လျိုမြို့မှ အပြောင်းအလဲများ
Vol. 7 Ch. 101
လူငယ်များအတွင်း၌ သူရဲကောင်းများ ပေါ်ထွန်းလာသည်မှာ အမှန်ပင်။ ထွက်ခွာသွားသော ချင်းမင်ကို မြင်လျှင် ချင်းယွမ်သည် သူ့ကိုယ်သူ အိုမင်းသွားသည်ဟု မခံစားဘဲ မနေနိုင်တော့ချေ။
သူသည် ဤအကျပ်အတည်းကို အလွန်အလေးအနက် ထားသော်လည်း ချင်းမင်ကမူ ဂရုမစိုက်ခဲ့ပေ။ ချင်းမင်သည် အရာအားလုံးကို ကောင်းစွာသိရှိထားသည်မှာ သိသာထင်ရှားပေ၏။
ချင်းမင်သည် ဤကိစ္စငယ်လေးကို လုံးလုံးလျားလျား ဂရုမစိုက်ခဲ့ချေ။။
သို့ရာတွင် ချင်းမင်သည် သူ၏သားဖြစ်သည်ဟု တွေးလိုက်မိသည့်အချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
'ငါ မအိုသေးပါဘူး...ဒါပေမဲ့ ငါ့ရဲ့သားက ငါနှင့် နှိုင်းယှဉ်ဖို့ကို အရမ်းထူးချွန်လွန်းနေတာပဲ....'
ဤကဲ့သို့ လိမ္မာပါးနပ်သော သားတစ်ယောက် ရှိနေခြင်းကို တခြားမည်သူမဆို မနာလိုအားကျ ဖြစ်နေပေမည်။
ထိုအချိန်တွင်ပင် ချန်မိသားစုနှင့်ဝမ်မိသားစုတို့သည်လည်း ချင်းမိသားစု ပြောင်းရွှေ့တော့မည်ဟူသော သတင်းကို လက်ခံရရှိကြသည်။
"မင်းတို့ ရောက်လာကြပြီလား..."
မြို့တော်ဝန်သည် ချန်မိသားစုခေါင်းဆောင်နှင့် ဝမ်မိသားစုခေါင်းဆောင်တို့ အတူတကွ ရောက်ရှိလာသည်ကို မြင်တွေ့ရသော်လည်း အံ့အားသင့်မနေချေ။
သူ မတ်တတ်ထရပ်လိုက်ပြီး ပြောဆိုလိုက်သည်။
"ငါတို့ မနက်စာစားနေကြတာ... မင်းတို့လည်း စားကြအုံးမလား..."
မြို့တော်ဝန်အိမ်တော်မှ အစေခံများသည် ချန်မိသားစုခေါင်းဆောင်နှင့် ဝမ်မိသားစုခေါင်းဆောင်တို့အတွက် စားသောက်ဖွယ်ရာများကို ပြင်ဆင်ပေးနေပြီ ဖြစ်ပြီး သူတို့အတွက် သေရည်များလည်း ဖြည့်ပေးထားသည်။
ချန်မိသားစုခေါင်းဆောင်နှင့် ဝမ်မိသားစုခေါင်းဆောင်တို့လည်း ဝင်ထိုင်လိုက်ကြသည်။ သေရည်ဝိုင်းတွင် စကားပြောခြင်းက ပိုကောင်းသည်ကို သူတို့ သိရှိထားပေ၏။
"မြို့တော်ဝန်... ချန်မိသားစုခေါင်းဆောင်... မင်းတို့နှစ်ယောက် ချင်းမိသားစု ပြောင်းရွှေ့နေတာကို သိကြတယ် မဟုတ်လား... ငါတို့ လိုက်ပြီးတိုက်ခိုက်သင့်လား..."
ချန်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။ သူသည် ချင်းမိသားစုကို အလွန် မုန်းတီးပေ၏။ သူ လိုက်လံတိုက်ခိုက်ချင်သည်မှာ သေချာသော်လည်း သူ၏မိသားစုအင်အားသည် မလုံလောက်သဖြင့် ယခုချိန်၌ သူသည် ဤလူများထံမှ အကူအညီ တောင်းရပေမည်။
"ငါတော့ မလိုအပ်ဘူး ထင်တယ်... သူတို့ ထွက်သွားကြပြီပဲ... ငါတို့ လျိုမြို့က ချင်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူကြတာပေါ့... ဒီလိုဆို တိုက်ခိုက်စရာ မလိုဘဲ ရလိုက်တာ... မကောင်းဘူးလား..."
မြို့တော်ဝန်က ချန်မိသားစုခေါင်းဆောင်ကို ကြည့်ရင်း ပြောဆိုလိုက်သည်။
သူ့အတွက်မူ ချင်းမိသားစု ဖြစ်စေ ချန်မိသားစု ဖြစ်စေ အတူတူပင်။
အကျိုးအမြတ်ရှိသရွေ့ သူသည် မည်သူနှင့်မဆို ပူးပေါင်းနိုင်သည်။
ယခု ချင်းမိသားစု ထွက်သွားပြီ ဖြစ်သဖြင့် သူ၏ဆိုင်များကို ပြန်ယူနိုင်ပြီး ချင်းမိသားစု ထားခဲ့သော အရာများကို ခွဲဝေယူနိုင်သည်။ မည်သည်ကြောင့် ဤသို့မလုပ်ဘဲ နေမည်နည်း။ မည်သည်ကြောင့် သူတို့အားလုံးကို သတ်ဖြတ်ရန် ဆက်လက်၍ ကြိုးစားနေအုံးမည်နည်း။
"မဖြစ်ဘူး..."
အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးက တညီတညွတ်တည်း ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးက ထပ်မံ၍ ရှင်းပြသည်။
"ငါတို့ ဒီတစ်ခေါက် လာတာက မဟာဆေးဆရာကြီးကို သတ်ဖို့ပဲ... အခု လူက မသေသေးဘဲ ဘယ်လိုလုပ်ပြီး ရပ်တန့်နိုင်မှာလဲ..."
သူတို့၏တာဝန်မှာ မဟာဆေးဆရာကြီးကို သတ်ရန်ပင်။ တခြားလူများအတွက်မူ သူတို့ လိုအပ်သည့်အရာကို ရယူလိုခြင်းသာ ဖြစ်ပေ၏။ အကယ်၍ သူတို့သည် ယခုချိန်၌ ချင်းမိသားစုကို လိုက်လံတိုက်ခိုက်ခြင်းမပြုပါက သူတို့၏ပစ်မှတ်ကိုသတ်ရန် အခွင့်အရေးကို သူတို့ မည်သည့်နေရာတွင် ရရှိနိုင်မည်နည်း။
"ငါလည်း လိုက်ပြီးတိုက်ခိုက်သင့်တယ်လို့ ထင်တယ်..."
ထိုအချိန်မှာပင် နံဘေးတွင် ထိုင်နေသော ဝမ်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။
"ဒီတစ်ခေါက်မှာ ငါတို့က ချင်းမိသားစုကို ဆိုးဆိုးရွားရွား ဖိအားပေးခဲ့ပြီးပြီ... ငါ့မှာ ကျားကို တောင်ပေါ် ပြန်လွှတ်တဲ့ အကျင့်စရိုက်မျိုး မရှိဘူး... ငါတို့က သူတို့ကို ပြင်းပြင်းထန်ထန် ရန်စမိမှတော့ ဘာလို့ တစ်ခါတည်း အဆုံးမသတ်ဘဲ သူတို့ကို လျိုမြို့ကနေ ထွက်သွားခွင့်ပြုရမှာလဲ... ဒီလိုလုပ်တာက အနာဂတ် ပြဿနာတွေကို အမြစ်ဖြတ်ရာ ရောက်သလို... လျိုမြို့က တခြား အင်အားစုငယ်တွေကို ခြိမ်းခြောက်ရာလည်း ရောက်လိမ့်မယ်..."
ယခုချိန်၌ လူငါးဦး တိုင်ပင်ဆွေးနွေးနေကြပြီး လေးဦးက လိုက်လံတိုက်ခိုက်ရန် သဘောတူညီခဲ့ကြသည်။
မြို့တော်ဝန်သည် အချိန်တခဏမျှ စဉ်းစားပြီးနောက် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"သွားမယ်... ငါလည်း လိုက်မယ်..."
သူ လိုက်ရပေမည်။ အကယ်၍ သူ မလိုက်ပါက ချင်းမိသားစုကို သတ်ပြီးသည့်အချိန်တွင် ဤလူများသည် သူ့ကို ကိုင်တွယ်ရန် ပူးပေါင်းလာနိုင်သည်။ ယခင်က လျိုမြို့ကို ထိပ်သီးမိသားစုကြီးလေးစုမှ ပိုင်ဆိုင်ခဲ့သော်လည်း ယခုအချိန်၌ ထိပ်သီးမိသားစုကြီး လေးစုသည် အတိတ် ဖြစ်သွားခဲ့လေပြီ။ အိုးယန်မိသားစု ထွက်ခွာသွားပြီး ကျောက်မိသားစု ပျက်သုဉ်းသွားသည်။ အကယ်၍ ဝမ်မိသားစုနှင့် ချန်မိသားစု ပူးပေါင်းလိုက်လျှင်...
လျိုမြို့တစ်မြို့လုံးကို သူတို့၏လက်ထဲတွင် ထိန်းချုပ်ထားနိုင်ဖွယ်ရှိသည်။ ထိုအချိန်တွင် သူသည် မြို့တော်ဝန်ဖြစ်သည့်တိုင် မည်သည့်အရာကိုမျှ လုပ်ပိုင်ခွင့် ရှိတော့မည် မဟုတ်ပေ။
သူသည် နန်းတွင်းအရာရှိတစ်ဦး ဖြစ်သောကြောင့် သူတို့သည် သူ့ကို သတ်မည်မဟုတ်ချေ။ သို့ရာတွင် သူတို့သည် သူ့ကို ရုပ်သေးမြို့တော်ဝန်အဖြစ် အကျဉ်းချထားနိုင်သည်။
သူတို့အားလုံးသည် ချင်းမိသားစုကို လိုက်လံ သတ်ဖြတ်ရန် သဘောတူညီခဲ့ကြသည့်အတွက် အချိန်မဆွဲဘဲ ပြင်ဆင်မှုများကို ချက်ချင်းစတင်လိုက်ကြသည်။