← Chapters

(အောင်မြင်မလား ကျရှုံးမလားဆိုတာ တိုက်ကွက်တစ်ခုပေါ်ပဲ မူတည်တယ်)

Vol. 14 Ch. 193

(အောင်မြင်မလား ကျရှုံးမလားဆိုတာ တိုက်ကွက်တစ်ခုပေါ်ပဲ မူတည်တယ်)

Vol. 14 Ch. 193

ဟွမ်ပထျန်း အံ့သြစွာဖြင့် ပါးစပ်ဟသွားလေ၏။

လီယုဟန်ရဲ့ မျက်လုံးတွေလည်း အနည်းငယ် လင်းလက်သွားသည်။

သူတို့နှစ်ယောက်စလုံး ရှကျိုးယွီ နောက်ကိုလိုက်သွားကြပြီး တပ်စခန်းရဲ့ အကြီးဆုံးတဲဖြစ်သော ရှကျိုးယွီရဲ့ ကိုယ်ပိုင်တဲအတွင်းသို့ ၀င်ရောက်သွားကြသည်။

တကယ်တော့ခေါင်းဆောင် အခုလိုမျိုး တိုက်ရိုက်လှုပ်ရှားတာကို သူတို့နှစ်ယောက်လုံး မမြင်ဖူးပေ။ အချိန်တိုင်းတွင် ဖူမဲ့ သည် ရန်သူကို တစ်ချက်ထဲနဲ့ လွယ်ကူစွာအနိုင်ယူနိုင်၏။ ရန်သူရဲ့နက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေကို ဖောက်မြင်နေရသလိုမျိုးပဲ။ အခုလိုဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုများလုပ်ခဲ့လဲ သူမတို့နားမလည်နိုင်ဘူး။

နောက်ဆုံးတော့ လီယုဟန် ထိုင်ခုံတွင်၀င်ထိုင်လိုက်သည်။ ထိုင်ခုံပေါ်က သူမ၏နာမည်ထွင်းထားသော စာလုံး‌လေးကို ညင်သာစွာပွတ်သပ်လိုက်၏။ သူမစကားပြောမလို့ ပြင်လိုက်ချိန်မှာပဲ ဟွမ်ပထျန်းရဲ့ အသံကိုကြားလိုက်ရသည်။

"ခေါင်းဆောင်ဖူမဲ့ ဘာလို့ဒုက္ခအများခံပြီး ကိုယ်တိုင်လာတွေ့ရတာလဲ။ ပေးစရာရှိရင် ကျန်တဲ့လူတွေနဲ့ တစ်ဆင့် ပေးခိုင်းလိုက်လို့ရပါတယ်။ ကျွန်တော်တို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း တဖြည်းဖြည်းမြင့်တက်လာတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာပဲ နှင်းနဂါးတောင်တစ်ခုလုံးကို အပိုင်သိမ်းလိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့မှာ လုံလောက်တဲ့လူအင်အားရော ငွေအင်အားရောရှိလာပြီ။ တရှားတိုင်းပြည်ကို အနိုင်တိုက်နိုင်ဖို့ သေချာပေါက် မျှော်လင့်ချက်ရှိတယ်"

ဟွမ်ပထျန်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

အထူးသဖြင့် ဖူမဲ့ ရှိနေချိန်မှာ သူရဲ့ယုံကြည်ချက်က ထိန်းမရနိုင်အောင်ပြင်းထန်၏။

လီယုဟန် ပြုံးလိုက်သည်။

"ဟွမ်ပထျန်းက ကျွန်မကို နှင်းနဂါးတောင်ရဲ့ ပတ်ပတ်လည်ကို ခေါ်ပြပေးထားတယ်။ ကျွန်မအကုန်လုံးနဲ့ ရင်းနှီးသွားပြီ။ အခုလည်း လူငယ်နှစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကြည့်လိုက်တော့မှ သူတို့ကကျွန်မရဲ့လက်အောက်ခံ တပည့်တွေဖြစ်နေတယ်။ ဒါကြောင့် သူတို့ကိုအစီအစဥ်ထဲ သွင်းလိုက်ရအောင်။ ဒါဆိုရင် ကျွန်မအနေနဲ့ခေါင်းဆောင်ဖူမဲ့ကို ကူညီပေးလို့ရသွားမယ်"

လီယူဟန်ကပြောပြီးတာနဲ့ ဟိတ်ဟန်ပါပါ လက်ရန်းပေါ်သို့ တံတောင်တင်လိုက်၏။ ဟွမ်ပထျန်းလိုမျိုး သူမရဲ့မျက်နှာကလည်း ယုံကြည်ချက်တို့ပြည့်နှက်နေခဲ့သည်။

ရှကျိုးယွီ ခေါင်းညိတ်လိုက်သည်။ သူရဲ့မျက်နှာမှာ ခံစားချက်မရှိဘူး။

"ကောင်းပြီ။ ဒီလိုဆိုတော့ ငါစိတ်အေးရတာပေါ့။ မင်းတို့တွေ စီစဥ်နေရတာခက်ခဲနေမှာပဲ။ ပြီးတော့ မကြာခင်မှာ ငါတို့တိုက်ပွဲတစ်ခု ကြုံရမယ်လို့ ခံစားချက်ရနေတယ်။ ငါတို့မဖြစ်မနေနိုင်ကိုနိုင်ရမယ်"

ရှကျိုးယွီရဲ့ မျက်လုံးက အေးစက်နေသည်။ ငြင်းဆိုလို့မရနိုင်တဲ့ အရှိန်အ၀ါများ ထွက်ပေါ်နေ၏။ လီယုဟန်နဲ့ ဟွမ်ပထျန်းတို့ နှစ်ယောက်လုံး မတတ်နိုင်စွာ အကြည့်ရှောင်လွှဲလိုက်တော့သည်။

"အမိန့်အတိုင်းပါ"

သူမတို့နှစ်ယောက်လုံး တပြိုင်နက်ထဲ ပြောလိုက်ကြသည်။

ရှကျိုးယွီကတော့ လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။ ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ လက်ဖ၀ါးတစ်ဖက်ကနေ နတ်ဘုရားစာရင်းစာချုပ်ထွက်ပေါ်လာ၏။ ထိုစာချုပ်ရဲ့ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတို့ ၀န်းရံထားသည်။ ဒါပေမယ့် ထိုအလင်းတန်းက အခုချိန်မှာတော့ မတူညီနေဘူး။ ရွှေရောင်အလင်းသာမက ခရမ်းရောင်အလင်းတစ်ချို့ပါ အနည်းငယ် ပါဝင်နေ၏။ မူလက သန့်စင်သော ရွှေရောင်ကို ခရမ်းရောင်အနည်းငယ် ဖောက်ထားခြင်းက တာအိုအလင်းနဲ့ ဆင်တူစေသည်။

သူမတို့နှစ်ယောက်လုံး နားမလည်နိုင်တော့ချေ။

နတ်ဘုရားစာရင်းစာချုပ်သည် မူလက မသေမျိုးတွေသာ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားကြီးပစ္စည်းတစ်ခုဖြစ်၏။ ဒါပေမယ့် ဖူမဲ့ရဲ့လက်ထဲ ရောက်လာပြီးနောက်မှာ ဆန်းကြယ်တဲ့အရှိန်အ၀ါကို ရရှိလာသည်။ ထိုအရှိန်အ၀ါကလူတွေကို ငြင်းနိုင်စွမ်းမရှိအောင် လွှမ်းမိုးမှုပြုထား၏။ ထိုလွှမ်းမိုးမှုက အချိန်နဲ့အမျှ ပိုမိုကြီးမားလာခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက သူ့ရဲ့လက်ကို စုတ်တံသဖွယ် အသုံးပြုပြီး စိတ်ဝိညာဥ်စွမ်းအင်သုံးကာ ရေးသားလိုက်သည်။

နတ်ဘုရားစာရင်း စာချုပ်ပေါ်တွင် လီယုဟန်နဲ့ ဟွမ်ပထျန်းရဲ့ နာမည်ကိုရေးပြီးတာနဲ့ ထိုနာမည်ပေါ်ကနေ စိတ်၀ိညာဥ်စွမ်းအင် တစ်ချို့ ထွက်ပေါ်လာသည်။

သူမတို့နှစ်ယောက်လုံး အသက်မရှုရဲစွာဖြင့် ကြည့်နေမိကြ၏။ ထိုစွမ်းအင်က ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ပျံ့ကျဲသွားခဲ့သည်။ ကောင်းကင်ထက်ကနေ ရုတ်တရက် နဂါးဟိန်းသံတစ်ခုကိုပင် ကြားလိုက်ရ၏။

ပထမဦးဆုံး တုံပြန်မှုကို လီယုဟန် ခံစားရလိုက်သည်။

သူမရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စွမ်းအင်တွေက ရိုင်းစိုင်းစွာ လည်ပတ်နေကြပြီး ထိန်းချုပ်လို့ မရနိုင်တော့ဘူး။ သူမရဲ့သွေးကြောအတွင်းမှာ စိတ်ဝိညာဉ်စွမ်းအင် လှိုင်းထနေ၏!

ထိုအချိန် ခန္စာကိုယ်ရဲ့ အနက်ပိုင်းကနေ ပေါက်ကွဲမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

လီယုဟန် အချိန်မဆွဲရဲတော့ပဲ မျက်လုံးမှိတ်ချလိုက်ပြီး ကြာပန်းပုံထိုင်လိုက်ကာ စိတ်ဝိညာဉ်စွမ်းအင်တွေကို တည်ငြိမ်စေရန်အတွက် ကြိုးစားလိုက်၏။ သူမချက်ချင်းပဲ ရှာတွေ့သွားခဲ့သည်။ ပထမအဆင့်ရောက်လုနီးပါးဖြစ်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက သူမရဲ့ခန္ဓာကိုယ်ထဲကို တစ်စတစ်စ​ ဝင်ရောက်နေတာပဲ။ ထိုစွမ်းအင်တွေက အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည်။

သူမရဲ့ကျင့်ကြံမှုကို တားဆီးထားတဲ့ အကာအရံတွေအားလုံးကို ဖျက်ဆီးလိုက်လေ၏။

ဟွမ်ပထျန်းလဲ တူညီတဲ့ ဖြစ်ရပ်ကိုခံစားနေရသည်။ သူရဲ့ကျင့်ကြံမှုက လီယုဟန်ထက် အနည်းငယ် နိမ့်၏။ ဒါပေမယ့် ဖူမဲ့ရဲ့အကူအညီကြောင့် သူ့ရဲ့ ကျင့်ကြံမှုလည်း မြင့်တက်လာခဲ့ရသည်!

အဆုံးမှာ ပထမအဆင့်ကို ရောက်လာခဲ့သည်။

သူရဲ့ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ဖိအားတို့ ထွက်ပေါ်လာ၏။

စခန်းထဲမှာရှိနေတဲ့ လူတွေအားလုံး စခန်းရဲ့အကြီးဆုံးတဲရှိရာကို မနေနိုင်စွာ ကြည့်မိသွားကြသည်။ ထိုကြောက်မက်ဖွယ်အရှိန်အဝါကို အားလုံး ခံစားလိုက်ရ၏။

"ဘာတွေဖြစ်နေတာလဲ"

"ငါတို့ရဲ့ခေါင်းဆောင်ဖူမဲ့ အဆင့်တက်သွားတာများလား"

ချန်ပန်ရဲ့ မျက်နှာသည်လည်း အံ့ဩမှုတို့ ပြည့်နှက်နေခဲ့သည်။ ဗလာဖြစ်နေတဲ့သူရဲ့မျက်ဝန်းတွေက ထိုတဲရှိရာကိုသာ စိုက်ကြည့်နေခဲ့၏။ လီရှီလည်း ထိုနည်းလည်းကောင်းပင်။

ပထမအဆင့် ကျင့်ကြံသူဆိုတာ အဆင့်အမြင့်ဆုံးစွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ သူတွေပဲ။ အခုလိုမျိုး သေးငယ်တဲ့ နှင်းနဂါးတောင်မှာဆိုရင် ပထမအဆင့်ကျင့်ကြံသူက ပုန်းကွယ်နေတဲ့နဂါးလိုမျိုး ကြောက်မက်ဖွယ်ကောင်းပြီး အရည်အချင်းရှိသည်ဟုဆိုနိုင်သည်။

ချန်ပန်နဲ့လီရှီ နှစ်ယောက်လုံးခက်ခဲစွာဖြင့် လက်ခံလိုက်ကြသည်။ သူတို့ရဲ့ နှင်းတောင်တန်းဂိုဏ်းက အလွန်အားနည်းနေတာပါလား…။

သိပ်မကြာခင်မှာပဲ ဟွမ်ပထျန်းနဲ့ လီယုဟန်တို့ တဲအတွင်းမှ ထွက်လာခဲ့ကြသည်။ သူမတို့ထံတွင် အရှိန်အဝါများကပ်ပါလာ၏။ သူမတို့ရဲ့အရှိန်အဝါက လုံးဝပြောင်းလဲသွားခဲ့သည်ပင်။

နောက်ဆုံးမှာ ရှကျိုးယွီလည်း ထွက်ပေါ်လာခဲ့သည်။ သူရဲ့မျက်လုံးတွေက အရင်အတိုင်းပဲ၊ မျက်နှာကလည်း လွန်စွာတည်ငြိမ်နေခဲ့သည်။

ဒါပေမယ့် ဟွမ်ပထျန်းနဲ့ လီယုဟန်ရဲ့ ပထမအဆင့်တက်သွားမှုက ဖုံးကွယ်ထားလို့ မရနိုင်ပေ။ အကုန်လုံး သတိထားမိသွားသည်။

“လီယုဟန်နဲ့ဟွမ်ပထျန်းက ပြောင်းလဲသွားပြီပဲ”

"ဖြစ်နိုင်တာ ငါတို့ဂိုဏ်းခေါင်းဆောင်ဖူမဲ့ အစောပိုင်းက ပြောသွားတဲ့ မင်းတို့အတွက် ပိုကောင်းတဲ့အရာရှိတယ်ဆိုတာ ဒါကိုပြောတာလား။ ဒုတိယအဆင့်ကနေပထမအဆင့်ကို အတင်းအကြပ် အဆင့် တက်ခိုင်းလိုက်တာ"‌

"အရမ်းကြောက်ဖို့ကောင်းတာပဲ”

ညီငယ်တစ်ချို့ အလွန်အံ့အားသင့်စွာဖြင့် ရေရွတ် လိုက်ကြသည်။ သူတို့ရဲ့မျက်လုံးတွေက အလွန်ထိတ်လန့်နေကြ၏။ လီယုဟန်ရဲ့ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့စဉ်က ဖူမဲ့ရဲ့ သန်မာမှုကို သူတို့အားလုံး ပထမဦးဆုံးမြင်တွေ့ခဲ့ရသည်။ ထိုအချိန်အတိုင်းပဲ တူညီတဲ့အံ့ဩမှုကို အကုန်လုံး ခံစား‌နေရ၏။

ဒီလိုကိစ္စတွေဆိုတာ လူတိုင်းလုပ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။

အဆင့်တက်ဖို့ဆိုတာ ပိုတောင် ခဲယဉ်းသေးသည်။ ကိုယ့်ရဲ့ကျင့်ကြံမှုက မြင့်လေလေ အဆင့်တက်နိုင်ဖို့ ပိုပြီး ခဲယဉ်းလေလေပဲ။

ဒါပေမယ့် ဒုတိယအဆင့်ကျင့်ကြံမှုကနေ ပထမအဆင့်ကို အတင်းအကြပ် တက်စေနိုင်တယ်တဲ့လား။

ခေါင်းဆောင်ဖူမဲ့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်တောင် မြင့်မားနေတာလဲ။

အကုန်လုံးတွေးမိသွားကြသည်။ ဒါပေမယ့် ဘယ်သူကမှ ကျယ်လောင်စွာ မပြောရဲကြပေ။

အကုန်လုံးရဲ့ စိတ်လှုပ်ရှားမှုကို မြင်တဲ့အခါမှာ ရှကျိုးယွီ လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။ ပတ်၀န်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့၏။

"ငါတို့ညီကိုတွေအားလုံးနားထောင်ကြ”

ထိုအသံကြားတာနဲ့အကုန်လုံး ချက်ချင်းပဲ ဒူးတစ်ဖက် ထောက်လိုက်ကြသည်။ ထို့နောက်မှာ အလွန်စိတ်လှုပ်ရှားနေတဲ့ မျက်နှာထားနဲ့ ရှကျိုးယွီကို မော့ကြည့်လာကြ၏။

ဒါက လီယုဟန်ရဲ့ ကြိုးစားထားမှုပင်။ သူမက ဟွမ်ပထျန်းနဲ့ မတူညီဘူး။ သူမရဲ့ထိန်းကြောင်းပုံက အလွန်စည်းကမ်းများသည်။ ညီကိုတွေအနေနဲ့ အနည်းငယ်ခံစားခဲ့ကြရပေမယ့် ရလဒ်ကတော့သိသာပါ၏။

ထိုအရာကိုမြင်တော့ ရှကျိုးယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူရဲ့မျက်နှာထက်မှာ ရှင်ဘုရင်တစ်ယောက်ရဲ့ အရှိန်အ၀ါကိုဖော်ကြူးထား၏။

"မကြာခင်မှာငါတို့အဖွဲ့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကိုရင်ဆိုင်ရလိမ့်မယ်။ တရှားက ငါတို့ရဲ့အင်အားကြီးလာမှုကို သတိထားမိသွားပြီ။ မကြာခင် အချိန် အတွင်းမှာပဲ တရှားဘက်က တုံ့ပြန်မှုပြုလာလိမ့်မယ်။ ဒါပေမယ့် ငါမင်းတို့အပေါ်ယုံကြည်တယ်။ ဒီမှာရှိတဲ့လူတွေအားလုံးကို ငါယုံကြည်တယ်။ ဒါကြောင့် ငါ့အနေနဲ့တောင်းဆိုမှု တစ်ခုပဲပြုလုပ်မယ်"

ရှကျိုးယွီက ပြောပြီးတာနဲ့ အကုန်လုံးကိုကြည့်လိုက်သည်။

တပ်သားတိုင်းရဲ့ မျက်နှာထက်တွင် အလွန်တက်ကြွသော အကြည့်များရှိနေ၏။

"ငါတောင်းဆိုမှာက အနိုင်ရဖို့ပဲ။ ဘယ်လိုအနေထားမျိုးမှာဖြစ်ဖြစ် ငါတို့နိုင်ကိုနိုင်ရမယ်”

"ဘယ်လိုနည်းလမ်းကိုပဲသုံးရပါစေ ငါတို့နိုင်ရမယ်၊ ငါတို့အနိုင်ယူပြီးတော့ ငါတို့ရဲ့တာ၀န်တွေကို ပြီးမြောက်အောင်လုပ်ရမယ်"

"မင်းတို့အားလုံး နားလည်သလား!"

ထိုအချိန်တွင် ရှကျိိုးယွီရဲ့ ပုံစံသည် တောအုပ်ရဲ့ဘုရင် ခြင်္သေ့တစ်ကောင်လိုမျိုး ပြင်းထန်နေ၏။ အရှိန်အဝါ အပြည့်ဖြင့် တပ်သားအားလုံးကို အမိန့်ပေးလိုက်သည်။

သြဇာပြည့်၀တဲ့ သူရဲ့အသံက စခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ နှင်းနဂါးတောင်ရဲ့ လေထုတစ်ခုလုံးက အမြင့်ဆုံးအမှတ်ကို ရောက်ရှိသွားလေ၏။

တားမြစ်လို့မရနိုင်တဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်က အမြင့်ဆုံးအနေအထားကို ရောက်ရှိလာခဲ့သည်။

"ကျွန်တော်တို့နားလည်ပြီ”

စစ်စခန်းတစ်ခုလုံးမှာ အော်ဟစ်သံတို့ ပြည့်နှက်သွား၏။ အင်အားကြီးမားတဲ့အသံလှိုင်းက ဒီရေလှိုင်းတစ်ခုလိုမျိုး ပတ်၀န်းကျင်ကို တိုက်စားသွားသဖြင့် အနီးအနားမှာရှိနေတဲ့သစ်ပင်တစ်ချို့ပင် တုန်လှုပ်သွားခဲ့သည်။ တပ်သားတွေထံမှထွက်ပေါ်နေတဲ့ စိတ်၀ိညာဥ်စွမ်းအင်သည် ပြင်းထန်လာကာ ကောင်းကင်ထက်သို့ အရှိန်အဟုန်နဲ့တိုးတက်သွား၏။

တပ်သားတွေရဲ့ ယုံကြည်မှုကသာ သူ့ရဲ့ရည်ရွယ်ချက်ကို ရရှိစေလိမ့်မည်။ ထိုအချက်ကို ရှကျိုးယွီ ကောင်းစွာနားလည်၏။ ယုံကြည်ချက်ရှိမှသာအောင်မြင်နိုင်မည်။

ဒါကအရေးအပါဆုံးအချက်ပဲ။

……….

All Chapters