← Chapters

ခေါင်းဆောင်များတိုက်ခိုက်ခြင်း

Vol. 38 Ch. 524

ခေါင်းဆောင်များတိုက်ခိုက်ခြင်း

Vol. 38 Ch. 524

ဝုန်း....

မူလရေကန်တစ်ခုလုံးမှာ ရေနေသားရဲများဖြင့် ရှုပ်ထွေးပြည့်နှက်နေလျက် ရှိသည်။

အရပ်မျက်နှာအစုံမှ ရေနေသားရဲများမှာ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအတွင်းသို့ ရောက်ရှိလာကြပြီး ပိတ်မိနေကြသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ပြင်းထန်စွာ တိုက်ခိုက်နေကြလျက် ရှိ၏။

ရုတ်တရက်ဖြစ်ပေါ်သွားသော အပြောင်းအလဲကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အလွန်ပင် စိုးရိမ်ကြောက်လန့်သွားကြလေသည်။ ရေနေသားရဲများမှာ အလွန်ပင် ရုန့်ရင်းကြမ်းတမ်းလှပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှ၏။ ထို့ကြောင့် တပည့်အချို့မှာ ရရှိထားသော တံဆိပ်ပြားများအား ကိုယ်တိုင်ပင် ကျိုးပျက်စေ၍ ပြိုင်ပွဲအတွင်းမှ ထွက်ခွာသွားကြ၏။ ရေနေသားရဲကြီးများနှင့် ပြင်းထန်စွာ တိုက်ခိုက်ရမည်ထက်စာလျှင် ပြိုင်ပွဲအတွင်းမှ ထွက်ခွာရခြင်းမှာ များစွာစိတ်သက်သာရစေနိုင်ပေသည်။

ရုတ်ချည်းဖြစ်ပေါ်သွားသော တိုက်ပွဲအလှည့်အပြောင်းများကြောင့် ေစာင့်ကြည့်နေကြသော တောင်ထွတ်အသီးသီးမှ တပည့်များမှာလည်း အလွန်ပင် အ့ံအားသင့်သွားကြရသည်။

မည်သူကမှ ဤမျှများပြားသော ရေနေသားရဲများ ရုတ်တရက် ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားကြပေ။ ရေနေသားရဲများအား တွေ့ရှိနိုင်ရန်မှာ အလွန်ပင် ခက်ခဲလှပြီး မူလရေကန်အတွင်းသို့ ဝင်ရောက်ခွင့်ရှိသော ဆယ်ရက်တွင် ကိုးရက်မှာ သားရဲများအား ရှာဖွေနေရခြင်းဖြင့်သာ ကုန်ဆုံးရလေ့ရှိ၏။ ထိုမျှ ရှားပါးပါသော ရေနေသားရဲများမှာ ယခုအခါတွင် အကောင်ရေများစွာ ရုတ်ချည်းရောက်ရှိလာလေသည်။ ထိုအဖြစ်အပျက်မှာ လူတိုင်းအား သွေးပျက်ထိတ်လန့်စေရ၏။ မူလသူတော်စင်တောင်ထွတ်သည် မည်သည့်နည်းလမ်းအား အသုံးပြုကာ ထိုမျှများပြားသော ရေနေသားရဲများအား အစီအရင်အတွင်းသို့ ခေါ်ဆောင်နိုင်ခ့ဲပါသနည်း။

ရေနေသားရဲများစွာ အစီအရင်အတွင်းသို့ ဝင်ရောက်လာကြပြီးနောက် အခြေအနေများမှာ ရုတ်ချည်းပြောင်းလဲသွားရလေသည်။ ၎င်းတို့၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် အချိန်တိုအတွင်းမှာပင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များစွာ ပြိုင်ပွဲမှ ထွက်ခွာကုန်ရ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." ပိုင်လီချွီးမှာ မျက်စိတစ်မှိတ်စာမျှအတွင်း ပြိုင်ပွဲမှ ထွက်ခွာသွားရသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား ကြည့်ရှုနေရင်းဖြင့် စိုးရိမ်ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

ပိုင်လီချွီးမှာ အ့ံအားသင့်နေဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ စကားဆိုလိုက်၏။ "ဒီလောက်များတဲ့ ရေနေသားရဲတွေကို မင်းဘယ်လို ခေါ်လာခ့ဲတာလဲ။ ရေနေသားရဲတွေကို ရှာရတာ အရမ်းခက်တဲ့ဟာကို။ မင်းဘယ်လိုနည်းနဲ့ ရှာလာခ့ဲတာလဲ...ဟမ်။"

၎င်းမှာ ပထမ၌ အစီအရင်သည် ချုပ်နှောင်ထားနိုင်သော အစွမ်းသတ္တိသာရှိ၍ လူအားမထိခိုက်စေနိုင်သည်ကို သိရှိခ့ဲရသည်။ ထို့ကြောင့် စိတ်လေးလက်အေးဖြင့်ပင် အစီအရင်အတွင်းမှ ထွက်ခွာသွားရန် ပြင်ဆင်ခ့ဲ၏။ အစီအရင်အတွင်းမှ ထွက်ခွာပြီး အစီအရင်အား ချိုးဖြတ်လိုက်သည်နှင့်တကွ အခြေအနေများမှာ ဓားကပ်ဘေးတောင်ထွတ်မှ ပြန်လည်အားသာသွားလိမ့်မည်ဟု ယူဆထားခ့ဲပါသော်လည်း ယခုတွင်မူ ရုတ်ချည်းဆိုသလို တိုက်ပွဲအလှည့်အပြောင်းများ ဖြစ်ပေါ်သွားရ၏။ ရှာဖွေရန် ခက်ခဲလှသော ရေနေသားရဲများ အစီအရင်အတွင်းသို့ ရုတ်ချည်းဝင်ရောက်လာခြင်းမှာ မည်သို့မျှ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပါချေ။

ပိုင်လီချွီးသည် ဇူယွမ်မှ မည်သည့်နည်းလမ်းအား အသုံးပြုကာ ထိုမျှများပြားသော ရေနေသားရဲများအား ခေါ်ဆောင်လာခ့ဲသည်ကို အတိအကျ မသိရှိရပါသော်လည်း ဥာဏ်နီဉာဏ်နက်များလွန်းသော ၎င်း၏လက်ချက်သာဖြစ်မှန်း သဘောပေါက်ထား၏။

ပိုင်လီချွီးသာမက မူလသူတော်စင်တောင်ထွတ်၏ တပည့်များပင်လျှင် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေကြလေသည်။

"အခုအချိန်မှ ဒါတွေမေးနေလို့ရော ဘာထူးတော့မှာလဲ။"

ပိုင်လီချွီး၏ဘေးတွင်ရှိနေသေ  ခုန်းရှန်မှ အေးစက်စွာ ရေရွတ်လိုက်၏။ ခုန်းရှန်မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလေသည်။

"ငါမင်းကို တကယ်အထင်သေးခ့ဲမိတာပဲ။"

"မင်းနဲ့ယောင်ယောင် နှစ်ယောက်တည်းနဲ့ ငါတို့ဓားကပ်ဘေးတောင်ထွတ်ကို ဒီလောက်အထိ ဖိအားပေးနိုင်မယ်လို့ လုံးဝမထင်ထားမိဘူး။"

ဇူယွမ်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။ "မင်းတို့ကမှ ငါတို့မူလသူတော်စင်တောင်ထွတ်ကို ဖိအားပေးခ့ဲတာပါ။"

ဓားကပ်ဘေးတောင်ထွတ်၏ ဖိအားများကြောင့်သာ ဇူယွမ်နှင့်ယောင်ယောင်မှာ ဦးနှောက်ခြောက်ရလောက်အောင် နည်းလမ်းများစွာ ဖွေရှာခ့ဲရခြင်း ​ဖြစ်သည်။

ခုန်းရှန်မှ စကားဆိုလိုက်၏။ "မင်းတို့က ငါတို့ကို အစီအရင်ထဲက မလွတ်ခင် အကုန်ပြိုင်ပွဲကနေ ထွက်ရအောင် လုပ်မှာပေါ့လေ ဟုတ်လား။"

ဇူယ​ွမ်မှ ပြုံးကာပြောလိုက်သည်။ "စီနီယာအကိုတော်ခုန်းရှန် ဒါတွေကတော့ ရှင်းပြနေစရာတောင် မလိုလောက်ပါဘူး ဟုတ်တယ်မလား။"

ယခုအခြေအနေအထိရောက်မှ ခြေတစ်လှမ်းဆုတ်ပေးလိုက်စရာ အကြောင်းမရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဓားကပ်ဘေးတောင်ထွတ်နှင်​့ မူလသူတော်စင်တောင်ထွတ်တို့၏ ဆက်ဆံရေးအခြေအနေမှာ ဆိုးရွားနေပြီပင် ဖြစ်၏။ ထို့ကြောင့် သည်အချိန်တွင်မှ ဇူယွမ်၏ဖက်မှ အလျှော့ပေးလိုက်ကာ ငြိမ်းချမ်းရေးတည်ဆောက်စရာ အကြောင်းမရှိပါချေ။ ယခုဖိနှိပ်ခြင်းခံနေရသည်မှာ ဓားကပ်ဘေးတောင်ထွတ်မ်ဟုတ်ပဲ မူလသူတော်စင်တောင်ထွတ်ုဖစ်ခ့ဲပါက ခုန်းရှန်တို့မှ ထိုသို့ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ခုန်းရှန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အဲ့ဒါဆိုရင်လည်း ငါတို့က နောက်ဆုံးနည်းလမ်းကို ထုတ်သုံးရတော့မှာပေါ့။"

ခုန်းရှန်၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေပြီး မည်သည့်စိတ်ခံစားချက်မှ ရှိပုံမရပေ။ ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်း၏ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့၏။

ဝုန်း.....

ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဖိအားများမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျ့ံနှ့ံလွှမ်းခြုံသွားလေသည်။

စွမ်းအင်ဖိအားများမှာ စိတ်နှလုံးကိုပင် တုန်လှုပ်စေနိုင်လောက်အောင် ပြင်းထန်လှသောကြောင့် မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ အမူအရာများမှာ ပြောင်းလဲကုန်ကြပြီး ကြောက်ရွ့ံစွာဖြင့် ခြေလှမ်းများ အနောက်သို့ ဆုတ်သွားကြသည်။ ၎င်းတို့၏ မျက်ဝန်းများမှာလည်း စိုးရိမ်ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။

"အစီအရင်ကို ချိုးဖြတ်ပြီး မင်းတို့အကုန်လုံးကုိ ပြိုင်ပွဲကနေ ထုတ်ပြမယ်။"ခုန်းရှန်၏ မျက်ဝန်းများမှာ ကျစ်လစ်လှသော ဓားချီစွမ်းအင်များဖြင့် ပြည့်နှက်လာ၏။  ယခုအချိန်တွင် ၎င်း၏မျက်ဝန်းအား စူးစိုက်ကြည့်မိပါက အပိုင်းပိုင်းအစစပင် ဖြစ်သွားနိုင်ပေသည်။

ဇူယွမ်၏ အမူအရာသည်ပင်လျှင် တည်ကြည်လေးနက်သွားရ၏။ ခုန်းရှန်၏ ချီစွမ်းအင်များမှာ အမှန်တကယ်ပင် ကျစ်လင်ပြင်းထန်လှသည်။

ခုန်းရှန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများဖြင့်ပင် ဇူယွမ်မှာ ဓားအချောင်းပေါင်းတစ်ထောင် ထိုးနေသက့ဲသို့ ခံစားနေရပြီ ဖြစ်သည်။ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံနံပါတ်နှစ် ဖြစ်သည်နှင့်အညီ ၎င်း၏ စွမ်းအင်များမှာ အမှန်တကယ်ပင် ပြောစမှတ်တွင်ချင်စဖွယ်ပင် ဖြစ်၏။

ယခုအချိန်တွင် ခုန်းရှန်တို့မှာ ဇူယွမ်နှင့်ယောင်ယောင်တို့အား တိုက်ခိုက်၍ အစီအရင်အား ချိုးဖြတ်ကာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား ကယ်တင်ရန်သာ ရှိတော့သည်။

"ငါတို့ကို အနိုင်ယူမယ်ဟုတ်လား။ နင့်မှာ အဲ့လိုအရည်အချင်းမျိုးရှိတာရော သေချာရဲ့လား။"

ကြည်လင်ပြတ်သားသော အသံတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွား၏။

ထို့နောက် တင့်တယ်လှပသော ယောင်ယောင်၏ပုံရိပ်

မှာ ဇူယွမ်၏ရှေ့သို့ ထွက်ပေါ်လာလေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဉာဥ်မှာ ပြင်းထန်လှသော စွမ်းအင်များအား ထုတ်လွှတ်လျက်ရှိ၏။ ယောင်ယောင်၏ စိတ်ဝိဉာဥ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ဖြည်းညင်းစွာဖြင့် ခုန်းရှန်၏ စွမ်းအင်ဖိအားများအား နင်းခြေပစ်လိုက်သည်။

ယောင်ယောင်မှာ ကျောက်စိမ်းရောင်စုတ်တံအား ဆွဲယူလိုက်ပြီးနောက် ခုန်းရှန်အား စူးရဲတောက်ပသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။

ခုန်းရှန်မှာလည်း ယောင်ယောင်၏ စိတ်ဝိဉာဥ်ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများအား ခံစားနေရသောကြောင့် အလွန်ပင် လေးနက်သော အမူအရာရှိနေ၏။

"ဂျူနီယာညီမတော်ရှောင်ယို..."

"ဟိုးအရင်ထဲက မင်းရဲ့ မူလမှော်စာလုံးပညာရပ်ကို စမ်းသပ်ကြည့်ချင်နေတာ ကြာပြီ။"

ခုန်းရှန်မှာ ခါးထက်တွင်ချိတ်ဆွဲထားသော ဓားရှည်အား ဆွဲကိုင်လိုက်၏။

"ငါ့ကိုလည်း မေ့မထားနဲ့ဦး။"

ကျောင်းဇူမှာ အေးစက်နေသော မျက်ဝန်းများဖြင့် အရှေ့သို့ ထွက်ပေါ်လာသည်။ ၎င်းထံမှ ထွက်ပေါ်နေလျက်ရှိသော စွမ်းအင်ဖိအားများမှာ ခုန်းရှန်က့ဲသို့ မပြင်းထန်သော်လည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

ဝေါင်း.....

ကျောင်းဇူ၏ပုံရိပ်အား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ချစ်စဖွယ်ကောင်းလှသော ထန်ထန်၏ခန္ဓာကိုယ်လေးမှာ ကြီးမားလှသော သားရဲကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။

ထန်ထန်မှာ နက်မှောင်နေသော မျက်ဝန်းများဖြင့် ကျောင်းဇူအား ကြည့်ရှုနေလျက် ရှိသည်။

ကျောင်းဇူမှာလည်း မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ထန်ထန်အား ကြည့်ရှုနေလေသည်။ ၎င်းသည် အလေးမထားခ့ဲမိသောကြောင့် ဤသတ္တဝါ၏ဖိနှိပ်မှုအား ခံယူခ့ဲရပါသော်လည်း ယခုအချိန်တွင်မူ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးပစ်လိုက်မည်ပင် ဖြစ်၏။ ဖြစ်နိုင်ပါက ဤသတ္တဝါ၏ အမွှေးတစ်ပင်ချင်းပင် ဆွဲနှုတ်ပေးလိုိက်မည် ဖြစ်သည်။

"ကြည့်ရတာ ငါတို့ခေါင်းဆောင်ပိုင်းတွေ အချင်းချင်း လက်ရည်ချင်းယှဥ်ရတော့မယ့်ပုံပဲ။"

ပိုင်လီချွီးမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်...မင်းဒီအချိန်ကို စောင့်နေခ့ဲတာ မဟုတ်လား။"

"မင်းကငါနဲ့ တိုက်ခိုက်ကြည့်ချင်နေတာမလား။" ပိုင်လီချွီးမှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီးနောက် တည်ငြိမ်စွာပင် ဆက်လက်ပြောဆိုလိုက်သည်။ "ဒါပေမယ့် မင်းတွက်ထားတာ မှားနေပြီထင်တယ်။"

"မင်းကိုယ်မင်း ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တယ်များ ထင်နေလား။"

ပိုင်လီချွီး၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်မ​ျား ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းထံမှ ထွက်ရှိလာသော စွမ်းအင်ဖိအားများမှာ ခုန်းရှန်နှင့် ကျောင်းဇူတို့လောက် မပြင်းထန်ပါသော်လည်း ယွမ်ဟောင်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။

ပိုင်လီချွီးသည် မူလစဦး နဝမအဆင့်သို့ ရောက်ရှိလုနီးဖြစ်နေပြီပင် ဖြစ်သည်။

ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး တပည့်များမှာ ၎င်းတို့၏ စွမ်းအင်များအား ထုတ်ဖော်ပြသနေပြီပင် ဖြစ်၏။

၎င်းတို့၏နောက်တွင်ရှိနေသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာမူ စွမ်းအင်များအား အစွမ်းကုန် အသုံးပြုလျက် အစီအရင်အား ချိုးဖြတ်နိုင်ရန် ကြိုးစားနေကြသည်။

ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်၏။

"ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကိုတော့ မင်းတို့လက်ထဲပဲ အပ်ထားခ့ဲမယ်။" ဇူယွမ်မှ ဇူထိုက်တို့အားကြည့်ကာ ပြောလိုက်သည်။

ဇူထိုက်တို့မှာ လျင်မြန်စွာပင် ခေါင်းညိတ်ပြလိုက်ကြ၏။ ၎င်းတို့သည်လည်း ဇူယွမ်တို့အတွက် ဓားကပ်ဘေးတောင်ထွတ်မှ ခေါင်းဆောင်ပိုင်းများနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရမည်မှာ မလွယ်ကူလှကြောင်း သိရှိထားပေသည်။ အမှားအယွင်း တစ်စုံတစ်ခု ဖြစ်ပေါ်သွားသည်နှင့်တကွ ယခုအချိန်ထိ ကြိုးစားထားရသမျှအကုန် ပျက်စီးသွားနိုင်၏။

ဇူယွမ်မှာ ပိုင်လီချွီးအား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ရွှေရောင်ချီစွမ်းအင်များမှာ ၎င်း၏ဦးခေါင်းထက်မှ ပေါက်ကွဲထွက်ပေါ်လာပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသ့ဲသဲ့အား ကြားလိုက်ရ၏။

ဇူယွမ်၏ အဝတ်အစားများမှာ တဖျတ်ဖျတ်လွင့်ခါနေပြီး ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် ပိုင်လီချွီးအားချိန်ရွယ်ကာ စကားဆိုလိုက်သည်။

"ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ပိုင်လီချွီး ငါကမင်းရဲ့ ပြိုင်ဘက်ဟုတ်မဟုတ်ဆိုတာ တိုက်ခိုက်ကြည့်လိုက်ရင် သိပြီပဲမဟုတ်လား။"

All Chapters