့ကံသာ ဖြစ်တော့သည်။
*****