ဖခင်ထံ အစီရင်ခံခြင်း
Vol. 7 Ch. 100
"အဖေ... ကျွန်တော် ညှိနှိုင်းပြီးပါပြီ..."
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
သူသည် ဆေးနတ်ဘုရားတစ်ပါး ဖြစ်ပြီး သူ၏ ယခင်ဘဝ ခွန်အားသည် သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သဖြင့် ဤအရာများကို သူ အနည်းငယ်မျှ ဂရုမစိုက်ချေ။
သို့ရာတွင် ချင်းယွမ်မှာမူ မတူညီချေ။ သူသည် ချင်းမိသားစုတစ်စုလုံးကို သူ၏အသက်သွေးကြောကဲ့သို့ သဘောထားသည်။ ချင်းမင်၏စကားကို ကြားလိုက်ရသည့်အချိန်တွင် သူ အလွန်အမင်း ဝမ်းမြောက်သွားပေ၏။
"ကောင်းလိုက်တာ... ဒါဆို ငါတို့ ပြောင်းစရာ မလိုတော့ဘူးပေါ့..."
ချင်းယွမ် အလွန်ပျော်ရွှင်သွားသည်။
"ဒါပဲလား..."
ချင်းမင်က လျှို့ဝှက်စွာ ပြုံးလိုက်သည်။
"ဒါက ဖြစ်နေမလား..."
ချင်းယွမ်က ချင်းမင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"ကျွန်တော်က မဟာသိုင်းဆရာကြီးဆယ်ယောက်ကို ဖိတ်ခေါ်ခဲ့ပြီးပြီ... ဒီကျင့်ကြံသူတွေအများကြီးကို ဖိတ်ခေါ်ထားမှတော့ ကာကွယ်ဖို့တစ်ခုတည်း မဟုတ်ဘူး... ဒီအခွင့်အရေးကို အသုံးချပြီး သူတို့အားလုံးကို သတ်ပစ်မယ်..."
ချင်းမင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း ချင်းယွမ်ကမူ စိတ်အားထက်သန်မှု အပြည့် ဖြစ်နေသည်။
အကယ်၍ ဤလူများအားလုံးကို တစ်ချက်တည်းဖြင့် အမြစ်ပြတ်သုတ်သင်နိုင်ခဲ့လျှင် သူတို့၏ချင်းမိသားစုသည် လျိုမြို့၏ အရှင်သခင် ဖြစ်လာပေလိမ့်မည်။
သူ့ ချင်းယွမ်သည် လျိုမြို့တွင် တစ်ဦးတည်းသော အရှင်သခင် မဟုတ်လျှင်ပင် အိုးယန်မိသားစု၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ပေမည်။ ဤအတွေးမျိုးသည် ယခင်က ချင်းယွမ်၏အိပ်မက်ထဲတွင်သာ ထွက်ပေါ်လာခဲ့ဖူးသည်။
ယခုချိန်၌ သူ၏သားဖြစ်သူသည် သူ၏အိမ်မက်များ အမှန်တကယ် ဖြစ်လာတော့မည်ဟု ရုတ်တရက် ပြောလာသည့်အချိန်တွင် ချင်းယွမ်သည် အစစ်အမှန်မဟုတ်ဟု ခံစားနေရသည်။
ဖခင်ဖြစ်သူ၏ စိတ်လှုပ်ရှားမှုကို မြင်တွေ့ရသည့်အချိန်တွင် ချင်းမင် အနည်းငယ် ရယ်ချင်စိတ်ပေါက်သွားသည်။
သူ၏ဖခင်သည် ယခင်အတိုင်း ရှိနေဆဲပင်။ သူသည် အာဏာကို စွဲလမ်းသူတစ်ဦး ဖြစ်ပေ၏။ လျိုမြို့၏အရှင်သခင် ဖြစ်မလာလျှင်ပင် မည်သည်ကြောင့် သူ အရေးစိုက်ရမည်နည်း။
သူ စိတ်လှုပ်ရှားရန် အကြောင်းမရှိချေ။ အကယ်၍ သူ၏ဖခင်သည် သိုင်းဘုရင်တစ်ယောက် ဖြစ်လာပါက ဤလျိုမြို့ကဲ့သို့ မြို့ငယ်လေးများကို ဆန္ဒရှိသရွေ့ရနိုင်ပြီး တခြား အင်အားစုများကလည်း ဆက်သရန် လိုလားကြပေလိမ့်မည်။
"အဖေ... စွမ်းအားကသာ ထိပ်သီးဦးစားပေး ဖြစ်သင့်တယ်..."
ချင်းမင်က တိုက်တွန်းလိုက်သည်။
ချင်းယွမ်သည်လည်း အသိဝင်လာပြီး သူ၏ မျက်နှာသည် နီမြန်းနေဆဲပင်။ ချင်းမင်၏ရှေ့တွင် ဤကဲ့သို့ အမူအယာမျိုးကို ပြသမိသဖြင့် သူ အနည်းငယ် ရှက်ရွံ့မိသကဲ့သို့ ခံစားလိုက်ရသည်။
အဆုံးသတ်တွင် သူသည် အိမ်တော်သခင်ပီသစွာဖြင့် ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဒါဆိုရင်တော့... ငါတို့က သူတို့အားလုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်ကြတာပေါ့... ချန်မိသားစုက ငါတို့ကို အနိုင်ကျင့်လာတာ ကြာပြီ... အခုက သူတို့ကို ပြန်ပေးဆပ်ခိုင်းရမယ့် အချိန်ပဲ..."
ချင်းယွမ်သည် အေးစက်သော မျက်လုံးများဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"အမှန်ပဲ... တစ်ယောက်မှ အသက်ရှင်ခွင့် မရစေရဘူး... ချန်မိသားစုကတော့ သေကို သေရမယ်..."
'မင်းတို့က ငါ့ကို ဆေးလုံးတိုက်ပွဲ ဆင်နွှဲခိုင်းရဲတယ်... ငါ့ရဲ့ညီမကို ရိုက်ရဲတယ်... မင်းတို့က သေသင့်နေတာ ကြာပြီ..."
ချင်းချင်းကို ချန်မိသားစု၏သခင်မလေးမှ ပါးရိုက်ခဲ့သည်ကို သူ အမှတ်ရနေဆဲပင်။ ချင်းမင်သည် ထိုပါးရိုက်ချက်အတွက် ပြန်လည်တုံ့ပြန်ခဲ့ပြီး ဖြစ်သော်လည်း...
ချန်သခင်မလေး၏မျက်နှာသည် သူ၏ညီမလေးနှင့် နှိုင်းယှဉ်၍ ရနိုင်ပါမည်လော....
သူမသည် သူ၏ညီမလေးကို ရိုက်ရဲသည့်အတွက် ချင်းမင်သည် သူတို့မိသားစုတစ်ခုလုံးကို သူမနှင့်အတူ မြှုပ်နှံပစ်ရန် လိုလားနေသည်။
ချန်မိသားစုငယ်လေးတစ်စုမှ သူ၏ညီမလေးကို အနိုင်ကျင့်ရဲသည်အား မဆိုထားနှင့် ရှားအင်ပါယာ၏တော်ဝင်မိသားစုပင်လျှင် သူ၏ ညီမလေးကို အနိုင်ကျင့်ရဲပါက ချင်းမင်သည် အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
ဤသို့ တွေးမိသည့်အချိန်တွင် သူသည် သူ မားမားမတ်မတ်ရပ်တည်နိုင်ရန်အတွက် သြဇာအာဏာလွှမ်းမိုးမှုကို ထူထောင်ရန် ထပ်မံ၍ စဉ်းစားလိုက်မိသည်။
အကယ်၍ ချင်းမိသားစုကို အားကိုးလိုလျှင် အချိန်တိုအတွင်း အားကိုး၍ မရနိုင်ဟု သူ ခန့်မှန်းမိသည်။
ချင်းမိသားစု၏ ခွန်အားတိုးတက်မှုသည် အလွန် နှေးကွေးပြီး ချင်းမိသားစုဝင်များအားလုံးသည် သာမန်သိုင်းစစ်သည်တော်များ ဖြစ်ကြသဖြင့် သူ၏စိတ်ထဲမှ ကျင့်ကြံသူများ၏လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ချေ။
"ငါ့ရဲ့ ကိုယ်ပိုင်အင်အားစု ထူထောင်တာကို နှောင့်နှေးလို့ မဖြစ်တော့ဘူး... ချင်းမိသားစုက ဒီအကျပ်အတည်းကို ကျော်လွှားပြီးတဲ့အချိန်မှာ... ငါက ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းဖို့ လိုအပ်လာပြီ..."
ချင်းမင်က တွေးတောလိုက်သည်။ အကယ်၍ သူ့ထံတွင် သိုင်းဆရာကြီးများ ရှိနေခဲ့ပါက ကျွယ်မင်ခန်းမဆောင်ကို အကူအညီတောင်းရန် လိုအပ်မည်မဟုတ်ချေ။
တခြားကြေးစားကျင့်ကြံသူများကို လှုပ်ရှားခိုင်းခြင်းသည် သူကိုယ်တိုင် လေ့ကျင့်ပေးထားသော ကျင့်ကြံသူများ ရှိနေခြင်းလောက် မကောင်းပေ။
ထို့ပြင် ထိုပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများသည် အလွန်တန်ဖိုးကြီးမားသဖြင့် အပြင်လူများကိုပေးသည်ထက် သူ၏လက်အောက်ငယ်သားများကို တိုက်ရိုက်လေ့ကျင့်ပေးခြင်းက ပို၍ကောင်းမွန်ပေမည်။
ချင်းမိသားစုသည် ထိုကဲ့သို့အင်အားစုမျိုးအတွက် အလွန်ကောင်းသော အရင်းအမြစ်များ ထုတ်မပေးနိုင်ချေ။ သို့ရာတွင် သူ ဖွဲ့စည်းမည့် အင်အားစုသည် ပြီးပြည့်စုံခြင်းအဆင့်ရှိသော ဆေးလုံးများကို စိတ်ကြိုက်အသုံးပြုနိုင်ပေမည်။
အကယ်၍ ပြီးပြည့်စုံခြင်းအဆင့်တွင်ရှိသော ဆေးလုံးများအားလုံးကို ကျင့်ကြံရာတွင် အသုံးပြုပါက သူတို့၏ခွန်အားသည် အထက်သို့ တဟုန်ထိုး မြင့်တက်မလာဘဲ နေမည်လော...
"အဖေ... ဘာကိစ္စမှ မရှိတော့ဘူးဆိုရင်... ကျွန်တော် ပြန်တော့မယ်... ကျွန်တော် ဆေးလုံး သန့်စင်ရအုံးမယ်..."
ချင်းမင်သည် သူ၏ဖခင်ကိုကြည့်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အရိုအသေပြုရင်း ပြောဆိုလိုက်သည်။
ချင်းမင်သည် မိသားစုအတွက် အန္တရာယ်ကို အလွန်စိုးရိမ်ပူပန်ခြင်း မရှိသည်အား တွေ့ရသည့်အချိန်တွင် ချင်းယွမ်သည် ခေါင်းခါမိရုံမှတစ်ပါး တခြားမတတ်နိုင်တော့ချေ။
"သွားတော့... ရောက်လာမယ့် ကြေးစားကျင့်ကြံသူတွေကို ကြိုဆိုဖို့ မမေ့နဲ့..."
"သိပါပြီ..."
ချင်းမင်က နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။