ဆေးလုံးသစ်
Vol. 7 Ch. 103
ဤအချိန်တွင် အဖြူရောင်ဆေးလုံးတစ်လုံး၏ ပုံသဏ္ဌာန် ဖွဲ့စည်းသွားပြီး တခြားဆေးလုံးနှစ်ဆယ်ခန့်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
"ဒါက ဘာလဲ..."
ချင်းယန်သည် အဖြူရောင် ဆေးလုံးကို မြင်တွေ့လျှင် ရုတ်တရက် ထိတ်လန့်သွားသည်။
ဤသည်မှာ ဆေးလုံး ၂၁ လုံး ထွက်ပေါ်လာခြင်းပင်။
ချင်းမင်သည် ဤစိတ်ဝိညာဉ်ဆေးပင် အမျိုးအစားများဖြင့် ဆေးလုံး ၂၀ သာ သန့်စင်နိုင်သည်ဟု ပြောခဲ့သည် မဟုတ်လော...
ဒါဆို ဒါက ဘာဖြစ်သွားတာလဲ...
နောက်ထပ် ဆေးလုံးတစ်လုံးက ဘယ်လိုလုပ်ပြီး ပိုလာတာလဲ...
ချင်းမင် ဆေးဖော်စပ်ရာတွင် ကျရှုံးသွားခြင်း ဖြစ်နေသလော ..
တခြားဆေးလုံးများကို ကြည့်ရင်း ချင်းယန်က ခေါင်းခါလိုက်သည်။ ဤသည်မှာ မဖြစ်နိုင်ချေ။ ထိုဆေးလုံးများတွင် အကွက်များ ရှင်းရှင်းလင်းလင်း ခတ်နှိပ်ထားပြီး အကွက်ကိုးကွက်ရှိနေဆဲပင်။
ဤဆေးဖော်စပ်ခြင်းသည် ကျရှုံးသွားခြင်း မရှိခဲ့ပေ။ ထိုသို့ဆိုလျှင် ဤပိုလာသော ဆေးလုံးသည် မည်သို့ဖြစ်ပျက်သွားခဲ့သနည်း...
ချင်းမင်၏ ဆေးဖော်စပ်ခြင်းစွမ်းရည်များ ထပ်မံ၍တိုးတက်သွားခြင်း ဖြစ်နေသလော...
သူ ချင်းမင်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ ချင်းမင်၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်သော အမူအယာ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ချင်းမင်သည် လေထုထဲတွင် ပျံဝဲနေသော တခြားဆေးလုံးများကို ဖမ်းယူလိုက်ပြီး ချင်းယန်ထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူသည် အဖြူရောင်ဆေးလုံးကိုယူကာ စစ်ဆေးကြည့်ရှုလိုက်သည်။ ဤဆေးလုံးသည် သူ၏ ဆေးနတ်ဘုရားခန္ဓာကိုယ်ကြောင့် ဘေးထွက်ပစ္စည်း ထွက်ပေါ်လာသည်ကို ချင်းမင် သိရှိပေ၏။
အချိနိတခဏအတွင်းမှာပင် ချင်းမင်သည် ဤဆေးလုံး၏အာနိသင်ကို သိရှိလိုက်သည်။
"ဘယ်အတားအဆီးကိုမဆို လျစ်လျူရှုပြီးတော့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူ၏ ကျင့်ကြံဆင့်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်တယ်... အများဆုံး နဝမအဆင့်အထိသာ မြှင့်တင်နိုင်ပြီးတော့ ကျင့်ကြံသူတစ်ယောက်က အများဆုံး သုံးကြိမ်သာ သောက်သုံးနိုင်ပြီး ဆက်တိုက်သောက်သုံးလို့ မရဘူး..."
'တကယ်တော့ ဒီလို ဆေးလုံးမျိုး ဖြစ်နေတာပဲ... ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံမှု အခြေခံကိုပဲ မြှင့်တင်ပေးနိုင်ပေမဲ့ အရမ်း ကောင်းနေပြီ'
ဤသည်မှာ အဆင့်မဲ့စိတ်ဝိညာဉ်ဆေးပင်များဖြင့် သန့်စင်ထားခြင်း ဖြစ်ပြီး မူလက တန်ဖိုးမရှိဘဲ သာမန်ဟင်းသီးဟင်းရွက်များထက် ဆယ်ဆခန့်သာ ဈေးကြီးသည်။
ထို့ပြင် ဤအဆင့်မဲ့ စိတ်ဝိညာဉ်ဆေးပင်အမျိုးအစားကို အစုလိုက်အပြုံလိုက် စိုက်ပျိုးနိုင်သည်။
ဤကဲ့သို့ အဖိုးတန်ဆေးလုံးတစ်လုံးကို ထုတ်လုပ်နိုင်ခြင်းသည် အရင်းအနှီးမရှိသော လုပ်ငန်းဟု ဆိုနိုင်ပေ၏။
ချင်းမင်သည် ပထမဆုံးအကြိမ်အဖြစ် သူ့ဆေးနတ်ဘုရားခန္ဓာကိုယ်၏စွမ်းအားကို အလွန် အာရုံစိုက်မိသွားသည်။
ဤသည်မှာ အဆင့်မဲ့ဆေးလုံးများကို သန့်စင်ခြင်းဖြင့်သာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ အဆင့်တစ် ဆေးလုံးဖြင့် အစားထိုးလိုက်လျှင် သိုင်းစစ်သည်တော်များအပေါ် အကျိုးသက်ရောက်မှုရှိသော ဆေးလုံးများ ရှိလာနိုင်သလော။
အဆင့်နှစ်နှင့်အဆင့်သုံး ဝိညာဉ်ဆေးပင်များ ဆိုလျှင်ကော...
ဤအချိန်တွင် ချင်းယန်သည် သူ ကိုင်ထားသော ဆေးလုံးများအပေါ် များစွာစိတ်ဝင်စားခြင်း မရှိတော့ချေ။
တစ်နည်းအားဖြင့် သူသည် ယခုချိန်၌ ချင်းမင် ကိုင်ထားသော ဆေးလုံးအပေါ် ပို၍ စိတ်ဝင်စားနေသည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားသော ဆေးလုံးတစ်မျိုး ဖြစ်မည်မှာ သိသာထင်ရှားသည်။
ချင်းယန်၏ စပ်စုသောမျက်လုံးများကို မြင်လျှင် ချင်းမင်က အနည်းငယ် ပြုံးလိုက်ပြီး ထိုဆေးလုံးကို သူ့ထံသို့ ပစ်ပေးကာ ပြောဆိုလိုက်သည်။
"ဒီဆေးလုံးရဲ့အာနိသင်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်တာပဲ... ဒါ့ပြင် ဒါက ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နဝမအဆင့်အထိပဲ ရောက်နိုင်တယ်..."
"ဒီလို အံ့အားသင့်စရာကောင်းတဲ့ ဆေးလုံးမျိုး ရှိနေတာလား... ဒါကို ဘယ်လို ဖော်စပ်ထားတာလဲ..."
ချင်းယန်ထိတ်လန့်တုန်လှုပ်သွားသည်။ ချင်းမင်သည် ဂရုမစိုက်ဟန် ပေါက်နေသော်လည်း သူသည် ဆေးဘုရင်တစ်ပါး ဖြစ်သည့်အတွက် ဤဆေးလုံး၏တန်ဖိုးကို သူ သိရှိပေ၏။
ဤကဲ့သို့ အံ့အားသင့်ဖွယ်ဆေးလုံးမျိုးသည် ဤလောကကြီးတွင် မည်သည့်အချိန်ကမျှ မပေါ်ပေါက်ခဲ့ဖူးဟု ဆိုနိုင်ပေ၏။
ထို့ပြင် ဤဆေးလုံး၏အာနိသင်သည် အလွန်ပင် မယုံနိုင်စရာကောင်းသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤဆေးညွှန်းကို အသုံးပြု၍ မဟာသိုင်းဆရာကြီးတစ်ယောက်အတွက် သင့်လျော်သော ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့လျှင် ထိုလူ၏နာမည်သည် ထာဝရကျန်ရစ်သွားနိုင်မည် မဟုတ်လော...
ချင်းမင်က ခေါင်းခါပြီး ပြောဆိုသည်။
"ဒါက ကျွန်တော့်ရဲ့ မွေးရာပါ သဘာဝလွန်စွမ်းအားပဲ... ဒီသဘာဝလွန်စွမ်းအားက ထိန်းချုပ်လို့ မရဘူး... ကျွန်တော်လည်း ဒါကို ဘယ်လို သန့်စင်ရမှန်း မသိဘူး..."
ချင်းယန် ကြက်သေသေသွားသည်။ ချင်းမင်တွင် ဤကဲ့သို့ မွေးရာပါ သဘာဝလွန်စွမ်းအား ရှိနေသလော။ ဤအရည်အချင်းသည် အလွန် အစွမ်းထက်လွန်းသည်။
အကယ်၍ သူ့တွင် ဤကဲ့သို့ အရည်အချင်းနှင့် သဘာဝလွန်စွမ်းအားများ ရှိခဲ့လျှင် သူသည် ဆေးဘုရင်အဆင့်တွင်သာ ရပ်တန့်နေမည် မဟုတ်ချေ။ စိတ်ဝိညာဉ်ဆေးပင်များ ချို့တဲ့လျှင်ပင် သူသည် ဆေးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပေမည်။
ဤအရည်အချင်းမျိုးသည် နေ့စဉ်နေ့တိုင်း အကျိုးအမြတ်များ ရရှိနေခြင်းပင်။
အကယ်၍ ဤဆေးလုံးကို ဈေးကွက်တွင် ရောင်းချပါက လူအများ အလုအယက်ဝယ်ယူကြမည်မှာ သေချာပြီး ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးထက်ပင် ပို၍ဈေးကြီးနိုင်ဖွယ် ရှိသည်။
ထို့ပြင် ဤအရည်အချင်းကို အဆင့်မဲ့စိတ်ဝိညာဉ်ဆေးပင်များတွင် အသုံးပြုနိုင်သည့်အတွက် အဆင့်မြင့်ဆေးပင်များတွင်လည်း အသုံးပြုနိုင်မည်လော။ ဤသို့ အဖိုးတန် ဆေးလုံးသည် အဆင့်မဲ့စိတ်ဝိညာဉ်ဆေးပင်များကို အသုံးပြုခြင်းမှ ထွက်ပေါ်လာသည်။ ထိုသို့ဆိုလျှင် အဆင့်မြင့်စိတ်ဝိညာဉ်ဆေးပင်များကို အသုံးပြုပါက ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဆေးလုံးများ ထွက်ပေါ်လာအုံးမည်လော။