အလောင်းအစားကြီး
Vol. 1 Ch. 85
ဒါက တောင်ဘက် အဆောင်လား ... တကယ်ကို အနောက်ဘက် အဆောင်ထက် ပိုခမ်းနားတာပဲ။ နေသည် ငုပ်လျှိုး ပျောက်ကွယ်တော့မည် ဖြစ်သည်။ ကျန်းရီသည် ညစာ စားပြီးနောက် ချမ်ဝမ်ကွမ်၏ ညွှန်ကြားချက် အတိုင်း လာခဲ့ရာ တောက်ဘက် အဆောင်သို့ ရောက်ရှိလာလေသည်။ ကျောင်းစည်းမျဉ်း အရဆိုလျှင် သူသည် တောက်ဘက် အဆောင်သို့ လာခွင့်မရှိပေ။
သို့သော် သင်တန်းကျောင်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အရာကို ဖုံးကွယ်ရန် သူ့ကို အမှတ်၅၀၀ ချီးမြှင့် ထားခဲ့သည်။ ထို့ကြောင့် သူသည် သာမန် ကျောင်းသားများသာ လာခွင့်ရှိသော တောင်ဘက် အဆောင်ဆီသို့ လာခွင့် ရခဲ့သည်။
ယခု ဆရာကျောက် သေပြီဖြစ်ရာ သင်တန်းကျောင်းသည် ဆရာကျောက် နေရာတွင် အစားထိုးရန် ဆရာတစ်ယောက်ကို သေချာပေါက် စေလွှတ်မည် ဖြစ်သည်။ ချင်ဝမ်ကွမ်ပင် သူ၏ အဆက်အသွယ်များနှင့် အပေးအယူ လုပ်နိုင်ရန် မသေချာပေ။ ထို့ကြောင့် ကျန်းရီသည် နေ့လယ်ဘက်တွင် နတ်ဆိုးသားရဲများကို အမဲလိုက်နေရရာ ညဘက်မှသာ လာရန် အချိန်ရှိလေသည်။
သိုင်းလေ့ကျင့် ခန်းမဆောင်၊ ဆေးဗိမ္မာန်၊ ယန္တရားပစ္စည်းများ ခန်းမ၊ ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမ ...
လမ်းလျှောက်နေရင်းမှပင် ကျန်းရီသည် ကျင့်ကြံရာတွင် အသုံးပြုသော အထောက်အပံ့ဆိုင်ရာ ပစ္စည်းများစွာကို တွေ့နေရသည်။ ချမ်ဝမ်ကွမ် ပြောသကဲ့သို့ပင် ထိုပစ္စည်းများတွင် ဆန်းကြယ်သော စွမ်းရည်များစွာ ရှိသည်။ ဥပမာအားဖြင့် သိုင်းလေ့ကျင့် ခန်းမဆောင်အတွင်းရှိ အသက်မဲ့ အရုပ်များသည် ကျောင်းသားများကို သိုင်းပညာရပ်များတွင် သဘာဝလွန်အဆင့် ရောက်အောင် လေ့ကျင့် ပေးနိုင်လေသည်။ ဆေးဗိမ္မာန်တွင်မူ ကျောင်းသားများ ကာယစွမ်းအား တိုးတက်စေရန် ရေချိုးနိုင်သော ဆေးရေကန်တစ်ခု ရှိသည်။ ယန္တရား ခန်းမသည်မူ ကျောင်းသားများကို လျင်မြန် ဖျတ်လတ် လာစေရန် ကူညီပေးလေပြီး အထဲတွင် ရှောင်တိမ်း လေ့ကျင့်ရသည့် ထောင်ချောက်များစွာ ရှိလေသည်။
ကျန်းရီသည် သူ့ရှေ့ရှိ အထောက်အပံ့များကို စိတ်မဝင်စားပေ။ သူသည် ခန်းမကျယ်ကြီး တစ်ခုရှေ့တွင် ရပ်တန့် လိုက်သည်။ ထိုခန်းမကြီးသည် ကျောင်းတစ်ခုလုံးတွင် အဆန်းကြယ်ဆုံးသော နေရာ ဖြစ်သည်။ ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ်ခန်းမ …
ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ်ခန်းမတွင် အထိမ်းအမှတ် ကျောက်တိုင်ကြီး ခြောက်ခုရှိသည်။ ချမ်ဝမ်ကွမ် ပြောစကား အရဆိုလျှင် ဝိညာဉ်သားရဲ သင်တန်းကျောင်း စတင် တည်ထောင်ချိန်မှ နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ ကောင်းကင်ကိုတောင် တုန်လှုပ် သွားစေနိုင်သည့် စုစုပေါင်း အရှင် ခြောက်ယောက် ထွက်ပေါ် လာခဲ့သည်ဟု ဆိုသည်။ ခြောက်ယောက်လုံးသည် နယ်မြေ တစ်ခွင်တွင် ပြိုင်ဘက် ကင်းခဲ့သည်။ သူတို့သည် စွမ်းအား အမြင့်ဆုံး အချိန်ကာလက သူတို့ခေတ်ရှိ ကျောင်းအကြီးအကဲများက ကျောက်တိုင်ကြီးများ ပေါ်တွင် တာအိုသဘောတရားများကို ရေးထွင်း ပေးခဲ့ပါရန် တောင်းဆို ခဲ့ကြသည်။ ထိုကျောက်တုံးများကို သင်တန်းကျောင်း၏ ကျောင်းသားများ ကြိုးစားနားလည် သဘောပေါက်စေရန် သိုင်းပညာခန်းမ ဆောင်ထဲတွင် ထားရှိ ပြသထားခဲ့သည်။
ပြိုင်ဘက်ကင်း အကြီးအကဲများက တာအိုသဘောတရား အများကြီးကို ချန်ရစ် ထားပေးခဲ့သော်လည်း လူများသည် တာအိုအပေါ်တွင် အမြင် အမျိုးမျိုးရှိရာ အကြီးအကဲများ ချန်ထားခဲ့သော အကြောင်းအရာများကို လူတိုင်း နားမလည်နိုင်ပေ။
ကျောက်တုံးများပေါ်ရှိ စကားလုံးများသည် လူပေါင်းရာချီကို သိုင်းပညာများ တိုးတက် လာစေခဲ့သည်။ ထိုအထဲမှ လူသုံးဆယ့်ခြောက်ယောက်သည် ထူးခြားသော ဉာဏ်အလင်းများ ရရှိခဲ့ရာ ထိုအထဲမှ အများစုသည် နယ်မြေ၏ အတော်ဆုံး စစ်သည်တော်များ ဖြစ်လာခဲ့ကြသည်။
ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမသည် သာမန်မဟုတ်သော အဆင့်အတန်း ရှိလေသည်။ ခန်းမတွင်းသို့ နှစ်နာရီကြာ ဝင်ရောက်ရန်ပင် အမှတ်သုံးရာ လိုအပ်သည်။ အမှတ်အစား ခရမ်းရောင် ရွှေသုံးမည် ဆိုလျှင် ခရမ်းရောင်ရွှေ တစ်သန်း လိုအပ်လေသည်။
ကျန်းရီသည် ခန်းမကျယ်ကြီး ရှေ့တွင် အချိန်အတော်ကြာ ရပ်နေပြီးနောက် ဝင်ကြေးအတွက် အမှတ်သုံးရာကို အလျင်စလို မသုံးရန် ဆုံးဖြတ်လိုက်သည်။ နှစ်နာရီမျှနှင့် သူဘာကို နားလည်နိုင်ပါ့မလဲ ... ဝိညာဉ်သားရဲ သင်တန်းကျောင်း စတင်ဖွင့်လှစ်တည်းက ကျောင်းသားများ သန်းချီ၍ ရှိခဲ့သည်။ ခန်းမတွင်းသို့ ဝင်ရောက်ခဲ့သော လူအရေအတွက် သည်လည်း မြစ်ထဲမှ ငါးများနှယ် ဖြစ်သည်။ သို့သော် လူပေါင်း ရာနည်းနည်းလေးသာ အကျိုးအမြတ် ရရှိခဲ့သည်။ ထိုသည် ထိုအကျိုးဆက်ကို ခံစားနိုင်မည် မဟုတ်ပေ။
အဆုံးတွင်တော့ သူသည် သင်တန်းကျောင်း၏ ခန်းမများ ရှေ့တွင် ရပ်တန့်လိုက်သည်။ သိုင်းလေ့ကျင့်ခန်းများ အတွင်းရှိ ဝိညာဉ်စွမ်းအားတို့သည် သိုင်းခန်းမထက် အဆများစွာ အားကောင်းပေသည်။ ထိုလေ့ကျင့်ခန်းများသည် ကျောင်းသားများ၏ ကျင့်ကြံနှုန်းကို သုံးဆတိုးမြှင့် ပေးနိုင်လေသည်။ ကျန်းရီအတွက်ဆိုလျှင် ပြောနေရန်ပင် မလိုပေ။
ကျန်းရီသည် ခန်းမကြီးထဲ အသာအယာ ဝင်သွားရန် ပြင်လိုက်သော်လည်း အဖြူရောင် သံချပ်ဝတ် အစောင့်နှစ်ယောက်သည် သူ့ကို တားမြစ်လာခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် ကျန်းရီကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလာခဲ့သည်။
"ဒါက လေ့ကျင့်နိုင်တဲ့ အခန်းတွေပဲ ... ခွင့်ပြုချက် မရှိဘဲ ဝင်သွားလို့မရဘူး"
ကျန်းရီသည် သူ့ကျောက်စိမ်း တံဆိပ်ပြားကို ထုတ်ယူလိုက်ကာ ယမ်းပြလိုက်ပြီး ရှေ့ဆက် တိုးသွားခဲ့လိုက်သည်။
ကျောက်စိမ်း တံဆိပ်ပြားသည် သူ့ကို သင်တန်းကျောင်းမှ ပေးထားခြင်း ဖြစ်ပြီး အမှတ်များကို မှတ်တမ်း တင်ထားရန် အသုံးပြုသည်။ သူ့တွင် ကျောက်စိမ်း တံဆိပ်ပြား ရှိခြင်းသည် သူသည် တောင်ဘက် အဆောင်ရှိ အခန်းများကို ဝင်ခွင့်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အထဲကို ဝင်သွားလိုက်သော် ကျန်းရီသည် သီးသန့်ခန်းငယ်များစွာကို တွေ့လိုက်ရသည်။ အခန်းများအားလုံးသည် ပိတ်လျက်ရှိနေပြီး ခန်းမ၏ ထောင့်ရှိ ပလ္လင်ပေါ်တွင် ဆရာဝတ်စုံကို ဝတ်ထားသူ တစ်ယောက်သည် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူသည် ကျန်းရီ လျှောက်လာသည်ကို မြင်လျှင် တည်ငြိမ်စွာ ပြောလာခဲ့သည်။
"လေ့ကျင့်ခန်း နံပါတ် (၁)က ပြည့်နေပြီ ... နောက်တစ်ခုကိုသွား"
ကျန်းရီသည် အရှက်ပြေ နှာခေါင်း ပွတ်လိုက်ပြီး ဆက်လျှောက် လာခဲ့သည်။ နောက်ထပ် ခန်းမ ခြောက်ခုသည်လည်း ပြည့်နေသည်ကို သူတွေ့လိုက်ရသည်။ ခုနှစ်ခုမြောက် ခန်းမတွင် သူသည် အခန်းအလွတ် တစ်ခုကို တွေ့ရှိခဲ့လေသည်။ ထိုနေရာတွင်လည်း ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော အကြီးအကဲ တစ်ယောက်ကို တွေ့ရလေသည်။ သူသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး လက်ကို ဆန့်ထုတ် လာခဲ့သည်။ ကျန်းရီသည် သူ့ကို ကြောင်တောင်တောင်ဖြင့် တစ်ခဏမျှ ကြည့်နေလိုက်ပြီးမှာ ကျောက်စိမ်းပြားကို တောင်းနေခြင်း ဖြစ်ကြောင်း သဘော ပေါက်သွားလေသည်။
"နေ့တစ်ဝက် ကျင့်ကြံဖို့ တစ်မှတ်လိုတယ် ... တစ်ရက်ဆိုရင် နှစ်မှတ် ... နေ့တစ်ဝက် မကြာဘူး ဆိုရင်တောင် တစ်မှတ် အလျှော့ခံရမှာပဲ ... မင်းကျင့်ကြံရာကနေ ပြန်ထွက်လာရင် မင်းရဲ့ ကျောက်စိမ်း တံဆိပ်ပြားကို ပြန်လာယူနိုင်တယ်"
အကြီးအကဲသည် ကျန်းရီကို လက်ဝှေ့ယမ်း ပြလိုက်သည်။ ကျန်းရီသည် အခန်းငယ်တွင်းသို့ ဝင်ရောက်လု ဆဲဆဲတွင် လူတစ်ယောက်သည် ခန်းမတွင်းသို့ ပြေးဝင်လာကာ ကျောက်စိမ်းပြား တစ်ခုကို အကြီးအကဲထံ ပစ်ပေးလိုက်ပြီး အခန်းတွင်းသို့ ပြေးသွားလေသည်။
"အမ်"
ကျန်းရီသည် မျက်နှာ ပျက်သွားခဲ့သည်။ ဒီလူက သူကြိုးကြိုးစားစား ရှာထားပြီးမှ တွေ့သော အခန်းငယ်ကို လုယူဖို့ ကြိုးစားနေတာလား။ ကျန်းရီသည် ရှေ့သို့ အမြန် ပြေးသွားလိုက်ကာ တံခါးဝတွင် ပိတ်ရပ်လိုက်ပြီး ထိုလူငယ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ဟေး ... 'အရင်လာမှ အရင်ရမယ်' ဆိုတာကို မင်းကြားဖူးလား"
"ဘာတွေ လာပြောနေတာလဲ ... သွားစမ်းပါ ... ဘာလို့ မင်းလို တရားဝင် မဟုတ်သေးတဲ့ ကျောင်းသားက ကျင့်ကြံရမှာလဲ"
ထိုလူသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး စတင် ကျိန်ဆဲတော့သည်။ သူသည် အရက်မူးနေပုံ ပေါ်ပြီး သင်တန်းကျောင်း၏ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အင်္ကျီ ရင်ဘတ်တွင် ကြယ်တစ်ပွင့် ရှိနေလေသည်။ သူသည် သာမန် တရားဝင် ကျောင်းသား ဖြစ်ပြီး ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းရီကို အထင်သေး နေခဲ့သည်။
ကျန်းရီသည် မည်သို့မှ မလှုပ်ရှားခဲ့သော်လည်း မျက်နှာကမူ ပို၍ မည်းမှောင် လာခဲ့သည်။
"ကျောင်းတော်သား ... မင်းရဲ့ စကားတွေကို ဆင်ခြင်ရင် ကောင်းမယ် ... မင်းငါ့ကို ထပ်ပြီး ကျိန်ဆဲနေမယ် ဆိုရင် ငါသင်တန်းကျောင်းရဲ့ ဥပဒေရေးရာ အဖွဲ့အစည်းကို တိုင်ကြားလိုက်ပြီး ဒီပြဿနာကို ဆုံးဖြတ် ခိုင်းလိုက်မယ်"
"ဘာအတွက် ဆူညံ နေကြတာလဲ"
သိုင်းလေ့ကျင့်ခန်း အတွင်းရှိ ဆရာသည် စကား ပြောလာခဲ့သည်။ ကျန်းရီသည် သူ့ကို ကူညီလိမ့်မည်ဟု ထင်လိုက်သည်။ သို့သော် ထိုဆရာသည် စိတ်မရှည်စွာ ပြောလာခဲ့သည်။
"ဒါက ကျင့်ကြံခန်းပဲ ... တိုက်ပွဲကွင်းပြင် မဟုတ်ဘူး ... မင်းတို့တွေ မကျေနပ်တာ မှန်သမျှ တိုက်ပွဲ ကွင်းပြင်ကို သွားပြီး ရှင်းလို့ရတယ် ... နောက်ထပ် အသံတစ်သံ ထပ်ထွက်လာမယ် ဆိုရင် ငါမင်းတို့ နှစ်ယောက်လုံးကို ဒီကနေ ကန်ထုတ်ပစ်မယ်"
"အာ ... "
ကျန်းရီ၏ မျက်နှာသည် လုံးဝ ပျက်ယွင်း သွားရသည်။ ဆရာသည် အခြားလူကို ကူညီနေသည်မှာ အသိသာကြီး မဟုတ်ပါလား ... သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွင်သာ ရှိ၍ တစ်ဖက်လူသည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်မှာ ဖြစ်သည်။ သို့သော် ဆရာသည် သူတို့ကို တိုက်ပွဲ ကွင်းပြင်သို့ သွား၍ ဖြေရှင်းရန် ပြောခဲ့သည်။ ဒါက သူ့ကို ကန်ထုတ် ချင်နေတာ အသိသာကြီးပင် ...
"ဟား ... ဟား"
ဆရာပြောသည်ကို ကြားသော် ထိုကျောင်းသားသည် ကျန်းရီကို အထင်သေးသည့် မျက်လုံးများနှင့် ကြည့်ပြီး ဝံ့ကြွားစွာ လှောင်ပြောင် လိုက်သည်။
"မင်း အလျှော့ ပေးလိုက်မလား ... တိုက်ပွဲ ကွင်းပြင်ကို သွားမလား ... ခွေးကောင်လေး ... မင်းမှာ ရွေးချယ်စရာ ရှိနေတုန်း အခွင့်အရေးကို လွှင့်မပစ်နဲ့"
ကျန်းရီသည် ဒေါသထွက်လွန်း၍ ရယ်ချလိုက်သည်။ သူသည် ဆရာကျောက်မှ လုပ်ကြံသူများနှင့် ပူးပေါင်း၍ သူ့ကို သတ်ရန် ကြိုးစားသည်ကို သိရှိချိန်တည်းက သွေးအန်ချင် လောက်အောင် ဒေါသ ထွက်နေခဲ့သည်။ သင်တန်းကျောင်း၏ အဆုံးအဖြတ်ကို ကြားချိန်တွင် သူ ပို၍ ဒေါသ ထွက်လာကာ မကျေမနပ် ဖြစ်နေခဲ့သည်။ သူ၏ ရန်လိုမှုနှင့် ဒေါသတို့ကို ထပ်မံ၍ ထိန်းမထား နိုင်တော့ပေ။ သူသည် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ တိုက်ပွဲ ကွင်းပြင်ကို သွားကြတာပေါ့ ... ဒါပေမဲ့ လောင်းကြေး မရှိပဲတော့ ငါတို့ မသွားသင့်ဘူး မလား"
ထိုလူသည် ကျန်းရီ ပြောသည်ကို ကြားသောအခါ နားကြားများ မှားသည်လားဟု တွေးလိုက်ကာ စိတ်ရှုပ် သွားခဲ့သည်။ သို့သော် ကျန်းရီ အလွန် တည်တံ့နေသည်ကို မြင်သောအခါ သူ့မျက်နှာသည် အပြုံးများနှင့် တောက်ပလာကာ ပြောလာခဲ့သည်။
"ကောင်းပြီ ... မင်းဘာနဲ့ လောင်းချင်လဲ ... အမှတ်ငါးဆယ် ဆိုရင်ရော ... ငါက မင်းကို ဆယ်ကွက် အသာပေးမယ် ... ပြီးတော့ မင်းတိုက်ခိုက်တာ ကိုလည်း ခုခံရုံပဲ ခုခံမယ်လေ"
"ငါတို့ရဲ့ အမှတ်တွေနဲ့ လောင်းလို့ ရတာလား"
ကျန်းရီ၏ မျက်လုံးအိမ်များသည် လှုပ်ရှားသွားခဲ့ပြီး တိတ်တဆိတ် အံ့အား သင့်နေခဲ့သည်။ သူသည် ထိုလူကို သေချာကြည့်လိုက်ကာ လှောင်ပြောင်လိုသော အရိပ်အယောင်တို့ ပေါ်ထွက် လာခဲ့သည်။
"အမှတ် ငါးဆယ်က နည်းလွန်းတယ် ... ငါတို့တွေ လောင်းကြေး ကြီးကြီး လုပ်သင့်တယ်လေ ... အမှတ် သုံးရာ ဆိုရင်ရော ဘယ်လိုလဲ"
"အိုး"
ကျောင်းတော်သားသည် တစ်ခဏမျှ တွေဝေ သွားခဲ့သည်။ သာမန်ကျောင်းသား တစ်ယောက်သည် အမှတ်များကို စုဆောင်းရန် နည်းလမ်းများစွာ ရှိပြီး သူသည် သူ၏ အဆင့်အတန်းကြောင့် အမှတ် စုဆောင်းခြင်းကို စိုးရိမ်စရာ မလိုသော်လည်း အမှတ်သုံးရာသည် နည်းနည်းနောနော ပမာဏ မဟုတ်ပေ။ ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့် တွင်သာ ရှိသေးသည်။ သို့သော် သတိထားခြင်းက ကောင်းသည်။
ကျန်းရီသည် အေးစက်စက် ရယ်မော လိုက်ပြီး လှောင်ပြောင် လိုက်သည်။
"ကြောက်နေပြီလား ... စိန်ခေါ်တာကို လက်မခံရဲရင်လည်း သွားစမ်းပါ"
"မင်း"
ကျောင်းသားသည် သူ့ရှေ့မှ လူစိမ်းကို ကြည့်နေရင်း ထိုသူသည် တရားမဝင် ကျောင်းသားများထဲမှ ထူးချွန်သူ မဟုတ်မှန်းကို သိရှိသွားခဲ့သည်။ သူ့အမူအရာသည် ချက်ချင်း ပြောင်းလဲ သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။
"သွားကြတာပေါ့ ... ငါမင်းနဲ့ အလောင်းအစား လုပ်မယ်"
***