← Chapters

သဘောတူညီချက် ရရှိခြင်း

Vol. 7 Ch. 98

သဘောတူညီချက် ရရှိခြင်း

Vol. 7 Ch. 98

"ဒီလိုဆိုရင်တော့... မင်းကို တစ်ခါလောက် ငါယုံကြည်လိုက်မယ်..."

တာဝန်ခံကျန်းက ချင်းမင်ကို တဖန်ပြန်၍ ကြည့်ရှုရင်း ပြောဆိုလိုက်သည်။

"ဒါဆိုရင်တော့ တာဝန်ခံကျန်းရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်..."

ချင်းမင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုလိုက်သည်။

ချင်းမင်သည် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံးတစ်ရာ ချက်ချင်းထုတ်မပေးနိုင်ခြင်း မဟုတ်ချေ။

သူ့အတွက်မူ ချီစုစည်းခြင်းဆေးလုံး သန့်စင်ရန်အတွက် စိတ်ဝိညာဉ်ဆေးပင်များ ရှိနေသရွေ့ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများကို သူ ဆန္ဒရှိသလောက် ရနိုင်သည်။

သို့ရာတွင် ချင်းမင်သည် တာဝန်ခံကျန်းနှင့် မရင်းနှီးသေးသဖြင့် သူ့ကို အပြည့်အဝ မယုံကြည်နိုင်သေးသည်မှာ သိသာထင်ရှားပေ၏။

ချင်းမင်သည် ဤကျွယ်မင်ခန်းမဆောင်ကဲ့သို့ အင်အားစုကြီးကိုမူ ယုံကြည်သည်။ ဤမျှထိ ကြီးမားသော အင်အားစုတစ်ခုသည် သူ၏ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အနည်းငယ်အပေါ် လောဘတက်မည် မဟုတ်ကြောင်းကိုလည်း သူ သိရှိထားသည်။

ဤကဲ့သို့ အင်အားစုမျိုးသည် ယုံကြည်မှုကို အလွန်အလေးထားပြီး ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အနည်းငယ်အတွက် ကျွယ်မင်ခန်းမဆောင်၏စည်းမျဉ်းများကို ချိုးဖောက်လိမ့်မည် မဟုတ်ချေ။

သို့ရာတွင် ချင်းမင်သည် တာဝန်ခံကျန်းကိုမူ မယုံကြည်ချေ။

မည်သို့ပင်ဆိုစေကာမူ လူတိုင်းတွင် လောဘ ရှိကြသည်။ အကယ်၍ တာဝန်ခံကျန်းသည် ကျွယ်မင်ခန်းမဆောင်၏ အကျိုးစီးပွားကို မကြည့်ဘဲ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများကို သူကိုယ်တိုင် သိမ်းပိုက်လိုက်ပါက အခြေအနေ ဆိုးရွားသွားနိုင်သည်။

သူသည် ဤဆေးလုံးများအတွက် စိတ်မပူသော်လည်း မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူများကို မဖိတ်ခေါ်နိုင်ခဲ့လျှင် ချင်းမိသားစု ဒုက္ခရောက်သွားပေမည်။

"ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးတစ်ရာကို မင်းက ဘယ်လိုမျိုး အသုံးပြုချင်တာလဲ..."

တာဝန်ခံကျန်းက မေးမြန်းသည်။

ချင်းမင်က အပြုံးနှင့် တုံ့ပြန်အဖြေပေးလိုက်သည်။

"ငါက လျိုမြို့ကနေ ချန်မိသားစု မြို့တော်ဝန်နဲ့ ဝမ်မိသားစုတို့ကို ပျောက်ကွယ်သွားစေချင်တယ်..."

ချင်းမင် စကားပြောသော လေသံသည် တည်ငြိမ်အေးဆေးသော်လည်း ထွက်ပေါ်လာသော အကြောင်းအရာမှာမူ လူပေါင်းတစ်ထောင်ကျော်၏အသက်နှင့် သက်ဆိုင်နေသည်။

ချင်းမင်၏မျက်လုံးထဲတွင် ဤအသက်များသည် ပုရွက်ဆိတ်များသဖွယ် ဖြစ်နေသည့်အလားပင်။

တာဝန်ခံကျန်းသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ကျင့်ကြံခြင်းလောကမှ အငြင်းပွားမှုများကို မြင်တွေ့နေကျဖြစ်သည်။

သို့ရာတွင် လူငယ်တစ်ယောက်မှ ဤကဲ့သို့ စကားများကို တည်ငြိမ်စွာပြောနိုင်ခြင်းသည် သူ့ကို အံ့အားမသင့်စေဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။

တာဝန်ခံကျန်းက ပြောဆိုသည်။

"ချန်မိသားစုရော ဝမ်မိသားစုရော သေလို့ရတယ်... ဒါပေမဲ့ မြို့တော်ဝန်ကတော့ သေလို့မဖြစ်ဘူး..."

ချင်းမင်က အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် မြို့တော်ဝန်သည် နန်းတွင်းမှခန့်အပ်ထားသော အရာရှိတစ်ယောက်ဖြစ်ကြောင်း အမှတ်ရသွားသည်။ အကယ်၍ သူ့ကို ဤကဲ့သို့ သတ်ဖြတ်လိုက်ပါက တော်ဝင်မိသားစုကို မျက်နှာသာမပေးရာ ရောက်ပေမည်။

ထို့ကြောင့် မြို့တော်ဝန်အား သတ်ဖြတ်၍ မဖြစ်ချေ။

"ဒီလိုဆိုရင်တော့... မဟာသိုင်းဆရာကြီး ဆယ်ယောက်ကို စေလွှတ်လိုက်ပြီးတော့ ငါ့ရဲ့အမိန့်ကို နာခံခိုင်းလိုက်ပါ... ဒါဆိုရင် မင်းတို့ ကျွယ်မင်ခန်းမဆောင်ကို ဒီကိစ္စထဲကနေ ဖယ်ထုတ်ထားသလို ဖြစ်သွားမှာပါ..."

ချင်းမင်က ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။

တာဝန်ခံကျန်းသည် ချင်းမင် မြို့တော်ဝန်ကို သတ်မည်ကို စိုးရိမ်ရခြင်း အကြောင်းအရင်းမှာ ကျွယ်မင်ခန်းမဆောင်နှင့် တော်ဝင်မိသားစုကြားတွင် ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ပင်။

ကျွယ်မင်ခန်းမဆောင်နှင့် မသက်ဆိုင်သရွေ့ မည်ကဲ့သို့ ရလဒ်မျိုး ဖြစ်လာပါစေ အရေးမကြီးသည့်အပြင် တာဝန်ခံကျန်းသည်လည်း စိုးရိမ်ရန် မလိုအပ်ချေ။

ချင်းမင်၏စကားကို ကြားသည့်အချိန်တွင် တာဝန်ခံကျန်းက မေးမြန်းလိုက်သည်။

"မင်းက အမိန့်ပေးမယ်... မင်းက သာမန်ကျင့်ကြံသူလေး တစ်ယောက်ပဲ... မင်းက အမိန့်ပေးလို့ ရပါ့မလား..."

"ဘာလို့ အမိန့်ပေးလို့ မရရမှာလဲ... ငါက အလုပ်ရှင်လေ... ပြီးတော့ ငါ မပေးရသေးတဲ့ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးတွေလည်း ရှိသေးတယ်...မဟာသိုင်းဆရာကြီးအဆင့်မှာရှိတဲ့ ကြေးစားတွေက ငါ့ရဲ့စကားကို နားမထောင်ရင် ငါက ဆေးလုံးတွေ မပေးရုံပဲ....တကယ်လို့ သူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ငါက နောက်ထပ်ဆုလာဘ်တွေ ထပ်ပေးမယ်..."

ချင်းမင်က ရက်ရက်ရောရော ကမ်းလှမ်းလိုက်သည်။

တာဝန်ခံကျန်းက အပြုံးနှင့် ပြောဆိုလိုက်၏။

"ကောင်းပြီလေ... မင်းမှာ ဒီလောက်ထိ ယုံကြည်မှု ရှိနေမှတော့... ငါကလည်း စည်းကမ်းအတိုင်း လိုက်နာရမှာပေါ့... တစ်ခုခု ဖြစ်လာရင်တော့ မင်းကိုယ်တိုင် တာဝန်ယူရလိမ့်မယ်...စည်းကမ်းတွေအရ... ဒီတစ်ခေါက် ငါတို့ ကျွယ်မင်ခန်းမဆောင်က သတင်းပို့တဲ့ အလုပ်တစ်ခုပဲ လုပ်တာ... ဒါကြောင့် ဆုလာဘ်ရဲ့ဆယ်ပုံတစ်ပုံပဲ ယူမယ်...ဒါက ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး ဆယ်လုံးပဲ... ငါတို့က အခု ငါးလုံးကို ယူထားလိုက်မယ်... မင်းရဲ့ ကျန်တဲ့ချီစုစည်းခြင်းဆေးလုံး လေးဆယ့်ငါးလုံးကို... ငါတို့က တာဝန်တွေခွဲဝေပေးဖို့ အသုံးပြုမယ်..."

"ဒါ့ပြင်... တာဝန် ပြီးသွားတဲ့အချိန်မှာ... မင်းက ကျန်တဲ့ဆေးလုံးတွေ ထပ်ထုတ်ပေးရမယ်... ဘာလို့လဲဆိုတော့ ငါ့ရဲ့တာဝန်ထဲမှာ မဟာဆေးဆရာကြီးတစ်ယောက်က အာမခံထားတယ်လို့ ထည့်ရေးထားမှာမလို့ပဲ... တကယ်လို့ ကျန်တဲ့ဆေးလုံးတွေကို မင်း ထုတ်မပေးနိုင်ဘူးဆိုရင်...ငါတို့ ကျွယ်မင်ခန်းမဆောင်က မင်းရဲ့ အသက်ကို ယူရလိမ့်မယ်..."

"ကောင်းပြီလေ.."

ချင်းမင်က တာဝန်ခံကျန်း၏စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူသည် ဤစည်းကမ်းများကို ယခင်ကတည်းက သိရှိပြီး ဖြစ်သဖြင့် ယခုချိန်၌ တာဝန်ခံကျန်း၏မိတ်ဆက်စကားကို နားထောင်နေရသော်လည်း သူ အနည်းငယ်မျှ စိတ်မပူချေ။

"ဒီလိုဆိုရင်... ငါ တာဝန်ကို ပို့လိုက်တော့မယ်..."

ချင်းမင်၏သဘောတူညီချက် ရရှိပြီးနောက် တာဝန်ခံကျန်းသည် ပုလွေငယ်တစ်ခုကို ထုတ်ယူကာ ညင်သာစွာ မှုတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင်..

ကျွယ်မင်ခန်းမဆောင်၏အပြင်ဘက်မှ ငှက်သံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် အခန်း၏ ထိပ်ပိုင်းရှိ လျှို့ဝှက်တံခါးမှတစ်ဆင့် သားရဲတစ်ကောင် အလျင်အမြန် ဝင်ရောက်လာသည်။

All Chapters