( ဘယ်လိုလုပ် နင့်မှာလဲ ရှိနေရတာလဲ)
Vol. 14 Ch. 189
နှင်းနဂါးတောင် အတွင်းတွင် ဟွမ်ပထျန်းက အရှေ့ကနေ ဦးဆောင်ပြီး လျှောက်နေ၏။ သူ့ရဲ့ခြေရှစ်လှမ်း အကွာခန့်ကနေ လီယုဟန်လိုက်ပါလာသည်။ သူမတို့ နှစ်ယောက်က တစ်လမ်းလုံး စကားမပြောကြပေ။ တိတ်ဆိတ်စွာနဲ့ပဲ လမ်းလျှောက်နေကြ၏။
မကြာခဏဆိုသလို လေတိုက်သံ တစ်ချို့ကို ကြားရသည်။ တောင်ခြေ၏ လူတွေနဲ့ အနည်းငယ် ဝေးကွာလာချိန်မှာ စိတ်ဝိညာဉ်စွမ်းအင်တို့လည်း တဖြေးဖြေး လျော့ပါးလာ၏။
သစ်ပင်ပေါ်မှ နှင်းစက်တစ်ချို့က မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။
ထိုအချိန်မှာပဲ လီယုဟန်ရဲ့ ခန္ဓာကိုယ်က ရွှေရောင်အလင်း တစ်ချက်လင်းသွား၏။
အခုလိုမျိုး တိုးတက်လာခြင်းက နတ်ဘုရား စာရင်းစာချုပ် ချုပ်ဆိုပြီးနောက် သူမရရှိခဲ့သော အကျိုးကျေးဇူးများပင်။
သူမ ကျင့်ကြံစဉ်တိုင်းတွင် အဲ့ဒီလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါသည် သူမရဲ့ ကျင့်ကြံမှုကို အဆက်မပြတ် ပံ့ပိုးနေခဲ့ပြီး ရလဒ်ကို နှစ်ဆ ဖြစ်ပေါ်စေခဲ့သည်။ အစကတော့ သူမရဲ့ ကျင့်ကြံမှု မြင့်သွားပြီးနောက် အခုလိုမျိုး တိုးတက်မှုကို ရရှိလာခဲ့တာလို့ လီယုဟန် တွေးမိခဲ့သည်။ ဒါပေမဲ့ နောက်ပိုင်းမှသာ နတ်ဘုရားစာရင်းစာချုပ်နဲ့ သက်ဆိုင်နေမှန်း သဘောပေါက်သွားသည်။ ဖူမဲ့ရဲ့ လုပ်နိုင်စွမ်းကို သူမ မနေနိုင်စွာ အံ့ဩသွားရ၏။
ထိုအချိန်မှာ ဟွမ်ပထျန်းလည်း တူညီတဲ့ အကျိုးဆက်ကို ခံစားနေရသည်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုက လီယုဟန်လောက် မမြင့်မားချေ။ သာမန် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် အနေနဲ့ နတ်ဘုရား စာရင်းစာချုပ်ရဲ့အစွမ်းကို အပြည့်အဝ မထုတ်ယူနိုင်သေးဘူး။
ဒါပေမဲ့ သူလည်းပဲ ရရှိလာတဲ့ တိုးတက်မှုကြောင့် အံ့ဩနေရသည်။ အရင်လိုမျိုး နေရာတစ်ခုတည်းမှာ တစ်သတ်မတ်ထဲ ထိုင်ပြီး ကျင့်ကြံနေစရာ မလိုအပ်တော့ပေ။ အခုလိုမျိုး လမ်းလျှောက်နေရင်းနဲ့လည်း ကျင့်ကြံလို့ရသည်။ အာရုံ ထည့်လိုက်တာနဲ့ ကျင့်ကြံလို့ရသည့်အတွက် ပိုမို အဆင်ပြေ၏။
ဖူမဲ့ထံကနေ ရရှိခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အစွမ်းကြောင့် ဟွမ်ပထျန်း မနေနိုင်စွာ လေးစားသွားခဲ့သည်။
ဒါပေမဲ့ သူတို့ နှစ်ယောက်လုံးတွင် တူညီတဲ့ စိတ်ဓာတ် တစ်ခုရှိ၏။ ဖူမဲ့ရဲ့ နှလုံးသားအတွင်းမှာ သူတို့က ပိုသာသည်ဟု အချင်းချင်း ထင်နေကြတာပင်။
“ဟွမ်ပထျန်း ဒီတောင်က ဘယ်အချိန်မှ ပြီးတော့မှာလဲ။ ငါတို့ နေမထွက်ခင် ပြန်ရောက်ပါ့မလား”
တောက်လျှောက် လမ်းလျှောက်နေရ၍ လီယုဟန် အနည်းငယ် ပျင်းလာခဲ့သည်။ ဟွမ်ပထျန်း ဘာလို့အခုလိုမျိုး လမ်းလျှောက်နေလဲ သူမ နားမလည်နိုင်ပေ။ ပျံသွားလို့ ရနေရက်နဲ့ ဘာကြောင့်များ လမ်းလျှောက်နေတာလဲ မသိဘူး။
“မမှောင်ခင် ပြန်ချင်ရင်တော့ မရဘူး။ မင်းအလျင် လိုနေတယ်ဆိုရင် အရင်ပြန်နှင့်လိုက်။ ဒီနေရာကို ငါအရင် လှည့်ပတ် ကြည့်လိုက်အုန်းမယ်”
ဟွမ်ပထျန်း တိတ်တဆိတ် တွေးတောလိုက်တော့သည်။
'အဲ့ဒီ ဂိုဏ်းကြီးတွေရဲ့ တပည့်တွေက တကယ်ကို အလိုလိုက် ခံထားရတာပဲ။ လမ်းလေး နည်းနည်းပဲ လျှောက်ရသေးတယ် ပင်ပန်းလာကြပြီ’
ဒါပေမဲ့ ဟွမ်ပထျန်း ဆက်ပြောလိုက်ပါသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ခေါင်းဆောင် ဖူမဲ့ကို မပြောပါဘူး။ မင်းက ဒီနေရာနဲ့ အသားမှ မကျသေးတာပဲ။ ငါနားလည်တယ်”
ဟွမ်ပထျန်းက ပြောနေရင်းနဲ့ မနေနိုင်စွာ ပြောလိုက်သည်။ ထို့နောက်မှာ စနောက်လိုက်၏။
“ခေါင်းဆောင်ရဲ့ ရည်မှန်းချက်က အရမ်းကို ကြီးမားတယ်။ သူ့ရဲ့ လက်ထောက် တစ်ယောက်အနေနဲ့ ငါက အရှက်ရစေလို့ ဘယ်ဖြစ်မလဲ။ အနာဂတ်မှာ ငါလိုမျိုး တူညီတဲ့ အဆင့်အတန်းကို ရချင်တယ်ဆိုရင်
ဒီလိုမျိုး နေတာတော့ မကောင်းဘူးနော်။ ပြောရရင် ဘယ်အလုပ်က မပင်ပန်းလို့လဲ။ မင်းသည်းခံလိုက်ပေါ့”
ဟွမ်ပထျန်းရဲ့ ရန်စကားတွေကို လီယုဟန် ချက်ချင်းပဲ သဘောပေါက်လိုက်သည်။
သူမ မနေနိုင်စွာပဲ ဖူမဲ့ရဲ့ လုပ်ရပ်တွေ အားလုံးကို ပြန်တွေးမိသွား၏။ သူမ ရရှိခဲ့တဲ့ အကျိုးကျေးဇူးက သူမရဲ့ဂိုဏ်းထဲက အကြီးအကဲတွေနဲ့ ယှဉ်လိုက်ရင် မနည်းပါးဘူး။ ထို့ကြောင့် ဖူမဲ့ရဲ့အနားမှာ နေထိုင်တာက ထျန်းလင်ဂိုဏ်းမှာ နေထိုင်တာနဲ့ ဘာမှ မကွာခြားဘူးဟု ပြောလို့ရသည်။ ထို့ကြောင့် သူမပြန်လည် ဖြေကြားလိုက်သည်။
“ဖူမဲ့ရဲ့ လက်ထောက်က နင်တစ်ယောက်ထဲ မဟုတ်ဘူး။ နင့်လိုမျိုး အသုံးမကျတဲ့ သူတစ်ယောက်က ဘာများ လုပ်နိုင်မှာ မို့လို့လဲ။ ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့အတွက် အားကိုးလို့ရမဲ့ အကူအညီရှိအုန်းမယ်လို့ ထင်လား။ ငါက မကြာခင်မှာပဲ ပထမအဆင့်ကို တက်လှမ်းနိုင်တော့မှာ။ ဖူမဲ့က အဲ့ဒီအချိန်ကြရင် ဘယ်သူ့ကို ပိုပြီး အရေးပေးမယ်လို့ ထင်လဲ”
သူမရဲ့ လှပတဲ့ မျက်လုံးထဲမှာ ချက်ချင်းပဲ ရန်စမှုတို့ ဝင်ရောက်လာခဲ့သည်။
ဟွမ်ပထျန်း လွန်စွာ မသက်မသာ ဖြစ်သွား၏။
“ပထမ အဆင့်ကို ရောက်တော့ရော ဘာဖြစ်သလဲ။ ငါကမရောက်နိုင်ဘူးလို့ မင်းထင်နေလား။ ဒါ့အပြင် ငါက ညီအစ်ကိုတွေ အားလုံးကို တာဝန်ယူ ထားရတာ။ ငါမရှိဘူးဆိုရင် မင်းအနေနဲ့ သူတို့ကို အမိန့်ပေးနိုင်မှာ မို့လို့လား”
ဟွမ်ပထျန်း ချက်ချင်းပဲ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
'အဲ့ဒီ အပျိုမယ် စံအိမ်တွေကို လုံးဝ မသွားတော့ဘူး’
ဖူမဲ့ရဲ့ နောက်တွင်လိုက်နေခဲ့ပြီး အရင်က ယှဉ်ပြိုင်စရာ လူကို မတွေ့ခဲ့ပေ။ အခုချိန်မှာတော့ ယှဉ်ပြိုင် စိတ်တို့ နိုးထလာခဲ့သည်။ ထိုယှဉ်ပြိုင်စိတ်က အလွန်ကို အင်အားကြီးမားလှ၏။
“ပထမအဆင့်ဆိုတာ ထိုင်တွေးနိုင်ရုံနဲ့ ရောက်နိုင်တဲ့ နေရာတစ်ခု မဟုတ်ဘူး။ ငါ့အထင်တော့ ဖူမဲ့က ငါ့ကို အခုကတည်းက မျက်နှာသာ ပေးနေတာပဲ။ အဲ့လိုမှ မဟုတ်ဖူးဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုကို ကူညီပေးစရာလား”
လီယုဟန်က မတူညီစွာ ပြောဆိုလိုက်သည်။
တကယ်လည်းပဲ ရှကျိုးယွီက သူမကို ကူညီခဲ့၏။
သူမရဲ့ ကျင့်ကြံမှု တစ်ခုတည်းသာဆိုရင် ပထမအဆင့်ကို ရောက်ဖို့ရန် အနည်းဆုံး လေးနှစ်တော့ စောင့်ရမည်။ ဒါပေမဲ့ အခု ရှကျိုးယွီ ပေးထားတဲ့ အကျိုးကျေးဇူးတွေကြောင့် သူမကိုယ်သူမ လျင်မြန်စွာ အဆင့်တက် နိုင်တော့မည်ဟု ခံစားနေရသည်။
ဟွမ်ပထျန်းလည်း အံ့ဩသွား၏။
“သူက နင့်ရဲ့ကျင့်ကြံမှုကို ကူညီပေးတယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖူမဲ့ ပေးထားတဲ့ နတ်ဘုရား စာရင်းစာချုပ်ကို ဟွမ်ပထျန်း ချက်ချင်းပဲ စဉ်းစားမိသွားသည်။ ထိုစာချုပ်က သူတို့ ညီအစ်ကိုတွေအတွက် ကောင်းမွန်တဲ့ မျှော်လင့်ချက် ထားပြီး ပေးအပ်ခဲ့တဲ့ အရာပဲ။
ဒါကတကယ်ပဲ ဖြစ်နိုင်မှာလား။ လီယုဟန်ကို ထူးခြားတဲ့ အရာတွေ တကယ်ပဲ ပေးခဲ့တာလား။
သူမကိုလျှို့ဝှက် သိုင်းပညာတွေ သင်ပေးနေတာလား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဟွမ်ပထျန်း ချက်ချင်းပဲ ထိုအတွေးတွေကို မောင်းထုတ်လိုက်သည်။
ညီအစ်ကို ဖူမဲ့က သေချာပေါက် အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး။ လျှို့ဝှက် သိုင်းပညာတစ်ခုကို သင်ကြားပေးမယ် ဆိုရင်လည်း သေချာပေါက် သူတို့ ညီအစ်ကိုတွေ အားလုံးကို သင်ကြားပေးလိမ့်မည်။
ဟွမ်ပထျန်းရဲ့ မျက်နှာပေါ်က သံသယတွေကို လီယုဟန် ရှင်းလင်းစွာ မြင်လိုက်သည်။ ထို့ကြောင့် ဂုဏ်ယူမှု တစ်ချို့နဲ့ ပြောလိုက်၏။
“ဖူမဲ့ရဲ့ ရတနာကို နင်မြင်ဖူးသလား။ နင်သိမှာတောင် မဟုတ်ဖူးလို့ ငါလောင်းရဲတယ်”
ချက်ချင်းပဲ သူမရဲ့ လက်ဖဝါးတစ်ဖက်မှာ အလင်းတန်း ပေါ်ပေါက်လာခဲ့သည်။ ထိုအလင်းက စိတ်ဝိညာဉ်စွမ်းအင် ဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုစွမ်းအင်လုံးရဲ့ ဗဟိုတွင် ရွှေရောင် အလင်းများ ပါဝင်နေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရဲ့ လေထုကိုပင် အနည်းငယ် တုန်ယင်စေ၏။ ထိုအရာကို တစ်ချက်ကြည့်လိုက်တာနဲ့ အထဲကနေရရှိနိုင်တဲ့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားနိုင်သည်။
ဟွမ်ပထျန်းရဲ့ မျက်နှာက လွန်စွာ ပြောင်းလဲသွား၏။
“ဒါက”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူး ဒါအတုပဲ သေချာပေါက် အတုပဲ”
ဟွမ်ပထျန်း မယုံကြည်နိုင်စွာဖြင့် အသည်းအသန် စဉ်းစားနေခဲ့သည်။
ဖူမဲ့က လီယုဟန်ကို နတ်ဘုရား စာရင်း စာချုပ်မှာ လက်မှတ် ထိုးခိုင်းလိုက်တာလား။
ထို့နောက်မှာ ချက်ချင်းပဲ တွေးမိသွား၏။
သူသည် နတ်ဘုရား စာရင်းစာချုပ်ကို ကိုယ်နဲ့မကွာ ဆောင်ထားခဲ့သည်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွင် ထိုစာချုပ်က ရုတ်တရက် ပျောက်ကွယ်သွား၏။ ဖူမဲ့က သူ့ရဲ့ ကျင့်ကြံမှုတွင် အသုံးပြုရန် အတွက် ပြန်ယူခဲ့တာလို့ တွေးမိခဲ့သည်။ ဒါပေမဲ့ လီယုဟန်ကို အစွမ်းပေးဖို့အတွက် ပြန်ယူခဲ့တာလို့ လုံးဝ မထင်ခဲ့မိဘူး။
ဟွမ်ပထျန်းရဲ့ ပြောင်းလဲသွားသော မျက်နှာထားကြောင့် လီယူဟန် ပိုမိုပြီး မောက်မာလာတော့သည်။ သူမရဲ့ လှပတဲ့ မျက်နှာက ချက်ချင်းပဲ ဂုဏ်ယူမှုတို့ ပြည့်လာ၏။
“နတ်ဘုရား စာရင်းစာချုပ်ကို နင်ကြားဖူးသလား”
“ရှေးနတ်ဘုရားတွေ ထီးနန်းဆက်ခံစဉ်က သူတို့ရဲ့ နာမည်တွေကို ရေးထိုးခဲ့ရတယ်။ အဲ့ဒီကနေ ဒီနတ်ဘုရား စာရင်းစာချုပ် ပေါ်ပေါက်ခဲ့တာလို့ ကြားတယ်။ ဖူမဲ့က ငါ့ကို နာမည်ရေးထိုး ခိုင်းခဲ့တယ်။ နင်ကအဲ့လိုလုပ်ဖို့ အရည်အချင်း ရှိမှာလား”
လီယုဟန်သည် ကြွားဝါချင်ခဲ့၏။ ဒါပေမဲ့ သူမ မမျှော်လင့်ထားတဲ့ အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။
ဟွမ်ပထျန်း အံ့ဩနေတဲ့ မျက်နှာထားနဲ့ပဲ လက်ဖဝါး တစ်ဖက်ကို ဖြန့်လိုက်သည်။ ထို့နောက်မှာ လီယုဟန်နဲ့ တစ်ပုံစံထဲဆင်တူသော စိတ်ဝိညာဉ် စွမ်းအင်လုံးကို ဖော်ထုတ်လိုက်သည်။ ထိုထဲတွင် ရွှေရောင်အလင်းတို့ ဝန်းရံနေ၏။
လီယုဟန် မှင်တက်သွားခဲ့သည်။
“နင်…နင်ဘယ်လိုလုပ် လုပ်နိုင်တာလဲ?”
ဟွမ်ပထျန်း ခပ်ဖွဖွ ခေါင်းကုတ်လိုက်တော့သည်။ သူ့ရဲ့ မျက်နှာထက်မှာ အနည်းငယ် ရှက်ရွံ့မှုတို့ ဝင်ရောက်လာ၏။
“ကြည့်ရတာ ငါတို့ အားလုံးက ခေါင်းဆောင် ဖူမဲ့ရဲ့ ယုံကြည်ရတဲ့ လူတွေပဲနဲ့ တူပါတယ်”
လီယုဟန်ရဲ့ မျက်နှာက ချက်ချင်းပဲ မုန်တိုင်းသဖွယ် အေးစက်သွားခဲ့သည်။
“နင့်ကို ဘယ်သူ စကားပြောနေလို့လဲ”
“ဒါပေမဲ့ ခေါင်းဆောင်က နင့်ကို အခုလို တန်ဖိုးကြီးတဲ့ရတနာ ပေးရဲတယ်။ သူက ညစ်ပတ်သွားမှာ မကြောက်ဘူး”
ထိုအချိန်တွင် ဟွမ်ပထျန်း အနေနဲ့ အမုန်းတရားတွေ မရှိတော့ချေ။
ပြောရရင် သူတို့အားလုံးက တစ်ဖက်တည်းသားတွေပဲ။ တူညီတဲ့ လူတစ်ယောက် အတွက် အလုပ်လုပ်နေရချိန်မှာ ဘာကြောင့် အချင်းချင်း အထင်သေးနေရမှာလဲ?
“ဒါပေမဲ့ ဖြစ်နိုင်ချေကို နင်စဉ်းစားမိလား? အဲ့ဒါ ဟုတ်တယ်မလား”
ဟွမ်ပထျန်းရဲ့ အမေးကြောင့် လီယုဟန် သူမရဲ့ခေါင်းကို စောင်းလိုက်သည်။ သူမရဲ့ မျက်နှာကလည်း အရင်လိုမျိုး မမောက်မာတော့ပေ။
“ဘာကိုလဲ”
ဟွမ်ပထျန်း ခပ်ဖြည်းဖြည်း ရှင်းပြလိုက်၏။
“ဟုတ်တယ်မလား။ ငါတို့ရဲ့ ခေါင်းဆောင်က ဒီဆန်းကြယ်တဲ့ လက်နက်ကို အများကြီး ဂရုမစိုက်ဘူး။ ဒါကြောင့် ငါတို့အားလုံးကို လွယ်ကူစွာ အသုံးပြုခိုင်းခဲ့တာပဲ”
လီယုဟန် အံ့ဩသွားတော့သည်။
“ဘာကို ဆိုလိုချင်တာလဲ”
ဟွမ်ပထျန်း ခေါင်းငြိမ့်လိုက်၏။
“နင်ထင်တဲ့ အတိုင်းပဲ။ ဟုတ်တယ် ညီအစ်ကို ဖူမဲ့ရဲ့ကျင့်ကြံမှုက ငါတို့မှန်းဆထားတာထက် အများကြီး မြင့်နေလောက်တယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီလိုမျိုး ဆန်းကြယ် လှတဲ့ လက်နက်တစ်ခုကို အထင်သေးစရာလား”
လီယုဟန် အံ့ဩစွာဖြင့် ကျယ်လောင်စွာ ပါးစပ်ပွင့်ဟသွား၏။
'အခုလိုမျိုး နတ်ဘုရားအစွမ်း ပါဝင်နေတဲ့ လက်နက်ကိုတောင်မှ အထင်သေးရဲတယ်။ ဒါဆိုရင် ဖူမဲ့ရဲ့ သန်မာမှုက ဘယ်လောက်တောင်ကြောက်ဖို့ ကောင်းနေတာလဲ’
……….