← Chapters

တောင်ထွတ်နှစ်ခု၏တိုက်ပွဲ

Vol. 38 Ch. 525

တောင်ထွတ်နှစ်ခု၏တိုက်ပွဲ

Vol. 38 Ch. 525

မူလရေကန်၏ ကောင်းကင်ထက်၌

လူငါးဦးနှင့် သားရဲတစ်ကောင်တို့မှာ မျက်နှာချင်းဆိုင် အနေအထားတွင်ရှိနေကြပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း တင်းမာခက်ထန်နေ၏။

အဝေးတစ်နေရာမှ လာရောက်စောင့်ကြည့်နေကြသော အခြားတောင်ထွတ်များမှ တပည့်များမှာ ဖြစ်ပေါ်တော့မည့် တိုက်ပွဲအား မစောင့်ဆိုင်းနိုင်တော့ဟန် ရှိသည်။ ဓားကပ်ဘေးတောင်ထွတ်၏ ရွေးချယ်ခံနှစ်ဦးနှင့် မူလသူတော်စင်တောင်ထွတ်မှ ရွေးချယ်ခံများက့ဲသို့ စွမ်းအင်ရှိသူနှစ်ဦး တိုက်ခိုက်ကြတော့မည်ပင် ဖြစ်သည်။ ထို့အပြင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ပိုင်လီချွီးနှင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယ​ွမ်တို့၏ လက်ရည်ခြင်းယှဥ်ပြိုင်တိုက်ခုိက်မှုကိုလည်း ကြည့်ရှုကြရတော့မည်ပင် ဖြစ်သည်။ ၎င်းတောင်ထွတ်နှစ်ခုမှ ထိပ်သီးများ၏ တိုက်ပွဲမှာ လူတိုင်းကြည့်ရှုလိုသော အရာတစ်ခုပင် ဖြစ်၏။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုသို့သော တိုက်ပွဲမျိုးကို မြင်တွေ့ရရန်မှာ အလွန်ရှားပါးလှပေသည်။

"ဇူယွမ်နဲ့ ဇူရှောင်ယိုက တော်တော်မလွယ်တာပဲ။" တပည့်တစ်ဦးမှ သက်ပြင်းချကာ ရေရွတ်လိုက်၏။

အခြားသော တပည့်များမှ ထိုစကားအား သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ပုံမှန်အနေအထားအရဆိုလျှင် မူလသူတော်စင်တောင်ထွတ်အနေဖြင့် အင်အားချင်းမမျှသော ဓားကပ်ဘေးတောင်ထွတ်အား ရင်ဆိုင်ယှဥ်ပြိုင်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါသော်လည်း ဇူယ​ွမ်နှင့် ဇူရှောင်ယိုမှာ အစီအစဥ်များစွာချမှတ်၍ အရာအားလုံးအား ပြောင်းလဲနိုင်ခ့ဲလေသည်။

ပုံမှန်အခြေအနေအတိုင်းသာဆိုပါက ဓားကပ်ဘေးတောင်ထွတ်၏ လူအင်အားတစ်သောင်းအား မူလသူတော်စင်တောင်ထွတ်၏ လူအင်အားငါးရာမျှဖြင့် ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ မစခင်မှ ရှုံးနှင့်သည်ဟူသော စကားအတိုင်းပင် လူအင်အားချင်း နှိုင်းယှဥ်ကြည့်လျှင်ပင် မူလသူတော်စင်တောင်ထွတ်မှာ ဓားကပ်ဘေးတောင်ထွတ်ထက် များစွာနိမ့်ပါးနေပြီ ဖြစ်၏။ ထို့အပြင် မူလသူတော်စင်တောင်ထွတ်၌ ဓားကပ်ဘေးတောင်ထွတ်မှ ရွေးချယ်ခံများအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည့်သူမှာ ဇူရှောင်ယိုနှင့် သူမ၏ ထူးဆန်းသော သတ္တဝါလေးသာ ရှိ၏။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်မှ များစွာအရေးနိမ့်နေပေသည်။

သို့သော် လက်ရှိအချိန်တွင်မူ ဇူယွမ်နှင့် ဇူရှောင်ယိုတို့ စီရင်ပြုလုပ်ထားသော ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှာ လူအင်အားအရ သာလွန်ခြင်း မရှိတော့ပေ။ ယခုဆိုလျှင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ၎င်းတို့၏ ရွေးချယ်ခံနှစ်ဦးနှင်​့ တပည့်ခေါင်းဆောင်ကိုသာ အားကိုးရတော့မည့် အနေအထားတွင် ရှိ၏။

"အခုဆိုရင် နှစ်ဖက်လုံးက အင်အားညီနေပြီ။"

"ခုန်းရှန်နဲ့ ဇူရှောင်ယိုနှစ်ယောက်စလုံးက ကြောက်စရာကောင်းတဲ့သူတွေပဲ။ တစ်ယောက်က ကလန်တစ်ခုလုံးရဲ့ နံပါတ်နှစ်ရွေးချယ်ခံ တစ်ယောက်ကတော့ အရမ်းကို ထူးခြားလွန်းတဲ့သူ။ သူတို့နှစ်ယောက် တိုက်ခိုက်ကြမှာက ဘယ်သူသာမလဲ မပြောနိုင်ဘူး။"

"ဟိုသတ္တဝါကလည်း လျှော့တွက်လို့မရဘူး။ အရင်တစ်ခါက အဲ့ဟာလေးက ကျောင်းဇူကို အသေဗြင်းတယ်လို့ ငါကြားဖူးတယ်။ အခုတစ်ခေါက်တော့ ကျောင်းဇူ တော်တော်သတိထားပြီး တိုက်ခိုက်မှ ရလိမ့်မယ်။ အဲ့တာလေးက ချစ်ဖို့ကောင်းသလောက် တော်တော်မလွယ်တဲ့ဟာလေး။"

"တကယ်တော့ စိတ်ဝင်စားစရာ အကောင်းဆုံးက ဇူယွမ်နဲ့ ပုိင်လီချွီးတို့ရဲ့ တိုက်ပွဲပဲ။"

"ဒါပေမယ့် ပိုင်လီချွီးက ယွမ်ဟောင်မှ မဟုတ်တာကွာ။ ဇူယွမ်က တပည့်ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေမယ့် မူလသူတော်စင်တောင်ထွတ်လိုနေရာမှာ တပည့်ခေါင်းဆောင်ဖြစ်တာနဲ့ တခြားတောင်ထွတ်မှာ တပည့်ခေါင်းဆောင်ဖြစ်တာချင်း မတူဘူး။ မူလသူတော်စင်တောင်ထွတ်က လူအင်အားက နည်းတဲ့အပြင် အရည်အချင်းရှိတဲ့သူလည်း ဘာမှရှိတာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဇူယွမ်က ပိုင်လီချွီးရဲ့ပြိုင်ဘက်တောင် ဖြစ်မှာမဟုတ်ဘူး။"

"ပိုင်လီချွီးက ဇူယွမ်ကို နိုင်ပြီးသွားရင် အစီအရင်ကို ချိုးဖြတ်ပြီး ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို ကယ်လို့ရပြီ။ အဲ့အချိန်ကြရင် မူလသူတော်စင်တောင်ထွတ်တစ်ခုလုံးက ဓားကပ်ဘေးတောင်ထွတ်ဆီ ရောက်သွားမှာပဲ။ တိုက်ပွဲအလှည့်အပြောင်း ထပ်ဖြစ်ဖို့က ဘယ်​ေလာက်မှမလိုတော့ဘူး။ ပိုင်လီချွီးအနေနဲ့ ဇူယွမ်ကို ဘယ်လောက်မှတောင် တိုက်ရမှာမဟုတ်ဘူး။"

"ဘာပဲပြောပြော ဒီပွဲက တကယ်စိတ်ဝင်စားစရာပဲ။ မြန်မြန် တောင်ထွတ်ကလူတွေကို သတင်းပို့လိုက်။"

"........"

လာရောက်စောင့်ကြည့်နေကြသော အခြားတောင်ထွတ်မှ တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိ၏။ အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ထိုတပည့်များထဲမှ အချို့မှာ သက်ဆိုင်ရာတောင်ထွတ်များအား သတင်းပို့ရန်အတွက် အသီးသီး ပျံဝဲထွက်ခွာသွားကြ၏။ တောင်ထွတ်အသီးသီး၏ ရွေးချယ်ခံများမှာလည်း ဤတိုက်ပွဲအား အလွန်ပင် စိတ်ဝင်စားကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဤက့ဲသို့သော တောင်ထွတ်နှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်းမှာ အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် မည်သူကမှ ဓားကပ်ဘေးတောင်ထွတ်က့ဲသို့ အင်အားကြီးတောင်ထွတ်တစ်ခုမှာ မူလသူတော်စင်တောင်ထွတ်က့ဲသို့ လူအင်အားငါးရာမျှသာရှိသည့် အင်အားနည်းတောင်ထွတ်ကလေးတစ်ခု၏ ဖိအားပေးခြင်းအား ခံယူရလိမ့်မည်ဟု ထင်မှတ်ထားလိမ်မ့ည် မဟုတ်ပေ။

............

ကောင်းကင်ထက်တွင် ဓားကပ်ဘေးတောင်ထွတ်နှင့် မူလသူတော်စင်တောင်ထွတ်တို့၏ ထိပ်သီးပိုင်းများ မျက်နှာချင်းဆိုင် ရှိနေကြသက့ဲသို့ မူလရေကန်အတွင်းမှ လွတ်မြောက်လာကြပြီဖြစ်သော ဓားကပ်ဘေးတောင်ထွတ်မှ ထူးချွန်ထက်မြက်သည့် တပည့်ဦးရေ တစ်ရာခန့်မှာလည်း အစီအရင်အား ချိုးဖြတ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေကြ၏။

၎င်းတို့သည် ခုန်းရှန်တို့ကဲ့သို့ ဇူရှောင်ယိုတို့သုံးဦးအား ရင်ဆိုင်ယှဥ်ပြိုင်ရန် အရည်အချင်းမပြည့်မှီသောကြောင့် ဒေါသများအား မူလသူတော်စင်တောင်ထွတ်၏ တပည့်များအပေါ်တွင်သာ စုပုံထားကြ၏။ ထို့ကြောင့် ဒေါသများအား ဖြေဖျောက်နိုင်ရန်အတွက် အစီအရင်အား ချိုးဖြတ်နိုင်ရန် အင်တိုက်အားတိုက် ကြိုးစားနေကြသည်။

ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ၎င်းတို့အစဥ်အမြဲ နှိမ်ချဆက်ဆံလာခ့ဲသော မူလသူတော်စင်တောင်ထွတ်၏ ဖိနှိပ်ခြင်းအား ခံယူနေရခြင်းအတွက် အလွန်ပင် မခံချိမခံသာ ဖြစ်နေကြရသည်။ ၎င်းတို့်နှင့် အင်အားများစွာ ကွာခြားလွန်းလှသော မူလသူတော်စင်တောင်ထွတ်မှ အရေးသာနေခြင်းအပေါ် အနည်းငယ်မျှပင် လက်သင့်မခံနိုင် ဖြစ်နေကြရ၏။

"ကြိုးစားထား။"

ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ အတူတကွစုစည်း၍ အစီအရင်အား ချိုးဖြတ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ အစီအရင်အား ချိုးဖြတ်နိုင်မှသာ မူလရေကန်အတွင်း နစ်မြုပ်နေကြသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များစွာအား ကယ်တင်၍ရန်ိုင်မည် ဖြစ်၏။ ထိုမှသာ မူလသူတော်စင်တောင်ထွတ်အား ပြန်လည်ဖိနှိပ်နိုင်မည်ပင် ဖြစ်သည်။

ဇူထိုက်မှာ အစီအရင်အားချိုးဖြတ်ရန် ကြိုးစားနေကြသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "လူတိုင်းနားထောင်ကြပါ။ ဂျူနီယာညီတော်ဇူယွမ်နဲ့ ဂျူနီယာညီမတော်ဇူရှောင်ယိုက ငါတို့မူလသူတော်စင်တောင်ထွတ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားပေးနေကြတယ်။"

"ဂျူနီယာညီတော်ဇူယွမ်က မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဆိုပေမယ့် ငါတို့ကို အရာအားလုံး လိုက်လုပ်ပေးနေလို့ မရဘူး။ ကျင့်ကြံရေးလောကထဲမှာ ငါတို့ကိုယ့်ဘာသာ အားမကိုးသရွေ့ ဘာမှဖြစ်မြောက်လာမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါတို့လည်း ခက်ခဲတဲ့တိုက်ပွဲတွေကို ရင်ဆိုငိကြရလိမ့်မယ်။"

"ငါတို့သာ အစီအရင်ကို မကာကွယ်နုိင်ခ့ဲရင် ဓားကပ်ဘေးတောင်ထွတ်ကကောင်တွေ လွတ်သွားပြီးတော့ ငါတို့မူလသူတော်စင်တောင်ထွတ်တစ်ခုလုံး ဒုက္ခရောက်သွားရလိမ့်မယ်။ အဲ့လိုဆိုရင် ဂျူနီယာညီတော်ဇူယွမ်နဲ့ ဂျူနီယာညီမတော်ဇူရှောင်ယို ကြိုးစားထားရသမျှ အလဟဿ ဖြစ်သွားလိမ့်မယ်။"

"အဲ့တော့အခု ငါတို့ဘာလုပ်သင့်တယ်လို့ထင်လဲ။" ဇူထိုက်မှာ ကျားသားရဲတစ်ကောင်အလား စူးရှနေသော မျက်ဝန်းများဖြင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားကြည့်ကာ မေးလိုက်သည်။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာလည်း တိုက်ပွဲဆာလောင်နေသော မျက်ဝန်းများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ "သူတို့ကို တားဆီးရမယ်။"

ဇူထိုက်မှာ ကျေနပ်အားရစွာ ပြုံးရယ်လိုက်ပြီးနောက် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအားကြည့်ကာ ရေရွတ်လိုက်သည်။ "ဓားကပ်ဘေးတောင်ထွတ် မင်းတို့ကို ငါမျက်စိစပါးမွှေးစူးနေတာ တော်တော်ကြာပြီ။ ဒီနေ့တော့ တွေ့ကြသေးတာပေါ့ကွာ။"

ဝုန်း....

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များရှိရာသို့ ဦးတည်ပျံဝဲသွားလိုက်ကြ၏။

ကောင်းကင်တစ်ခွင်လုံးမှာ ပျံဝဲနေသော ပုံရိပ်များဖြင်​့ ရှုပ်ထွေးပြည့်နှက်သွားလေသည်။

........

ခုန်းရှန်မှာ ဇူယွမ်အား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် ပိုင်လီချွီးအား စကားဆိုလိုက်သည်။ "အဲ့ကောင်ကို မြန်မြန်အဆုံးသတ်ပြီးတော့ အစီအရင်ကို ချိုးဖြတ်လိုက်။ မင်းနောက်ကျလေ ပြိုင်ပွဲက ထုတ်ပယ်ခံရမယ့် တပည့်များလေပဲ။ အဲ့ဒါကြောင့် မြန်မြန်လုပ် ဟုတ်ပြီလား။"

ခုန်းရှန်သည် ဇူယွမ်အား အလွန်ပင် အထင်သေးလွန်းလှသည်မှာ ထင်ရှားနေ၏။ ၎င်း၏အမြင်တွင်မူ ဇူယွမ်သည် အလွန်ပင် အင်အားနည်းလှပြီး တပည့်ခေါင်းဆောင်တစ်ဦးဖြစ်ရန်ပင် အရည်အချင်း မပြည့်မှီသူ ဖြစ်သည်။

ပိုင်လီချွီးမှာ ခပ်ဖွဖွရယ်မောကာ သက်တောင့်သက်သာဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ဒီဘဝင်မြင့်နေတဲ့ သောက်ရူးကောင်ကို သူ့အဆင့်အတန်းက ဘယ်လောက်ပဲရှိတယ်ဆိုတာ ပြပေးလိုက်ပါမယ်။ မူလသူတော်စင်တောင်ထွတ်လို နေရာမျိုးမှာ တပည့်ခေါင်းဆောင် ဖြစ်နေရုံနဲ့ အောက်ခြေလွတ်ချင်နေတဲ့ သောက်ရူး။"

ဇူယွမ်၏ လှည့်ကွက်အတွင်း ဝင်ရောက်မိခဲဲ့ခြင်းကြောင့် ဓားကပ်ဘေးတောင်ထွတ်မှာ အစစအရာရာ နစ်နာသွားခ့ဲရ၏။ ထိုအချက်မှာ ပိ်ုင်လီချွီးအား အလွန်ပင် စိတ်ဆိုးဒေါသဖြစ်စေလေသည်။ စင်စစ်အားဖြင့်ဆိုလျှင် ဓားကပ်ဘေးတောင်ထွတ်မှာ မူလသူတော်စင်တောင်ထွတ်ထက် အဆပေါင်းများစွာ သာလွန်နေပါသော်လည်း ယခုတွင်မူ အစီအရင်အတွင်းမှပင် မထွက်ခွာနိုင်ပဲ ပိတ်မိနေရ၏။ ပိုင်လီချွီးမှာ ထိုဒေါသများအား ဇူယွမ်အပေါ် ဖိနှိပ်ကာ ဖြေဖျောက်ချင်နေပြီပင် ဖြစ်သည်။

ခုန်းရှန်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ယောင်ယောင်အား တည်ငြိမ်အေးစက်စွာ ကြည့်ရှုလိုက်သည်။ ထို့နောက် မည်သည့်စကားမှမဆိုပဲ ဆန့်ကျင်ဖက်အရပ်ဆီသို့ ပျံဝဲထွက်ခွာသွား၏။ ၎င်းမှာ တိုက်ပွဲနေရာအား စည်းခြားလိုက်ခြင်းပင် ဖြစ်သည်။

ယောင်ယောင်မှာ ပျံဝဲထွက်ခွာသွားသောခုန်းရှန်အား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အား ဖြည်းညင်းစွာ ပြောလိုက်သည်။ "ပိုင်လီချွီးကိုတော့ ရင်ဆိုင်နိုင်တယ်မလား။"

ဇူယွမ်မှာ ခပ်ဖွဖွပြုံးကာ ပြောလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ဘယ်လောက်ထိစွမ်းမလဲဆိုတာ ကျွန်တော်သိချင်နေတာကြာပြီ။"

၎င်းမှာ ခေတ္တမျှတိတ်ဆိတ်သွားကာ ဆက်လက်စကားဆိုလိုက်၏။ "ယောင်ယောင် သေချာသတိထားသင့်တယ်နော်။ ခုန်းရှန်က ပေါ့သေးသေးကောင်မဟုတ်ဘူး။ ကလန်ရဲ့ နံပါတ်နှစ်ရွေးချယ်ခံ။"

"ကလန်ရဲ့ ရွေးချယ်ခံနံပါတ်နှစ်က တကယ်ရော ကြောက်ဖို့ကောင်းရဲ့လား။"

ယောင်ယောင်မှာ အလေးမထားဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ခုန်းရှန်၏ ပုံရိပ်နောက်သို့ လိုက်ပါပျံသန်းသွားလေသည်။

ဇူယွမ်မှာ ပျံဝဲသွားသော ယောင်ယောင်၏ပုံရိပ်အားကြည့်ကာ လက်မထောင်လျက် စကားဆိုလိုက်၏။ "တကယ့်ကို မိန်းကလေးသူရဲကောင်းပဲ။"

ထန်ထန်မှာလည်း နှစ်ခြိုက်သဘောကျသော မျက်ဝန်းများဖြင့် ယောင်ယောင်၏ပုံရိပ်အား ငေးမောကြည့်ရှုနေသည်။

ဇူယွမ်မှာ ထန်ထန်အားကြည့်ကာ အော်ဟစ်လိုက်၏။ "ဘာကိုကြည့်နေတာလဲ။ သွားစမ်း မင်းနဲ့ချရမယ့်ကောင်ကို အသေဆော်ခ့ဲ။"

ထန်ထန်မှာ လက်သည်းလေးအား ထောင်ပြလိုက်သည်။

"ဘာ....မင်းက မူလနဂါးခြင်ဆီကို ဝေစုခွဲချင်သေးတာလား။" ဇူယွမ်မှာ ထန်ထန်အား လက်ညိုးငေါက်ငေါက်ထိုး၍ ပြောလိုက်သည်။ "တော်တော်မကောင်းတဲ့ မကောင်းဆိုးဝါးလေး။ ခုနက ယောင်ယောင်ရှိတုန်းကကြတော့ ဘာအသံမှ မထွက်ရဲဘူး။ ယောင်ယောင်မရှိတာနဲ့ င့ါကိုကလန်ကဆန်လုပ်လာပြီ။ ငါ့ကို လူလို့ရော ထင်သေးရဲ့လား...ဟမ်။"

ထန်ထန်မှာ အကောင်ကြီးနှင့်မမျှ ဇူယွမ်အပေါ်ခုန်အပ်၍ ခွေးလေးတစ်ကောင်သဖွယ် အမြှီးအား ခါယမ်းနေ၏။ ၎င်းမှာ အရွယ်အစားကြီးနေသည်ကိုပင် မေ့လျော့နေပြီး ကလေးတစ်ယောက်အလား ဇူယွမ်ထံ၌ ချွဲပျစ်နေလေသည်။

ဇူယွမ်မှာ မျက်စောင်းထိုးလိုက်ပြီးနောက် ထန်ထန်အား ကန်ထုတ်ကာ စကားဆိုလိုက်သည်။ "မြန်မြန်သွားချတော့။ မင်းနိုင်ရင် စားချင်တာ အကုန်ကျွေးမယ်။ ရှုံးလို့ကတော့ လေတွေပဲဝါးရမယ်မှတ် ဘာမှမရဘူး။"

ထန်ထန်မှာ ဇူယွမ်၏စကားအား ကြားလိုက်ရသည်နှင့်တကွ ကျောင်းဇူအား အသေသတ်တော့မည့်အလား ကြည့်ရှုလိုက်လေသည်။ ထန်ထန်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ကျောင်းဇူမှာ ဇူယွမ်အား တစ်ချက်မျှကြည့်လိုက်ပြီးနောက် ပိုင်လီချွီးအား ပြောလိုက်သည်။ "ဂျူနီယာညီတော်ပိုင်လီ ဒီလျှာစောင်းထက်တဲ့ကောင်ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးလိုက်။"

ထို့နောက် ကျောင်းဇူမှာ ထန်ထန်ဆီသို့ ပျံဝဲသွားတော့၏။

ယခုဆိုလျှင် ကောင်းကင်ထက်၌ ဇူယွမ်နှင့် ပိုင်လီချွီးနှစ်ဦးသာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ကျန်ရှိလေသည်။

ပိုင်လီချွီးမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား စကားဆိုလိုက်၏။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ် အခုဆိုရင် မင်းနဲ့ငါပဲ ကျန်တယ်နော်။"

"အဲ့တော့ မင်းဘယ်လိုထင်လဲ။ မင်းကိုတစ်ခါထဲ အဆုံးသတ်ပေးလိုက်ရမလား။ ဒါမှမဟုတ် ငါ့ရဲ့ဒေါသတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်သွားရမလား။"

ထိုစကားအား ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပိုင်လီချွီးထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ကြောက်မက်ဖွယ် စွမ်းအင်ဖိအားများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးထံသို့ ပျ့ံနှ့ံလွှမ်းခြုံသွားလေတော့သတည်း။

All Chapters