အထွတ်အထိပ်အဆင့် မီးဝိညာဉ်အမြစ်
Vol. 7 Ch. 97
တာဝန်ခံကျန်းက ချင်းမင်ကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြောဆိုသည်။
"မင်းရဲ့ဆရာက မင်းကို တကယ်ချစ်တာပဲ..."
"ဘာလို့လဲဆိုတော့ ငါ့မှာ အရည်အချင်းကောင်းတွေ ရှိလို့ပဲ..."
ချင်းမင်က ပြုံးလိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် တကယ်ကြီး ယုံကြည်မှု ရှိတာပဲ... မင်းလို ယုံကြည်မှုရှိတဲ့ လူငယ်မျိုး တွေ့ရခဲတယ်..."
တာဝန်ခံကျန်းကလည်း ပြုံးလိုက်သည်။
'မင်းက ငါ့ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ ပြောချင်တာ မဟုတ်လား'
ချင်းမင်၏နှုတ်ခမ်း တွန့်ကွေးသွားပြီး ပြောဆိုလိုက်သည်။
"ငါက အထွတ်အထိပ်အဆင့် မီးဝိညာဥ်အမြစ် ပိုင်ရှင်ပဲ..."
တာဝန်ခံကျန်းသည် မြေပြင်ပေါ်တွင် ကျနေသော လက်ဖက်ရည်ခွက်ကို ကောက်ယူရန် ကြံရွယ်လိုက်သော်လည်း ချင်းမင်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင်...
သူသည် လက်ဖက်ရည်ခွက်ကို ဂရုမစိုက်နိုင်တော့ပေ။
"ချင်းမင်... မင်း ခုဏက ဘာပြောလိုက်တာလဲ..."
"ငါက အထွတ်အထပ်အဆင့် မီးဝိညာဉ်အမြစ် ပိုင်ရှင်လို့ ပြောတာပဲ..."
ချင်းမင်က ထပ်မံ၍ ပြောဆိုသည်။
တာဝန်ခံကျန်းသည် ဤစကားကို ကြားသည့်အချိန်တွင် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
"မင်းက တကယ့်ကို အထွတ်အထိပ်အဆင့် မီးဝိညာဉ်အမြစ် ပိုင်ရှင်လား..."
ချင်းမင်က ခေါင်းညိတ်ပြလိုက်ပြီး တာဝန်ခံကျန်းကို ကြည့်သော သူ၏မျက်လုံးများထဲတွင် မထီမဲ့မြင်အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤအကြည့်မှာ တာဝန်ခံကျန်းသည် လောကကြီးကို မမြင်ဖူးဘဲ အရာရာကို အထူးအဆန်းလုပ်နေသည်ဟု ဆိုလိုနေပုံရပေ၏။
တာဝန်ခံကျန်းက ပြောဆိုသည်။
"မင်းရဲ့ဆရာက မင်းအပေါ် ဒီလောက်ထိ ကောင်းနေတာ မဆန်းတော့ဘူး... ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးရောတွေနဲ့ သိုလှောင်လက်စွပ်ကို ပေးတဲ့အပြင် သူ ချင်းမိသားစုထဲကို ဝင်ရောက်လာတာက အံ့အားသင့်စရာ မရှိတော့ဘူး...ဒါက အထွတ်အထိပ်အဆင့် မီးဝိညာဉ်အမြစ် ရှိနေလို့ကိုး..."
ချင်းမင်သည် အထွတ်အထိပ်အဆင့် မီးဝိညာဉ်အမြစ်၏တန်ဖိုးကို သိရှိပြီးဖြစ်သည်။
အထွတ်အထိပ်အဆင့် မီးဝိညာဉ်အမြစ်သည် ဆေးပညာရှင်များ လိုချင်တပ်မက်မှုအရှိဆုံး ဝိညာဉ်အမြစ်ပင်။
ထိုအရာ၏ မီးတောက်များအပေါ် ထိန်းချုပ်နိုင်စွမ်းသည် တခြားဝိညာဉ်အမြစ် အမျိုးအစားများနှင့် နှိုင်းယှဉ်၍ မရချေ။
အထွတ်အထိပ် မီးတောက်ဝိညာဉ်အမြစ်ပိုင်ရှင်သည် ဆေးပညာကို စိတ်နှစ်ကာ သင်ယူသရွေ့ အနည်းဆုံးအနေဖြင့် မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်သည်ဟု ဆိုနိုင်ပေ၏။
သူ၏ နိုးထလာသော အရည်အချင်းများနှင့် သဘာဝလွန်စွမ်းအားများကို စိတ်ဝိညာဉ်ဆေးပင်အမြောက်အများဖြင့် ပြုစုပျိုးထောင်ပါက ဆေးဘုရင်အဆင့်သို့ပင် လွယ်ကူစွာ ရောက်ရှိနိုင်သည်။
ဆေးဘုရင်အဆင့်ထက် ကျော်လွန်ရန်မှာမူ ထိုပါရမီရှင်၏ နားလည်နိုင်စွမ်းနှင့် ဇွဲလုံ့လအပေါ်တွင် မူတည်နေသည်။
"ငါ ဒီတစ်ခေါက်လာတာက အပေးအယူတစ်ခု လုပ်ချင်လို့ပဲ..."
ချင်းမင်က ပြောဆိုသည်။
"မင်းက ဘာအပေးအယူလုပ်ချင်တာလဲ"
တာဝန်ခံကျန်းက မေးမြန်းသည်။
"ငါက ကျွယ်မင်ခန်းမဆောင်က ငါ့ကို ကူညီပြီးတော့ ချန်မိသားစု မြို့တော်ဝန်နဲ့ ဝမ်မိသားစုကို ဖျက်ဆီးစေချင်တယ်..."
ချင်းမင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
တာဝန်ခံကျန်းက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလေ၏။
"မင်းက အဆင့်သုံးဆေးလုံးတစ်လုံး ယူလာတာကို မပြောနဲ့... အဆင့်ငါး ပြီးပြည့်စုံခြင်း ဆေးလုံးတစ်လုံးကို ယူလာရင်တောင်... ကျွယ်မင်ခန်းမဆောင်က ဒီတိုက်ပွဲထဲကို ဝင်စွက်ဖက်လို့ မရဘူး...ဒါက ငါတို့ ကျွယ်မင်ခန်းမဆောင်ရဲ့ စည်းကမ်းပဲ..."
ချင်းမင်က အပြုံးနှင့် ဆက်လက်၍ ပြောဆိုသည်။
"ဒါက အမှန်ပဲ... မင်းတို့ရဲ့ စည်းကမ်းတွေကို ငါ သိထားပြီးသားပါ... ငါက မင်းတို့ ကျွယ်မင်ခန်းမဆောင်ကို မင်းတို့ကိုယ်တိုင် ဝင်ပြီးလှုပ်ရှားခိုင်းတာ မဟုတ်ဘူး... သတင်းစကားတစ်ခုကို ပို့ပေးရုံပါပဲ...သတင်းစကား ပို့ပေးတာကလည်း စည်းကမ်းချိုးဖောက်ရာ ရောက်နေသေးလား..."
တာဝန်ခံကျန်းက ချင်းမင်ကို အံ့အားတသင့် ကြည့်ရှုရင်း ပြောဆိုလိုက်သည်။
"ငါ မထင်ထားခဲ့ဘူး... မင်းက ကျွယ်မင်ခန်းမဆောင်အကြောင်းကို ဒီလောက်တောင် သိနေတာပဲ... ငါတို့ ဘာလုပ်လို့ရတယ်... ဘာလုပ်လို့ မရဘူးဆိုတာ မင်း သိနေတာပဲ..."
"ဒါပေါ့..."
ချင်းမင်က ယုံကြည်ချက်ရှိသောလေသံဖြင့် တုံ့ပြန်သည်။
"ငါက မသေချာတဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ဘူး...မင်းတို့ရဲ့စည်းကမ်းတွေကို မသိရင် ငါ ဒီနေရာကို လာမှာ မဟုတ်ဘူး..."
"ကောင်းပြီလေ... ဒါဆိုရင် မင်း ဘယ်လောက် ပေးချေနိုင်လဲ..."
တာဝန်ခံကျန်းက သဘောတူလိုက်သည်။
"ငါ ခုဏက မင်းကို ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံးငါးဆယ် ပေးလိုက်တယ်... ဒါက စရံငွေပဲ..... ဝမ်မိသားစု... မြို့တော်ဝင်နဲ့ ချန်မိသားစုတို့ ပျက်စီးသွားရင် ငါက နောက်ထပ် အလုံးငါးဆယ် ထပ်ပေးမယ်..."
"ဒါတွေအားလုံးက ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးတွေလား..."
တာဝန်ခံကျန်းက ဆေးလုံးများကို ချက်ချင်း စစ်ဆေးကြည့်ရှုလိုက်သည်။
စစ်ဆေးပြီးသည့်အချိန်တွင် ချင်းမင် ပြောသည့်အတိုင်း ဆေးလုံးအလုံးငါးဆယ်လုံးသည် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများ ဖြစ်နေသည်ကို သူ တွေ့ရှိမိသည်။
ဤသည်မှာ ဆေးလုံးတစ်လုံး မပိုသလို တစ်လုံးမှလည်း မလျော့ချေ။
"နောက်ထပ် အလုံးငါးဆယ်က... မင်း တကယ် ထပ်ပေးနိုင်လို့လား..."
တာဝန်ခံကျန်းက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"ဒါပေါ့... ငါ့ရဲ့ခေါင်းနဲ့ အာမခံတယ်..."
ချင်းမင်က ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"မင်းရဲ့ခေါင်းက တန်ဖိုးမရှိဘူး..."
တာဝန်ခံကျန်းက ပြောဆိုသည်။
"ဒါဆိုရင် အထွတ်အထိပ်အဆင့် မီးဝိညာဉ်အမြစ်ဆိုရင်ရော ဘယ်လိုသဘောရလဲ..."
ချင်းမင်က ပြုံးလိုက်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။
"ပြီးတော့... ငါ့မှာ ဆေးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်လည်း ရှိသေးတယ်..."
"ဆေးပညာရှင်... မင်းက ဆေးပညာရှင် ဖြစ်နေပြီလား..."
တာဝန်ခံကျန်း အံ့အားသင့်သွားသည်။
သူ ခံစားမိသည်မှာ ယခုနှစ်အတွင်း သူ အံ့အားသင့်ခဲ့ရသမျှသည် ယနေ့တစ်ရက်တည်း အံ့အားသင့်ရသလောက် မများနိုင်ဟု တွေးထင်မိလေ၏။
ဤချင်းမင်သည် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်သည်။ သူ့ထံ၌ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများအပြင် အထွတ်အထိပ်မီးဝိညာဥ်အမြစ်လည်း ရှိနေသည်။ ယခုချိန်၌ ချင်းမင်သည် ဆေးပညာရှင်အဖြစ်သို့ တက်လှမ်းပြီးပြီဟု သူ့ကို ပြောလာပြန်သည်။
ဆေးပညာရှင်တစ်ယောက်သည် ဆေးပညာလောက၏တံခါးဝသို့ ဝင်ရောက်ပြီဟု သတ်မှတ်နိုင်ပြီး ဆေးပညာအလုပ်သင်တစ်ယောက်နှင့် အနည်းငယ်မျှ နှိုင်းယှဉ်၍ မရတော့ပေ။
အထွတ်အထိပ်အဆင့် မီးဝိညာဥ်အမြစ်သည် ဆေးပညာအတွက် ဤမျှထိ အထောက်အကူ ပြုနိုင်သလော...