တာဝန်ခံ၏အံ့အားသင့်မှု
Vol. 7 Ch. 95
လျိုမြို့၏လမ်းများပေါ်တွင် ယခင်ကထက် များစွာပို၍ ခြောက်ကပ်နေသည်။
ကျွယ်မင်ခန်းမဆောင်၏စီးပွားရေးလည်း ထိုးကျသွားပေ၏။
"တာဝန်ခံကျန်း.... မကြာသေးခင်က စပြီးတော့ စီးပွားရေးက တော်တော်ဆိုးလာတယ်... ချင်းမိသားစုက အဲ့ဒီကောင်လေးသာ မရှိရင် ကျွန်မတို့က ပင်မဌာနချုပ်ဆီက ထောက်ပံ့ငွေ တောင်းရလိမ့်မယ်"
အစေခံမိန်းကလေးက ကောင်တာတွင် ထိုင်နေသော တာဝန်ခံကိုကြည့်ပြီး အပြုံးနှင့် ပြောဆိုသည်။
"ဟုတ်တယ်....ဒါဆိုရင် အရမ်း ဆိုးဝါးသွားလိမ့်မယ်"
တာဝန်ခံကျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ပြောဆိုသည်။
"ငါက ပိုပြီးစည်ကားတဲ့ မြို့တစ်မြို့ကို သွားရရင် ကောင်းမှာပဲ...ငါ့ရဲ့ သူငယ်ချင်းတွေလို နေချင်တယ်... သူတို့အားလုံးက အမြဲတမ်း တက်ကြွလန်းဆန်းနေကြတယ်...ငါကကျတော့ ဒီဆိုင်စုတ်ကို နေ့တိုင်း ထိုင်စောင့်နေရတယ်"
အစေခံမိန်းကလေးကလည်း ညည်းညူသည်။
"လျိုမြို့က ဒီလောက်ထိ စုတ်ပြတ်နေတာကို ပင်မဌာနချုပ်က ဘာလို့ ဒီမှာ ဆိုင်ခွဲလာဖွင့်မှန်း ကျွန်မ တကယ်ကို မသိတော့ဘူး"
"လျိုအာ...ပင်မဌာနချုပ်အကြောင်း မပြောရဘူး... ပင်မဌာနချုပ်ရဲ့ အတွေးအခေါ်က ငါတို့ ခန့်မှန်းနိုင်တာမျိုး မဟုတ်ဘူး....ငါတို့က အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နေသရွေ့ အဆင်ပြေတယ်....ဒါပေမဲ့ မင်း ဘာပြဿနာမှရှာဖို့ မစဥ်းစားနဲ့... ပင်မဌာနချုပ်ရဲ့အင်အား ငါတို့ စိတ်ကူးယဥ်နိုင်တာထက် ပိုပြီးကြီးမားတယ်"
တာဝန်ခံက အစေခံမိန်းကလေးသည် ပင်မဌာနချုပ်အဖွဲ့အစည်းအကြောင်းကို မလေးမစား ပြောနေသည်အား ကြားချိန်၌ ချက်ချင်းသတိပေးလိုက်သည်။
တာဝန်ခံကျန်း၏ တည်ကြည်လေးနက်သော စကားကို ကြားချိန်၌ အစေခံမိန်းကလေးက ထပ်ခါတလဲလဲ ကတိပေးလေသည်။
"လျိုအာက နောက်တစ်ခါ မပြောတော့ပါဘူး.."
"အင်း....မင်းဆီက ဒီစကားတွေက ပင်မဌာနချုပ်ကို ရောက်သွားရင် မကောင်းဘူး....ဒီနေရာက ဝေးလံတယ်ဆိုပြီးတော့ ပင်မဌာနချုပ်က စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူးလို့ မင်း မထင်နဲ့"
တာဝန်ခံကျန်းက စိတ်မအေးစွာဖြင့် သတိပေးလိုက်၏။
"တာဝန်ခံကျန်း... ကြည့်ပါအုံး...ချင်းမိသားစုက အဲ့ဒီကောင်လေး လာနေပြီ...ဒီတစ်ခါတော့ သူက အဲ့ဒီကောင်မလေးကို ခေါ်မလာဘူး"
အစေခံမိန်းကလေးက လမ်းပေါ်မှ ချင်းမင်ကို မြင်တွေ့ချိန်၌ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အမ်"
တာဝန်ခံကျန်းသည်လည်း လမ်းဘက်သို့ လှည့်ကြည့်လိုက်၏။
လျိုမြို့တစ်မြို့လုံးသည် အလွန်ပျင်းရိဖွယ်ကောင်းနေပြီး ချင်းမင်ကဲ့သို့ ဖောက်သည်တစ်ယောက်ကို ရခဲသောကြောင့် သူတို့ ပို၍အာရုံစိုက်မိသည်မှာ သဘာဝကျသည်။
ချင်းမင်သည် ကျွယ်မင်ခန်းမဆောင်ဆီသို့ လျှောက်လှမ်းလာပြီး ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။
"သခင်လေးချင်း...ဒီတစ်ခါက ဘာဝယ်မလို့လဲ"
အစေခံမိန်းကလေးက ရိုသေလေးစားစွာ မေးမြန်းလိုက်သည်။
ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းပြီး အနောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်၏။
"မင်း ငါနဲ့ လိုက်ခဲ့ပါ...လျိုအာ မင်းက ဆိုင်ကို စောင့်ရှောက်ထားလိုက်...အရေးပေါ် အခြေအနေရှိရင် ငါ့ကို ခေါ်လိုက်ပါ"
ထိုသို့ပြောဆိုပြီးနောက် တာဝန်ခံကျန်းက အနောက်မှ တံခါးငယ်လေးထံသို့ သွားလိုက်သည်။
ချင်းမင်လည်း နောက်မှ လိုက်ဝင်သွားသည်။
ဤတံခါးသည် အနည်းငယ်ကျဉ်းမြောင်းပြီး ချင်းမင်သည် သူ၏ခါးကိုကုန်း၍ ဝင်လိုက်ရသည်။ သို့ရာတွင် အခန်းအတွင်းသို့ ဝင်သွားပြီးနောက် မြင်တွေ့လိုက်ရသော မြင်ကွင်းက ချင်းမင်ကို အနည်းငယ် ကြက်သေသေသွားစေသည်။
အခန်း၏အတွင်းဘက်မှ အပြင်အဆင်သည် အပြင်ဘက်ထက် များစွာပို၍ ခမ်းနားထည်ဝါသည်။
စိမ်းပြာရောင် ပိုးကန့်လန့်ကာများ အနီရောင် စားပွဲ ကုလားထိုင်များ နှင့် လက်ရာမြောက်သော လက်ဖက်ရည်ခွက်များသည် ဤဆိုင်၏ ထူးခြားမှုကို ဖော်ပြနေပေ၏။
"မင်း သတိထားမိလား...ငါတို့ ကျွယ်မင်ခန်းမဆောင်က မင်းထင်ထားသလောက် မရိုးရှင်းဘူး"
တာဝန်ခံကျန်းက အပြုံးနှင့် ပြောဆိုသည်။
ချင်းမင်က ခေါင်းညိတ်လိုက်သည်။ သူ၏ယခင်ဘဝတွင် သိုင်းဧကရာဇ်တစ်ပါး မဟုတ်ခဲ့လျှင် တာဝန်ခံကျန်းနှင့် ယခင်တာဝန်ခံလီတို့ နှစ်ဦးလုံးသည် မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
မြို့တော်ဝန်နှင့် ချန်မိသားစုတို့သည် လျိုမြို့ရှိ ထောင့်တစ်နေရာတိုင်းကို အလွန်ရင်းနှီးကျွမ်းဝင်သည်ဟု ဆိုနိုင်သော်လည်း သူတို့သည် ကျွယ်မင်ခန်းမဆောင်၏ ထူးခြားချက်ကို သတိပြုမိမည်မဟုတ်ချေ။
ထိုသို့မဟုတ်ပါက သူတို့၏အကျင့်စရိုက်ဖြင့်ဆိုလျှင် သူတို့သည် ကျွယ်မင်ခန်းမဆောင်ကို စိတ်ကျေနပ်အောင်လုပ်ရန် အစွမ်းကုန်ကြိုးစားကြမည်မှာ သေချာပေါက်ပင်။
"မင်း ဒီကိစ္စကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့လဲဆိုတာ ငါ့ကို ပြောပြလို့ရမလား"
တာဝန်ခံက ပြောဆိုသည်။
ချင်းမင်က ခေါင်းခါပြပြီးနောက် တိုက်ရိုက် ပြောဆိုလိုက်၏။
"မင်းကို ပြောပြလို့ မရဘူး"
ချင်းမင်က သူ့ကို အဖြေပြောပြမည်ဟု စောင့်မျှော်နေသော တာဝန်ခံကျန်း ကြက်သေသေသွားသည်။ သူ သဘောကျနေသော လူငယ်လေးသည် ဤမျှထိ တည်ငြိမ်လိမ့်မည်ဟု သူ မျှော်လင့်မထားချေ။
တာဝန်ခံကျန်းက စဉ်းစားကြည့်လိုက်သည်။ သူ လူငယ်ဘဝတုန်းက သူ နည်းနည်းချမ်းသာလာလျှင် သို့မဟုတ် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလျှင် လောကကြီးတစ်ခုလုံးမှ သူ၏အရည်အချင်းကို သိစေချင်သဖြင့် ဖွင့်ဟပြောဆိုလိုခဲ့သည်။
သူသည် ချင်းမင်နှင့် လုံးလုံးလျားလျား မတူညီချေ။
တာဝန်ခံကျန်းသည် ချင်းမင်အကြောင်းကို ကောင်းစွာသိရှိထားပြီး သူသည် ချင်းမိသားစု၏သခင်လေးပင်။
ထိုသို့မဟုတ်ပါက ချင်းမင်သည် မွန်းစတားကြီးတစ်ယောက်က ဟန်ဆောင်နေခြင်းဖြစ်မည်ဟု သူ တွေးထင်မိပေမည်။
တံခါးဝက ဝင်လာကတည်းက တာဝန်ခံသည် ချင်းမင်ကို စောင့်ကြည့်နေခဲ့သည်။
သို့ရာတွင် သူ မျှော်လင့်ထားသော ချင်းမင်၏အံ့အားသင့်မှုသည် လုံးလုံးလျားလျား ထွက်ပေါ်မလာခဲ့ချေ။