တန်ပြန်ဆောင်ရွက်မှုများ ပြင်ဆင်ခြင်း
Vol. 7 Ch. 105
ထိုလူများ၏အမူအယာများကို မြင်လျှင် ချင်းမင်သည် ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။ ဤလူများသည် အစားမစားရသေးပုံပေါက်နေသဖြင့် သူက ချက်ချင်းဆိုသလိုပင် လမ်းပြခေါ်ဆောင်လိုက်သည်။
"ငါက အစားအများကြီး စားတတ်တယ်... မင်းတို့ ပြင်ဆင်ထားတဲ့ အစားအသောက်တွေက လုံလောက်ပါ့မလား မသိဘူး..."
သန်မာထွားကျိုင်းဆုံးလူကြီးက သူ၏ဗိုက်ကို ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"စိတ်မပူပါနဲ့... ခင်ဗျားတို့ အားရပါးရ စားသောက်လို့ရတယ်... မလုံလောက်ရင် ကျွန်တော်တို့က စီစဥ်ပေးနိုင်ပါတယ်... ချင်းမိသားစုမှာ ထမင်းချက်တွေ အများကြီး ရှိတယ်... ပြီးတော့ သူတို့က ဒီနေ့ တခြားဘာမှ မလုပ်ခဲ့ကြဘူး... ခင်ဗျားတို့ကို ကျွေးဖို့အတွက်ပဲ ပြင်ဆင်နေကြတာ... ခင်ဗျားတို့က ဆန္ဒရှိသလို စားသောက်ကြပါ..."
လူထွားကြီးသည် ဤစကားကိုကြားသည့်အချိန်တွင် အလွန်ပျော်ရွှင်သွားပြီး ပြောဆိုလိုက်သည်။
"ငါက မင်းလို ပွင့်လင်းတဲ့ လူမျိုးကို သဘောကျတယ်... ဒါဆို ငါလည်း အားနာနေတော့မှာ မဟုတ်ဘူး..."
ဤသို့ပြောဆိုပြီးနောက် လူထွားကြီးသည် ချင်းမင်၏နောက်သို့ ပထမဆုံး လိုက်ပါသွားလေ၏။
ဤသို့ဖြင့် လူတစ်စုသည် စားသောက်ပွဲခန်းမဆီသို့ လျှောက်လှမ်းသွားကြသည်။
"အဲ့ဒီလူတွေက ဘာလုပ်ကြတာလဲ..."
ချင်းမိသားစုဝင်တစ်ဦးက လူထွားကြီးများ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးနောက် သူ၏ နံဘေးမှလူကို မေးမြန်းလိုက်သည်။
သူ၏နဘေးမှ ချင်းမိသားစုအစေခံက ခေါင်းခါပြပြီး ခန့်မှန်းလေသည်။
"ငါ မသိဘူး... ငါတို့ကို ပစ္စည်းတွေရွှေ့တဲ့နေရာမှာ ကူညီပေးဖို့ ဖြစ်နိုင်တယ်..."
"ဒါက ဖြစ်နိုင်တယ်..."
ထိုလူကလည်း ခေါင်းညိတ်လိုက်သည်။ ဤလူများသည် အလွန်သန်မာထွားကျိုင်းသဖြင့် ပစ္စည်းများ သယ်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်သည်။
အကြောင်းအရင်းမှာ ချင်းမင်နှင့် ချင်းယွမ်တို့သည် အကူအညီတောင်းခံပြီးနောက် ချန်မိသားစုနှင့်ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်ရန် ညှိနှိုင်းထားပြီး ဖြစ်သောကြောင့်ပင်။ သူတို့သည် ဆူညံသံ အနည်းငယ်ကိုမျှ မထုတ်ဖော်ခဲ့ကြသဖြင့် ဤလူများသည် သူတို့၏ချင်းမိသားစုတွင် ပြောင်းရွှေ့ရန် အစီအစဉ် မရှိသည်ကို မသိကြသေးချေ။
ချင်းမင်နှင့် လူထွားကြီးတို့အဖွဲ့သည် စားသောက်ပွဲခန်းမသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ချင်းယွင်သည် သူတို့ကို စောင့်ဆိုင်းနေလေ၏။ အကြီးအကဲအမြောက်အများသည်လည်း ထိုင်နေကြသည်။
သူတို့ ဝင်လာသည်ကို မြင်လျှင် ချင်းမိသားစု အစေခံများသည် ခန်းမ၏တံခါးကို လျှင်မြန်စွာ ပိတ်လိုက်ပြီး အစေခံများအားလုံး ထွက်ခွာသွားကြသည်။
ဤစားသောက်ပွဲသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်သဖြင့် ထမင်းချက်အနည်းငယ်မှလွဲ၍ အစေခံများအားလုံး ထွက်ခွာသွားကြလေပြီ။
"ဘယ်လိုလဲ... လုံလောက်ရဲ့လား..."
ချင်းမင်က ခန်းမအတွင်းသို့ ဝင်လာပြီးနောက် သူ၏ရှေ့မှစားပွဲကြီးကို ကြည့်ရင်း ပြောဆိုလိုက်သည်။
"အရမ်း ကောင်းတယ်..."
လူထွားကြီးက စိတ်ကျေနပ်စွာဖြင့် ပြောဆိုသည်။
ထိုစားပွဲကြီးပေါ်တွင် အစားအစာများဖြင့် ပြည့်နှက်နေသည်။ ချင်းယွမ်နှင့်အကြီးအကဲများသည် အစားအစာများကို မထိဘဲ သူတို့ကို စောင့်ဆိုင်းနေကြ၏။
ဤအစားအစာများအနက် အများစုသည် အသားများဖြစ်ပြီး သက်သတ်လွတ်ဟင်းလျာ အနည်းငယ်လည်း ပါဝင်သည်။ ဤသည်မှာ သူတို့သည် ကြေးစားကျင့်ကြံသူများအတွက် ဂရုတစိုက် ပြင်ဆင်ပေးထားသည်မှာ သိသာထင်ရှားသည်။
"မြန်မြန်လာကြပါ..."
ချင်းယွမ်သည် ဤလူများလာသည်ကို မြင်လျှင် အကြီးအကဲများနှင့်အတူ လျင်မြန်စွာ မတ်တတ်ထရပ်ပြီး ကြိုဆိုလိုက်သည်။
"ဒါက ကျွန်တော့်အဖေ... ပြီးတော့ ဒါတွေက မိသားစု အကြီးအကဲတွေ..."
ချင်းမင်က ချက်ချင်းမိတ်ဆက်ပေးလိုက်သည်။
ဤလူများသည် ခေါင်းညိတ်ပြပြီး ယဉ်ကျေးသောစကားအချို့ ပြောဆိုပြီးနောက် အားမနာတမ်း စားသောက်ကြတော့သည်။
ဤမျှထိ ရှည်လျားသော ခရီးကို လာခဲ့ပြီးနောက် သူတို့သည် ဆာလောင်ငတ်မွတ်နေကြသည်မှာ အချိန်ကြာမြင့်နေလေပြီ။ ယခုချိန်၌ အစားအစာများဖြင့် ပြည့်နှက်နေသော စားပွဲကြီးတစ်ခုလုံး သူတို့၏ရှေ့တွင် ချထားသည့်အတွက် သူတို့သည် ယဉ်ကျေးနေမည် မဟုတ်တော့ချေ။
"ခင်ဗျားတို့ ဖြည်းဖြည်းချင်း စားပါ... မလုံလောက်ရင် ထမင်းချက်ကို ချက်ခိုင်းလိုက်ပါ့မယ်..."
ချင်းယွမ်သည် ဤလူများ အားရပါးရ စားသောက်နေကြသည်ကိုမြင်လျှင် မပြောဘဲ မနေနိုင်တော့ပေ။
"စိတ်မပူပါနဲ့... ငါတို့က မင်းတို့ကို ယဉ်ကျေးနေမှာ မဟုတ်ဘူး... ချင်းမင်ကို တာဝန်အကြောင်း ပြောခိုင်းပါ... ငါတို့ အဆင်သင့် ဖြစ်နေပါပြီ..." လူထွားကြီးက ပြောဆိုသည်။
"ကောင်းပြီလေ..."
ချင်းမင်က ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။
"ဒီနေ့ ငါတို့ ချင်းမိသားစုကို တိုက်ခိုက်မယ့် လူတစ်စု ရှိလိမ့်မယ်... ခင်ဗျားတို့က သူတို့ကို ဒီနေရာမှာ ထာဝရ ထားခဲ့ရုံပဲ... တကယ်လို့ သူတို့ မလာရင် ငါတို့က ဒီည ထွက်ခွာပြီးတော့ သူတို့ကို ဖျက်ဆီးမယ်... ရန်သူဘက်မှာ မဟာသိုင်းဆရာကြီး ခြောက်ယောက်လောက် ရှိနိုင်တယ်... ငါတို့ ဘက်မှာတော့ ခင်ဗျားတို့ကို ထည့်ပေါင်းလိုက်ရင် ဆယ့်သုံးယောက် ရှိတယ်..."
"ရန်သူဘက်က မဟာသိုင်းဆရာကြီးခြောက်ယောက်က ဘယ်အဆင့်တွေလဲ..."
ပိန်လှီလှီ သက်လတ်ပိုင်းလူကြီးက သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။
"သူတို့က အဆင့်မမြင့်ပါဘူး... အများစုက မဟာသိုင်းဆရာကြီးနယ်ပယ် အစောပိုင်းအဆင့်မှာပါ..."
ချင်းမင်က ပြောဆိုသည်။
အစောပိုင်းအဆင့်ဟု ခေါ်ဆိုကြသည်မှာ မဟာသိုင်းဆရာကြီးနယ်ပယ် ပထမအဆင့် ဒုတိယအဆင့်နှင့် တတိယအဆင့် ကျင့်ကြံသူများပင်။ ထို့နောက် အလယ်အလတ်ဆင့်ဖြစ်သော စတုတ္ထအဆင့် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်တို့ဖြစ်ပြီး အဆင့်မြင့်အဆင့်တွင် သတ္တမ အဋ္ဌမအဆင့်နှင့် နဝမအဆင့်တို့ဖြစ်သည်။
Thank For Reading.