(ရူးနေပြီလား)
Vol. 14 Ch. 183
ချန်ပန် တင်သာမက လီရှီလည်းပဲ ဒေါသထွက်သွား၏။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး ထိုကောင်လေးကို ဘာမှလုပ်မရပေ။ ဘယ်လိုပဲ အင်အားကြီးနေကြပါစေ ထိုကောင်လေးကို ထိလို့မရဘူး။ သူက နှင်းတောင်တန်းဂိုဏ်းရဲ့ တစ်ဦးတည်းသော တပည့်ပဲ။ ရတနာလေးလို ဆက်ဆံမှရမည်။
“ခေါင်းဆောင်ချန်ပန် အရှေ့မှာ တဟွမ်မြို့ ရှိပါတယ်။ အဲ့ဒီမှာ ခဏနားကြရအောင်”
အရှေ့က အခြေအနေကို စစ်ဆေးပြီးတာနဲ့ လီရှီ တင်ပြလိုက်သည်။
“မြို့ထဲမှာ မြင်းတစ်ချို့ ဝယ်လို့ရမယ်။ ဒါဆိုရင် ခရီးသွားရတာ ပိုပြီးလွယ်ကူတာပေါ့။ အဲ့ဒီ ဝမ်လန်ကို သယ်ခိုင်းပြီး အကြီးအကဲနှစ်ယောက်ကို ဒုက္ခပေးနေစရာ မလိုတော့ဘူး”
လီရှီက အနောက်ကို လှည့်ကြည့်ပြီး အနည်းငယ် ကျောချမ်းနေသော မျက်နှာနဲ့ ပြောလိုက်သည်။
အနောက်မှာရှိနေသော အကြီးအကဲနှစ်ယောက်က အလွန်မုန်းတီးမှုများနဲ့ စိုက်ကြည့်နေကြပြီလေ။ နဂါးမျက်စောင်းသာဆိုရင် နေရာမှာတင် ပြာကျသွားလောက်သည်။
“အဲ့တာ အကောင်းဆုံးပဲ။ ငါတို့ရဲ့ဂုဏ်ကို ထိန်းရမယ်။ နှင်းတောင်တန်းဂိုဏ်းကို အရှက်ရစေလို့ မဖြစ်ဘူး။ မြို့ထဲက မြင်းတွေက ပုံမှန်စျေးထက် မြင့်မှာပဲ။ ဒါဆိုရင် နှင်းတောင်တန်းဂိုဏ်းရဲ့ ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်မယ်”
ချန်ပန် ခဏလောက် တွေးတောပြီးနောက်မှာ တည်ငြိမ်စွာ ပြောလိုက်သည်။
အကုန်လုံးထံက ခေါင်းဆောင်ချန်ဆိုပြီး အခေါ်ခံရပြီးသည့်နောက်မှာ ချန်ပန်ရဲ့ ပုံစံက ဂိုဏ်းခေါင်းဆောင် အစစ်တစ်ယောက်လိုမျိုး ဖြစ်လာ၏။ ခေါင်းဆောင်ချန် ဆိုသောခေါ်သံကို ကြားလိုက်တိုင်း အလွန်ပျော်ရွှင်ရသည်။
ဒီလိုနဲ့ပဲ များပြားတဲ့ နှင်းတောင်တန်းဂိုဏ်းတစ်ခုလုံးက မြို့ထဲကို ဝင်ရောက်လာခဲ့သည်။ သူတို့ရဲ့ ပုံရိပ်ကို ထိန်းသိမ်းလိုစွာဖြင့် ချန်ပန်က ပြောလိုက်၏။
“ငါတို့ ကျင့်ကြံသူတွေက စစ်မှန်စွာ ပြောဆိုပြုမူရမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါတို့ကိုခိုင်းစေပြီး အမြတ်ထုတ်ခဲ့တဲ့ အဲ့ဒီအကြီးအကဲတွေနဲ့ ဘာထူးခြားတော့မှာလဲ။ ပထမဦးဆုံးအနေနဲ့ ပြည်သူတွေကို ထိခိုက်စေလို့မရဘူး။ ဒုတိယအချက်က ဘယ်ပစ္စည်းကိုမှ အလကားမယူနဲ့။ တတိယအချက် မင်းတို့တတ်နိုင်တဲ့ဘက်က ကူညီရမယ်။ ဒါဆိုရင် ရွာသားတွေလည်း ငါတို့ရဲ့ နှင်းတောင်တန်းဂိုဏ်းကို ကောင်းမွန်တဲ့ ထင်မြင်ချက်တွေ ရှိလာမယ်”
“မင်းတို့အားလုံး ကြားကြလား”
ဂိုဏ်းခေါင်းဆောင်ရဲ့ စကားလုံးတွေက ချက်ချင်းပဲ သက်ရောက်သွားခဲ့သည်။ ဒီရက်ပိုင်းအတွင်းမှာ ချန်ပန်က တကယ်လည်းပဲ အလုပ်ကြိုးစားခဲ့၏။ ထို့ကြောင့် အားလုံးရဲ့ လေးစားမှုကို ရရှိထားသည်။ ဂိုဏ်းတစ်ဂိုဏ်းလုံး ကျယ်လောင်စွာ ဖြေကြားလိုက်ကြသည်။ ချက်ချင်းပဲ မြို့တစ်မြို့လုံးကို ကူညီဖို့ရန် တက်ကြွသွားလေ၏။
“ဒေါ်လေး အိမ်ပြန်မလို့လား။ လမ်းလျှောက်ရတာ ပင်ပန်းနေပြီလား။ ကျွန်တော် ကူညီပေးမယ်။ ဒီနှစ်ခုကို ကျွန်တော့်ပေးလိုက် သယ်ခဲ့ပေးမယ်”
“ဦးလေး ဒီအာလူးတွေကို ဘယ်လောက်နဲ့ ရောင်းတာလဲ။ ဘာ ငွေဒင်းဂါးဆယ်ပြား ဟုတ်လား။ ဘယ်ဖြစ်မှာလဲ။ ကျွန်တော် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးနဲ့ ဝယ်မယ်”
“ညီမလေး မင်းရဲ့ အရုပ်လေးကို ခွေးဆွဲသွားတာလား။ ပြသနာမရှိဘူး။ ငါမင်းအတွက် ကလဲ့စားချေပေးမယ်။ ဒီမယ်ကြည့်လိုက် ကိုကြီးရဲ့ဓားက ပျံသွားပြီး အဲ့ဒီခွေးကို အပိုင်းပိုင်း ဖြတ်ပစ်မယ်”
ဒီလိုနဲ့ပဲ နှင်းတောင်တန်းဂိုဏ်းတစ်ခုလုံး မြို့ထဲကို ဝင်ရောက်လာခဲ့သည်။ လေပြင်းမုန်တိုင်း တစ်ခုလိုမျိုး မြို့ထဲက လေထုကို ပြင်းထန်စွာ နှောက်ယှက်သွား၏။ မြို့ခံတွေကတော့ သူတို့အားလုံးကို ထူးဆန်းသလိုသာ ခံစားရသည်။
“မင်းသိလား။ မြို့ထဲကို ဒီရက်ပိုင်း ဝင်လာတဲ့ လူစိမ်းတွေက စိတ်မနှံ့ကြဘူးတဲ့။ ပြောတာတော့ သူတို့က သမားတော်မနိုင်လို့ ထွက်ပြေးလာတဲ့ အရူးတွေတဲ့”
“ဘာ အဲ့တာဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူတို့က ကြင်နာတတ်လို့ပါ။ ငါလည်းအကုန်လုံး ကြားပြီးပြီ။ သူတို့က နှင်းတောင်တန်းဂိုဏ်းတဲ့။ စံပြအဖြစ်နဲ့ ပြည်သူတွေကို ကူညီမယ်ဆိုလားပဲ”
“နင်ဘာသိလို့လဲ။ သူတို့က ဘာကြောင့်အဲ့လောက်ထိ ကူညီနေရမှာလဲ။ မြင်းတစ်ကောင်ကို ငွေနှစ်ပြားနဲ့ရောင်းတာ။ အဲ့ဒီဟာကို သူတို့က စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပေးပြီးဝယ်နေတယ်။ ရူးနေတာမဟုတ်ရင် ဘာဖြစ်လို့လဲ”
“အဲ့တာက အဆင်ပြေပါတယ်။ သူတို့က ငါတို့ကို ပိုက်ဆံပေးချင်နေတာပဲဟာ။ ငါတို့လည်း ငြင်းစရာမှမလိုတာပဲ။ ငါ့အတွက်တော့ သူတို့က လမ်းလျှောက်နေတဲ့ ချမ်းသာခြင်း နတ်ဘုရားတွေပဲ”
“ကောင်းပြီ။ ထားလိုက်တော့။ ငါ့ရဲ့ဒီမုန့်တွေကိုလည်း စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံးနဲ့ ရောင်းလိုက်အုံးမယ်”
“စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံးနဲ့ရောင်းမယ်။ ဟုတ်လား? မင်းရူးနေတာလား”
“ငါမရူးဘူး။ ငါအရင်ကလည်း ပြောဖူးတယ်လေ။ သူတို့က နှင်းတောင်တန်းဂိုဏ်းကပဲ။ သူတို့က လူတွေကို ကူညီနေတဲ့ လူတွေ။ သေချာပေါက် ငါ့ကိုလည်း ကူညီမှာ”
ထိုသို့သော စကားဝိုင်းတွေက မြို့ထဲတွင် ပုံမှန်လိုမျိုး ဖြစ်ပေါ်နေခဲ့သည်။ အသစ်ရောက်လာခဲ့တဲ့ ဂိုဏ်းတစ်ခုက မြို့ထဲက ပြည်သူတွေ အားလုံးကို အလွန် ချမ်းသာသွားစေ၏။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်ချန်ပန်ကတော့ အနည်းငယ် ပင်ပန်းနေလေရဲ့။
“ဂိုဏ်းခေါင်းဆောင်ကို တင်ပြပါတယ်။ ဒီအပတ်ထဲမှာ ကျွန်တော်တို့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးစုစုပေါင်း သုံးဆယ့်နှစ်တုံး အသုံးပြုခဲ့ပါတယ်။ အဖိုးကြီး ဆယ်သုံးယောက်နဲ့ အဖွားကြီး ဆယ့်နှစ်ယောက်အပြင် ကလေးမလေး လေးဆယ့်လေးယောက်ကို ကယ်တင်ခဲ့တယ်”
လီရှီရဲ့ စကားသံက ဂုဏ်ယူမှုတို့ ပြည့်နှက်နေခဲ့သည်။ နှင်းတောင်တန်းဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြင့်တက်စေပြီး သူတို့ရဲ့ အနာဂတ်အတွက် လမ်းစပေါ်နေပြီဟု အခိုင်အမာ ယုံကြည်ထားလေ၏။ ဒါပေမဲ့ ချန်ပန်ထံကနေ ဒေါသတကြီး တုံ့ပြန်ခံရလိမ့်မယ်လို့ မမျှော်လင့်ထားမိပေ။
“စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး သုံးဆယ့်နှစ်တုံးတောင်”
“နေ့တိုင်း လူတွေကယ်ဖို့ ဘာကိစ္စ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေ အများကြီး အသုံးပြုနေရတာလဲ။ ငါတို့ဂိုဏ်းရဲ့ ငွေတွေ ဆက်တိုက်ကုန်ဆုံးနေတာ မင်းမသိဘူးလား”
လီရှီ အံ့သြသွားခဲ့သည်။ ဂိုဏ်းခေါင်းဆောင်ပဲ လူတွေကို ကူညီဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ဒေါသထွက်နေရတာလဲ။
လီရှီ ရူပ်ထွေးစွာဖြင့် မေးလိုက်၏။
“ဂိုဏ်းခေါင်းဆောင် ပိုက်ဆံပေးတာက ကျွန်တော်တို့ တပည့်တွေအနေနဲ့ အကောင်းဆုံး လုပ်နိုင်တာပါ။ လူမလုံလောက်နေလို့သာရယ်။ မဟုတ်ရင် အခုထက်ပိုပြီး ကူညီနိုင်အုံးမှာ။ ဒါကြောင့် ကျွန်တော်တို့ မထွက်သွားခင် အကြီးအကဲတွေအားလုံးက လူတွေကို အတတ်နိုင်ဆုံး ကူညီမယ်လို့ ဆုံးဖြတ်ထားကြတယ်”
လီရှီသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့ အစီစဉ်ကို ပြောပြနေခဲ့သည်။ ဒါပေမဲ့ ချန်ပန်ရဲ့ နှလုံးသားကတော့ သွေးစိမ်းရှင်ရှင် ထွက်နေလေရဲ့။
“ငါတို့ နောက်ထပ်မြို့တစ်ခုကိုရောက်ရင် ဘာဆက်လုပ်မလဲ မင်းစဉ်းစားဖူးလား”
ချန်ပန် တစ်ယောက် နှလုံးသားထဲက နာကျင်မှုကို ဖိနှိပ်ရင်း တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“နောက်ထပ်မြို့တစ်ခု ဟုတ်လား။ ကျွန်တော်တို့ရဲ့ လက်ရှိထောက်ပံ့မှုက မလုံလောက်သေးလို့လား။ ထပ်မံကူညီဖို့ ပြောနေတာလား။ ဂိုဏ်းခေါင်းဆောင် ခင်ဗျားက….”
“ခင်ဗျားရဲ့ အမြင်က တကယ်ကို ကောင်းလိုက်တာ”
လီရှီကတော့ လေးစားမှုတို့ ပြည့်နှက်နေ၏။ သူ့ရဲ့လုပ်ရပ်တွေကို အကောင်းဆုံး ကြိုးစားမှုဟု ခိုင်မာစွာ ယုံကြည်ထားသည်။
ဒါပေမဲ့ လီရှီရဲ့ လုပ်ရပ်တွေက ဂိုဏ်းခေါင်းဆောင်ရဲ့ မျက်လုံးထဲမှာတော့ ဘာအဓိပ္ပါယ်မှ ရှိမနေဘူး။
ချန်ပန်ရဲ့ မျက်နှာတစ်ခုလုံးမှာ ဒေါသရိပ်တို့ လွှမ်းမိုးလာခဲ့သည်။ ဒါပေမဲ့ သူဘာမှ မပြောနိုင်ခင်မှာပဲ လီဖူရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလက်သွား၏။
“ကျွန်တော် နားလည်ပြီ။ ဂိုဏ်းခေါင်းဆောင်က ကျွန်တော်တို့မှာ တစ်ခြားနည်းလမ်း မရှိဘူးလို့ ဆိုလိုချင်တာမှတ်လား။ အခုလိုမျိုး လူတွေကို ကူညီမှသာ မြို့ခံတွေရဲ့ စစ်မှန်တဲ့ ရိုးသားမှုကို ရရှိနိုင်မယ်”
ချန်ပန် နေရာမှာတင် လဲကျသွားခဲ့သည်။ လီရှီကို ဒေါသတကြီး အော်ဟစ်တော့၏။
“သေစမ်း။ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေဟ။ မင်းအသုံးပြုနေတာ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေ”
“အခု ငါတို့ရဲ့ နှင်းတောင်တန်းဂိုဏ်းက အရမ်းကို မွဲတေနေလွန်းလို့ ဝတ်ထားတဲ့ အင်္ကျီကိုတောင် ထုတ်ရောင်းရမယ့် အခြေအနေ ဖြစ်နေပြီ။ အဲ့တာကို မင်းကလူတွေကို ကူညီဖို့ ပိုက်ဆံ သုံးချင်နေတာလား”
“လူတွေကို ကူညီဖို့ဆိုတာ ငါပုံမှန်လိုမျိုး ပြောခဲ့တဲ့ စကားတစ်ခုလေ။ မင်းတို့အားလုံးက ငတုံးတွေလား”
ကြမ်းတမ်းစွာ အော်ဟစ်ပြီးသည်နှင့် ချန်ပန်သည် မြေပြင်ပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်လိုက်တော့သည်။
“သေစမ်း။ ငါဘာလို့ အရူးတွေကို ခေါ်လာမိတာလဲ....”
နှင်းနဂါးတောင်၏ လိုဏ်ဂူအပြင်ဘက်တွင် လီယုဟန် တစ်ယောက် ရှကျိုးယွီ နောက်ကို လိုက်နေခဲ့သည်။ သူမရဲ့ ခြေလှမ်းတွေက နှေးကွေးလေးလံနေပြီး အနည်းငယ် မောပမ်းနေဟန်ရှိ၏။
“ငါတို့ မိုင်ပေါင်း တစ်ရာ့ငါးဆယ်ပဲ သွားရသေးတာကို မင်းရဲ့ ပုံစံက အခုလိုမျိုး ဖြစ်နေပြီ။ ဒီပုံစံနဲ့ တရှားရဲ့ဘုရင်ကို ဘယ်လိုဖမ်းမှာလဲ”
ရှကျိုးယွီကတော့ ပင်ပန်းဟန် တစ်စက်မှ မရှိချေ။ သူ့ရဲ့ မျက်နှာကလည်း တည်ငြိမ်နေ၏။
“တစ်ရာ့ ငါးဆယ်တောင်လေ ဒီလောက်ဆိုရင် အရမ်းဝေးနေပြီ မဟုတ်ဘူးလား”
လီယုဟန် အားနည်းနေသော အသံလေးနဲ့ ဖြေကြားလိုက်သည်။ သူမရဲ့အသံက ခြင်တစ်ကောင်လိုမျိုး တိုးငယ်နေ၏။
“ကောင်းပြီ။ ကျွန်မ တောင့်ခံနိုင်ပါသေးတယ်။ ဆက်သွားပါ။ နောက်မှာမကျန်ခဲ့ဘူး”
တရှားတိုင်းပြည်အတွက် တရှားရဲ့ ပြည်သူတွေအတွက်…။
ပြီးတော့ တရှားရဲ့ဘုရင်ကို ကိုယ်တိုင် အပြစ်ပေးရမည်မှတ်လား။
ချက်ချင်းပဲ လီယုဟန်ရဲ့ နူးညံ့တဲ့ မျက်နှာအထက်တွင် အင်အားတို့ ဝင်ရောက်လာခဲ့သည်။
တကယ်တော့ နှင်းနဂါးတောင်ရဲ့ လမ်းကြောင်းက အရမ်းမရှည်လျားပေ။ လီယုဟန် ရှိနေသော လိုဏ်ဂူအတွင်းကနေ တောင်ခြေကို သွားချင်ရင် မိုင်သုံးဆယ်လောက်သာ သွားရသည်။
ဒါပေမဲ့ ရှကျိုးယွီက သေချာကြံစည်ထားတာ ဖြစ်၏။ လီယုဟန်ရဲ့ စွမ်းရည်တွေ တိုးလာစေရန်အတွက် သူမကို ထိန်းကျောင်းဖို့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး မိုင်ပေါင်းတစ်ရာ့ငါးဆယ်အထိ လှည့်ပတ်ခေါ်ဆောင်နေခဲ့တာပင်။ တစ်နေရာထဲကိုပင် လေးကြိမ်တိုင်တိုင် လှည့်ပတ်သွားလာခဲ့သည်။
သေချာပေါက် ရှကျိုးယွီကတော့ အဆင်ပြေပါ၏။ ထျန်းလျင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာရှိလှသော ဆက်ခံသူမှာ ဒုက္ခအကြီးကျယ် ရောက်နေခဲ့သည်။ ကြည့်ရတာ အလွန်ပျော်ရွှင်ဖို့ ကောင်းလှ၏။
ရှကျိုးယွီ အနေနဲ့ ဘာရည်ရွယ်ချက်မှ မရှိချေ။ ဒီတိုင်းပျော်လို့ လုပ်နေတာပဲ။
……….