( လိမ်ညာခံရခြင်း)
Vol. 14 Ch. 184
“မင်းပင်ပန်းနေတယ်ဆိုရင်လည်း အရမ်းကြီး တွန်းအားပေးနေစရာမလိုပါဘူး။ ဒီမှာထိုင်ချလို့ရတယ် ခဏနားလိုက်ကြတာပေါ့။ ဒီလိုလုပ်တာနဲ့ပဲ ငါ မင်းအပေါ် အထင်မသေးပါဘူး”
ရှကျိုးယွီရဲ့ အသံကို အဝေးကနေ ကြားလိုက်ရသည်။ ထိုစကားက လီယုဟန်ရဲ့ နားနှစ်ဖက်ကို တိုက်ရိုက် စော်ကားလိုက်သလိုပဲ။
'သူငါ့ကို စနေတာလား။ အဲဒီလိုပဲ ဖြစ်ရမယ်။ မဖြစ်ဘူး ငါ့ကိုယ်ငါ အရှက်ကွဲခံလို့ မဖြစ်ဘူး။ ထျန်းလင်ဂိုဏ်းကို အရှက်ရစေလို့ မဖြစ်ဘူး’
'ဒါ့အပြင် တရှားတိုက်ပြည်အတွက် စဉ်းစားပေးပြီး ငါက ရှကျိုးရီကို ကိုယ်တိုင် အပြစ်ပေးရဦးမှာ။ ငါ ဒီနေရာမှာပဲ ကျရှုံးနေလို့ မဖြစ်ဘူး’
'အဆင်ပြေတယ်။ ငါမကြောက်ဘူး။ ဒီလိုသေးငယ်တဲ့ အကွာအဝေးလောက်က ငါ့ကို ဒုက္ခမဖြစ်စေဘူး။ ငါက လီယုဟန်ပဲ’
လီယုဟန် ချက်ချင်းပဲ အံကြိတ်ကာ ပြောလိုက်သည်။ သူမရဲ့ မျက်နှာက ဖြူဖွေးနေခဲ့သည်။ သူမရဲ့ နဖူးပြင်မှာလည်း ချွေးအေးများ ထွက်နေ၏။ သူမ အားနည်းနေသလိုမျိုး ခံစားနေရသည်။
တကယ်တော့ သူမရဲ့ သန်မာမှုက အကန့်အသတ်ကို ရောက်နေပြီပင်။
ပုံရိပ်ယောင်ခန္ဓာကိုယ် ပျက်ဆီးသွားသည့် ထိခိုက်မှုက သူမရဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှုကိုပါ ထိခိုက်စေခဲ့သည်။ သူမရဲ့ ကိုယ်တွင်းက စိတ်ဝိဉာဥ်စွမ်းအင်ပမာဏကလည်း ကုန်ဆုံးလုနီးနီးဖြစ်နေ၏။
ဒါ့အပြင် အခုလိုမျိုး ဝေးကွာလှတဲ့ ခရီးဝေး နှင်လာရခြင်းက သူမအတွက် အကန့်အသတ်အနေအထားကို ရောက်နေစေခဲ့သည်။
ဒီကောင်းကင်ဘုံရဲ့ အလိုလိုက်ခံထားရတဲ့ ကလေးမက အခုလောက်ထိ ခေါင်းမာလိမ့်မယ်လို့ ရှကျိုးယွီ မထင်ထားမိပေ။
“ငါ့မှာ မင်းရဲ့သန်မာမှုကို ပြန်တက်စေမယ့် နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမဲ့ မင်း ငါ့ကို ယုံမလားတော့ မသိဘူး။ ငါ့ရဲ့ နည်းလမ်းက မင်းရဲ့သန်မာမှုကို တိုးတက်စေလိမ့်မယ်။ ဒါပေမဲ့ မင်း မယုံကြည်ဘူးဆိုရင်တော့ ငါ့အနေနဲ့ ဘာမှ မတတ်နိုင်ဘူးပေါ့”
ရှကျိုးယွီက ပြောပြီးတာနဲ့ လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် ရွှေရောင်အလင်းတစ်ချက် ထွက်ပေါ်လာ၏။ နောက်တစ်စက္ကန့်မှာပဲ ထိုအလင်းက နတ်ဘုရားစာရင်းစာချုပ်အဖြစ် ပြောင်းလဲကာ ရှကျိုးယွီလက်ထဲသို့ ကျရောက်လာခဲ့သည်။ ရှကျိုးယွီ ချက်ချင်းပဲ လီယုဟန်ထံသို့ ပစ်ပေးလိုက်၏။
“မင်း ပြန်ကောင်းချင်တယ်ဆိုရင် ဒီမှာ လက်မှတ်ထိုးလိုက်”
လီယုဟန်အနေနဲ့ ရှကျိုးယွီရဲ့ စကားလုံးတွေကို အကဲမခတ်ရသေးခင်မှာပဲ ရှကျိုးယွီရဲ့ အစွမ်းကြောင့် မှင်တက်သွားတော့၏။ သူ့ရဲ့အသံက နတ်ဆိုးတစ်ကောင်လိုမျိုး လီယုဟန်ရဲ့ နှလုံးသားကို ရိုက်ခတ်နေသည်။
“ ဒါက ဘာလဲ။ တကယ်ပဲ အလုပ်ဖြစ်မှာမို့လို့လား”
သူမ ဆက်တိုက်မေးလိုက်သည်။ ရှကျိုးယွီ ချက်ချင်းပဲ သူမကို လှမ်းကြည့်လာ၏။ သူ့ရဲ့အေးစက်တဲ့အကြည့်က သူမရဲ့ နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။
“စကားပြောနေတာ တော်လိုက်တော့။ ငါသာ ဆန္ဒရှိမယ်ဆိုရင် ဒီအေးခဲနေတဲ့ နှင်းတောင်ထဲမှာ မင်းကို ပစ်ခဲ့လိုက်လို့ရတယ်နော်”
လီယုဟန်ရဲ့ မျက်နှာက ချက်ချင်းပဲ ဖြူဖွေးသွား၏။ သူမကို ဒီနေရာမှာ ပစ်ထားလိုက်တာက သေချာပေါက် သေလမ်းပို့လိုက်တာပဲ။ ဒီနေရာသည် သေလောက်အောင် အေးနေ၏။ ဒါ့အပြင် တောင်ထဲမှာ သားရဲများစွာလည်းရှိသေးသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိဉာဥ်စွမ်းအင်ပမာဏကလည်း အလွန်နည်းပါသည်။
သူမလိုမျိုး အားနည်းတဲ့ မိန်းမတစ်ယောက်က ဒီနေရာမှာ တစ်ယောက်တည်းရှိနေခဲ့ရင် သေရမှာပဲမလား။
လီယုဟန် ချက်ချင်းပဲ တွေးတောလိုက်သည်။ သူမသာ လက်မှတ်မထိုးဘဲ ဒီနေရာမှာ နေခဲ့ရမယ်ဆိုရင် အခြေအနေတွေက ဘယ်လိုဖြစ်မယ် မသိနိုင်ဘူး။
လက်မှတ်မထိုးဘဲနဲ့ ရှကျိုးယွီရဲ့နောက်ကို ဆက်လိုက်လာမည်ဆိုရင်လည်း သူမရဲ့စွမ်းအင်က ကုန်ဆုံးတော့မည်။ လမ်းတစ်ဝက်မှာ နားရလျှင် ကိုယ့်ကိုယ်ကို အရှက်ခွဲသလိုဖြစ်လိမ့်မည်။ အဲဒီလို အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းက သေရတာထက်ပင် ဆိုးရွား၏။
ထျန်းလင်ဂိုဏ်းရဲ့ ဆက်ခံသူအနေနဲ့ သူမရဲ့ မာနကို အခုလို နင်းချေပစ်လိုက်လို့ မဖြစ်ဘူး။
ကောင်းကျိုးဆိုးကျိုးကို ခွဲဝေပြီးနောက်မှာ လီယုဟန် မတွန့်ဆုတ်ခဲ့ပေ။ သူမရဲ့ လက်ချောင်းတစ်ဖက်ကို ကိုက်လိုက်ကာ သွေးနဲ့စာရေးလိုက်တော့သည်။
“ရပြီ။ ယူလိုက်တော့”
သူမရဲ့ နာမည်ကို ရေးလို့ပြီးချိန်မှာပဲ ချက်ချင်းပဲ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံလာတဲ့ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ထိုနွေးထွေးမှုက သူမရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။
အဆုံးမှာတော့ ထိုနွေးထွေးမှုသည် စိတ်ဝိဉာဥ်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမရဲ့ခြေလက်များအတွင်း ချက်ချင်းပဲ စီးဆင်းဝင်ရောက်လာသည်။
မရေမတွက်နိုင်တဲ့ စိတ်ဝိဉာဥ်စွမ်းအင်တွေက မကုန်ဆုံးတော့သလိုပဲ။
အလွန့်အလွန် အဆင့်မြင့်တဲ့ ဆေးလုံးတစ်ခုကို စားလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ လီယုဟန်တစ်ယောက် ချက်ချင်းပဲ ပြန်လည်မွေးဖွားမှုကို ခံစားရ၏။
“ဒါက ဘာကြီးလဲ။ သူ့ရဲ့ အကျိုးတွေက ကြောက်ဖို့ကောင်းလိုက်တာ”
သူမရဲ့ မျက်လုံးနှစ်ဖက်လုံး ပြူးကျယ်နေခဲ့သည်။ မျက်နှာမှာလည်း မယုံကြည်နိုင်မှုတို့ ပြည့်နေ၏။ ထိုအချိန်မှာပဲ လီယုဟန်မျက်နှာကို မဲ့လိုက်သည်။ သူမက အနည်းငယ် မကျေမနပ်ဖြစ်နေဟန်ပဲ။
နွေးထွေးတဲ့ စွမ်းအင်ရဲ့ လွှမ်းခြုံခံရမှုသည် သူမအတွက် လွန်စွာ ဆွဲဆောင်မှုရှိ၏။ သူမ အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် မချင့်မရဲပြောဆိုလိုက်သည်။
“ငါ နောက်တစ်ကြိမ် လက်မှတ်ထိုးလို့ရလား”
“တစ်ကြိမ်တည်းပါပဲ”
ရှကျိုးယွီ အံ့ဩသွားသည်။
အခုလိုမျိုး ဝိဉာဥ်ရောင်းစားတဲ့ ကိစ္စက စွဲလန်းစရာ ကောင်းနေတာလား။ ဒီလောက်ထိ ဆွဲဆောင်နိုင်လို့လား။ သူမရဲ့ ပြုမူပုံက ဘယ်လိုဖြစ်နေ တာလဲ။
“မရဘူး။ ဒီလက်နက်ကိုများ မင်းဘာထင်နေလဲ။ တစ်ကြိမ်ပဲ လက်မှတ်ထိုးလို့ရတယ်”
လီယုဟန် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူမရဲ့ တောင်းဆိုမှုက ပြင်းထန်သွားမှန်း နားလည်လိုက်၏။
ဒါပေမဲ့ ထိုအချိန်မှာပဲ သူမနဲ့ ရှကျိုးယွီကြားရှိ ဆက်နွယ်မှုကို ခံစားလိုက်ရသည်။ ထိုသူက သူမရဲ့ အသက်ကို ထိန်းချုပ်နိုင်နေသလိုမျိုးပဲ။ ထိုအချိန်မှပဲ သူမ သဘောပေါက်လိုက်သည်။
'ငါလှည့်စားခံလိုက်ရပြီ’
“မဟုတ်သေးဘူး။ နင် ငါ့ကို ဘာပေးလိုက်တာလဲ။ ငါဘာလို့ အခုလိုမျိုး ခံစားချက်ကို ရနေတာလဲ”
လီယုဟန်ရဲ့ မျက်နှာတစ်ခုလုံးက ကြောက်ရွံ့မှုတို့ ပြည့်နှက်လာခဲ့သည်။ သူမ မယုံကြည်နိုင်ဘူး။ တောင်အောက်ကို ဆင်းလာတာနဲ့ အခုလိုမျိုး လှည့်စားခံရမယ်ဆိုတာ မယုံကြည်နိုင်ခဲ့ဘူး။
ရှကျိုးယွီ ထိုအချိန်မှာပဲ အနောက်လှည့်လာခဲ့သည်။ လှိုဏ်ဂူအပြင်ကို ထွက်လာကတည်းက လီယုဟန်ကို ပထမဆုံး ကြည့်ရှုခြင်းဖြစ်သည်။ ဒါပေမဲ့ သူ့ရဲ့ အကြည့်က အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုးပဲ။
“မင်းရဲ့ ဂိုဏ်းက အကြီးအကဲတွေ သင်မပေးဘူးလား။ သူစိမ်းတစ်ယောက်ကို အလွယ်တကူ မယုံကြည်ဖို့ဆိုတာ”
“မင်းမှာ ဘဝ အတွေ့အကြုံရော ရှိရဲ့လား။ ဒီတောင်အောက်ကို ဆင်းလာပြီး ဘာလုပ်နေတာလဲ”
လီယုဟန် အံ့ဩသွားခဲ့သည်။ တကယ်ပဲ သူမ တောင်အောက်မဆင်းခင်က အဘိုးက မှာကြားခဲ့သည်။
သူမ ချက်ချင်းပဲ မြေပြင်ပေါ်ကို ထိုင်ကျသွားခဲ့သည်။ လက်နှစ်ဖက်ကို ခေါင်းမှာအုပ်ထားရင်း ငိုကြွေးလေတော့၏။
“ဘာလို့လဲ။ ဘာလို့ ငါ့ကို အခုလိုမျိုး လှည့်စားရတာလဲ။ ငါ့ကို ဘာလို့ လိမ်ညာခဲ့တာလဲ။ အကျင့်မကောင်းတဲ့ကောင်”
ချက်ချင်းပဲ လီယုဟန်ရဲ့ မျက်လုံးနှစ်ဖက်က နီရဲကာ ဖောင်းပြည့်လာတော့သည်။
“တောင်အောက်ကလူတွေက အရမ်းကို လိမ်ညာတတ်တာပဲ။ ငါ့ကို ဘာလို့ အခုလိုမျိုး ဆက်ဆံရတာလဲ”
ရှကျိုးယွီ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။
အခုလိုမျိုး ကောင်းချီးခံဘဝကို ပိုင်ဆိုင်ထားရတဲ့ ကလေးတွေက ဘဝနဲ့ပတ်သတ်ပြီး ဘာမှနားမလည်ကြတဲ့သူတွေပဲ။ သူတို့ရဲ့ တစ်ဘဝလုံးကို ဇိမ်ကျစွာဖြင့် ကောင်းကင်ဘုံမှာပဲ နေထိုင်ခဲ့ရဟန်ရှိသည်။ ဒါ့ကြောင့် အပြင်လူတွေနဲ့ ပတ်သတ်ရင် ဘာမှမသိကြဘူး။
“ ဒီစာချုပ်မှာ မင်းဘာသာမင်း လက်မှတ်ထိုးခဲ့တာ။ ဒါက မင်းရွေးချယ်တဲ့လမ်းပဲ။ မင်းရဲ့ စိတ်ဝိဉာဥ်စွမ်းအင် တိုးလာဖို့တောင် ငါကူညီပေးခဲ့တယ် မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို လာပြီး အပြစ်တင်နေတာလဲ”
ရှကျိုးယွီ သူမကို လျစ်လျူရှုလိုက်တော့သည်။ ထို့နောက်မှာ ရှေ့ဆက်လျှောက်သွားလိုက်တော့၏။
ထိုအချိန်မှာတော့ နှင်းတောင်ထဲမှာ ထပ်မံ အပစ်ခံထားရမည့် အဖြစ်အပျက်ကို လီယုဟန် မကြောက်ရွံ့တော့ပေ။ သူမ၏ စိတ်ဝိဉာဥ်စွမ်းအင်တွေက အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီ။
ဒါကြောင့် သူမအနေနဲ့ နှင်းနဂါးတောင်က ထွက်သွားချင်ရင်တောင်မှ အချိန်တစ်ခုပဲ လိုအပ်တော့မည်။
လီယုဟန် အံကြိတ်လိုက်သည်။ ထိုနောက်မှာ ရှကျိုးယွီနဲ့ဆန့်ကျင်ဘက် အရပ်ကို ပြေးသွားလေ၏။
ဒါပေမဲ့ ဘယ်သူသိခဲ့မှာလဲ။ သူမ အဝေးကြီးမသွားရသေးခင်မှာပဲ ခန္ဓာကိုယ်အတွင်းက ရုတ်လျော့လာတဲ့ စိတ်ဝိဉာဥ်စွမ်းအင်တွေကို ခံစားလိုက်မိသည်။ ထိုအချိန်မှာ စိတ်ဝိဉာဥ်စွမ်းအင်တွေက လုံးဝ ပျောက်ကွယ်သွားလေပြီ။
“မင်း အသက်ရှင်ချင်တယ်ဆိုရင် ငါခိုင်းတဲ့အတိုင်းလုပ်ရမယ်။ ထွက်ပြေးရဲတယ်ဆိုရင် မင်းရဲ့အသက်ကို ဆုံးရှုံးရလိမ့်မယ်”
ရှကျိုးယွီရဲ့ အသံကို သူမချက်ချင်းပဲ ကြားလိုက်ရသည်။ လီယုဟန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလေ၏။ သူမ ကိုယ့်နှုတ်ခမ်းကိုယ် တင်းကြပ်စွာ ကိုက်လိုက်သည်။ ထို့နောက်မှာ စကားတစ်ခွန်းမှ မပြောဘဲ နောက်ပြန်လှည့်လိုက်တော့၏။
သူမရဲ့ အခြေအနေကို ချက်ချင်းပဲ သဘောပေါက်သွားသည်။ အခုမှတော့ နောက်ပြန်လှည့်လို့မရတော့ဘူး။ ငါ့ရဲ့ သေခြင်း၊ ရှင်ခြင်းက အခြားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်သွားပြီ။
ဘာအတွက်ကြောင့် ခုခံနေရမှာလဲ?
ဒါပေမဲ့ ရှကျိုးယွီက အရမ်းမရက်စက်ခဲ့ပေ။
လီယုဟန် လမ်းလျှောက်ပြီး သိပ်မကြာခင်မှာပဲ ခန္ဓာကိုယ်အတွင်းကို ပြန်လည်ရောက်ရှိလာတဲ့ စိတ်ဝိဉာဥ်စွမ်းအင်တွေကို ခံစားလိုက်ရသည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမ ထွက်မပြေးတော့ပေ။ သူမရဲ့ခေါင်းကိုသာ တိတ်တဆိတ် ငုံ့လိုက်တော့၏။
အပြစ်လုပ်ထားမိတဲ့ မိန်းမတစ်ယောက်လိုမျိုး ရှကျိုးယွီရဲ့ အနောက်ကို ရိုကျိုးစွာဖြင့် လိုက်ပါလာခဲ့သည်။
“ဘာလဲ။ အခုထိ လှည့်စားခံရတယ်လို့ ခံစားနေရတုန်းလား။ ငါ့ကို မုန်းနေတာလား”
လီယုဟန် တိတ်ဆိတ်နေဆဲပဲ။ ဒါပေမဲ့ သူမရဲ့ နှလုံးသားက ဆက်တိုက် ခေါင်းညိတ်ပြနေ၏။
“အဆင်ပြေပါတယ်။ မင်း ငါပြောသလို လုပ်နေသ၍ တရှားတိုင်းပြည်ကို ဖျက်ဆီးမယ်ဆိုရင် ငါမင်းကို ဆုချမယ်။ ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်က မကောင်းရင်တော့ အပြစ်ပေးရမယ်။ အချိန်ကျလာပြီဆိုရင် ငါမင်းကို လွတ်လပ်ခွင့်ပေးမှာပါ”
ရှကျိုးယွီရဲ့အသံက ကောင်းကင်ဘုံက စကားလုံးတွေကို ပြောဆိုနေသလိုမျိုးပဲ။ လီယုဟန် ချက်ချင်းပဲ မျှော်လင့်ချက်တွေ ပြည့်ဝလာသည်။ သူမရဲ့ မျက်လုံးနှစ်ဖက်က ဝင်းလက်လာ၏။
“ဒါဆိုရင် ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်”
ဒါပေမဲ့ ရှကျိုးယွီက သူမကို မျက်နှာသာမပေးခဲ့ချေ။
“ဘာကို သတ်မှတ်လိုက်ပြီလဲ။ မင်းကိုယ်မင်း ငါနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မယ့် အရည်အချင်းရှိတယ်လို့ ထင်နေလား။ ငါ့ကို ကောင်းကောင်း ခစား။ ငါမပျော်ဘူးဆိုရင် ငါပြောခဲ့တာတွေ အားလုံးကို ပယ်ဖျက်ပစ်လိုက်မယ်”
လီယုဟန် နေရာမှာတင် အံ့ဩသွား၏။
တစ်ကယ်ပါ။ သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုမျိုး အကျင့်မကောင်းတဲ့သူနဲ့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။
………