← Chapters

ကျွယ်မင်ခန်းမဆောင်၏ နောက်ကွယ်မှ အင်အားစု

Vol. 7 Ch. 92

ကျွယ်မင်ခန်းမဆောင်၏ နောက်ကွယ်မှ အင်အားစု

Vol. 7 Ch. 92

"နည်းလမ်းတွေ အများကြီး ရှိပါတယ်... ကျွန်တော် ခုဏက ပြောခဲ့သလိုပဲ... အလွယ်ဆုံးနည်းလမ်းက အကျိုးအမြတ်ပေးတာပဲ"

"လုံလောက်တဲ့ အကျိုးအမြတ်ရှိရင် မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူလေးတွေကို မပြောနဲ့ သိုင်းဘုရင် ဒါမှမဟုတ် သိုင်းဧကရာဇ်တွေကိုတောင် အကူအညီတောင်းဖို့ ဖိတ်ခေါ်နိုင်တယ်"

ချင်းမင်က မာန်ပါပါဖြင့် ပြောဆိုလိုက်သည်။

သူ၏ယခင်ဘဝတွင် သူသည် ကြေးစားကျင့်ကြံသူများကို အကြိမ်ကြိမ် ခေါ်ယူခဲ့ဖူးသည်။ ထိုလူများအနက် သိုင်းဘုရင်သိုင်းဧကရာဇ်များအပြင် သိုင်းသူတော်စင်များပင်လျှင် ပါဝင်သည်။

ဤကြေးစားကျင့်ကြံသူများကို မည်သို့ ခေါ်ယူရမည်အား သူ ကောင်းစွာသိရှိထားသည်။

သာမန်လူများသည် သူတို့ကို မခေါ်ယူနိုင်ခြင်း၏ ပထမအကြောင်းအရင်းမှာ အကျိုးအမြတ် လုံလောက်စွာ မပေးနိုင်သောကြောင့်ပင်။

ဒုတိယအကြောင်းရင်းမှာ အဆင့်အတန်း မလုံလောက်ခြင်းဖြစ်သည်။

အဆင့်အတန်းနိမ့်ပါးပါက သူတို့နှင့် တွေ့ဆုံရန်ပင် ခက်ခဲလေရာ ခေါ်ယူရန်အတွက်ဆိုလျှင် ပိုဆိုးပေမည်။

"အခု အချိန်က အရမ်းအရေးကြီးနေပြီ...ငါတို့က သူတို့ကို ခေါ်ယူဖို့ အချိန်မီပါ့မလား..."

ချင်းယွမ်က မေးမြန်းလိုက်သည်။

ချင်းမင်က တုံ့ပြန်အဖြေပေးလိုက်၏။

"အဖေ....အချိန်မီပါတယ်...မမေ့ပါနဲ့.. ဒီလောကမှာ အမြန်ဆုံးခရီးသွားလာနိုင်တဲ့ စိတ်ဝိညာဉ်သားရဲပျံတွေရှိနေတယ်"

"စျေးနှုန်းမြင့်မြင့်ပေးနိုင်ရင် ဘယ်သူ့ကိုမှ မတောင်းဆိုနိုင်စရာ အကြောင်းမရှိဘူး"

"ကျွန်တော်တို့က အဲ့ဒီကြေးစားကျင့်ကြံသူတွေကို အချိန်ကာလတစ်ခုအတွက်ပဲ ဖိတ်ခေါ်မှာ... သူတို့ကို တသက်လုံး ဝယ်ထားမှာမှ မဟုတ်တာ...ဘာပြဿနာ ရှိနိုင်မှာလဲ"

ချင်းယွမ်သည် အမှောင်ညထဲတွင် အလင်းတန်းတစ်ခု မြင်တွေ့လိုက်ရသည့်အလား အလျင်အမြန် မေးမြန်းလိုက်သည်။

"ချင်းမင်....မင်းမှာ မဟာသိုင်းဆရာကြီးတွေရဲ့ အကူအညီရဖို့ ဘယ်လိုလမ်းကြောင်းတွေ ရှိလဲ....စျေးနှုန်းက ဘယ်လောက်ရှိနိုင်လဲ...ချင်းမိသားစုတစ်စုလုံးကို ပေးရတာ မဟုတ်သရွေ့ ငါက ဘယ်လို တန်ဖိုးကိုမဆိုပေးဖို့ ဆန္ဒရှိတယ်"

ချင်းမင်က အပြုံးနှင့် နှစ်သိမ့်လိုက်၏။

"အဖေ...ဒီလောက်ထိ စိုးရိမ်ဖို့ မလိုပါဘူး..အဖေ ဒီလောက်ထိ ကြောက်လန့်နေဖို့ မလိုပါဘူး..ကျွန်တော်တို့ရဲ့အားသာချက်တွေကို မမေ့ပါနဲ့"

"အားသာချက်တွေအားလုံးက အချိန်မီဖို့လိုတယ်...ဘာအားသာချက်ကို ငါက အသုံးချနိုင်မှာလဲ"

ချင်းယွမ်က မေးမြန်းသည်။

"ကျွန်တော့်ရဲ့ဆရာက သိုင်းဘုရင်ပဲ... သူ ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်တဲ့ အရာတစ်ခုတောင်မှ ကျင့်ကြံသူတွေ လုယူရလောက်တယ်...တချို့ရတနာတွေဆို သိုင်းဘုရင်တွေတောင် လိုချင်ကြသေးတာ...မဟာသိုင်းဆရာကြီးတွေဆိုရင် ထည့်ပြောနေဖို့တောင် မလိုဘူး"

"စိတ်မပူပါနဲ့ အဖေ...ကျွန်တော်တို့မှာ မဟာသိုင်းဆရာကြီးတွေ အသက်စွန့်ရလောက်တဲ့အထိ လုံလောက်တဲ့ အကျိုးအမြတ်တွေ ရှိတယ်"

ချင်းမင်က စကားပြောဆိုရင်း သူ၏လက်မှ သိုလှောင်လက်စွပ်ကို ဆော့ကစားနေသည်။

"ငါတို့က သူတို့ကို ဘယ်လို ခေါ်ယူကြမလဲ"

ချင်းယွမ် သံသယဝင်နေသည်။ ဤအချိန်တွင် အချိန်နှင့်အမျှ အရေးကြီးနေသည်။ အကယ်၍ သူတို့သည် ထိုကြေးစားများကို ချန်ယန်မြို့တွင် သွားရောက်ခေါ်ယူရမည်ဆိုလျှင် အချိန်မီတော့မည် မဟုတ်ချေ

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"အဖေ.....လျိုမြို့မှာပဲ ခေါ်ယူလို့ ရတယ်...ဒါကြောင့် အဖေ စိတ်မပူပါနဲ့လို့ ကျွန်တော် ပြောခဲ့တာပဲ"

"လျိုမြို့မှာ....ဟုတ်လား"

ချင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်၊ လျိုမြို့ကို သူ အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

ဤမြို့တွင်ရှိသော မဟာသိုင်းဆရာကြီးများအားလုံးကို သူ သိရှိထားသည်။ တခြားမဟာသိုင်းဆရာကြီးဟူ၍ လုံးဝမရှိတော့ချေ။

"ကျွယ်မင်ခန်းမဆောင်"

ချင်းမင်က ပြောဆိုလိုက်သည်။

"ကျွယ်မင်ခန်းမဆောင်မှာ မဟာသိုင်းဆရာကြီးတွေ ရှိနေတာလား"

ချင်းယွမ်က အံ့အားတသင့် မေးမြန်းလေ၏။

ကျွယ်မင်ခန်းမဆောင်သည် စိတ်ဝိညာဉ်ဆေးပင်များနှင့်ဆေးလုံးများကို အဓိကရောင်းဝယ်သည်အား သူ သိသည်။ မည်သို့ပင်ဆိုစေကာမူ လျိုမြို့ရှိ ကျွယ်မင်ခန်းမဆောင်သည် အဆင့်နှစ်ဆေးလုံးများကိုသာ ရောင်းချပုံရသည်။ ထိုနေရာ၌ မဟာသိုင်းဆရာကြီးရှိနေသည်ဟု သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးချေ။

"အဖေ...ကျွယ်မင်ခန်းမဆောင်ကို အထင်မသေးပါနဲ့...သူတို့က ဟန်ဆောင်ထားကြတာပဲ"

"ကျွယ်မင်ခန်းမဆောင်က ရှားအင်ပါယာတခွင်လုံးမှာ ဆိုင်ခွဲတွေ ရှိတယ်... သူတို့ လျိုမြို့မှာ ဆိုင်ခွဲလာဖွင့်ရတဲ့ အကြောင်းရင်းက စိတ်ဝိညာဉ်ကျောက်တုံးတွေရှာဖို့ လုံးဝမဟုတ်ဘူး... သတင်းအချက်အလက်တွေကို စုံစမ်းဖို့ပဲ"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

သူသည် ယခင်ဘဝတွင် ဤကဲ့သို့ အဖွဲ့အစည်းများစွာကို သိရှိခဲ့သဖြင့် ကျွယ်မင်ခန်းမဆောင်နှင့် ပထမဆုံးအကြိမ် ဆက်ဆံစဉ်ကတည်းက သူ တစ်စုံတစ်ခု မှားနေသည်ဟု ခံစားခဲ့ရသည်။

အစပိုင်းက တာဝန်ခံလီသည် မဟာသိုင်းဆရာ ကြီးနယ်ပယ်တွင်ရှိပြီး ယခု တာဝန်ခံကျန်း ထပ်ရောက်လာပြန်သည်။ သူသည်လည်း မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။

မဟာသိုင်းဆရာကြီးနယ်ပယ်မှ ကျင့်ကြံသူမျာသည် မည်သည့်အချိန်မှစ၍ ဤမျှထိ တန်ဖိုးမရှိ ဖြစ်သွားသနည်း...

ထို့ပြင် ဤသည်မှာ လျိုမြို့ဖြစ်ပြီး ရှားတော်ဝင်မြို့တော် မဟုတ်ချေ။

ဤသို့ဖြစ်လာသဖြင့် ရှင်းပြနိုင်ခြေ တစ်ခုသာ ရှိပေတော့မည်။ ဤသည်မှာ ကျွယ်မင်ခန်းမဆောင် ရှိနေခြင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ ရှာရန်မဟုတ်ဘဲ သတင်းအချက်အလက်များ စုဆောင်းရန်အတွက်ပင်။

ကျွယ်မင်ခန်းမဆောင်သည် အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ လက်အောက်ခံ ဖြစ်ပေမည်။

ဤရှင်းပြချက် တစ်ခုတည်းကသာ မည်သည်ကြောင့် တာဝန်ခံများအားလုံးသည် မဟာသိုင်းဆရာကြီးနယ်ပယ်တွင် ရှိနေရသည်ကို အဓိပ္ပာယ်ရှိသွားစေပေသည်။

ဖြစ်နိုင်သည်မှာ ကျွယ်မင်ခန်းမဆောင်၏ စည်းမျဉ်းမှာ မဟာသိုင်းဆရာကြီးနယ်ပယ်သို့ ရောက်ရှိမှသာ ဆိုင်ခွဲတစ်ဆိုင်ကို စီမံခန့်ခွဲခွင့် ရှိခြင်းပင်။

All Chapters