(အရှင်မင်းကြီး နောက်ကိုပဲ လိုက်ပါ့မယ်)
Vol. 14 Ch. 194
ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အရှိန်အဝါကြောင့် ချန်ပန်နဲ့ လီရှီ လွန်စွာ အံ့သြနေခဲ့သည်။
ယခင်က သူတို့နှစ်ယောက်လုံးရဲ့ ဂိုဏ်းအသီးသီးသည် အင်အားကြီးမားသော ဂိုဏ်းများဖြစ်ကြသည်။ ဒါပေမဲ့ အခုလိုမျိုး ကြီးမားလှတဲ့ အရှိန်အဝါကို တစ်ခါမှ မခံစားခဲ့ကြဖူးပေ။ သူတို့နှစ်ယောက် မနေနိုင်စွာ အချင်းချင်းကြည့်မိသွားကြသည်။ သူတို့ရဲ့ မျက်လုံးထဲမှာလည်း တက်ကြွမှုတို့ဝင်ရောက်လာ၏။
"ဂိုဏ်းခေါင်းဆောင်၊ တကယ့်စစ်မှန်တဲ့ ယောကျာ်းတစ်ယောက်ဆိုတာ ဒီလိုမျိုးလုပ်သင့်တာပဲ”
လီရှီရဲ့ စိတ်ဓာတ်တို့ နိုးကြားနေခဲ့သည်။ သူ့ရဲ့ပုံစံက စိတ်လှုပ်ရှားနေပုံပဲ။ ဖူမဲ့ရဲ့ စကားလုံးတွေအောက်မှာ လုံးဝ ကျရှုံးသွားဟန်ရှိသည်။ သူ့ရဲ့သွေးတို့ ပွက်ပွက်ဆူနေ၏။
ချန်ပန်လည်း ထိုနည်းလည်းကောင်းပင်။ အဆက်မပြတ် ခေါင်းညိတ်လိုက်ရင်း ကျယ်လောင်စွာပြောဆိုလိုသည်။
"ငါတို့ သူတို့နောက် လိုက်ခဲ့ရတာ စိတ်ပျက်စရာ ကိစ္စတစ်ခုမဟုတ်ဘူး။ ငါတို့အတွက် ဂုဏ်ယူစရာပဲ။ တရှားရဲ့ ပြည်သူတွေက အသုံးမကျတဲ့ ဘုရင်ကြောင့် ခံစားနေရတာ တော်တော်ကြာပြီ။ ဒါ့အပြင် အဲဒီဘုရင်ရဲ့ အသုံးမကျတဲ့ မဟာတံတိုင်း ဆောက်လုပ်ဖို့ စီမံကိန်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့ အခုလိုမျိုး အဆုံးသတ်သွားစရာလား။ တကယ်ပဲ မိန်းကလေး လီယုဟန် ပြောသလိုမျိုး သူတို့က တရှားရဲ့ဘုရင်ကို ဖယ်ရှားပြီးတော့ ပြည်သူတွေကို ကယ်တင်ဖို့ဆိုရင် ငါတို့က ဘာကိစ္စ သူတို့နဲ့ မပူးပေါင်းရမှာလဲ။ ဒီပူးပေါင်းမှုက ငါတို့ နှင်းတောင်တန်းဂိုဏ်းရဲ့ အခြေခံစည်းမျဥ်းတွေနဲ့ လုံးဝ ကိုက်ညီနေတာပဲ မဟုတ်ဘူးလား”
ချန်ပန် လွန်စွာ တိုက်ခိုက်ချင်နေတော့သည်။ လီယုဟန်ရှိရာကို တိုက်ရိုက်ပဲ သွားလိုက်တော့၏။
လီယုဟန်ကို မော့ကြည့်လိုက်ချိန်မှာ သူမရဲ့မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နေခဲ့သည်။ ချန်ပန် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ပြီးပြီ။ ကျွန်တော်တို့ ပြန်သွားပြီးတော့ နှင်းတောင်တန်းဂိုဏ်းရဲ့ ညီအစ်ကိုတွေ အားလုံးကို ခေါ်ခဲ့မယ်။ မင်းတို့နဲ့ ပူးပေါင်းမယ်! တကယ်ပဲ ပြည်သူတွေအတွက် လုပ်နေတာဆိုရင် ကျွန်တော်တို့ နှင်းတောင်တန်းဂိုဏ်းက သေချာပေါက် အပြည့်အဝ ကူညီမှာပါ”
တရှားတိုင်းပြည်ရဲ့ နယ်စပ်ကနေ နှင်းနဂါးတောင်ရှိရာထိ မိုင်ပေါင်းများစွာ ခရီးနှင်လာရခြင်းရဲ့ တကယ့်ရည်ရွယ်ချက်က လက်စားချေဖို့ပင်။
တကယ်တော့ သူတို့လက်စားချေချင်တာက ဂိုဏ်းအသီးသီးကို မဟုတ်ဘူး။ တရှားတိုင်းပြည်ကိုပဲ..။ အထူးသဖြင့် တရှားရဲ့ အသုံးမကျတဲ့ဘုရင်။
ရုံးတော်မှာရှိတဲ့ အဲဒီအသုံးမကျတဲ့ အမတ်တွေအားလုံးကို မြင်စေမည်။ ပုရွက်ဆိတ်တွေလိုမျိုး သူတို့ အထင်သေးခဲ့တဲ့ လူတစ်အုပ်က မုန်တိုင်းထန်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်ခဲ့လဲဆိုတာကိုပဲ။
လီယုဟန်ရဲ့မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ဂိုဏ်းတပည့်တွေရဲ့ နှလုံးသားက ဖြူစင်ကြပါသည်။ သူတို့ရဲ့ နှလုံးသားကို အနိုင်ယူချင်ရင် အကြောင်းပြချက် အနည်းငယ်သာ လိုအပ်သည်။ လီယုဟန်ကလည်း ထိုသို့သော လူစားမျိုးပင်။ သူမရဲ့ ရည်ရွယ်ချက်က ရိုးရှင်း၏။ သူမသည် တရှားရဲ့ဘုရင်ကို ကိုယ်တိုင် အပြစ်ပေးချင်သည်။
"ကောင်းတယ်။ ငါ လီယုဟန်လည်း မင်းတို့ရဲ့ စိတ်ဓာတ်ကို လေးစားတယ်။ ဒီလိုဆိုမှတော့ မင်းရော ငါရောက အခုကစပြီး ညီအစ်ကိုတွေပဲ။ အကျိုးတူလို့ ပူးပေါင်းရတဲ့ မိတ်ဆွေမဟုတ်ဘူး။ ငါတို့က ညီအစ်ကိုတွေဖြစ်သွားပြီ’
သူမရဲ့စကားလုံးတွေ ချန်ပန်ကို မျက်ရည်ကျလုနီးနီးဖြစ်စေခဲ့သည်။ သူတို့ရဲ့ ကြားမှာရှိတဲ့ ဆက်နွယ်မှုက အလွန်မြင့်မားသော အခြေအနေသို့ ရောက်ရှိသွားလေ၏။
"ဒါနဲ့ မိန်းကလေးလီက ဘယ်ကလာမှန်း ကျွန်တော်တို့ အခုထိ မသိရသေးဘူး။ မိန်းကလေးရဲ့ ပုံစံကိုကြည့်ရသလောက် သေချာပေါက် အင်အားကြီးပြီး ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းတစ်ခုက ဖြစ်ရမယ်"
ချန်ပန် သိချင်နေခဲ့သည်။ သူတင်မကဘူး လီရှီလည်း သတိထားမိတာ ကြာပြီပင်။ လီယုဟန်က တခြားလူတွေနဲ့ တစ်ကယ်ပဲ ကွဲပြား၏။ သူမထံတွင် ရိုင်းစိုင်းတဲ့ အရှိန်အဝါတွေ မတွေ့ရသလိုမျိုး သူမရဲ့ပုံစံက တစ်ယောက်တည်း နေတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဟန်ပန်ရှိ၏။
လီယုဟန်ရဲ့ မျက်နှာသည် အနည်းငယ် ထူးဆန်းသွားခဲ့သည်။
"နင်တို့ တကယ်ပဲ သိချင်တာလား"
ချန်ပန်နဲ့ လီရှီ ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်သည်။ သူတို့က မျှော်လင့်စောင့်စားနေ၏။
"တကယ်တော့ ငါက ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ ငါ့အဖိုးက နင်တို့ပြောဖူးတဲ့ ချမ့်လန်ဂိုဏ်းခွဲရဲ့ခေါင်းဆောင် လီပဟန်ပဲ"
ချန်ပန်နဲ့ လီရှီရဲ့မျက်နှာသည် ဗလာဖြစ်သွားလေတော့၏။ သူတို့ ဘာဆက်ပြောရမလဲ မသိတော့ပေ။
...
နှင်းနဂါးတောင်တည်ရှိရာမြို့ကို နှင်းနဂါးမြို့ဟု အမည်တွင်၏။ နှင်းနဂါးမြို့ရဲ့ အုပ်ချုပ်သူစံအိမ်အတွင်းက မြို့အုပ်ထိုင်ခုံပေါ်တွင် ကျောက်ကောင်းထိုင်နေခဲ့သည်။
"မိန်းမဆိုးကျောက်၊ နှင်းနဂါးတောင်ပေါ်က အခြေအနေတွေကို ကျွန်တော် တကယ်ပဲ မသိပါဘူး။ ဒါ့အပြင် အဲ့ဒီနေရာက သွားလာဖို့ခဲယဥ်းတဲ့ နေရာတစ်ခုပဲ။ ဒါကြောင့် အဲဒီနေရာမှာ လူတွေအများကြီးမရှိပါဘူး"
ကျောက်ကောင်းရဲ့ ရောက်ရှိမှုကြောင့် မောက်မာတဲ့ မြို့သခင်ချိလန်ရှန် လွန်စွာကြောက်ရွံ့နေသည်။
သူ့ဘဝမှာ ဘာကိုမှ မကြောက်ရွံ့ပေ။ သူကြောက်ရွံ့တဲ့ တစ်ခုတည်းသောအရာက တော်ဝင်ရုံးတော်ပဲ။
နှင်းနဂါးမြို့သည် တိုင်းပြည်ရဲ့ အစွန်းပိုင်းတွင်တည်ရှိသည်။ မြို့တော်နှင့် ဝေးကွာ၏။ ထို့ကြောင့် တရှားတိုင်းပြည်က နှင်းနဂါးမြို့ကို အရင်က ဂရုမစိုက်ခဲ့ချေ။
ဒါပေမဲ့ အခု မြို့တော်ရဲ့ နာမည်ကြီးပုဂ္ဂိုလ် မိန်းမဆိုးကျောက်ကောင်း ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် ချိလန်ရှန် လွန်စွာ ကြောက်ရွံ့နေ၏။
စစ်တပ်ရန်ပုံငွေတွေကို နှစ်များစွာ ဖုံးကွယ်ထားတဲ့ ကိစ္စကို လူသိသွားမှာလည်း စိုးရိမ်သည်။ မြို့ကိစ္စကိုစီမံရာတွင် သူ့ရဲ့အရည်အချင်းမပြည့်မီမှုတွေကို ရှာဖွေတွေ့ရှိသွားမှာလည်း စိုးရွံ့နေ၏။ ထို့ကြောင့် ကျောက်ကောင်းရှေ့မှာ ရဲတင်းဟန်မပြရဲချေ။
ထိုအချိန်တွင် မြို့သခင်ထိုင်ခုံမှာ ထိုင်နေတဲ့ ကျောက်ကောင်းက အနည်းငယ်ခေါင်းရမ်းလိုက်သည်။ သူ့ရဲ့မျက်နှာထားက လွန်စွာအေးစက်နေ၏။ ပုံမှန်လေသံနဲ့ပဲ မေးလိုက်သည်။
"ဒီလောက်နှစ်တွေအများကြီး ရှေ့တန်းမှာနေလာခဲ့တဲ့ မြို့သခင်ချိက နှင်းနဂါးတောင်ကို သေချာ နားမလည်သေးတာများလား။ မြို့တော်မှာတုန်းက ကျွန်တော်ကြားခဲ့တယ်"
"အုပ်ချုပ်ရေးမှူးချိက နှင်းနဂါးတောင်ပေါ်မှာ ဗိုလ်ကျနေတဲ့ အဲဒီလူမိုက်တွေကို ရှင်းလင်းနိုင်ရုံတင်သာမကဘဲ မြို့တော်ထဲက လူတွေကို ငြိမ်းချမ်းစွာ နေထိုင်အောင်ပြုလုပ်နိုင်ခဲ့တယ်ဆို"
ကျောက်ကောင်းရဲ့အသံက မိန်းမတစ်ယောက်လိုမျိုး နူးညံ့ညင်သာနေခဲ့သည်။ ဒါပေမဲ့ ထိုအချက်က လူတွေရဲ့ နှလုံးသားကို ပိုမိုခြောက်ခြားစေ၏။
ချိလန်ရှန်ရဲ့ ချွေးစေးတွေက နောက်ကျောမှတစ်ဆင့် အင်္ကျီအတွင်းထဲ ဝင်ရောက်သွားခဲ့သည်။ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော်ငြား သူ့ရဲ့ရင်ထဲက ကြောက်လန့်မှုတွေကို မခုခံနိုင်ပေ။ ခြေထောက်နှစ်ဖက်သည် တုန်ယင်နေသလို့ သူ့ရဲ့အသံကလည်း တုန်ယင်နေ၏။
"မိန်းမဆိုးကျောက်၊ အရမ်းမြှောက်ပင့်လွန်းနေပါပြီ။ ကျုပ်က အဲဒီဂုဏ်သိက္ခာမျိုးနဲ့ မထိုက်တန်ပါဘူး။ မြို့ထဲက အခြေအနေတွေကို မကိုင်တွယ်နိုင်ရုံတင်သာမကဘဲ ဓားပြတွေကိုလည်း မဖိနှိပ်နိုင်ခဲ့ဘူး။ မိန်းမဆိုးကျောက်၊ ကျုပ်ကို အခွင့်အရေးတစ်ခု ထပ်ပေးဖို့မျှော်လင့်ပါတယ်။ ကျုပ်သေချာပေါက် အဲဒီမကောင်းတဲ့ ဓားပြတွေအားလုံးကို သတ်ပြစ်မယ်။ တစ်ယောက်မှ အသတ်မရှင်စေရဘူး"
ချိလန်ရှန်ရဲ့ ရာထူးသည် ကျောက်ကောင်းထက် တစ်ဆင့်သာမြင့်၏။ သူ့အနေနဲ့ ဒီလောက်ထိ ယဥ်ကျေးစရာ မလိုအပ်ပေ။
ဒါ့အပြင် ကျောက်ကောင်းသည် ရုံးတော်အတွင်း တာဝန်ရှိသူဖြစ်သည်။ မိန်းမဆိုးတစ်ယောက်လည်းဖြစ်သေး၏။ ဒါပေမဲ့ ချိလန်ရှန်သည် ရှေ့တန်းထွက်ပြီး တာဝန်ယူထားရသူဖြစ်သည်။ သူ့ရဲ့တာဝန်က ပိုမိုကြီးမားသည်။ သူတို့နှစ်ယောက်ရဲ့ အခြေအနေက မတူညီဘူး။ ဒါပေမဲ့ ချိလန်ရှန်ရဲ့ ရိုသေမှုက အလွန်မြင့်မားနေခဲ့သည်။
အဓိက အကြောင်းရင်းကတော့ အခုလက်ရှိတွင် တရှားရဲ့ ဘုရင်က ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ဘူး။ ထိုအချက်က မိန်းမဆိုးကျောက်ကို လွန်စွာ အင်အားကြီးစေခဲ့သည်။ သူ့ရဲ့ဆုံးဖြတ်ချက်က အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုနိုင်၏။ ဒါ့ကြောင့် ချိလန်ရှန်အနေနဲ့ မကြောက်ရွံ့စရာလား။
"အခွင့်အရေး ထပ်တောင်းတာလား။ မင်းက ဘာအခွင့်အရေးကိုလိုချင်တာလဲ။ အသက်ရှင်ဖို့ အခွင့်အရေးလား။ ငါမင်းကျေနပ်အောင် လုပ်ပေးရမှာလား”
ကျောက်ကောင်းက ပြောပြီးတာနဲ့ မတ်တပ်ထရပ်လိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ ကျောချမ်းဖွယ် အရှိန်အဝါတို့ ထွက်ပေါ်နေ၏။ သူက ချိလန်ရှန်ရှိရာကို တစ်လှမ်းချင်း တိုးကပ်သွားလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ကျုပ်ပြောချင်တာက..."
ရွှီ..။
အေးစက်တဲ့ အလင်းတစ်ချက်ရဲ့ကြားမှာ ဓားပျံက ဝဲပျံသွားသည်။ သွေးစွန်းမှုကို ရင်းနှီးနေပြီဖြစ်သော ထိုဓားပျံက ချိလန်ရှန်ရဲ့ခေါင်းကို ပြတ်သားစွာဖြင့် ဖြတ်လိုက်၏..။
ဒီလိုနဲ့ပဲ ရှေ့တန်းကနေ ကာကွယ်ပေးနေသော အုပ်ချုပ်ရေးမှူးတစ်ယောက် ကျရှုံးသွားခဲ့သည်။
ဘေးမှာရပ်နေတဲ့ လက်ထောက်စစ်သူကြီး လွန်စွာ ကြောက်လန့်သွား၏။
ကျောက်ကောင်းကတော့ သက်ပြင်းသာ
ချလိုက်သည်။ ထို့နောက်မှာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလူတွေက စိတ်ပျက်စရာကောင်းလိုက်တာ။ ဒီလို အလုပ်လုပ်နေပုံနဲ့ အရှင်မင်းကြီးရဲ့ စိတ်ပူမှုတွေကို ဘယ်လိုဖြေလျော့နိုင်မှာလဲ"
ထိုအချိန်မှာ သူ့ရဲ့အကြည့်က အခန်းထဲကိုဝေ့သွားခဲ့သည်။ နောက်ဆုံးမှာတော့ လက်ထောက်စစ်သူကြီးအပေါ်ကို ကျရောက်သွား၏။
"အခုကစပြီး မင်းက အုပ်ချုပ်ရေးမှူး တာဝန်ကို ယူရမယ်"
ရွှီ..။
အသံတစ်ချက်အပြီးမှာ ထိုဓားပျံသည် ကျောက်ကောင်းရဲ့လက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ လမ်းတစ်ဝက်မှာ လက်ထောက်စစ်သူကြီးရဲ့ မျက်နှာကို ဖြတ်သွားတဲ့အတွက် လက်ထောက်စစ်သူကြီးရဲ့ပါးတစ်ဖက်တွင် ခြစ်ရာတစ်ခု ချက်ချင်းပဲ ဖြစ်ပေါ်လာခဲ့သည်။
"မင်းလုပ်နိုင်မှာလား"
အခုချိန်တွင် ဓားပျံက ကျောက်ကောင်းရဲ့ လက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျောက်ကောင်းသည် ဓားကို ကစားနေရင်းဖြင့် ပုံမှန်လိုပဲ မေးလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျွန်တော် သေချာပေါက်လုပ်ပါ့မယ်"
အချိန်တစ်ခုကြာပြီးမှသာ လက်ထောက်စစ်သူကြီး ပြန်လည်ဖြေကြားနိုင်ခဲ့သည်။ သူက ချက်ချင်းပဲ ကျယ်လောင်စွာ ဒူးထောက်ချလိုက်၏။ အကြိမ်ကြိမ်အရိုအသေပေးနေပြီး ခေါင်းမဖော်ရဲတော့ပေ။
"ကျွန်တော် စစ်သူကြီးချန်ယုယန် အခုကစပြီး အရှင်ကျောက်ကို အစေခံတစ်ယောက်လိုမျိုး ခစားပါ့မယ်"
ကျောက်ကောင်းကတော့ နူးညံ့စွာ ရယ်လိုက်သည်။ သူ့ရဲ့လက်တစ်ဖက်ကို နောက်တစ်ဖန် လှုပ်ရှားလိုက်မှုကြောင့် ဓားပျံသည် စစ်သူကြီးချန်ယုယန်ရဲ့ ဦးထုပ်ပေါ်က အနီရောင်ပန်းဖွားကို တိကျစွာ ဖြတ်ပစ်လိုက်သည်။ ထို့နောက်မှာ စစ်သူကြီးရဲ့အနောက်မှာရှိတဲ့ နံရံကို အင်အားနှင့် ရိုက်ခတ်သွား၏။
ချန်ယုယန် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
"ငါ့နောက်ကိုလိုက်မယ် ဟုတ်လား။ မင်းက ပုန်ကန်ဖို့ ကြံစည်နေတာလား။ ဒါမှမဟုတ် ငါ့ကို ပုန်ကန်တယ်လို့စွပ်စွဲနေတာလား"
"ဘာလဲ။ မင်းတို့ ဒီနှင်းနဂါးမြို့က လူမိုက်တွေက အရှင်မင်းကြီးကို စိတ်ထဲ ထည့်မထားကြဘူးလား”
ကျောက်ကောင်းရဲ့အသံက နူးညံ့နေဆဲပဲ။ ဒါပေမဲ့ ချန်ယုယန်အတွက်တော့ မြေအောက်ကမ္ဘာထဲက ငရဲမင်းထံမှ တိုက်ရိုက်ကြားနေရသလိုမျိုး ကျောချမ်းဖွယ် ကောင်းလှသည်။
"မဟုတ်ပါဘူး။ ကျုပ် မှားပြောမိတာပါ။ အခုကစပြီး အရှင်မင်းကြီးရဲ့ နောက်ကိုပဲလိုက်ပါ့မယ်။ အရှင်းမင်းကြီးအတွက်ပဲ သေဆုံးပါ့မယ်။ အရှင်မင်းကြီးကိုပဲ ကျွန်တစ်ယောက်လိုမျိုး ခစားပါ့မယ်"
ထိုအချိန်မှသာ ကျောက်ကောင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါကမှ ကောင်းသေးတယ်"
………..