← Chapters

နေရာမှာတင် သတ်ပစ်မယ်

Vol. 1 Ch. 83

နေရာမှာတင် သတ်ပစ်မယ်

Vol. 1 Ch. 83

"ဗုန်း"

ကျန်ရီ ကံကောင်း သွားခဲ့သည်။ သူ့ကိုယ်သူ အရှင်လတ်လတ် မြုပ်နှံရန် ကြိုးစားပြီးသည့် အချိန်တွင် ပိတ်နေသော လှိုဏ်ခေါင်းသည် ရုတ်တရက် ပွင့်ထွက်သွားကာ ကျောက်တုံးများက နေရာအနှံ့ လွင့်စဉ် သွားကြလေသည်။ ထိုကျောက်တုံး များသည် နတ်ဆိုးသားရဲကြီး အပေါ်ကျရောက် သွားလေသည်။

နတ်ဆိုး သားရဲကြီးသည် အလွန်ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည်။ တစ်ကိုယ်လုံးသည် အနက်ရောင် အကြေးခွံများနှင့် ဖုံးလွှမ်းနေပြီး ခေါင်းသည် ကတော့ ချွန်ပုံစံ ရှိလေသည်။ ပါးစပ်အထက်တွင် အမွေးများလည်း ပေါက်ရောက်နေသည်။ ကိုယ်လုံးကြီးသည် နွားသိုးကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ခြေလေးချောင်းနှင့် ချိတ်ကောက်သဏ္ဌာန် အမြီးပါရှိသည်။ မျက်လုံးများသည် အစိမ်းရောင်ရှိပြီး ပိန်းပေါက်အောင် မှောင်မည်းနေသော ဂူထဲတွင် တလက်လက် တောက်ပနေခဲ့သည်။

ကျောက်မှုန်များ ရှင်းလင်း သွားသည်နှင့် ဂူထဲသို့ ပြေးဝင်လာကြသော လုပ်ကြံသူများသည် ဆွံ့အ သွားရလေသည်။ သူတို့ မြင်လိုက်ရသည်မှာ ဂူထဲရှိ အစိမ်းရောင် တောက်နေသော မျက်လုံးတစ်စုံသည် သူတို့ကို ဒေါသတကြီး စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

ဟိုကလေး ဘယ်ရောက်သွားတာလဲ …

သူတို့သည် ပြုတ်ကျထားသော ကျောက်တုံးများကို ရှင်းလင်းနေရ၍ ဂူ၏ တစ်ဖက်ခြမ်းတွင် ဘာဖြစ်နေသည်ကို မသိလိုက်ပေ။ ယခုမူ သူတို့တော်တော်လေး အကြပ်ရိုက် နေကြသည်။ ကျန်းရီသည် နတ်ဆိုးသားရဲ၏ စားသောက်ခြင်းကို ခံခဲ့ရသည်လော၊ သို့သော် ထိုကလေးသည် အတော်လေး အားကောင်းပေးရာ ဒီလောက်မြန်မြန်တော့ အစားမခံရလောက်ပေ။

နောက်ဆုတ်ရမလား၊ ရှေ့တိုးသင့်လား …

၎င်းသည် သူတို့ ဖြေစရာ မလိုသော မေးခွန်းဖြစ်သည်။ အဆင့်နိမ့် နတ်ဆိုး သားရဲများသည် ဉာဏ်ရည် နိမ့်ပါးကြသည်။ သူတို့ မျက်လုံးထဲတွင် လူသား အားလုံးသည် အတူတူပင်။ ၎င်းသည် ကျန်းရီမှာ ကျန်လူများနှင့် အတူရှိလိမ့်မည်ဟု ထင်လိမ့်မည်သာ။ ထို့ပြင် အရေအတွက်ကို မြင်လိုက်သည်နှင့် အန္တရာယ် အရှိဆုံးသော လူအုပ်ကို အရင်ရှင်းလိမ့်မည်သာ။

နတ်ဆိုး သားရဲကြီးသည် သူတို့ထံသို့ ပျံသန်း လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းတွင် သူတို့ရှေ့သို့ ရောက်လာကာ ပါးစပ်ကြီးကို ဖြဲ၍ အစွယ်များကို ပြသ လာလေသည်။ အော်ဂလီ ဆန်စရာအနံ့ စူးစူးတို့သည် လူအုပ် တစ်ခုလုံးထံ ကျရောက်လာခဲ့သည်။

"ယင်းပါ ... မင်းတို့တွေ နောက်ဆုတ် ... လောင်အာ ... မင်းတို့ ခြောက်ယောက်က ဒီနတ်ဆိုးသားရဲကို ရှင်းရမယ်။ ဒီကလေးက အထဲမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ မြန်မြန်လုပ်ကြ"

ကျန်းရီသည် ကျောက်တုံးများကြား နစ်မြုပ် နေသော်လည်း ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်လူ ပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရသည်။ ယင်းပါ ... ဒါက ယင်းဂိုဏ်းရဲ့ အဖွဲ့သား တစ်ယောက်လား၊ ဒီလူတွေကို ချမ်ဝမ်ကွမ် လွှတ်လိုက်တာများ ဖြစ်နေမလား။

"ဂူး ... ဂူး"

နတ်ဆိုး သားရဲကြီးသည် ထူးဆန်းသော အသံကြီး ပြုကာ လူအုပ်ထံသို့ အကြောက်အလန့်မဲ့စွာ ပြေးဝင် လာခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှုများ အားလုံးကို လျစ်လျူရှုကာ တစ်ယောက်ကို လက်သည်းများဖြင့် ရက်ရက်စက်စက် ကုတ်ချ လာခဲ့သည်။

"အား"

ချောက်ချားဖွယ် အော်သံတစ်ခုသည် ထွက်ပေါ် လာခဲ့လေသည်။ နတ်ဆိုးသားရဲကြီး ကုတ်ချလိုက်သော လူ၏ ကိုယ်တစ်ပိုင်းသည် သွေးများ လွှမ်းသွားခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် ဖိချခံလိုက်ရကာ နီရဲရဲ ပါးစပ်ကြီးသည် သူ့ခေါင်းထက် ကျရောက် လာသည်ကိုသာ တွေ့လိုက်ရပေသည်။

"မကောင်းတော့ဘူး။ ဒီနတ်ဆိုးသားရဲက ဆင့်ကဲ ပြောင်းလဲနေပြီ။ သူ့ရဲ့အင်အားက ဒုတိယအဆင့် နတ်ဆိုးသားရဲနဲ့ အတူတူလောက် ဖြစ်နေပြီ။ ခုခံအားကလည်း အရမ်းမြင့်နေပြီ၊ မင်းတို့အားလုံး နောက်ဆုတ်ကြ၊ ငါလုပ်ကြည့်မယ်"

ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် သူ့လူများမှာ အကြေးခွံတချို့ ကွာကျအောင်သာ တိုက်ခိုက်နိုင်ကြောင်း တွေ့ရသောအခါ အလန့်တကြား အော်ဟစ် လိုက်လေသည်။ သူ့လက်မောင်းသည် အစောပိုင်းက ကျန်းရီကြောင့် အပြင်းအထန် ထိခိုက် ထားသော်လည်း ဂရုစိုက် မနေနိုင်တော့ပေ။ သူ၏ အခြားလက်မှ နဂါးတစ်ကောင်ကဲ့သို့ အတွင်းအားများ ထွက်ပေါ်လာပြီး နတ်ဆိုးသားရဲကို ရိုက်ချ လိုက်လေသည်။

"ဘန်း"

ခရမ်းရောင် နန်းတော်ရှင်အဆင့် လူ၏ အင်အားသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်လူများက မယှဉ်နိုင်သောအရာ ဖြစ်သည်။ လက်ဝါး ရိုက်ချက်သည် နတ်ဆိုးသားရဲ၏ ကိုယ်ပေါ်သို့ ကျရောက် သွားသည်နှင့် သတ္တဝါကြီးသည် ဂူနံရံများနှင့် တိုက်မိ သွားရလေသည်။ ဂူသည် ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားကာ ကျောက်တုံးများစွာ ပြုတ်ကျ လာလေသည်။

"ဂူး ... ဂူး"

သတ္တဝါကြီး၏ ကိုယ်ပေါ်မှ အကြေးခွံ များစွာသည် ကွာကျလာကာ အစိမ်းရောင် သွေးများသည် ဒဏ်ရာများထံမှ စိမ့်ထွက်လာ လေသည်။ ယခုမူ အစိမ်းရောင် မျက်လုံးအစုံသည် ပိုမိုတောက်ပ လာကာ ဒေါသများ ပိုလွှမ်းလာခဲ့သည်။ ထို့နောက် လူအုပ်ထံ ဒေါသတကြီး ပြေးဝင်လာခဲ့သည်။ ဤနတ်ဆိုး သားရဲသည် အသိဉာဏ် အနည်းငယ်တော့ ရှိသေးသည်။ ၎င်းသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်လူကို ပစ်မှတ် မထားခဲ့ပေ။ သူသည် အခြားလူများကိုသာ တိုက်ခိုက် လာခဲ့သည်။

သွေးပျက်ဖွယ် မြင်ကွင်းသည် ဖြစ်ပေါ်လာခဲ့သည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်လူမှ တစ်ပါး ကျန်လူများသည် နတ်ဆိုး သားရဲကြီးကို ဒဏ်ရာပြင်းပြင်း ရအောင် မလုပ်နိုင်ပေ။ သို့သော် ထိုသတ္တဝါကြီး တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် သူတို့သည် သေလုမျောပါး ဒဏ်ရာများ ရသွားကြသည်။ ပို၍ဆိုးသည်ကား ထိုသတ္တဝါကြီးသည် သေရမည်ကို မကြောက်ခြင်းပင်၊ သူ့ဒဏ်ရာများသည် ပို၍ ပြင်းထန်လာလေလေ တိုက်ခိုက်မှုသည် ပို၍ ရက်စက်ကြမ်းကြုတ် လာလေလေ ဖြစ်သည်။

"မကောင်းဆိုးဝါးကြီး၊ ငါ့ညီအစ်ကိုတွေကို လွှတ်ပေးပြီး ငါ့ဆီကိုပဲ လာစမ်းပါ"

ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် သူ့အပေါင်းအဖော်များ သွေးအိုင်ထဲတွင် လဲလျောင်း နေရသည်ကို မြင်လျှင် သူ့မျက်လုံးများသည် ဒေါသများ လွှမ်းသွားခဲ့သည်။ သို့သော် သူ့ကိုယ်သည် ဒဏ်ရာရထားရာ အမြန်နှုန်းမှာ လျော့ကျ နေပေသည်။ ထို့ပြင် ဂူလမ်းကြောင်းသည် ရှည်လျားလှသည်။ သူ့လူများသည် တကွဲတပြားစီ ရှိနေပေသည်။ သူ့တွင် နတ်ဆိုးသားရဲကို အမီလိုက်ရန် အချိန်မလောက်ပေ။

"အစ်ကိုကြီး ... ကျွန်တော့်ကို ကယ်ပါ"

ချောက်ချားဖွယ် အော်သံများသည် ထွက်ပေါ်နေခဲ့သည်။ ကျန်းရီသည် သူ့ကျောက်တုံးပုံ၏ အပြင်ဘက်တွင် ငရဲကျနေပြီ ဖြစ်ကြောင်း မကြည့်ပါဘဲ သိနေခဲ့သည်။ သူ့ကိုယ်သည် တစ်ချက်လေးမှတောင် မလှုပ်ရှားခဲ့သလို အသက်ရှူသံကိုလည်း ထိန်းထားလေသည်။ သူ့စိတ်တွင်းမှ ဂဏန်းတို့ကို ရေတွက်နေလိုက်သည်။

ခြောက် ... ခုနစ် ...ရှစ် ...

အပြင်ဘက်မှ အော်သံများကို နားထောင်ကာ သူသည် တိုက်ပွဲ အခြေအနေကို သုံးသပ်လိုက်သည်။ အချိန်တိုလေး မျှသာ ဖြစ်သော်လည်း ဆယ့်သုံးယောက်မှ ဆယ်ယောက်လောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရလျှင်ရ မရလျှင် သေနေလောက်ပြီ ဖြစ်သည်။ သူ့အလောင်းအစားသည် စိတ်ကျေနပ်စရာ ရလဒ် ထွက်လာခဲ့ပေသည်။

"ဗုန်း"

"ဂူး ... ဂူး"

နတ်ဆိုးသားရဲကြီးသည် နာနာကျင်ကျင် မြည်တမ်း လိုက်ပြန်သည်။ ၎င်းသည် ထပ်မံ၍ လွင့်ထွက်သွားသည်မှာ သေချာသည်။ ကျန်းရီသည် တိတ်တဆိတ် အံ့အားသင့်ရသည်။ ထိုအသံများအရ သတ္တဝါကြီးသည် သူ၏ နတ်ဆိုး စွမ်းအားများကို မကြာခင် အသုံးပြုပေတော့မည်။

ထင်တဲ့အတိုင်းပဲ …

ကျန်းရီ တွေးလိုက်သလိုပင် နတ်ဆိုးသားရဲကြီးသည် ထပ်မံ၍ အကြိမ်ရေ အနည်းငယ် အော်ဟစ် လိုက်ပြီးနောက် ၎င်း၏ ကျန်ရစ်သော အကြေးခွံများသည် ကိုယ်မှ အလိုအလျောက် ကြွေကျသွားကြသည်။ အကြေးခွံများ အားလုံးသည် အနက်ရောင် ဓားသွားများအဖြစ် ပြောင်းလဲသွားကာ အရပ်ပေါင်းစုံသို့ ပစ်ခွင်း သွားကြသည်။

"လောင်အာ ... လောင်စန်း ... ဂရုစိုက်"

ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် နတ်ဆိုးသားရဲ အော်ဟစ် လိုက်ချိန်တည်းက အပြင်ဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်သည်။ သူ၏ အမြန်နှုန်းသည် လွတ်မြောက်ရုံလေး ဖြစ်သွားသော်လည်း အခြားနှစ်ယောက်သည် သူ့ကို အမီမလိုက်နိုင်ခဲ့ပေ။ အကြေးခွံ တစ်ခုသည် တစ်ယောက်၏ ခြေထောက်များကို ဖြတ်တောက် သွားခဲ့ပြီး နောက်တစ်ယောက်သည်မူ ဝမ်းဗိုက်သို့ အကြေးခွံတစ်ခုက စိုက်ဝင်သွားကာ ဗိုက်ပွင့်ထွက် သွားခဲ့သည်။

"ခလွမ် ... ခလွမ်"

သတ္ထုတစ်ခု၏ အသံကို ကြားလိုက်ရပြီး ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူသာ ဆက်ငြိမ်နေပါလျှင် အကြေးခွံများသည် သူ့ကို လာရောက် ထိမှန် ပေတော့မည်။

"ဂူး ... ဂူး ... "

နတ်ဆိုး စွမ်းအားများကို ထုတ်လွှတ် ပြီးသည်နှင့် နတ်ဆိုး သားရဲကြီးသည် အတော်လေး အားနည်းသွားပြီ ဖြစ်သည်။ ၎င်းသည် ဆက်လက် တိုက်ခိုက် မနေတော့ပဲ ဂူနက်ပိုင်းသို့ တိုးဝင် သွားခဲ့သည်။ ကျန်းရီသည် ပြေးမလိုက်သွားခဲ့ပေ။ သူသည် သတ္တဝါကြီးကို ကျေးဇူးတောင် တင်နေပေသည်။ သူသည် ထွက်လာရာ လမ်းတွင် ကံတရား၏ ဓားစိမ်းကို ဆုပ်ကိုင်ကာ အသေအချာ သေသွားစေရန် လူတိုင်း၏ လည်ပင်းများကို ပိုင်းဖြတ် လာခဲ့သည်။

ထိုလူအုပ်သည် သူ့ကို သတ်ချင်နေမှတော့ သူကလည်း သူတို့ကို ပြန်သတ်ချင်သည်မှာ သဘာဝသာ ဖြစ်သည်။

"ဝှစ်"

ခရမ်းရောင် နန်းတော်ရှင် အဆင့်လူသည် လျင်မြန်စွာ ချည်းကပ်လာသော ကျန်းရီကို မြင်လျှင် ကြောက်လန့် သွားရလေသည်။ သူ့တွင် တိုက်ခိုက်ရန် ခွန်အား မကျန်တော့ရာ ဂူပြင်သို့သာ သွေးရူးသွေးတန်း ထွက်ပြေး ရလေသည်။

မင်းကအခု ထွက်ပြေးဖို့ ကြိုးစားချင်နေတာလား။

ကျန်းရီ၏ မျက်လုံးများသည် အေးစက် သွားခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို ခြေထောက်ထံ ပို့ဆောင်လိုက်ကာ အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ ထိုတစ်ယောက်သည် သူ့ကြောင့်ဒဏ်ရာ ရထားသည့်အပြင် နတ်ဆိုးသားရဲနှင့် တိုက်ခိုက် ထားမှုကြောင့် ပို၍ အခြေအနေ ဆိုးနေခဲ့သည်။ သူ့အရှိန်သည် ယခင်ကထက် နှစ်ဆလောက် နှေးကွေး နေခဲ့သည်။ သူဂူထဲမှ ထွက်လိုက်သည်နှင့် ကျန်းရီသည် သူ့ကို မီသွားပြီ ဖြစ်သည်။

"မင်းရဲ့ကံတရားကို လက်ခံလိုက်၊ မိုးစက်ဓားသိုင်း … နွေမိုးစက်ဓား"

ကျန်းရီ၏ ကိုယ်မှ သတ်ဖြတ်လိုသော အရှိန်အဝါတို့သည် ဖြာထွက်လာကြပြီး ကံတရား၏ ဓားစိမ်းသည် လင်းလက်တောက်ပ သွားခဲ့လေသည်။ ဓားသည် အရိပ်ပေါင်းများစွာ ဖြာထွက်သွားကာ ခရမ်းရောင် နန်းတော်ရှင် အဆင့်လူ၏ ကျောကုန်းထက် ကျဆင်း လာခဲ့လေသည်။

ပြေးလွှားနေသော လူသည် နောက်ကို တစ်ချက်လှည့်ကြည့် လိုက်သောအခါ ကောင်းကင်တွင် ဓားအရိပ်များဖြင့်သာ ပြည့်နေသည်ကို မြင်လိုက်ရသည်။ ဓားများသည် ဓားအစစ်ကိုပင် ခန့်မှန်းရ ခက်နေသည်။ ဓားအရိပ်များသည် မုန်တိုင်း တစ်ခုနှယ် ကျဆင်းလာကာ လွတ်မြောက်နိုင်သည့် နေရာ မရှိတော့ပေ။

"ကျန်းရီ ... ရပ်လိုက် ... သင်တန်းကျောင်းရဲ့ ပိုင်နက်ထဲမှာ မင်းက လူသတ်ရဲတယ်လား"

ရုတ်တရက် အော်သံတစ်ခုသည် ထွက်ပေါ် လာခဲ့လေသည်။ လရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် ဆရာတစ်ယောက်သည် ဒေါသလွှမ်းနေသော အမူအရာနှင့် အနီးရှိ ချုံပုတ်များ ကြားထဲမှ ထွက်လာခဲ့သည်။

ဆရာကျောက် …

ကျန်းရီသည် လှည့်ကြည့် လိုက်ပြီးနောက် မျက်လုံးများ၌ သတ်ဖြတ်ချင်သော အရိပ်အယောင်တို့သည် ပိုမိုလွှမ်းခြုံ လာခဲ့သည်။ သူ၏ အစိမ်းရောင်ဓားသည် ရပ်တန့် သွားမည့်ဟန် မပေါ်ပဲ ခရမ်းရောင် နန်းတော်ရှင်အဆင့် လူ၏ ဦးခေါင်းထံ ကျဆင်းသွားကာ ပွဲချင်းပြီး သေဆုံး သွားလေသည်။

"ရဲတင်းလိုက်တာ"

ဆရာကျောက်သည် ဒေါသ ထွက်သွားကာ သူ့ကိုယ်မှ အတွင်းအားများ ဖြာထွက် လာခဲ့သည်။ ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမအဆင့်၏ အင်အားသည် အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သူသည် ကျန်းရီထံ ကျားသစ် တစ်ကောင်ကဲ့သို့ ပြေးဝင်လာခဲ့သည်။ သူသည် သတ်ဖြတ်ချင် စိတ်များနှင့် စကားတစ်ခွန်း အော်ပြောလိုက်သည်။

"ကျန်းရီ ... မင်းက ငါ့ရှေ့မှာ လူသတ်ရဲတယ်။ ငါက သင်တန်းကျောင်းရဲ့ စည်းမျဉ်းအတိုင်း မင်းကို နေရာမှာတင် သတ်ပစ်မယ်"

*****

All Chapters