← Chapters

(ငါ့နောက်မှာ ထျန်းလင်ဂိုဏ်းရှိတယ်!)

Vol. 14 Ch. 191

(ငါ့နောက်မှာ ထျန်းလင်ဂိုဏ်းရှိတယ်!)

Vol. 14 Ch. 191

နောက်ဆုံးတော့ ကြာပန်းဖြူဂိုဏ်းနဲ့ တိုက်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ညအချိန်သို့ ရောက်လာပြီပင်။ တောက်ပသော လမင်းသည် ကောင်းကင်ထက်မှာ နေရာယူထားပြီး ကြယ်များစွာ၏ ဝန်းရံမှုကို လက်ခံထား၏။

ကြာပန်းဖြူဂိုဏ်းနဲ့ တိုက်ပွဲကြောင့် အခွင့်အလမ်းများစွာ ရရှိလာခဲ့သည်။ တဟွမ်မြို့အတွက် လိုအပ်တဲ့ အထောက်အပံ့များ ပေးပြီးသည်နှင့် နှင်းတောင်တန်းဂိုဏ်းသည် ထွက်ခွာဖို့ ပြင်လေတော့သည်။

ရက်တစ်ချို့ ကြာပြီးနောက်မှာ သူတို့ရဲ့ ခရီးစဉ်က နီးသထက်နီးလာတော့၏။

“ဂိုဏ်းခေါင်းဆောင် အကယ်လို့ မြေပုံကသာ မှန်မယ်ဆိုရင် နှင်းနဂါးတောင်ဆီ သွားဖို့အတွက် အလုံခြုံဆုံးလမ်းက အရှေ့ကလမ်းပါ။ ဒါပေမဲ့ အစောပိုင်းက တွေ့ခဲ့တဲ့ အဖိုးကြီးက ပြောသွားခဲ့တယ်။ အဲ့ဒီလမ်းမှာ ဒီရက်ပိုင်း သူခိုးဓားပြတွေ သောင်းကျန်းနေတယ်တဲ့။ ဒါကြောင့် အလုံခြုံဆုံးလမ်းက ဟိုဘက်ကလမ်းပါ။ ကျွန်တော်တို့ သူ့ကိုယုံလိုက်ရမလား”

လီရှီနဲ့ ချန်ပန်သည် အရှေ့က သွားနေခဲ့သည်။ သူတို့က နှင်းတောင်တန်းဂိုဏ်းရဲ့ ကိုယ်စားပြုအဖွဲ့အနေနဲ့ အခြေနေကို စစ်ဆေးနိုင်စေရန် ကြိုတင် ထွက်လာခဲ့ကြတာပင်။ သူတို့နဲ့အတူ ဂိုဏ်းရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တဲ့ ဝမ်လန်ကိုပါ ခေါ်လာခဲ့သည်။

“ ဂိုဏ်းခေါင်းဆောင် ကျွန်တော်ပြောမယ်။ သိုင်းလောကမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူး။ အထူးသဖြင့် အဲ့ဒီအဖိုးကြီးတွေပဲ။ သူတို့တွေက သူများတွေထက် ပိုတောင် ကောက်ကျစ်တတ်သေးတယ်။ သူတို့ကိုသာ ယုံလိုက်မယ်ဆိုရင် ပြသနာတက်ရလိမ့်မယ်”

“ဘယ်သူသိနိုင်မှာလဲ။ အဲ့ဒီအဖိုးကြီးက ကျွန်တော်တို့ကို အရှေ့က စောင့်နေပြီး ကျွန်တော်တို့ ဝင်သွားတဲ့ အချိန်ကျမှ အခွင့်ရေး ယူခံလိုက်ရရင်ရော”

ဝမ်လန်သည် ကလေးတစ်ယောက်သာ ဆိုပေမယ့် သူ့ရဲ့အတွေးအခေါ်က ကျန်တဲ့ သူတွေထက် ပိုပြီး နက်ရှိုင်းသည်။ အရာရာတိုင်းတွင် သတိထားပြီး လုပ်ဆောင်တတ်၏။

ဒါပေမဲ့ ချန်လန်ကတော့ အတွေးမများခဲ့ပေ။ ဝမ်လန်တစ်ယောက် လျှောက်တွေးနေတယ်လို့ပဲ ထင်မှတ်ခဲ့သည်။

ကလေးသာဆိုပေမယ့် ဘာလို့ကမ္ဘာကြီးကို ဒီလောက်ထိအမြင်စောင်းနေရတာလဲ။

“ကောင်လေး မဟုတ်တာတွေ ပြောမနေနဲ့။ မင်းအတွေးလွန်နေတာ”

“ငါတို့ ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံးမှာ သေမျိုးတွေ အများကြီးကို ကူညီခဲ့တယ်။ သူတို့အားလုံးကလည်း ငါတို့ နှင်းတောင်တန်းဂိုဏ်းရဲ့ ကြင်နာမှုကို မှတ်သားထားကြတယ်။ ပြောစကားတောင် ရှိကြသေးတယ်လေ။ လူတစ်ယောက်ကို နှင်းဆီပန်းတစ်ပွင့် ပေးလိုက်မယ်ဆိုရင် မင်းရဲ့ လက်မှာလည်း အမွှေးနံ့ကျန်ရစ်စေလိမ့်မယ်။ ဒီတော့မင်းသာ လူတွေကို မေတ္တာထားပြီး ဆက်ဆံသ၍ သူတို့စီက မေတ္တာကိုလည်း ပြန်လည် ရရှိမှာပဲ”

ချန်ပန်ရဲ့ မျက်နှာသည် မျှော်လင့်ချက်တို့ ပြည့်ဝနေခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေက အဝေးတစ်နေရာကို မျှော်ကြည့်ရင်း ခံစားချက်တို့ အသက်ဝင်နေလေ၏။

ဝမ်လန် မနေနိုင်စွာဖြင့် မျက်လုံးလှိမ့်လိုက်တော့သည်။

ဒါပေမဲ့ လီရှီကတော့ ချန်ပန်ရဲ့ စကားလုံးတွေမှာ မျောပါသွားသည်။ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ပြီး….

“ကြာပန်းဖြူဂိုဏ်းနဲ့ တိုက်ပွဲပြီးတဲ့ နောက်မှာ ကမ္ဘာကြီးရဲ့ အန္တရာယ်တစ်ချို့ကို ငါတို့တွေ မျက်မြင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူဆိုးတွေကြည့်ပဲ ရှိနေတာမဟုတ်ဘူး။ လူကောင်းတွေဆိုတာလည်း ရှိတယ်။ အဲ့ဒီအချက်ကို မင်းယုံကြည်ရမယ်”

ချန်ပန်က ဂိုဏ်းခေါင်းဆောင်အနေနဲ့ အဖေတစ်ယောက်ရဲ့ စည်းကမ်းတင်းကြပ်ပုံကို ပြသခဲ့မှတော့ သူကအကြီးအကဲ တစ်ယောက်အနေနဲ့ မေတ္တာပြည့်ဝတဲ့ အမေတစ်ယောက်ရဲ့ ဇာတ်ရုပ်ကို ဖော်ဆောင်ရမည် မှတ်လား။

ထို့ကြောင့် လီရှီသည် ကြင်နာစွာဖြင့် ဝမ်လန်ကို နှစ်သိမ့်လိုက်တော့သည်။

“ငါတို့အနေနဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ စကားကို နားထောင်တာ အမှန်ကန်ဆုံးပဲ။ သူက ဒီနှင်းတောင်တန်းဂိုဏ်းကို တည်ထောင်ခဲ့တဲ့ သူတစ်ယောက်ဆိုမှတော့ သူ့ရဲ့ အတွေကြုံက ငါတို့အားလုံးထက် ပိုများမှာပဲ။ ငါတို့တွေ တကယ်ပဲ တဟွမ်မြို့မှာ မကောင်းတဲ့လူတွေနဲ့ ဆုံမိခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ချက်ကိုတော့ သိထားရမယ်။ ကိုယ်က ဘယ်အချိန်မျိုးမှာမဆို တည်ငြိမ်နေရင် အခြေနေကို ဖြေရှင်းနိုင်တယ်”

“ဂိုဏ်းခေါင်းဆောင်ရဲ့ စကားကိုသာ နားထောင်လိုက်ပါ။ မင်းရဲ့အသက် အန္တရာယ်မရှိစေရဘူး”

လီရှီသည် အကြံပေးတစ်ယောက်နှယ် စစ်မှန်စွာဖြင့် ပြောလိုက်သည်။ သူ့ရဲ့ ချန်ပန် အပေါ် မြှောက်ပင့်စကားတွေက တစ်နေ့တစ်ခြား ပိုမိုတိုးတက်လာ၏။ အခွင့်အရေးရတိုင်း ချန်ပန်ကို မြှောက်ပင့်ပြောဆိုကာ အတတ်နိုင်ဆုံး ဖိနပ်လျပ်လေ့ရှိသည်။

ဒါပေမဲ့ ချန်ပန်ကတော့ လွန်စွာ ကျေနပ်နေ၏။ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ထို့နောက်မှာ လီရှီနဲ့ ချန်ပန်သည် တုံ့ဆိုင်းမှု မရှိဘဲ အဖိုးအို ညွှန်ပြခဲ့တဲ့ လမ်းကြားထဲသို့ ဦး​ဆောင်ကာ ဝင်သွားလေတော့သည်။

ဝမ်လန် ကူကယ်ရာမဲ့နေသလို ခံစားရ၏။ သူ့အနေနဲ့ အရှေ့က နှစ်ယောက်ကို မဖျောင်းဖျ နိုင်တော့ပေ။ မတတ်နိုင်စွာဖြင့်သာ လိုက်ပါလာခဲ့ရသည်။ သူ့ရဲ့ မျက်နှာသည် အလွန်သတိထားနေ၏။

တကယ်တော့ အဖိုးအို ညွှန်ပြခဲ့တဲ့ လမ်းက နှင်းနဂါးတောင်ဆီသို့ တကယ်ပဲ သွားရောက်နိုင်ပါသည်။ ဒါပေမဲ့ ဒီလမ်းကို အသုံးမပြုခဲ့တာ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီ။ ဒါပေမဲ့ အခုချိန်မှာ ဟွမ်ပထျန်းဂိုဏ်း၏ နှင်းနဂါးတောင်ပေါ် သွားရာလမ်းကို ပိတ်ဆို့ထားမှုကြောင့် ရဲရင့်သော စစ်သည်တော် တစ်ချို့က အသုံးမပြုတာ ကြာမြင့်နေပြီ ဖြစ်တဲ့ လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ထိုလမ်းကြောင်းက လွန်စွာ ကျဉ်းမြောင်း၏။ လမ်းကြားကျဉ်းရဲ့ တစ်ဖက်တွင် အလွန်နက်သော ချောက်ကမ်းပါးတည်ရှိသည်။ ထို့ကြောင့် ဝမ်လန် လိုမျိုး ကလေးတစ်ယောက်ပင် သတိထားပြီး ဘေးမှအုတ်ခဲတွေကို ကိုင်ဆောင်ရင်း ဂရုတစိုက် သွားလာရ၏။

“အဲ့ဒီအဖိုးကြီး ပြောသွားသလိုဆိုရင် အရှေ့နည်းနည်း ဆက်သွားလိုက်ရင် ကွင်းပြင်လို နေရာတစ်ခု တွေ့ရလိမ့်မယ်တဲ့။ ငါတို့ အဲ့ဒီနေရာမှာ စခန်းချလို့ ရနိုင်တယ်။ အဲ့ဒီကိုရောက်ပြီဆိုတာနဲ့ လီရှီ မင်းကျန်တဲ့သူတွေကို သတင်းသွားပေးလိုက်။ သူတို့တွေအားလုံးကို လာခိုင်းလိုက်တော့”

ချန်ပန်သည် အလွန်စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားနဲ့ ပြောလိုက်၏။ လမ်းကြားက ကျဉ်းသည့်အပြင် နှင်းတွေက ဒူးနားကို ရောက်လုနီးနီး ဖုံးအုပ်ခံထားရသေးသည်။ ထို့ကြောင့် ချန်ပန်ရဲ့ အသံက တုန်ယင်နေ၏။

လီရှီ ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လန်ကတော့ ဘာပြသနာမှ မဖြစ်စေနဲ့ဟု ဆုတောင်းနေရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

ဒါပေမဲ့ ကိစ္စတွေက စီစဉ်ထားသလို ဖြစ်မလာပါဘူး။

နှစ်နာရီလောက် ဆက်လက်သွားလာပြီးနောက်မှာ နောက်ဆုံးတော့ လယ်ကွင်းပြင်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ချန်ပန် ပျော်ရွှင်စွာဖြင့် လီရှီကို လှည့်ပြောဖို့ ပြင်လိုက်၏။ ထိုအချိန်မှာပဲ မထင်ထားသော ကိစ္စ တစ်ခုဖြစ်ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးနှစ်တုံးက ဓားပျံလိုမျိုး ဝဲပျံလာကာ ချန်ပန်ရဲ့ ရင်ဘတ်ကို ရိုက်ခတ်သွားသည်!

ချန်ပန်သည် သတိလွတ်နေခဲ့သည်။ ထို့ကြောင့် တိုက်ကွက်ကို မရှောင်နိုင်ခဲ့ပေ။ ချက်ချင်းပဲ သူ့ရဲ့ ပါးစပ်ကနေ သွေးတစ်ပွက် အန်ထွက်လိုက်၏။

“သေစမ်း။ သစ္စာဖောက် ရှိတယ်”

ဝမ်လန် အော်ဟစ်ကာ ထွက်ပြေးလေတော့သည်!

လီရှီကတော့ နေရာမှာတင် အံ့သြနေ၏။

သူ့အနေနဲ့ လွန်စွာ ဝေခွဲရခက်နေတော့သည်။

တစ်ဖက်တွင် ဂိုဏ်းရဲ့ တစ်ဦးတည်းသော တပည့်က ထွက်ပြေးသွားသည်။ တစ်ဖက်တွင်တော့ သူ့ရဲ့ ဂိုဏ်းခေါင်းဆောင်က ဒဏ်ရာရထား၏။

အချိန်တခဏလောက်အထိ ဘာလုပ်ရမလဲ လီရှီ မသိတော့ပေ။ အဆုံးမှာတော့ အံကြိတ်လိုက်ကာ ဂိုဏ်းခေါင်းဆောင်ကို အရင်ကယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ ထိုအချိန်မှာပဲ လူတစ်ယောက် ထွက်ပေါ်လာ၏။

“ကောင်ငယ်လေးတွေ မင်းတို့ ငါ့ကိုမှတ်မိသေးလား”

ထိုသူက အဖိုးအိုပင်။ ထိုသူရဲ့ ကြင်နာပုံပေါက်သော မျက်နှာထားသည် အခုချိန်မှာတော့ ဉာဏ်နီဉာဏ်နက်များနှင့် ပြည့်နေ၏။

“နင်! နင်ငါတို့ကို သစ္စာဖောက်တာ”

ချန်ပန် ပါးစပ်ထဲက သွေးစတွေကို မြိုချလိုက်ရင်းနာကျင်မှုကို တောင့်ခံကာ ပြောဆိုလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက ဒေါသကြောင့် နီရဲနေပြီး အဖိုးအိုကို စူးရှစွာ စိုက်ကြည့်နေလေ၏။

“အာ မင်းတို့ မှားနေပါပြီ။ ငါကရိုးသားတဲ့ သူတစ်ယောက်ပါ။ ဘယ်တော့မှ လူများတွေကို အကောက်မကြံဖူးဘူး။ မင်းတို့ တစ်ခုခုမှားနေကြတာလား။ ငါကမင်းတို့ကို အကြံပေးရုံတင်လေ မဖြစ်မနေသွားရမယ်လို့ အတင်းအကြပ် ပြောခဲ့တာမှ မဟုတ်တာပဲ။ ဘာကိစ္စ သူများတွေကို ယုံကြည်သေးလဲ။ ငါက လူဆိုးမဟုတ်ပါဘူး။ လူကောင်းမဖြစ်ရုံလေးတင်ပါ”

ထိုအဖိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချန်ပန်နဲ့ လီရှီ လွန်စွာဒေါသထွက်နေ၏။

ဒါပေမဲ့ ပျံဝဲလာတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး နှစ်တုံးကို ထိုအဖိုးအိုအနေနဲ့ အသုံးမပြုနိုင်လောက်ဘူး။ သေချာပေါက် အဲ့ဒါက အဖိုးအိုရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။

ချန်ပန် ချက်ချင်းပဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေလိုက်သည်။ အဆုံးမှာတော့ အဝေးတစ်နေရာမှာရပ်နေတဲ့ ဝတ်ရုံနက်နဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။

သူမကလည်း အခြေအနေကို စစ်ဆေးနေပုံပဲ။

“ငါက ချန်ပန်ပဲ။ နှင်းတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်။ ဒီကမိန်းကလေးက ဘယ်သူလဲမသိဘူး။ ဘာကြောင့် ငါ့ကို တိုက်ခိုက်တာလဲ။ ငါတို့ငါတို့အပေါ် ဘာအမုန်းတရားတွေ ရှိနေလို့လဲ”

ချန်ပန် အံကြိတ်လိုက်ရင်း အတင်းအကြပ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သူတို့ဂိုဏ်းရဲ့ ပင်မအဖွဲ့က အခုထိ ရောက်မလာသေးဘူး။ အခုချိန်မှာ သူနဲ့လီရှီ နှစ်ယောက်ထဲသာ ကျန်တော့သည်။ ထွက်ပြေးသွားတဲ့ ဝမ်လန်ကလည်း သေသလား ရှင်သလား မသိရသေးဘူး။ လီရှီရဲ့ သန်မာမှုကလည်း သူတို့ကို ခုခံဖို့ မလုံလောက်ဘူး။

အခုလိုအခြေအနေမျိုးမှာ တကယ်ပဲ တိုက်ခိုက်ရမယ်ဆိုရင် သူတို့နှစ်ယောက် ပေါင်းမယ်ဆိုရင်တောင်မှ အရှေ့က ဆန်းကြယ်တဲ့ ဝတ်ရုံနက်နဲ့ မိန်းကလေးကို မတိုက်ခိုက်နိုင်လောက်ဘူး။

ထိုအချိန်မှာပဲ ကျယ်လောင်တဲ့ ရယ်သံတစ်ခုကို တခြားတစ်ဖက်ကနေ ကြားလိုက်ရသည်။

“ဟားဟားဟား။ ငါမင်းကို မပြောဘူးလား။ ဒီလမ်းကနေ ငါတို့တွေ ဆုလာဘ်တွေ ရနိုင်မှာပါလို့လေ”

“ဘယ်လိုလဲ။ ငါဒီနေ့ ငါးစာချလိုက်တာ အခု တကယ်ပဲ ငါးကြီးတစ်ကောင်းကို ဖမ်းမိပြီ မှတ်လား”

ချန်ပန် သေချာကြည့်ရှုလိုက်ချိန်မှာ ဝတ်ရုံနက်နဲ့ မိန်းကလေးရဲ့ ဘေးတွင် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်ပေါက်လာတာကို မြင်လိုက်ရသည်။ ထိုသူရဲ့ အသံက လွန်စွာကျယ်လောင်၏။

ဝတ်ရုံနက်နဲ့ မိန်းကလေးက ပြန်လည်ဖြေကြားလိုက်သည်။

“ဟွမ်ပထျန်း စိတ်မပူပါနဲ့။ ငါအဲ့ဒီလူကို ဖမ်းခဲ့တာ။ ဖမ်းမိတဲ့သူက ငါပဲ။ သခင်ဖူရဲ့ အရှေ့မှာ နာမည်ကောင်းယူဖို့ မကြံစည်နဲ့”

“နာမည်ကောင်းယူဖို့ ဟုတ်လား။ ဒီအကြံကို ငါစဉ်းစားခဲ့တာလေ။ မျှားခေါ်ဖို့အတွက်လည်း ငါပဲလုပ်ခဲ့တာ။ ဒီအဖိုးအိုကိုလည်း ငါပဲငှားခဲ့တာ။ မင်းအရှက်မရှိဘူးလား”

နာမည်ကောင်းရဖို့အတွက် တိုက်ခိုက်နေကြသော အရှေ့က လူနှစ်ယောက်ကြောင့် ချန်ပန် လွန်စွာဒေါသထွက်လာသည်။ ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့၏။

“မင်းတို့နှစ်ယောက်မှာ ပြောစရာတွေ ရှိနေသေးတယ်ဆိုရင် ငါအရင်သွားနှင့်မယ်” ထို့နောက်မှာ ချန်ပန်က ချက်ချင်းပဲ ထွက်ပြေးလေသည်။

ဒါပေမဲ့ သူက ဒဏ်ရာရထား၏။ ထို့အပြင် ရူးမိုက်စွာဖြင့် ထွက်ပြေးမည့်အကြောင်းကို သတိပေးခဲ့သေးသည်။

လီယုဟန်နဲ့ ဟွမ်ပထျန်းက ခွင့်ပြုပေးစရာလား။

ချန်ပန်ကို ချက်ချင်းပဲ ဖမ်းမိသွားလေ၏။ လီရှီကိုပါ တစ်ဆက်တည်း ဖမ်းဆီးလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးကို နှင်းနဂါးတောင်ရဲ့ တောင်ခြေရှိ စခန်းသို့ ခေါ်သွားလိုက်၏။

ရှကျိုးယွီကလည်း မရောက်သေးပေ။ ဟွမ်ပထျန်းက သွားခေါ်နေ၏။

ထို့ကြောင့် လီယုဟန်သည် ဟွမ်ပထျန်း မရှိတာကို အခွင့်ကောင်းယူပြီး ချန်ပန်ဆီက အကျိုးရှိသော သတင်းတစ်ချို့ ရယူဖို့ ကြိုးစားသည်။ အခုလို ဂိုဏ်းခေါင်းဆောင်တစ်ယောက်က နှင်းနဂါးတောင်မှာ ရုတ်တရက် ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူး။

လီယုဟန် ချက်ချင်းပဲ လက်နှစ်ဖက်ကို ခါးပေါ်တင်လိုက်သည်။ သူမရဲ့ မျက်နှာက ခက်ထန်နေ၏။ ခေါင်းကို အနည်းငယ် အပေါ် မတ်လိုက်ကာ အေးစက်စွာဖြင့် မေးလိုက်သည်။

“ဒီနှင်းနဂါးတောင်ကို ရောက်လာခဲ့တာ ဘာရည်ရွယ်ချက်နဲ့လဲ။ ပြီးတော့ ထွက်ပြေးသွားတဲ့ ကောင်လေးက ဘယ်ကိုသွားတာလဲ”

ချန်ပန် ချက်ချင်းပဲ စဉ်းစားလိုက်သည်။ ဝမ်လန် လွတ်မြောက်သွားမယ်ဆိုရင် အနည်းဆုံး သူ့အနေနဲ့ နှင်းတောင်တန်းဂိုဏ်းရဲ့ ကျန်ရှိနေတဲ့ ဂိုဏ်းသားတွေကို သတိပေးနိုင်မည်။ ဒါဆိုရင် ဒီဓားပြတွေရဲ့ လက်ထဲကနေ သူတို့တွေလည်း လွတ်မြောက်သွားလိမ့်မည်။

လီရှီနဲ့ သူ့ရဲ့အသက်ကတော့…..ကယ်တင်ဖို့ မထိုက်တန်ပါဘူး။

ထို့ကြောင့် ချန်ပန်က မကြောက်မလန့် ပြောလိုက်၏။ သူ့ရဲ့ မျက်နှာထက်မှာလည်း ခက်ထန်မှုတို့ ဝင်ရောက်လာခဲ့သည်။

“ငါ့ကို သတ်သတ် မသတ်သတ် မင်းလုပ်ချင်သလိုသာလုပ်။ ငါဘာမှ ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ သေချာစဉ်းစား ငါတို့နှင်းတောင်တန်းဂိုဏ်းက သေးငယ်ပြီး အကူညီမဲ့နေတဲ့ ဂိုဏ်းတစ်ခု မဟုတ်ဘူး။ ငါတို့ရဲ့နောက်မှာ ထန်းလျင်ဂိုဏ်းရဲ့ အထောက်အပံ့ရှိတယ်။ ငါ့ကို သတ်ချင်တယ်ဆိုရင် အကျိုးဆက်တွေကို သေချာစဉ်းစားထား”

……….

All Chapters