← Chapters

ချင်းမိသားစု၏ လှုပ်ရှားမှုများ

Vol. 7 Ch. 99

ချင်းမိသားစု၏ လှုပ်ရှားမှုများ

Vol. 7 Ch. 99

အခန်းအတွင်းတွင် မီးခိုးရောင်မိုးဆွေငှက်တစ်ကောင် ထွက်ပေါ်လာသည်။

မိုးဆွေငှက်သည် အဆင့်နှစ်သားရဲအမျိုးအစားဖြစ်ပြီး ပင်ကိုယ်သဘာဝအရ လူကြောက်တတ်ကာ အလွန်လျင်မြန်သည်။ လူများသည် ထိုသားရဲကို သတင်းပို့သည့် သားရဲအဖြစ် လေ့ကျင့်ပေးလေ့ရှိသည်။

ထို့ပြင် နတ်ဆိုးသားရဲများ၏ မတည်ငြိမ်သော စိတ်နေသဘောထားကြောင့် သဘာဝအတိုင်း ရိုင်းစိုင်းကာ လေ့ကျင့်ပေးရန် ခက်ခဲသည်။ အသားမစားသော အပင်စား နတ်ဆိုးသားရဲ ဖြစ်သည့် မိုးဆွေငှက်ပင် ဖြစ်လင့်ကစား လေ့ကျင့်ပေးရန် ခက်ခဲလှ၏။

ထို့ကြောင့် မိုးဆွေငှက်၏ဈေးနှုန်းသည် မြင့်မားပြီး လေ့ကျင့်ပေးထားသော မိုးဆွေငှက်မှာမူ ပို၍ပင် ဈေးနှုန်းမြင့်မားသည်။

ဤမိုးဆွေငှက်ကို မြင်လိုက်ရသည့်အချိန်တွင် ချင်းမင်သည် သူ ခန့်မှန်းထားသည့်အတိုင်း ကျွယ်မင်ခန်းမဆောင်၏အင်အားသည် ရှားအင်ပါယာတခွင်လုံးတွင် ပျံ့နှံ့နေသည်ကို သိလိုက်ရသည်။

တာဝန်ခံကျန်းသည် စုတ်တံနှင့်စက္ကူကို ထုတ်ယူကာ စတင်၍ရေးသားလိုက်သည်။ အချိန်တခဏအကြာတွင် သူ ရေးသားပြီးစီးသွားသည်။ ထို့နောက် သူသည် ဝါးပြွန်ငယ်တစ်ခုကို ထုတ်ယူကာ မှတ်စုစာရွက်ကို ထည့်လိုက်၏။

"ပျံသန်းသွားတော့..."

ဤသို့ ပြောဆိုပြီးနောက် တာဝန်ခံကျန်းသည် မိုးဆွေငှက်၏ခေါင်းကို ပုတ်လိုက်ပြီး အစာတချို့ ကျွေးလိုက်သည်။ မိုးတွေငှက်သည် အိမ်ခေါင်မိုးပေါ်မှ ပွင့်လာသော တံခါးငယ်လေးမှတဆင့် ပျံသန်းထွက်ခွာသွားတော့သည်။

"ဒါကို ငါက အထူးသင်္ကေတနဲ့ ရေးလိုက်တာ... ပြီးတော့ ဒီနေရာက ချန်ယန်မြို့နဲ့လည်း အရမ်းနီးတယ်... မင်း ဘာမှစိတ်မပူနဲ့... ဘာအမှားအယွင်းမှ ရှိမှာမဟုတ်ဘူး..."

တာဝန်ခံကျန်းက ချင်းမင်၏ပခုံးကိုပုတ်ပြီး ပြောဆိုလိုက်သည်။

ချင်းမင်က ဤမိုးဆွေငှက်အမျိုးအစားကို သိရှိထားပြီး ထိုသားရဲသည် အလွန်လျင်မြန်စွာ ပျံသန်းနိုင်ကြောင်း သိထားသဖြင့် လမ်းခရီးတွင် အမှားအယွင်းဖြစ်မည်ကို အနည်းငယ်မျှရစိတ်မပူချေ။

သူ၏ဈေးနှုန်းသတ်မှတ်ချက်အပြင် တာဝန်၏ အခက်အခဲနည်းပါးမှုတို့ကြောင့် မကြာမီမှာပင် လုံလောက်သော သိုင်းဆရာကြီးများကို စုဆောင်းနိုင်မည်မှာ သေချာပေ၏။

မဟာသိုင်းဆရာကြီးများ၏အရှိန်နှုန်းသည် အလွန်လျင်မြန်ပြီး အစွမ်းကုန်သုံး၍ အမြန်ဆုံး လာပါက နှစ်နာရီခန့်သာ ကြာမြင့်မည်ဟု ခန့်မှန်းရသည်။

နှစ်နာရီအတွင်း ဝမ်မိသားစုနှင့်ချန်မိသားစုတို့သည် မည်သို့မျှ အဆင်သင့်မဖြစ်နိုင်ချေ။

"ဒါဆိုရင် ငါ ချင်းအိမ်တော်ကို အရင် ပြန်နှင့်တော့မယ်... သူတို့ ရောက်လာတဲ့အချိန်ကျရင် မင်းက သူတို့ကို ချင်းအိမ်တော်ဆီ တိုက်ရိုက်လာရှာဖို့ ပြောလိုက်ပါ..."

ချင်းမင်သည် နောက်ဆုံးလက်ကျန်လက်ဖက်ရည်အနည်းငယ်ကို သောက်လိုက်ပြီး မတ်တတ်ထရပ်ကာ ထွက်ခွာသွားသည်။

ချင်းမင်၏ကျောပြင်ကို ကြည့်ရင်း တာဝန်ခံကျန်းသည် အတွေးများနေပေ၏။

လောကကြီးတွင် သူရဲကောင်းအမြောက်အများရှိသော်လည်း ချင်းမင်သည် လူငယ်တစ်ယောက်သာဖြစ်သည်။

အကယ်၍ ချင်းမင်သာ မတော်တဆ သေဆုံးမသွားခဲ့လျှင် ဤကုန်းမြေပေါ်တွင် အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လာနိုင်ခြေရှိသည်။

ထို့ကြောင့် တာဝန်ခံကျန်းသည် ချင်းမင်နှင့် မိတ်ဖွဲ့ရန် စဉ်းစားမိလေ၏။

ချင်းမင် ထုတ်ယူလာသော အဖိုးတန်ဆေးလုံးများကို ကြည့်ရှုပြီးနောက် တာဝန်ခံကျန်းသည် ချင်းမင်အပေါ် ပို၍အကောင်းမြင်လာသည်။

ချင်းမင်ထံတွင် အလွန်အစွမ်းထက်သော အရည်အချင်းအပြင် စိတ်ဓာတ်ပြတ်သားမှု အမြင်အာရုံထက်ရှမှုတို့ ပေါင်းစပ်ထားသဖြင့် မတော်တဆမှုများ မရှိသရွေ့ ချင်းမင်သည် နောင်အနာဂတ်တွင် အောင်မြင်လာမည်မှာ သေချာပေါက်ပင်။

မည်မျှအထိ ရောက်နိုင်မည် ဆိုသည်မှာမူ ချင်းမင်၏ကံကြမ္မာအပေါ် မူတည်နေသည်။

ချင်းမင်သည် ထွက်ခွာသွားပြီးနောက် တစ်နာရီအကြာတွင် သူ ချင်းအိမ်တော်သို့ ပြန်ရောက်လာသည်။ သို့ရာတွင် ချင်းအိမ်တော်တွင် လောကကြီးတခွင်လုံး လှုပ်ခတ်သွားသည့်အလား ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

ချင်းအိမ်တော်တွင် ယခင်ကကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံများ မရှိတော့သည့်အပြင် ခေါက်တုံ့ခေါက်ပြန်ပြေးလွှားနေသော အစေခံများလည်း မရှိတော့ဘဲ ဆူညံသံများသာ ထွက်ပေါ်နေသည်။

ဤဆူညံသံများအနက် ဝမ်းနည်းမှုအနည်းငယ် ရောယှက်နေပေ၏။

"အစ်ကို... ဘယ်တွေ သွားနေတာလဲ... ပစ္စည်းတွေလည်း မသိမ်းရသေးဘူး... မြန်မြန်လုပ်... ငါတို့ မကြာခင် ပြောင်းရတော့မယ်..."

ချင်းချင်းသည် ချင်းအိမ်တော်၏တံခါးဝတွင် ထွက်ပေါ်လာသော ချင်းမင်ကို မြင်လိုက်ရသည့်အချိန်တွင် စိတ်မထိန်းနိုင်တော့ဘဲ ပြောဆိုလိုက်သည်။

ချင်းမင်သည် သူ၏ညီမလေးကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ချေ။

ချင်းမိသားစုသည် လျိုမြို့မှ မောင်းထုတ်ခံခဲ့ရသည်အား သူမ မသိသေးဟု သူ တွေးထင်မိသည်။ အကယ်၍ ချင်းမိသားစုသာ လျိုမြို့မှ အမှန်တကယ် ပြောင်းရွှေ့သွားပါက သူမ၏အနာဂတ်လမ်းခရီးသည် ပို၍ပင် ခက်ခဲကြမ်းတမ်းသွားပေလိမ့်မည်။

"ကောင်းပြီလေ... ငါ အခုသွားသိမ်းလိုက်မယ်... ညီမလေးလည်း မြန်မြန်သိမ်းတော့... ခဏနေကျရင် ငါက ညီမလေးအတွက် ဆေးသကြားလုံး လုပ်ပေးမယ်..."

ချင်းမင်သည် သူ့ညီမလေး၏ ခေါင်းငယ်လေးကို ပွတ်သပ်ရင်း ညင်သာစွာ ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ အများကြီး လုပ်ပေးရမယ်... အစ်ကို ကျွန်မ အမြဲတမ်း စားလို့ရတဲ့ဟာမျိုး လုပ်နော်... တစ်နေ့ တစ်လုံးပဲ စားရတဲ့ဟာမျိုး မလုပ်နဲ့..."

ချင်းချင်းသည် သူမ၏သွားစွယ်ငယ်လေး နှစ်ချောင်း ပေါ်လွင်လာသည်အထိ ပြုံးရယ်ရင်း ဝမ်းသာပျော်ရွှင်စွာ ပြောဆိုလိုက်သည်။

"ကောင်းပါပြီ..."

ချင်းမင်က တုံ့ပြန်အဖြေပေးသည်။

"ငါက အဖေနဲ့ ဆွေးနွေးစရာ ကိစ္စလေး ရှိသေးတယ်... ဆွေးနွေးပြီးသွားရင် ညီမလေးအတွက် သကြားလုံး သန့်စင်ပေးလို့ ရမလား..."

"သွား... သွား..."

ချင်းချင်းက စိတ်မရှည်စွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းပြရင်း ပြောဆိုလိုက်၏။

သူမတွင် သိမ်းဆည်းစရာ ပစ္စည်းများစွာ ရှိနေသေးသည်။ ယခု ချင်းမင် ထွက်သွားပြီ ဖြစ်သဖြင့် သူမသည် ပစ္စည်းများကို လျင်မြန်စွာ သိမ်းဆည်းနိုင်ပြီးနောက် အစ်ကိုဖြစ်သူ သကြားလုံး ပြုလုပ်သည်ကို အာရုံစိုက်ကာ ကြည့်ရှုနိုင်ပေမည်။

ချင်းမင်က ခေါင်းခါလိုက်ပြီး စည်းဝေးခန်းမဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလိုက်သည်။

All Chapters