နောက်ကွယ်မှ ကြိုးကိုင်သူ
Vol. 1 Ch. 84
သင်တန်းကျောင်းရဲ့ စည်းမျဉ်းအတိုင်း ... နေရာမှာတင် သတ်ပစ်မယ်။
ကျန်းရီသည် သတ်ဖြတ်ချင်သော အရှိန်အဝါများနှင့် သူ့ထံ ချည်းကပ် လာနေသော ဆရာကျောက်ကို နှာခေါင်းရှုံ့ လှောင်ပြောင်လိုက်သည်။ သူသည် ထွက်မပြေးခဲ့သော်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဆရာကျောက် ... ခင်ဗျား ကျွန်တော့်ကို လာသတ်တဲ့ လုပ်ကြံသူတွေနဲ့ ပူးပေါင်းထားတာက သင်တန်းကျောင်းရဲ့ စည်းမျဉ်းတွေကို လိုက်နာတာလား၊ ခင်ဗျားဆရာတစ်ယောက် မဖြစ်ချင်တော့တာလား၊ ဒါမှမဟုတ် ကိုယ့်အသက်ကို တန်ဖိုးမထားတော့လား၊ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ အနီးအနားက ဘယ်သူမှ မမြင်လိုက်ဘူးဆိုတာ ခင်ဗျား သေချာလား"
ဆရာကျောက်၏ ကိုယ်သည် ခဏမျှ တုံ့ဆိုင်း သွားသော်လည်း ကြမ်းကြုတ်သော အမူအရာတို့သည် ပေါ်ထွက်လာခဲ့သည်။ သူသည် ဆက်လက် ပြေးလာရင်း အော်ဟစ်လိုက်သည်။
"ကျန်းရီ ... မင်းဘယ်လိုပဲ စကား လမ်းကြောင်းလွှဲလွှဲ မင်းက ငါ့ရှေ့မှာ ရှိနေသရွေ့ ဆရာတစ်ယောက် ဖြစ်တဲ့ငါက စည်းမျဉ်းအတိုင်း ပြုမူရမှာပဲ"
"အဟွတ် ... အဟွတ်"
ထိုအချိန်တွင် တောအုပ်၏ အခြားတစ်ဖက်မှ ချောင်းဟန့်သံ တစ်ခုသည် ထွက်ပေါ် လာခဲ့သည်။ လူရှစ်ယောက်ခန့်သည် ထွက်လာခဲ့ကြပြီး ခေါင်းဆောင်မှာ အပြစ်ကင်းသော အပြုံးလေးနှင့် ဖက်တီးတစ်ယောက် ဖြစ်သည်။ သူသည် ပြုံးလိုက်ရင်း ဆရာကျောက်ကို ပြောလိုက်သည်။
"ဆရာကျောက် ... ခင်ဗျား ဘာလုပ်နေတာလဲ။ ကျောင်းသား တစ်ယောက်ကို ကျွန်တော်တို့ရှေ့မှာ သတ်မလို့လား၊ ဒါက မကောင်းဘူးမလား"
"ချမ်ဝမ်ကွမ် ... မင်းမလုပ် ... "
ဆရာကျောက်သည် သူ့စကားကို ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပသွားကာ အသာအယာ ပြောလာခဲ့သည်။
"ချမ်ဝမ်ကွမ် ... မင်းက ဉာဏ်ကောင်းပေမဲ့ ဒီကိစ္စမှာ မင်းဝင်မပါတာက ပိုကောင်းလိမ့်မယ်။ ကျန်းရီက သင်တန်းကျောင်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်"
"ဟား ... ဟား"
ချမ်ဝမ်ကွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ဆရာကျောက်၏ စကားကို ဖြတ်တောက် လိုက်သည်။ ထို့နောက် သူသည် ထစ်ငေါ့၍ ပြောလိုက်သည်။
"ကျန်းရီက သင်တန်းကျောင်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ် ဆိုရင်တောင် သူ့ကို သတ်သင့်တာက ကင်းလှည့် စောင့်ကြည့်နေတဲ့ အဖွဲ့ပဲ ဖြစ်သင့်တာမလား။ ပြီးတော့ ကျန်းရီက သင်တန်း ကျောင်းသားတွေကို သတ်ခဲ့လို့လား။ ဒီလူတွေက အနည်းဆုံးတော့ နှစ်ဆယ့် ခုနစ်နှစ်လောက် ရှိပြီ မဟုတ်လား။ သူတို့က ဘယ်လိုလုပ် ကျောင်းသားတွေ ဖြစ်နိုင်မှာလဲ။ အပြင်လူတွေက သင်တန်းကျောင်း နယ်နိမိတ်ကို ကျူးကျော် လာမှတော့ ကျန်းရီက ဘာလို့ သူတို့ကို သတ်လို့ မရရမှာလဲ။ ဆရာကျောက် ... ခင်ဗျား မဆန့်ကျင်သင့်တဲ့ လူတွေ ရှိတယ်၊ ခင်ဗျား ကျွန်တော့်လို လူတစ်ယောက်ကို မဆန့်ကျင်သင့်ဘူး။ ခင်ဗျား မိသားစုက ဟူရှန့်ရင်မြို့မှာ နေတာ မဟုတ်လား"
ဆရာကျောက်၏ အမူအရာသည် လုံးဝပြောင်းလဲ သွားခဲ့သည်။ သူသည် ကျန်းရီကို ကြည့်လိုက်ပြီး မျက်တောင် တဖျတ်ဖျတ်ကာ စဉ်းစားလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် အံကြိတ်ကာ ချမ်ဝမ်ကွမ်ကို ကြည့်လိုက်သည်။
"သခင်လေးချမ် ... ကျွန်တော် ဒီလိုလုပ်ဖို့ ဖိအား ပေးခံရတာပါ။ ကျွန်တော့် မိသားစုကို ဒီကိစ္စမှာ ဆွဲမသွင်းဖို့ မျှော်လင့်ပါတယ်"
သူ့စကား ဆုံးသည်နှင့် ဆရာကျောက်သည် အတွင်းအားများကို သူ့လက်ဝါး၌ စုစည်းလိုက်ကာ သူ့ခေါင်းသူ ရိုက်ချလိုက်သည်။ သွေးများ ပန်းထွက်လာကာ သူ့ကိုယ်သည် ပျော့ခွေ အသက်မဲ့သွား၍ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
"ဟမ်"
ကျန်းရီ၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်း သွားခဲ့သည်။ သူသည် ထိုကဲ့သို့ အလှည့်အပြောင်းမျိုးကို မမျှော်လင့်ထားခဲ့ပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာတစ်ယောက်သည် ချမ်ဝမ်ကွမ်၏ စကားတစ်ခွန်းမျှနှင့် သူ့ကိုယ်သူ သတ်သေ သွားသည်တဲ့လား။
ကျန်ရီ၏ စိတ်သာ် အလျင်အမြန် တွေးတောလိုက်ပြီး တစ်ခုခုကို သဘောပေါက် သွားခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဆရာကျောက်က တစ်ယောက်ယောက်ရဲ့ ဖိအားပေး ခံရတာလား"
"အမ် ... သူမင်းကို သတ်သတ် မသတ်သတ် သေရမှာပဲ"
ချမ်ဝမ်ကွမ်သည် ခေါင်းညိတ်လိုက်သည်။
"သူ့တာဝန် ပြီးသွားတာနဲ့ သူ့နောက်ကွယ်က ကြိုးကိုင်တဲ့သူက သတင်း မပေါက်ကြားရအောင် သူ့ကို သတ်မှာပဲ။ အစ်ကိုကြီး ... မင်းအဆင်ပြေလား။ ဒါက ငါ ဂရုမစိုက်မိလို့ ဖြစ်သွားတာ၊ ငါက ဆရာကျောက် လှည့်စားတာကို ခံရတယ်။ ဒါပေမဲ့ ငါမြန်မြန်ပဲ သဘောပေါက်သွားလို့၊ မဟုတ်ရင် ဒုက္ခ ရောက်ကုန်တော့မှာ"
ကျန်းရီသည် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ဖက်တီးအပေါ်တွင် ရှိသော သံသယများသည် လေနှင့်အတူ လွင့်ပါးသွားပြီ ဖြစ်သည်။ ချမ်ဝမ်ကွမ်တွင်သာ သူ့ကို ကြံစည်လိုသော ရည်ရွယ်ချက်ရှိလျှင် ဤသို့သော အခြေအနေမျိုးတွင် ပေါ်လာလိမ့်မည် မဟုတ်ပေ။ ဆရာကျောက်သာ လှုပ်ရှားလိုက်လျှင် သူသေသွားလိမ့်မည် ဖြစ်သည်။ သူသည် အနည်းငယ် တုံ့ဆိုင်း နေပြီးမှ မေးလိုက်သည်။
"ဒီလူတွေရဲ့ သရုပ်မှန်က ဘာလဲ၊ သူတို့ကို ဘယ်သူဒီကို လွှတ်လိုက်တာလဲ၊ မင်းသိနိုင်လား၊ ဟုတ်သာ၊ သူတို့ထဲက တစ်ယောက်က ယင်းပါလို့ ခေါ်တာ ငါကြားလိုက်တယ်"
ချမ်ဝမ်ကွမ်သည် လက်တစ်ဖက် ပြလိုက်သည်။ လူအနည်းငယ်သည် ကျန်းရီဘေးရှိ အလောင်းထံသို့ လျှောက်လာကြလေသည်။ သူတို့သည် ချမ်ဝမ်ကွမ်၏ ညွှန်ကြားချက်ကို လိုက်နာ၍ အုပ်စုနှစ်ခုခွဲကာ ဂူတွင်းသို့ ဝင်သွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် မြေပေါ်ရှိ အလောင်းကို စစ်ဆေးလိုက်ပြီး အခိုင်အမာ ပြောလာခဲ့လေသည်။
"ဒီလူက ယင်းဂိုဏ်းက မဟုတ်ဘူး။ ဒါက ယင်းဂိုဏ်းသား တစ်ယောက်သာ ဆိုရင် မင်းအသက်ရှင်ဖို့ မလွယ်ဘူး။ ယင်းဂိုဏ်းက လူတွေက တကယ့်ကို ကျွမ်းကျင်တဲ့ လုပ်ကြံသူတွေပဲ၊ ချမ်ထုံရှန်း ... ဆရာလျှိုနဲ့ ယင်းရှာကို လာဖို့ အချက်ပြလိုက်"
ချမ်ဂိုဏ်းသားများသည် အလျင်အမြန် လှုပ်ရှားလိုက်ကာ လုပ်ကြံသူများ၏ အခြေအနေကို အစီအရင်ခံ ကြလေသည်။ တင်ပြချက်ကို နားထောင်ပြီးသော် ချမ်ဝမ်ကွမ်သည် လက်မထောင်ကာ ပြောလာခဲ့သည်။
"အစ်ကိုကြီးက တကယ့်ကို ဒေါသကြီးတာပဲ၊ လူဆယ့်သုံးယောက်ကို ကိုယ့်ဟာကို အနိုင်ယူနိုင်ပြီး သူတို့ထဲက တစ်ယောက် ခရမ်းရောင် နန်းတော်ရှင်အဆင့် ငါးယောက်က သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အမြင့်ဆုံးအဆင့်ပဲ"
"ငါကံကောင်းသွားတာပါ"
ကျန်းရီသည် ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ နတ်ဆိုး သားရဲကြီးကြောင့်သာ မဟုတ်လျှင် သူသည်လည်း အလောင်းကောင် တစ်ခု ဖြစ်နေလောက်ပြီ ဖြစ်သည်။ သူသည် ခဏလောက် ရပ်နေခဲ့ပြီး ချမ်ဝမ်ကွမ်ကို မေးလိုက်သည်။
"ငါတို့ ဒီကိစ္စကို ဒီမှာတင် ဘယ်လိုရှင်းမလဲ။ ဆရာတစ်ယောက်ကလည်း သေသွားတယ် ဆိုတော့ ... "
"အသေးအဖွဲလေးပါ"
ချမ်ဝမ်ကွမ်သည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဆရာလျှိုနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့ကလာရင် ကျွန်တော် ရှင်းလိုက်မယ်"
မကြာခင်မှာပင် ဆရာတစ်ယောက်နှင့် ယင်းရှာသည် ရောက်လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် ယင်းရှာကို သူ၏ လုပ်ကြံ သတ်ဖြတ်မှု စွမ်းရည်များအား ကျန်းရီအတွက် သရုပ်ပြ ခိုင်းလိုက်သည်။ ကျန်းရီသည် ယင်းရှာ၏ အရည်အချင်းများကို ကြည့်ပြီးနောက် လုပ်ကြံသူသည် ယင်းဂိုဏ်းမှ မဟုတ်ကြောင်း ချက်ချင်း သိလိုက်လေသည်။ ထိုသူသာ ယင်းဂိုဏ်းမှ တစ်ယောက်ဆိုလျှင် သူလုံးဝ အသက်ရှင်လိမ့်မည် မဟုတ်ပေ။
ယင်းရှာသည် အလောင်းများကို စစ်ဆေးပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။
"ကျန်းရီ ... စိတ်မပူနဲ့၊ ငါဒီလုပ်ကြံတဲ့ အဖွဲ့အစည်းကို သိရဖို့ သုံးရက်ပဲ လိုတယ်။ ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင် သူကိုတော့ သခင်လေးချမ်ပဲ ဖော်ထုတ်နိုင်လိမ့်မယ်"
ချမ်ဝမ်ကွမ်သည် ခေါင်းယမ်းလိုက်သည်။
"ဆရာကျောက် သေသွားပေမဲ့ နောက်ကွယ်က အမိန့်ပေးခဲ့တဲ့ သူကို ဖော်ထုတ်လို့ ရနိုင်သေးတယ်။ ဒါပေမဲ့ သက်သေမရှိဘူး"
ဆရာလျှိုသည် ချမ်ဝမ်ကွမ်၏ ဘက်မှ ဖြစ်သည်မှာ ထင်ရှားသည်။ သူသည် ခဏလောက် စူးစမ်းပြီးမှ ကင်းလှည့်အဖွဲ့ကို အချက်ပြလိုက်သည်။ အနီးအနားရှိ ကျောင်းသားများလည်း ရောက်ရှိ လာကြလေသည်။ နေရာ တစ်ခုလုံးသည် ကင်းလှည့်အဖွဲ့ မရောက်ခင်တည်းက လူများဖြင့် ပြည့်နေခဲ့ပြီ ဖြစ်သည်။
ဆရာတစ်ယောက်၏ သေဆုံးမှုသည် သင်တန်းကျောင်း တစ်ခုလုံးကို တုန်လှုပ် သွားစေသည်။ ကင်းလှည့်အဖွဲ့ ရောက်လာပြီး စုံစမ်းမှုများ ပြုလုပ်ပြီးနောက် ဆရာလျှိုသည် ကျန်းရီနှင့် ချမ်ဝမ်ကွမ်ကို သင်တန်းကျောင်းဆီ ပြန်ခေါ်လာခဲ့သည်။ ဒုကျောင်းအုပ်သည် စူးစမ်းမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံး စီရင်ချက်သည် ကျန်းရီကို ဆွံ့အ သွားစေလေသည်။
လုပ်ကြံသူများသည် တောပုန်း ဓားပြများ ဖြစ်သွားရကာ ဆရာကျောက်သည် အာဇာနည် ဖြစ်သွားပြီး ဓားပြများနှင့် တိုက်လိုက်ခဲ့သည်ဟု ဆိုသည်။ သင်တန်းကျောင်းသည် ဆရာကျောက်ကို အခမ်းအနားနှင့်ပင် မြှုပ်နှံ ပေးလိုက်သေးသည်။ ကျန်းရီမူကား ဆရာကျောက်ကို ကူညီပေးခဲ့သော ရဲရင့်သည့် စစ်သည်တော်လေး ဖြစ်လာခဲ့သည်။ သူသည် သင်တန်းကျောင်း၏ ချီးမြှောက်ခြင်း ခံရကာ အမှတ်၅၀၀ပင် ဆုချီးမြှင့် ခံလိုက်ရသည်။
"ဒီသင်တန်းကျောင်းက ကန်းလွန်းနေပြီ မဟုတ်လား"
ကျန်းရီသည် ထိုသတင်းကို ကြားသောအခါ အတော်လေး ဒေါသ ထွက်သွားပေသည်။ ဆရာကျောက်သည် လုပ်ကြံသူများနှင့် ပူးပေါင်းကာ သူ့ကို သတ်ရန်ကြံစည်ခဲ့သည် မဟုတ်ပါလား။ သူသည် ချမ်ဝမ်ကွမ်၏ ဖော်ထုတ်ခြင်း ခံရမည်ကို ကြောက်ရွံ့ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့သည်။ သို့သော် ယခု ရဲရင့်သော အာဇာနည် ဖြစ်နေသည်တဲ့လား၊ သင်တန်းကျောင်းသည် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေရန်ပင် ရည်ရွယ်ချက် မရှိပေ။ သူတို့သည် ဓားပြဇာတ်လမ်း လုပ်ကာ ဖြေရှင်းခဲ့ကြသည်။
"အစ်ကိုကြီး ... ဒေါသ အရမ်းထွက်မနေပါနဲ့"
ချမ်ဝမ်ကွမ်သည် ရယ်ရယ်မောမောနှင့် ပြောလာခဲ့သည်။
"သင်တန်းကျောင်းတွေ၊ ဂိုဏ်းကြီးတွေက ဒီလိုမျိုးပဲ ဖြေရှင်းကြတာပဲ၊ ဆရာတစ်ယောက်က ကျောင်းသား တစ်ယောက်ကို သတ်ဖို့ ကြံစည်တာမှာ ပါဝင်နေတဲ့ အကြောင်း ဘယ်သင်တန်းကျောင်းကမှ ကြော်ငြာပေးမှာ မဟုတ်ဘူး။ ဒီသတင်းတွေသာ ပျံ့သွားရင် သင်တန်းကျောင်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်။ သူတို့က အစ်ကိုကြီးကို အလျော်ပေးတဲ့ အနေနဲ့ အမှတ်၅၀၀ ပေးတာပဲ မစိုးရိမ်ပါနဲ့၊ ကျွန်တော့်လူတွေ စုံစမ်းနေကြပါတယ်။ တကယ်တော့ အသေးစိတ်ကို မသိရရင်တောင် ကြိုးကိုင်သူကို ကျွန်တော် ခန့်မှန်းထားပြီးသားပဲ"
ကျန်းရီသည် ကြက်သီးများ ထသွားကာ အလေးအနက် မေးလိုက်သည်။
"ကျန်းချီလင်းလား"
"ဆယ်ပုံ ကိုးပုံ ဖြစ်နိုင်ချေ ရှိတယ်"
ချမ်ဝမ်ကွမ်သည် ခေါင်းညိတ်လိုက်သည်။
"မင်းကို မကျေနပ်တဲ့ လူတွေက သူနဲ့ ယွီမိန်အာပဲ ရှိတယ်။ ဒါပေမဲ့ ယွီမိန်အာမှာ ဒီလို လုပ်နိုင်တဲ့ အစွမ်းအစ မရှိဘူး။ ကျန်းချီလင်းက တိုက်ရိုက်မျိုးဆက် ဖြစ်တာမို့ ဆရာကျောက်ကို ခြိမ်းခြောက်ဖို့ အလွယ်လေးပဲ။ သူက လုပ်ကြံသူတစ်အုပ်ကို ငှားဖို့ ခရမ်းရောင်ရွှေလေး နည်းနည်း ငှားလိုက်ရုံပဲ၊ စိတ်မကောင်းစရာက သူက မင်းကို အထင် သေးလွန်းနေတာပဲ"
ကျန်းရီ၏ အမူအရာသည် ခဏလောက် တည်ငြိမ်သွားကာ ဆက်မေး လာခဲ့သည်။
"ကျန်းရိလျှို ပါနေတာရော ဖြစ်နိုင်လား"
ချမ်ဝမ်ကွမ်သည် ကျန်းရီကို မျက်လုံး လှန်ပြလိုက်ကာ အမေးနှင့် ပြန်ဖြေလိုက်သည်။
"ကျန်းရိလျှိုရဲ့ အဆင့်အတန်းက ဘာလဲ၊ သူသာ လုပ်ကြံသူတွေကို လွှတ်တဲ့သူ ဆိုရင် မင်းအသက်ရှင်ပါ့မလား"
ကျန်းရီသည် သူခန့်မှန်းတာ မှားသည်ဟု သိသွားသောအခါ သူအတွေး လွန်းနေခြင်းသာ ဖြစ်သည်ဟု ဖြေတွေး တွေးလိုက်သည်။ သူသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျန်းချီလင်းသာ ကြိုးကိုင်သူ ဖြစ်နေကြောင်း အတည်ပြု နိုင်လျှင်လည်း ကျန်းချီလင်းကို သူဘာမှ မလုပ်နိုင်သေးပေ။ သူအားကောင်းလာမည့် အချိန်ထိ စောင့်ပြီးမှသာ လက်စားချေ နိုင်ပေမည်။
"အိုး ... ဟုတ်သားပဲ၊ ဒီအမှတ်တွေက ဘယ်လိုသုံးရတာလဲ။ ဘယ်လောက် ကြာအောင် သုံးလို့ရမှာလဲ"
သူ့အင်အားများ တိုးတက်လာရန် လိုအပ်ကြောင်း စဉ်းစားနေရင်းနှင့် သင်တန်းကျောင်းမှ သူ့ကို ချီးမြှင့်ထားသော အမှတ်၅၀၀ကို သူသတိ ရသွားခဲ့သည်။ သွေးရှင်းတမ်း ပြိုင်ပွဲ၏ ပထမဆုရှင်တောင် အမှတ်၁၀၀ သာရသည် မဟုတ်ပါလား
ချမ်ဝမ်ကွမ်၏ မျက်လုံးများသည် တောက်ပသွားကာ ဝမ်းသားအားရ ပြောလာခဲ့သည်။
"ဒါက သတင်းကောင်းပဲ၊ အစ်ကိုကြီး ... မင်းက အန္တရာယ်ကနေ အကျိုးအမြတ် ရလိုက်တာပဲ။ မင်းသာ ဒီအမှတ် ၅၀၀ကို သုံးပြီးသွားရင် သေချာပေါက် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့်ကို ရောက်လောက်ပြီ"
*****