← Chapters

မလွတ်​မြောက်နိုင်ခြင်း

Vol. 38 Ch. 523

မလွတ်​မြောက်နိုင်ခြင်း

Vol. 38 Ch. 523

များပြားလှသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလရေကန်အတွင်းမှ လွတ်မြောက်နိုင်ရန်အတွက် ရုန်းကန်လှုပ်ရှားနေကြလေသည်။ သို့သော် အချိန်များစွာ ကြာမြင့်လာသည့်တိုင်အောင် မည်သို့မျှ မထူးခြားလာသဖြင့် ၎င်းတို့မှာ စိတ်ပျက်အားလျော့လာကြသည်။ ဤသို့ဖြင့် အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် ၎င်းတို့တော်တော်များများ စတင်၍ တည်ငြိမ်လာကြပြီပင် ဖြစ်သည်။ ထို့ကြောင့် ရုန်းကန်လှုပ်ရှားခြင်း မပြုနေတော့ပဲ စိတ်ဝိဉာဥ်များအား ငြိမ်သက်စေကာ လွတ်မြောက်ရာလမ်းအတွက် စတင်၍ ကြံဆလာတော့၏။

ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့ဆိုလျှင် အစီအရင်နယ်နိမိတ်ကိုပင် စတင်၍ တိုက်ခိုက်နေကြပြီ ဖြစ်၏။ ထို့ကြောင်​့ အစီအရင်အတွင်းရှိ လေထုများသည်ပင် အနည်းငယ် ဆုတ်ပြဲလာရပြီ ဖြစ်သည်။ ကြည့်လိုက်ရုံမျှဖြင့်ပင် ခုန်းရှန်တို့်မှာ အစီအရင်အတွင်းမှ အားသုံးကာ ထွက်ခွာရန်ကြံစည်နေကြောင်း ထင်ရှားလှ၏။

အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ အစီအရင်အတွင်းရှိ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ အမူအရာအား ကြည့်ရှုနေရင်းဖြင့် ဇူယွမ်နှင့်ယောင်ယောင်နှစ်ဦး ထိန်းချုပ်အသုံးပြုနေသော မှော်စာလုံးအစီအရင်အား အနည်းငယ် သိရှိနားလည်လာကြ၏။ ၎င်းတို့မှာ ယခုအချိန်ထိ အစီအရင်၏ အသေးစိတ်စွမ်းအင်များအား သိရှိနိုင်နေခြင်းမရှိပဲ လူများစွာအား ဖမ်းချုပ်ထားနိုင်သည်ဟုသာ သိရှိထားကြသည်။ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်မှာ ၎င်းတို့နားလည်ရန်အတွက် လွန်စွာမြင့်မားလွန်းလှပေသည်။ ထို့ကြောင့် အခြေအနေများအား စောင့်ကြည့်နေရင်းဖြင့်သာ အစီအရင်အား လေ့လာနေကြရသည်။

"ကြည့်ရတာတော့ လှည့်စားခြင်းအစီအရင်ပုံစံမျိုးပဲကွ။"

"ဒီအစီအရင်က အစွမ်းထက်ပေမယ့် သူတို့ပိတ်ထားတာ လူတအားများနေတော့ ကြာကြာခံလောက်မှာ မဟုတ်ဘူး။ နောက်ခဏနေလောက်ကြရင် ခုန်းရှန်၊ ကျောင်းဇူနဲ့ ပိုင်လီချွီးတို့ကတော့ လွတ်ကိုလွတ်လောက်တယ်။"

"စိတ်မကောင်းစရာပဲ။ ဇူယွမ်နဲ့ယောင်ယောင်က ဒီလောက်အထိ လုပ်ပေးထားတာတောင် မူလသူတော်စင်တောင်ထွတ်က တပည့်တွေက ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို အချိန်မှီ ထုတ်ပစ်နိုင်မှာမဟုတ်ဘူး။"

"ဘယ်တက်နိုင်ပါ့မလဲ။ သူတို့က လူအင်အား အရမ်းနည်းနေတာလေ။"

"ဟုတ်ပကွာ။ ဘယ်လိုမှ အင်အားချင်းမမျှဘူး။"

"......."

အခြားတောင်ထွတ်များမှ လာရောက်ကြည့်ရှုနေကြသော တပည့်များမှာ အခြေအနေအား စောင့်ကြည့်နေရင်းဖြင့် တိုးညင်းစွာ ဝေဖန်ဆွေနွေးနေကြ၏။ အချိန်ကာလတစ်ခုကြာအထိ အစီအရင်အား ေလ့လာပြီးကြသည့်နောက်တွင် ဇူယွမ်တို့ အသုံးပြုနေသည်မှာ လှည့်စားခြင်းအစီအရင်တစ်ခုဖြစ်ကြောင်း စတင်သိရှိလာကြသည်။ ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်၏ ကွာခြားလှသောအင်အားအား ထိန်းချုပ်နိုင်ရန်အတွက် ထိုအစီအရင်အား အသုံးပြုရန်စီစဥ်ခ့ဲခြင်း ဖြစ်ပုံရပေသည်။

သို့သော် ယခုအချိန်၌ ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့မှာ အစီအရင်ထံမှ လွတ်မြောက်ရန် နီးစပ်နေကြပြီဖြစ်ကာ အခြားသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း လွတ်မြောက်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေကြလျက် ရှိသည်။

ထို့အတွက်ကြောင့် ခုန်းရှန်တို့သာ လွတ်မြောက်သွားပြီး အစီအရင်အား ချိုးဖြတ်နိုင်ခ့ဲပါက ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားလုံး လွတ်မြောက်သွားကြမည်ပင် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ တားဆီးမရနိုင်သော အမျက်ဒေါသများကြောင့် စိတ်ကူး၍ပင် မရလောက်အောင် ဆိုးရွားသော အဆုံးသတ်အခြေအနေတစ်ခုနှင့် ကြုံတွေ့သွားရနိုင်၏။

သို့သော် ထူးဆန်းနေသည်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ရရှိနေသည့် အခွင့်အရေးအား အနည်းငယ်မျှပင် အသုံးချခြင်းမပြုပဲ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားလည်း ထုတ်ပယ်ရန်အတွက် စိတ်ကူးမရှိကြသည့်ဟန်သာ ရှိနေသည်။

ထိုအခြေအနေမှာ အလွန့်အလွန်ပင် ထူးဆန်းလှ၏။ စင်စစ်အားဖြင့်ဆိုလျှင် ရသမျှအခွင့်အရေးနှင့် အခြေအနေအား အသုံးချကာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ရသမျှထုတ်ပယ်နိုင်ရန် ကြိုးစားသင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အစီအရင်ကျိုးပျက်သွားသည်နှင့်တစ်ပြိုင်နက် မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ အဆုံးသတ်မှာလည်း လှပနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရရှိနေသော အခွင့်အရေးအား လက်လွတ်မခံပဲ ကြိုးစားသင့်ပါသော်လည်း မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာမူ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုပဲ အရာအားလုံးအား လျစ်လျူရှုထားသည့်ဟန် ရှိသည်။

ဤသို့ဖြင့်ပင် အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးသွားရ၏။

ဝုန်း...ဝုန်း...

အစီအရင်ထံမှ ကျယ်လောင်လှသောအသံများ တဖြည်းဖြည်းနှင့် ထွက်ပေါ်လာ၏။ ထို့နောက် ပုံရိပ်သုံးခုမှာ မူလရေကန်ထဲမှတဆင့် လေထုအတွင်းသို့ ထိုးတက်ပျံသန်းသွားလေသည်။ ထိုပုံရိပ်များမှာ ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့ပင် ဖြစ်၏။

၎င်းတို့သုံးဦး၏ မျက်နှာအမူအရာမှာ အလွန်ပင် ခက်ထန်နေလျက် ရှိသည်။ ၎င်းတို့မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားလုံး အစီအရင်အတွင်း ပိတ်မိနေရခြင်းအပေါ် လွန်စွာဒေါသထွက်​နေကြရ၏။ ယင်းတို့သုံးဦးလုံးတွင် မည်သူကမှ ဇူယွမ်က့ဲသို့သောကောင်မျိုး၏ လှည့်ကွက်အတွင်း ဝင်ရောက်သွားလိမ့်မည်ဟု ထင်မှတ်မထားကြပေ။ ထိုသို့ဖြစ်သွားရသည်မှာ မည်သူ၏ အပြစ်မှမဟုတ် ဇူယွမ်အား ပေါ့ဆစွာတွက်ဆမိခ့ဲသော ၎င်းတို့၏ အပြစ်သာ ဖြစ်၏။

၎င်းတို့သုံးဦးလုံး သတိထားနေရင်းဖြင့်ပင် ဇူယွမ်နှင့် ယောင်ယောင်နှစ်ဦး လျှို့ဝှက်စွာ ရေးဆွဲထားသော မူလမှော်စာလုံး အစီအရင်အတွင်းသို့ ဓားကပ်ဘေးတောင်ထွတ်တစ်ခုလုံး ကျရောက်ခ့ဲကြရလေသည်။ ထင်မှတ်မထားရလောက်အောင် ဇူယွမ်မှာ ဥာဏ်နီဉာဏ်နက် များလွန်းလှ၏။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ လေထုအတွင်း ပျံဝဲနေသော ခုန်းရှန်တို့သုံးဦးအား ကြည့်ရှုလိုက်ပြီးနောက် အမူအရာများ ပျက်ယွင်းကုန်ရသည်။

ခုန်းရှန်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်၍ မူလရေကန်အတွင်း ပိတ်မိနေကြသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ယောင်ယောင်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းက ဒီလောက်ထိ အရည်အချင်းရှိလိမ့်မယ်လို့ ငါလုံးဝထင်မထားခ့ဲဘူး။ ဒီလောက်ထိ အစွမ်းထက်တဲ့ ေမှာ်စာလုံးအစီအရင်ကိုတောင်မှ ရေးဆွဲထိန်းချုပ်နိုင်နေပြီပေါ့လေ။"

ခုန်းရှန်မှာ သာမန်တပည့်တစ်ဦး မဟုတ်သောကြောင့် ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်၏ ထူးခြားကောင်းမွန်လှသော အစွမ်းသတ္တိများအား မြင်တွေ့နိုင်ပေသည်။ သို့သော် ခန်မှ့န်းကြည့်ရုံမျှနှင့်ပင် ထိုအစီအရင်မှာ ရေးဆွဲနိုင်ရန်အတွက် လွန်စွာခက်ခဲလိမ့်မည်မှာ ထင်ရှားနေ၏။ စင်စစ်အားဖြင့် ယခုက့ဲသို့သော မူလမှော်စာလုံး အစီအရင်တစ်ခုအား သူတော်စင်မှော်စာလုံးတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ယဲ့ကယ်သည်ပင်လျှင် ေအာင်မြင်စွာ ေရးဆွဲနိုင်လိမ့်မည် မဟုတ်ပေ။

ယောင်ယောင်မှာ ခုန်းရှန်အား တစ်ချက်မျှသာ ကြည့်ရှုလိုက်ပြီးနောက် မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်းမပြုပဲ သူမ၏လက်မောင်းထက်တွင် အိပ်မောကျနေသော ထန်ထန့်ကိုသာ ပွတ်သပ်ပေးလိုက်၏။

"ဓားကပ်ဘေးတောင်ထွတ်က ဒီတစ်ခါတော့ မင်းတို့လှည့်ကွက်ထဲကို ဝင်မိသွားတာပေါ့လေ။ ဒါပေမယ့် မင်းတို့အစီအရင်က ဖမ်းချုပ်ထားရုံကလွဲရင် ဘာမှဒုက္ခမဖြစ်စေနိုင်ဘူး။" ခုန်းရှန်မှ တည်ငြိမ်စွာပင် ဆက်လက်ပြောဆိုနေသည်။ "ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေ ဒီအစီအရင်ထဲက လွတ်သွားတာနဲ့ အခြေအနေတွေကလည်း နဂိုအတိုင်း ပြန်ဖြစ်သွားမှာပဲ။ ဓားကပ်ဘေးတောင်ထွတ်နဲ့ မူလသူတော်စင်တောင်ထွတ်ရဲ့ ကွာခြားချက်ကို ဒီလိုနည်းနဲ့ ညှိယူလို့ရမှာ မဟုတ်ဘူး။"

"အဲ့ဒါကြောင့် အခုချက်ချင်း အရှုံးကို ဝန်ခံလိုက်ပါ။ အစီအရင်ကို ပယ်ဖျက်ပြီး ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကိုလည်း လွှတ်ပေးလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် မင်းတို့ရဲ့ မူလသူတော်စင်တောင်ထွတ်က ဆိုးဆိုးရွားရွား အဆုံးသတ်သွားရလိမ့်မယ်။"

ခုန်းရှန်၏ အမူအရာမှာ တည်ငြိမ်နေပါသော်လည်း စကားလုံးများတွင် ဒေါသသံများ စွတ်ဖက်နေ၏။ ၎င်း၏သတိပေးစကားကြောင့် မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ စိတ်နှလုံးများပင် တုန်ခါသွားကြရသည်။ ခုန်းရှန်၏ တည်ရှိမှုမှာ ကန်ရွှမ်းကလန်တွင် ကြီးမားလွန်းလှ၏။ ကလန်၏ ရွေးချယ်ခံနံပါတ်နှစ်ဖြစ်သူ ခုန်းရှန်အား လူတိုင်းမှ ကြောက်ရွ့ံကြရသည်မှာ အဆန်းမဟုတ်ပေ။

သို့သော် ယောင်ယောင်မှာမူ ခုန်းရှန်အား အနည်းငယ်မျှပင် အလေးထားဟန်မရှိပဲ ထန်ထန့်ကိုသာ ဂရုတစိုက်ဖြင့် ပွတ်သပ်ပေးနေလေသည်။

"အစီအရင်ထဲကနေတောင် မထွက်နိုင်သေးတဲ့လူက ငါတို့ကို အရှုံးပေးခိုင်းနေတယ်ပေါ့လေ။ တော်တော်မျက်နှာပြောင်တိုက်ရဲတာပဲနော် အဟက်။" မထီမဲ့မြင်ပြုသော စကားသံတစ်ခုအား လူတိုင်းမှ ကြားလိုက်ကြရ၏။ ထို့နောက် ပုံရိပ်တစ်ခုမှာ ယောင်ယောင်၏အနီးသို့ ပျံဝဲဆင်းသက်လာသည်ကို တွေ့ရှိလိုက်ကြရပေသည်။ ထိုပုံရိပ်မှာ ဇူယွမ်ပင် ဖြစ်၏။

ပိုင်လီချွီးမှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ငါတို့က မင်းတို့ကောင်းဖို့အတွက် ညှိနှိုင်းနေတာ။ လူလိုသိစမ်းပါ။ မူလသူတော်စင်တောင်ထွတ်အတွက် တကယ်စိတ်ပူတယ်ဆိုရင် အကိုတော်ခုန်းရှန်ရဲ့စကားကို နားထောင်လိုက်သင့်တယ်။"

"ငါတို့က ခဏနေရင် အစီအရင်ကနေ လွတ်တော့မှာ။ အဲ့အချိန်ကြရင် ငါတို့က မင်းတို့ရဲ့ ဒီအစီအရင်တစ်ခုလုံးကို ချိုးဖြတ်လိုက်တော့မှာ။"

"အဲ့တော့ အခုရှိနေတဲ့ အချိန်ခဏလေးအတွင်းမှာ မင်းတို့မူလသူတော်စင်တောင်ထွတ်က လူအင်အားနည်းနည်းလေးနဲ့ ဓားကပ်ဘေးတောင်ထွတ်က တပည့်ဘယ်နယောက်ကိုများ ထုတ်နိုင်မှာမို့လို့လဲ။"

ဇူယွမ်မှ ပိုင်လီချွီးအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "အခုငါးမိနစ်အတွင်း အစီအရင်ထဲက မထွက်နိုင်ခ့ဲရင်...."

"မင်းတို့အားလုံး....."

"ထုတ်ပယ်ခံရလိမ့်မယ်လို့ ငါတော့ထင်နေမိတယ်။"

ဇူယွမ်၏စကားအား ခုန်းရှန်တို့သုံးဦးမှ ကျယ်လောင်စွာပင် လှောင်ပြောင်ရယ်မောလိုက်ကြ၏။

"ငါတို့ကို ထပ်ပြီးစကားနဲ့ လှည့်စားဦးမလို့ပေါ့လေ။"

"တစ်ခါပဲရမယ်။" ကျောင်းဇူမှ မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်မှ တပည့်များအားကြည့်ရှုကာ အမိန့်ပေးလိုက်သည်။ "မင်းတို့အားလုံး သတိရှိကြပါ။ ဓားကပ်ဘေးတောင်ထွတ်က ဘယ်တပည့်ကိုမှ အစီအရင်ထဲကနေ လွတ်ထွတ်မသွားစေနဲ့။"

ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။ သို့သော် ၎င်းတို့သုံးဦးလုံးမှာ အလွန်ပင် ယုံကြည်ချက်ပြည့်ဝနေသော ဇူယွမ်အား နားမလည်နိုင် ဖြစ်နေရဆဲပင် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ ကောင်းကျိုးကိုသာ ရှေးရှုတက်သော တပည့်ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင်​့ ၎င်း၏အမိန့်အား တသွေမသိမ်း လိုက်နာရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ခုန်းရှန်တို့သုံးဦးမှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုသေးပဲ ဇူယွမ်နှင့်ယောင်ယောင်တို့ကိုသာ စောင့်ကြည့်နေကြ၏။

ဤသို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေကြသည်မှာ အချိန်အနည်းငယ်မျှပင် ကြာမြင့်သွားရလေသည်။

အချိန်များစွာ ကုန်လွန်လာသည်နှင့်အမျှ ဓားကပ်ဘေးတောင်ထွတ်၏ စွမ်းဆောင်ရည်ပြည့်ဝကြသော တပည့်များမှာ မူလရေကန်အတွင်းမှ စတင်၍ လွတ်မြောက်လာကြပြီပင် ဖြစ်၏။ ၎င်းတို့မှာ မူလရေကန်၏ စုပ်ယူမှုအတွင်းမှ လွတ်မြောက်လာသည်နှင့်တကွ ခုန်းရှန်တို့၏အနောက်တွင် ပျံဝဲနေလိုက်ကြသည်။ ၎င်းတို့၏ အမူအရာမှာ ဒေါသတရားများဖြင့် ပြည့်နှက်နေကြပြီး မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား အပိုင်းပိုင်းအစစ ဆွဲဖြဲတော့မည့်ဟန်ဖြင့် ကြည့်ရှုနေကြ၏။

ယခုဆိုလျှင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်တစ်ရာနီးပါးမျှ မူလရေကန်အတွင်းမှ လွတ်မြောက်လာကြပြီ ဖြစ်သည်။ သို့သော် ခုန်းရှန်တို့သုံးဦးအပါအဝင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားလုံးမှာ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်အတွင်း၌သာ ရှိနေကြဆဲ ဖြစ်၏။

ဓားကပ်ဘေးတောင်ထွတ်၏ တပည့်တစ်ရာမျှသာ လေထုအတွင်းသို့ ပျံဝဲလွတ်မြောက်လာကြပါသော်လည်း မူလသူတော်စင်တောင်ထွတ်နှင်​့ လက်ရည်တူညီနေပြီပင် ဖြစ်သည်။ ဤသို့ဖြင့် မူလရေကန်အတွင်းမှ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များ ပိုမိုလွတ်မြောက်လာကြပါက မူလသူတော်စင်တောင်ထွတ်အတွက် အခွင့်အရေးများမှာ ပို၍ပို၍ နည်းပါးသွားရပေလိမ့်မည်။

အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် စိတ်ရှုပ်ထွေးနေကြရ၏။ ရရှိနေသော အခွင့်အရေးများအား အနည်းငယ်မျှပင် အသုံးမချပဲ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား အလွတ်ပေးထားသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များကိုလည်း လွန်စွာပင် နားမလည်နိုင် ဖြစ်နေကြရသည်။

ပိုင်လီချွီးမှာ လွတ်မြောက်လာသော တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အား မထီမဲ့မြင်ပြုစွာဖြင့် စကားဆိုလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်။ အခုဆို မင်းပြောတဲ့ အချိန်ငါးမိနစ် ပြည့်တော့မယ်နော်။"

"ငါတို့ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကတော့ တစ်ယောက်ပြီးတစ်ယောက် မူလရေကန်နေက လွတ်လာကြပြီ။ အစီအရင်ရဲ့ အပြင်ဖက်ကို ထွက်နိုင်ဖို့ပဲ လုိတော့တယ်။"

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ စိုးရိမ်ပူပန်နေကြသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေကြ၏။

ဇူယွမ်မှာ ခပ်ဖွဖွသာ ပြုံးလိုက်ကာ ပိုင်လီချွီးအား မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်း မရှိချေ။

ထိုအချိန်၌ပင် ခုန်းရှန်မှာ အဝေးတစ်နေရာမှ အစီအရင်ရှိရာသို့ ဦးတည်ရောက်ရှိလာနေသော ပြင်းထန်လှသည့် စွမ်းအင်များအား အာရုံခံမိလိုက်၏။ ချက်ချင်းဆိုသလိုပင် ၎င်း၏အမူအရာမှာ ခက်ထန်သွားရလေသည်။

ရေပြင်များမှာ ပြင်းထန်စွာ လှိုင်းထန်လာပြီးနောက် ရေမျက်နှာပြင်အောက်မှ ကြီးမားလှသော သတ္တဝါကြီးများ ပေါ်ပေါ်လာတော့၏။

"ရေနေသားရဲကြီးတွေ...ရေနေသားရဲကြီးတွေ။"

"ရေနေသားရဲကြီးတွေ ဒီနေရာကို လာနေကြတယ်။"

မထီမဲ့မြင်ပြုနေသော ပို်င်လီချွီး၏ အမူအရာမှာလည်း အေးခဲသွားရပေတော့သည်။ ၎င်းမှာ ကူကယ်ရာမဲ့စွာဖြင့်ပင် အစီအရင်ရှိရာနေရာသို့ အရပ်မျက်နှာအစုံမှ ရောက်ရှိလာနေကြသော ရေနေသားရ​ဲများအား ကြည့်ရှုလိုက်မိ၏။

ထို့နောက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ ကျယ်လောင်လှသော အော်ဟစ်သံများမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားလေတော့သည်။

ရေနေသားရဲများကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး ထုတ်ပယ်ခံနေရ၏။

ခေတ္တမျှသော အချိန်အတွင်းမှာပင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ဦးရေတစ်ထောင်ကျော်မျှ ထုတ်ပယ်ခံလိုက်ရပြီပင် ဖြစ်သည်။

​မျက်စိတစ်မှိတ်စာမျှအတွင်း ဖြစ်ပေါ်နေသော အကြောင်းအရာများအား အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များသာမက မူလသူတော်စင်တောင်ထွတ်၏ တပည့်များပင်လျှင် မယုံကြည်နိုင်စွာဖြင့် ငေးမောကြည့်ရှုနေမိကြ၏။

ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့မှာ မူလရေကန်အား ကြည့်ရှုနေရင်းဖြင့် အမူအရာများ ခက်ထန်လာရ၏။ မည်သူကမှ ဤက့ဲသို့သော အခြေအနေတွင် ရေနေသားရဲများ ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားကြပေ။

ဇူယွမ်မှာ မြင်ကွင်းအား ကျေနပ်အားရစွာဖြင့် ကြည့်ရှုလိုက်ပြီးနောက် လက်ခုပ်လက်ဝါးတီးကာ စကားဆိုလိုက်သည်။

"စိတ်မပူပါနဲ့ ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ပိုင်လီချွီး။ မင်းတို့တောင်ထွတ်က တပည့်တစ်ယောက်မှ ငါ့လက်ထဲကနေ မလွတ်စေရပါဘူး။"

All Chapters