(လွတ်မြောက်သွားတဲ့ကလေး)
Vol. 14 Ch. 196
“နှင်းတောင်တန်း ဂိုဏ်းလား”
လီရှီချက်ချင်းပဲ မတ်တပ်ထရပ် လိုက်သည်။ အံ့ဩမှုကြောင့် သူ့ရဲ့ ပါးစပ်သည် ပွင့်ဟနေ၏။
“ဝမ်လန်လား”
ချန်ပန်လည်း ထပ်တူညီမျှ အံ့ဩနေခဲ့သည်။ ထိုအချိန်မှာပဲ သူမှတ်မိသွား၏။ ဝမ်လန်က ထွက်ပြေးနိုင်ခဲ့တဲ့ သူပဲ။ ထို့ကြောင့် ဝမ်လန်ကသာ ဂိုဏ်းကို ပြန်ပြီး သတင်းပေး နိုင်တဲ့သူ ဖြစ်ရမည်။
အစက ဝမ်လန်သည် သာမန်လိုမျိုး ထွက်ပြေး သွားသည်ဟု ထင်မှတ်ခဲ့သည်။ ဒါပေမဲ့ အခုလိုမျိုး ဂိုဏ်းသားတွေကို ခေါ်ဆောင်လာပေးမယ်လို့ မထင်မှတ်ခဲ့မိဘူး။
“မြန်မြန် ဂိတ်တံခါးကို ဖွင့်လိုက်။ သူတို့က နှင်းတောင်တန်းဂိုဏ်းပဲ။ နှင်းတောင်တန်းဂိုဏ်းက ငါတို့ဂိုဏ်းပဲ”
ချန်ပန်က ချက်ချင်းပဲ သတင်းပို့သူကို ပြောလိုက်သည်။ ဒါပေမဲ့ အံ့သြဖို့ ကောင်းစွာပဲ ထိုသူက ပြန်လည် မတုံ့ပြန်လာချေ။ ထိုအစား ခေါင်းကိုပဲ ဆက်တိုက် ငုံ့ထား၏။ ထိုသူက စိတ်ရှည်စွာ စောင့်ဆိုင်းနေဟန် ရှိသည်။
လီယုဟန် ခေါင်းငြိမ့်ပြချိန်မှသာ ထိုသူက ထွက်သွားခဲ့သည်။
“စည်းကမ်းက အဲ့လောက်တောင်ကြီးတာလား”
ချန်ပန်ရဲ့ မျက်နှာသည် အနည်းငယ် အရှက်ရသွားခဲ့သည်။
သူတို့ နှစ်ယောက်လုံးက အဆင့်မြင့် ပုဂ္ဂိုလ်တွေပဲ။ ဂိုဏ်းခေါင်းဆောင် ဖြစ်တဲ့ သူက ဘာကြောင့်များ လီယုဟန်လိုမျိုး လက်ထောက် တစ်ယောက်နဲ့ တန်းတူညီမျှ အခွင့်အရေး မရရတာလဲ။ သူတို့ရဲ့ ကွာခြားချက်က အဲ့လောက်တောင် ကြီးမားနေလို့လား။
“စည်းကမ်းဆိုတာ ဒီအတိုင်း စကားတစ်ခုပါ။ တကယ်တော့ ဒီနေရာမှာ အဆင့်အတန်းက အရေးပါတာ။ တကယ်တော့ မင်းသိသင့်တာတွေ အများကြီး ရှိသေးတယ်”
လီယုဟန်က စိတ်ရှည်စွာဖြင့် ရှင်းပြပေးခဲ့သည်။ သူမ ဒီတပ်စခန်းကို စတင်ရောက်လာခဲ့စဉ်က ဟွမ်ပထျန်းသည်လည်း တူညီစွာဖြင့် ရှင်းပြပေးခဲ့သည်။ ထို့ကြောင့် ဒီနေရာသည် သူမအတွက် နွေးထွေးပြီး ကြီးမားတဲ့မိသားစု တစ်ခုလိုမျိုး ခံစားရ၏။ ထို့ကြောင့် ချန်ပန်တို့ကိုလည်း ထိုနည်းလည်းကောင်း ဆက်ဆံခဲ့သည်။
“မင်း သေချာ မသိလောက်ပေမဲ့ ဒီနှင်းတောင်တန်း တပ်ဖွဲ့မှာ ရှင်းလင်းတဲ့ အဆင့်အတန်း ခွဲခြားမှုရှိတယ်။ ငါက တပ်သားတွေကို လေ့ကျင့်ပေးဖို့ တာဝန်ရှိတဲ့သူပဲ။ ဟွမ်ပထျန်းကတော့ တပ်ဖွဲ့အပြင်က ကိစ္စတွေအတွက် တာဝန်ယူထားရတယ်။ ဥပမာပြောရရင် လမ်းပိတ်တဲ့ နေရာတို့ တပ်သားသစ် စုဆောင်းတာတို့က သူ့ရဲ့တာဝန်တွေပဲ။ ဒါပေမဲ့ ဒါတွေက သေးငယ်တဲ့ ကိစ္စတွေပါ ဖော်ပြဖို့ မထိုက်တန်ဘူး”
လီယုဟန်က ပြောပြီးတာနဲ့ တွေးမိသွားသည်။ သူမရဲ့ မျက်လုံးထဲမှာ ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခု ဝင်ရောက်လာ၏။
“ဘာလဲ။ ဘာကအရေးကြီးနေတာလဲ”
ချန်ပန် တိုက်ရိုက်ပဲ မေးလိုက်သည်။
“ယုံကြည်မှုဆိုတဲ့ အရာကို မင်းသိသလား”
လီယုဟန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“ယုံကြည်မှု ဟုတ်လား”
“ဟုတ်တယ် ဒီနေရာမှာ ဖြစ်ပေါ်နေတဲ့ အရေးကြီးဆုံး အရာက အဲ့ဒါပဲ။ သခင်ဖူမဲ့သာ မရှိဘူးဆိုရင် ဟွမ်ပထျန်းနဲ့ငါ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ငါတို့ အနေနဲ့ သူတို့ကို အောင်မြင်အောင် မထိန်းချုပ်နိုင်ဘူး။ ဒီတပ်သားတွေ အားလုံးကို အောင်မြင်စွာ စုစည်းနိုင်ခဲ့တာက ယုံကြည်မှုကြောင့်ပဲ။ အဲ့ဒီယုံကြည်မှုကို ခေါင်းဆောင်ဖူမဲ့က ပေးအပ်ခဲ့တာ”
လီယုဟန်ရဲ့ မျက်လုံးထဲက ဖျော့တော့သော အလင်းသည် ပိုပို တောက်ပလာခဲ့သည်။
သူမရဲ့ မျက်လုံးတွေက ဝင်းလဲ့နေ၏။
ထို့ကြောင့် ချန်ပန်ပင် ထိုယုံကြည်မှု ဆိုတဲ့ အရာကို မတတ်နိုင်စွာ လိုချင်သွားခဲ့သည်။
ဒီလိုနဲ့ နှစ်နာရီခန့် ကြာပြီးနောက်မှာ နှင်းတောင်တန်းဂိုဏ်းသည် တပ်စခန်းအတွင်းသို့ ဝင်ရောက်လာ၏။ ယခင် ရှိနှင့်နေပြီးသား တပ်သားတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် နှင်းတောင်တန်း ဂိုဏ်းသားတွေသည် လွန်စွာ သန်မာကြသည်။ အသစ်ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုဖြစ်၍ အောင်မြင်စွာ မစုစည်းရသေးသောငြား သူတို့ရဲ့ သန်မာမှုက နဂိုရှိပြီးသား တပ်သားတွေကို အောင်မြင်စွာ ကျော်လွှားနိုင်၏။ နှင်းတောင်တန်း ဂိုဏ်းသားအားလုံးသည် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
လီယုဟန် မြင်လိုက်တာနဲ့ သူမရဲ့ မျက်နှာထက်မှာ အပြုံးတစ်ခု ချက်ချင်းပဲ ဖြစ်ပေါ်သွား၏။
“နင်တို့ အားလုံးက နှင်းတောင်တန်းဂိုဏ်းရဲ့ တပည့်တွေလား။ ငါက တပည့်တွေဆိုတော့ အဆင့်လေး ကျင့်ကြံမှုရှိမယ် ထင်ထားတာ။ ဒါပေမဲ့ အခုလိုမျိုး ကျင့်ကြံမှု မြင့်မယ်လို့ မထင်ထားဘူး၊ ကောင်းလိုက်တာ။ ငါတို့အတွက် အကူအညီကြီးပဲ”
ထိုအချိန်မှာ လီရှီက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။
“တကယ်တော့ သူတို့တွေက ငါတို့ နှင်းတောင်တန်းဂိုဏ်းရဲ့ အကြီးအကဲတွေပါ။ အကြီးအကဲတွေကသာ အခုလိုမျိုး အင်းအားကြီးနိုင်မှာလေ”
လီယုဟန် ပိုမို ပျော်ရွှင်သွားခဲ့သည်။
“နင်တို့ရဲ့ ဂိုဏ်းမှာ ဒီလောက် အကြီးအကဲတွေ အများကြီး ရှိတာဆိုတော့ တပည့်တွေလည်း အများကြီး ရှိရမှာပဲ။ ဟုတ်တယ်မလား။ သူတို့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ပဲ ဖြစ်နေပါစေ ဝင်ခိုင်းလိုက်ပါ။ သူတို့က ကျင့်ကြံသူတွေ ဖြစ်နေသ၍ လုံလောက်ပြီ။ ဒီမှာရှိနေတဲ့ လူတွေထက် သေချာပေါက်ပိုပြီး သန်မာမှာပဲ”
ဟွမ်ပထျန်းသည် အရင်က သာမန်သူ တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းတွေရဲ့ ဖွဲ့စည်းပုံနဲ့ မရင်းနှီးသေးဘူး။ ဒါအပြင် ဒီနှင်းနဂါးတောင် ပေါ်တွင် ကျင့်ကြံသူ လာရောက်ခြင်း နည်းပါး၏။ ထို့ကြောင့် လူသစ် ခေါ်ဆောင်ချိန်တွင် အားနည်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ သာမန် သေမျိုးတွေကိုသာ ရရှိခဲ့သည်။
ထို့ကြောင့် လီယုဟန်က နှင်းတောင်တန်း ဂိုဏ်းသားတွေကို မြင်တာနဲ့ အလွန် ပျော်ရွှင်သွားခဲ့တာပင်။ သူမရဲ့ မျက်နှာက ဝင်းလက်နေခဲ့သည်။
ဒါပေမဲ့ လီရှီရဲ့ မျက်နှာကတော့ ပိုမို ရှက်ရွံ့လာဟန်ပဲ။
“အဲ့ဒါက.....”
“ငါတို့ နှင်းတောင်တန်းဂိုဏ်းက နည်းနည်း ရှုပ်ထွေးတယ်။ ဂိုဏ်းခေါင်းဆောင်ကိုသာ ရှင်းပြခိုင်းလိုက်ပါ”
ချန်ပန်သည် ဉာဏ်မကောင်းသလို မျက်နှာကြောလည်း ထူမှန်း လီရှီ နားလည်ထား၏။ ထို့ကြောင့် ဒီအခွင့်အရေးကို ချန်ပန်ထံ ပစ်ပေးလိုက်သည်။
ဒါပေမဲ့ ချန်ပန်လည်းပဲ အနည်းငယ် ရှက်ရွံ့နေခဲ့သည်။ လူအုပ် အလယ်ကို လျှောက်သွားရင်း ဝမ်လန်ရဲ့ လက်ကိုဆွဲကာ အရှေ့ထုတ်ပြလိုက်၏။
လီယုဟန် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
“ဒါက အစောပိုင်းတုန်းက ထွက်ပြေးသွားတဲ့ ကလေးမှတ်လား။ သူဘာလို့ ရောက်နေတာလဲ”
လီရှီတစ်ယောက် ထိုမြင်ကွင်းကို ဆက်လက် မကြည့်ရှု့ နိုင်တော့ပေ။ ရှက်ရွံ့မှုက သူ့ရဲ့နှလုံးသားကို လိုက်စားလာ၏။ ထို့ကြောင့် ချက်ချင်းပဲ မျက်နှာလွဲကာ အဝေးက နှင်းနဂါးတောင်တန်း၏ လှပတဲ့ ရှုခင်းကိုသာ ကြည့်ရှုနေလိုက်တော့သည်။
အရှက်ကွဲမှုတွေ အားလုံးကို ချန်ပန်ပဲ ခံပလေ့စေ။
“သူက ငါတို့ နှင်းတောင်တန်းဂိုဏ်းရဲ့ တစ်ဦးတည်းသော တပည့်ပဲ”
လီယုဟန် လွန်စွာ ထိတ်လန့်သွားခဲ့သည်။
ဘယ်လိုဂိုဏ်းက အကြီးအကဲ အယောက်တစ်ရာရှိပြီး တပည့်တစ်ယောက်ပဲ ရှိရတာလဲ။ ငါဒါမျိုး တခါမှ မကြားခဲ့ဖူးဘူး။ ဒီဂိုဏ်းက တရားကော ဝင်ရဲ့လား။
ဝမ်လန်ပင် အနည်းငယ် ရှက်ရွံ့လာခဲ့သည်။ သူ့ရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးကွယ်လိုက်တော့၏။ နူးညံ့စွာ ပြောဆိုလိုက်သည်။
“ငါသာ ဒီနေရာကို လာမကယ်ခဲ့ဘူးဆိုရင် ခင်ဗျားတို့နှစ်ယောက် သေနေမှာနော်”
ထိုစကားကြောင့် ချန်ပန်ဒေါသ ထွက်သွားသည်။ ချက်ချင်းပဲ ဝမ်လန်ရဲ့တင်ပါးကို ကန်လိုက်၏။
“အရေးမပါတာတွေ မပြောနဲ့။ မင်းက ဘယ်လိုတပည့်မျိုးလဲ။ မလေးစားတတ်ဘူးလား”
“တခါ ဆရာဖြစ်ရင် တစ်သက်လုံး အဖေပဲ။ ဒါကြောင့် ငါက မင်းရဲ့ ဘဝများစွာအထိ အဖေ ဖြစ်ရှိနေအုန်းမှာ။ မင်းရဲ့ အဖေကို ဒီလိုပုံစံ စကားပြောရသလား”
ထို့နောက်မှာ ချန်ပန်က ချက်ချင်းပဲ ဝမ်လန်ရဲ့ မျက်နှာကို ဆွဲမော့လိုက်သည်။ လီယုဟန်နဲ့ မိတ်ဆက်ပေးလိုက်၏။
“ဒီကလေးရဲ့ နာမည်က ဝမ်လန်ပါ။ သူက အရည်အချင်း ရှိတဲ့သူပဲ။ သူ့ကိုသာ လေ့ကျင့်ပေးမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ သေချာပေါက်.....”
ထိုအချိန်မှာပဲ ဝမ်လန်က ရုတ်တရက် ဖြတ်ပြောလာခဲ့သည်။
“မဟုတ်ဘူး။ ကျွန်တော် ဘာဖြစ်လာမလဲ ဆိုတာကို မပြောနဲ့။ ဒီနေရာမှာ ဘာလုပ်ဖို့ ခေါ်တာလဲဆိုတာကိုပဲပြော။ ကလေး တစ်ယောက်အတွက် မသင့်တော်တဲ့ အရာဆိုရင် ဝင်ပါမှာ မဟုတ်ဘူးနော်။ ခင်ဗျားတို့ပဲ အလုပ်ရှုပ် ခံလိုက်ကြ။ ကျွန်တော် အခု ထွက်သွားမယ်”
ပြောပြီးတာနဲ့ ဝမ်လန်က သူ့ရဲ့လက်ကို ဆောင့်ရုန်းလိုက်သည်။ မာနကြီးစွာဖြင့် လက်နှစ်ဖက်ကို အနောက်ပစ်လိုက်သေး၏။ ဂိုဏ်းခေါင်းဆောင် ချန်ပန်ကို အထင်သေးစွာ ကြည့်ရှုနေခဲ့သည်။
လီယုဟန်ပင် မနေနိုင်စွာ အနည်းငယ် အမြင်ကပ်သွားခဲ့သည်။
ဒီကောင်လေးက တကယ်ကော တပည့်ဟုတ်ရဲ့လား။ ဘာလို့အဲ့လောက်တောင် ဉာဏ်နီဉာဏ်နက် များရတာလဲ။ သူ့ရဲ့ ဉာဏ်နီဉာဏ်နက် များမှုက ချန်ပန်နဲ့ လီရှီ နှစ်ယောက်ပေါင်းရင်တောင် မယှဉ်နိုင်ဘူး။
ဒါပေမဲ့ လီယုဟန် ရှင်းပြလိုက်သည်။
“မင်းတို့ရဲ့ နှင်းတောင်တန်း ဂိုဏ်းကငါတို့နဲ့ ပူးပေါင်းခဲ့တာ။ ငါတို့တွေက ဒီကလူတွေကို စုဝေးပြီးတော့ ပြည်သူတွေကို ကယ်တင်ပေးဖို့ ဆောင်ရွက်နေကြတာပဲ။ ဒီအချိန်အတွင်းမှာ မင်းတို့ နှင်းတောင်တန်း ဂိုဏ်းသားတွေက ဒီမှာရှိနေတဲ့ တပ်သားတွေကို လေ့ကျင့်ပေးရမှာ။ ကျန်တာ စိတ်မပူနဲ့”
လီယုဟန်ရဲ့ မျက်နှာထက်တွင် နူးညံ့တဲ့ အပြုံးတစ်ခုကို တပ်ဆင်ထားသည်။ သူမသည် နဂိုတည်းက အလွန်လှပတဲ့ အလှလေး တစ်ယောက်ဖြစ်၏။ ထိုအပြုံးက သူမရဲ့အလှကို ပိုမိုအသက်ဝင် သွားစေခဲ့သည်။ နှင်းတောင်တန်း ဂိုဏ်းသားတွေအားလုံး မျက်လုံးများ ပြူးကျယ်ကုန်၏။
ဒါပေမဲ့ ထိုအချိန်မှာ ဝမ်လန်က မထင်ထားစွာ ပြောဆိုလိုက်သည်။
“ကျွန်တော်က ငယ်သေးတယ် ဒါကြောင့် ဒီလိုကိစ္စတွေနဲ့ မသင့်တော်ဘူး။ အရင်သွားတော့မယ်”
သူက ချက်ချင်းပဲ လှည့်သွားဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ လီယုဟန်က လွှတ်ပေးစရာလား..။
များစွာတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေက ဝမ်လန်ရဲ့ လမ်းကြောင်းကို ပိတ်ပင်လိုက်သည်။
“ကောင်လေး မသွားပါသေးနဲ့အုံး။ ငါတို့ တပ်ဖွဲ့ရဲ့ အကြောင်းကို မင်းဘာလို့ အရင်နားမထောင်ရမှာလဲ”
သူမက ပြုံးရင်းနဲ့ ဆက်ပြောလိုက်သည်။
ရှကျိုးယွီသာ ရှိနေမယ်ဆိုရင် သူမရဲ့ အလျော့မပေးတဲ့ အရည်အချင်းကို လေးစားသွားလောက်၏။
လီယုဟန်က ဘယ်တော့မှ သူမရဲ့ တာဝန်ကို အဆုံးရှုံးမခံတဲ့ သူစားမျိုး ဖြစ်လေသည်။