← Chapters

အတုမရှိသော သခင်လေး

Vol. 141 Ch. 1817

အတုမရှိသော သခင်လေး

Vol. 141 Ch. 1817

ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းက အရွယ်အစားမျိုးစုံရှိသည့် စက်ဝန်းများကို ဖွဲ့စည်းထားသည်။ ချင်မူက အလယ်တွင် ရပ်ကာ ပြုံးနေသည်။ "အစ်ကိုသုံး၊ အစ်ကိုလေး၊ ကျွန်တော့်ကို ပြန်ပို့ပေးကြပါဦး"

သခင်လေးလင်းရှောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း တာအိုလှံဖြင့် ထိုးစိုက်လိုက်၏။ လှံက ဖရိုဖရဲမြစ်ကို ဖောက်ထွက်၍ မြစ်ထဲသို့ ဝင်ရောက်ကာ ချင်မူထံသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် သခင်လေးကျစ်ရှောင်က ချင်မူ့ဘေးမှ ဖြတ်သန်းသွားသည်။ သူ၏ တာအိုဓားက တုန်ခါလာကာ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးအား ချိန်ရွယ်လိုက်သည်။

သူတို့နှစ်ဦးစလုံး ဘေးအကင်းဆုံး လမ်းစဉ်ကို ရွေးချယ်လိုက်ချေပြီ။ သခင်လေးလင်းရှောင်က ချင်မူနှင့် အသေအကြေ တိုက်ခိုက်ပြီး သခင်လေးကျစ်ရှောင်က လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ဖျက်ဆီးမည်။ ထို့နောက် အားလုံးကို ဦးဆောင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များအား ဝိုင်းဝန်း သတ်ဖြတ်မည် ဖြစ်သည်။

အရေးကြီးဆုံးမှာ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ဖျက်ဆီးရန်ပင်။ ကောင်းကင်လှည်းဘီး ပျက်စီးသွားပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်တို့သည် အစုလိုက်အပြုံလိုက် အသတ်ခံရလိမ့်မည်။ ကျောက်စိမ်းမြို့တော်သားတို့အား မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များကို ရှင်းလင်းပြီးနောက် သခင်လေးလင်းရှောင်သာ ချင်မူကို အနိုင်မတိုက်နိုင်သေးပါက သခင်လေးကျစ်ရှောင်အနေဖြင့် သူ့ကို ကူညီ၍ ချင်မူ့အား ဒဏ်ရာအပြင်းအထန် ရရှိစေကာ အတိတ်သို့ ပြန်ပို့နိုင်မည်။

ဤတိုက်ပွဲတွင် စိုးရိမ်စရာ လုံးဝမရှိဟု ဆိုနိုင်၏။

သခင်လေးကျစ်ရှောင် ခြေတစ်လှမ်းလှမ်း၍ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးဆီသို့ ဝင်ရောက်သွားသည်နှင့် သူ၏ ရှေ့မှောက်၌ ဖရိုဖရဲစွမ်းအင်များက ဖြာဆင်းလာကာ သူ့အား ချင်မူ၏ တိုက်ပွဲအတွင်းသို့ ဆွဲသွင်းလိုက်သည်။

အခြားတစ်ဖက်တွင် သခင်လေးလင်းရှောင်သည် လှံရှည်ကို ဝှေ့ယမ်းလိုက်ရင်း ဖရိုဖရဲမြစ်များကို မ,တင်ထားကာ သခင်လေးကျစ်ရှောင် လွတ်သွားအောင် ကြိုးစားပေးနေ၏။ သို့သော် သူ၏ တာအိုလှံမှာ ရုတ်တရက် ကွေးညွတ်ကျသွားကာ ဖရိုဖရဲမြစ်ကို မ, မတင်နိုင်ခဲ့ပေ။

သခင်လေးလင်းရှောင် အားကုန်ထုတ်လိုက်သော်လည်း တာအိုလှံမှာ ပို၍သာ ညွတ်ကျသွားသည်။

သူ လှမ်းကြည့်လိုက်သည့်အခါ ချင်မူ့ကို လှည့်ပတ်နေသည့် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းကား အဆုံးမရှိအောင် ကျယ်ပြန့်လာသည်ကို တွေ့လိုက်ရ၏။ မြစ်များသည် ကျောက်စိမ်းမြို့တော်ထဲရှိ မီလော့နန်းတော်ကို လှည့်ပတ်ဝန်းရံထားသောကြောင့် ပတ်ဝန်းကျင်တွင် မြူခိုးများ ထူထပ်နေပြီး မြစ်တစ်ဖက်ကမ်းကို လုံးဝ မမြင်ရတော့ပေ။

ဖရိုဖရဲမြူခိုးများက မြစ်ရေပြင်ကို နေရာလပ်မကျန် ဖုံးလွှမ်းထားသောကြောင့် အရပ်မျက်နှာကိုပင် ခွဲခြား၍ မရတော့။

သခင်လေးကျစ်ရှောင် မည်သည့်နေရာတွင် ရှိနေသည်ကို မမြင်နိုင်တော့သလို ချင်မူ၏ တည်နေရာကိုလည်း မသိတော့ချေ။

ဖရိုဖရဲ

စကြဝဠာ ၁၆ စင်း ပျက်စီးသွားပြီးနောက် ဖရိုဖရဲချီစွမ်းအင်တို့ ဖြစ်တည်လာခဲ့သည် မဟုတ်ပါလော။

သခင်လေးလင်းရှောင်၏ နှလုံးသားမှာ လေးလံသွား၏။ သူက မြစ်ထဲမှ တာအိုလှံကို ဆွဲထုတ်၍ မြစ်ရေပြင်ထက်၌ ရပ်လိုက်သည်။

သူ ယခု မည်သည့်စကြဝဠာသို့ ရောက်နေကြောင်း မသိသလို မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိပေ။

ယခင်တစ်ကြိမ် ချင်မူနှင့် တိုက်ခိုက်စဉ်က ချင်မူ၏ တာအိုအဆင့်သည် ကောင်းကင်ဘုံ ၃၆ ဘုံသို့ ရောက်နေခဲ့ပြီး ဖရိုဖရဲမြစ်တိုက်ကွက်ကို ထုတ်ဖော်ခဲ့ဖူး၏။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းသုံးကုဋေနှင့်တစ်ဝက်တုန်းက အဆုံးသတ်မြို့ပျက်တိုက်ပွဲတွင် ဖြစ်ခဲ့သည်။

ထိုအချိန်က သူ ထိုတိုက်ကွက်ကို ချိုးဖျက်နိုင်ခဲ့သည်။

ထို့နောက် အချိန်ကာလများစွာ ကြာမြင့်ခဲ့ပြီး ချင်မူကား သူတို့နှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်တိုင် ထိုတိုက်ကွက်ကို ထပ်မံ အသုံးမပြုခဲ့ချေ။

ယခု နှစ်ပေါင်းသုံးကုဋေနှင့် တစ်ဝက် ကြာမြင့်သွားပြီးနောက် ဤတိုက်ကွက်က ထပ်မံ ပေါ်ထွက်လာချေပြီ။ သို့သော် သူ နားမလည်နိုင်သော အရာတစ်ခု ဖြစ်နေသည်။

ဖရိုဖရဲတာအိုကို မီလော့နန်းတော်အရှင်သခင်ပင် နားမလည်နိုင်ခဲ့ချေ။

"ခုနစ် အတိတ်ကို မပြန်သွားသရွေ့ ဖရိုဖရဲတာအို ရဖို့ မဖြစ်နိုင်ဘူး… ဒီ မြစ်ဆယ့်ခြောက်စင်းက သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံ မဟုတ်ဘူး… တကယ့် မဟာပျက်စီးခြင်းကပ်ဘေးပဲ"

သခင်လေးလင်းရှောင် လျင်မြန်စွာ သဘောပေါက်သွားသည်။ သူက ချက်ချင်း တာအိုလှံအား လွယ်လိုက်ကာ မြစ်ရေပြင်တစ်လျှောက် နင်းသွားသည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဖရိုဖရဲမြစ်များက မြည်ဟီးပေါက်ကွဲသွား၏။

သူ့အနောက်တွင် တာအိုသစ်ပင်အပေါ်မှ တာအိုသစ်သီးများက ရှေ့သို့ ဆက်လက်ပျံသန်းနေသည်။ ၎င်းတို့ထံမှ တာအိုအလင်းများက သူ့အရှေ့ရှိ မြူခိုးများကို ရှင်းပေးနေ၏။

"သူ ပေါ်မလာဘူး… ဒါဆို လေး ကို တားနေတာပဲ… ငါ တစ်ရက်တည်းနဲ့ ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ပြေးပြီး သူ့တည်နေရာကို ရှာနိုင်တယ်… ဒီ မြစ်ရေပြင်ကနေ လွတ်မြောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်တွေကို သွားရှင်းပစ်လို့လည်း ရတယ်"

သူသည် ချင်မူ၏ ဖရိုဖရဲတာအိုကို မသိသော်လည်း သူ့အတွက် ကျင့်ကြံခြင်းအခြေခံကသာ ခွန်အားကို တိုင်းတာသည့် စံနှုန်း ဖြစ်သည်။

ချင်မူ အသုံးပြုသည့် ကောင်းကင်နတ်သိုင်းကို သူ နားမလည်သော်လည်း ချင်မူက ထို ထူးဆန်းသော ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ သူနှင့် သခင်လေးလေးအား ဖရိုဖရဲမြစ်ပေါ်သို့ ပို့ဆောင်ကာ အချိန်ဆွဲနေခြင်းမျှသာ ဖြစ်ကြောင်း လင်းရှောင် သိသည်။

သို့သော် ချင်မူ နှစ်ပေါင်းသုံးကုဋေနှင့်တစ်ဝက် ကျင့်ကြံခဲ့လျှင်တောင်မှ ကျင့်ကြံခြင်းအခြေခံတွင် သူနှင့် သခင်လေးလေးအောက် များစွာ နိမ့်ကျနေသေးသည်။

သခင်လေးလင်းရှောင်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း မြစ်တစ်ဖက်ကမ်းသို့ ရောက်လာသည်။ သူက စိတ်အားတက်ကြွစွာဖြင့် မရပ်မနား ခရီးဆက်လိုက်သည်။

သူ ရွေးချယ်သည့် ဦးတည်ရာက မှန်ကန်ကြောင်း သိလိုက်ရ၏။ ဤလမ်းကြောင်းအတိုင်း ဆက်သွားလျှင် မြစ်တစ်ဖက်ကမ်းသို့ ရောက်နိုင်ပြီး ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေး သို့မဟုတ် ၁၆ စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးအထိ ရောက်နိုင်ပေလိမ့်မည်။

ပထမစကြ၀ဠာသို့ ရောက်လျှင် မီလော့နန်းတော်အား တွေ့မြင်နိုင်ပေလိမ့်မည်။ ထိုနေရာမှ ပြန်သွားရန် အလွန်ဆုံးနှစ်ရက် ကြာမည်။ ၁၆ စင်းမြောက်စကြ၀ဠာ မဟာပျက်စီးခြင်းကပ်ဘေးသို့ ရောက်သွားလျှင်မူ ချက်ချင်း လွတ်မြောက်နိုင်မည်။

ပိတ်မိနေသည်ဆိုပါက မြစ်ဆယ့်ခြောက်စင်းထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။

တစ်ရက်ကြာပြီးနောက် သခင်လေးလင်းရှောင်သည် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းအား ဖြတ်ကျော်လာခဲ့ပြီးနောက် ရုတ်တရက် ရင်ထဲတွင် လေးလံသွား၏။ သူ့အရှေ့တွင် အဆုံးအစမရှိသည့် ဖရိုဖရဲမြစ်ကား ရှိနေဆဲပင်။

သခင်လေးလင်းရှောင် မျက်ခုံးလှုပ်သွားပြီး ခေါင်းငုံ့၍ ရှေ့သို့ ဆက်ပြေးသွားသည်။

နောက်ထပ်တစ်ရက် ကြာပြီးနောက် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းအား ထပ်မံ ကျော်ဖြတ်လာခဲ့ရပြန်သည်။ သို့သော် ရှေ့မှ ဖရိုဖရဲမြူခိုးများမှာ အလွန် ထူထပ်သိပ်သည်းနေကာ အဆုံးမရှိသယောင် ထင်ရ၏။

သခင်လေးလင်းရှောင် ရပ်တန့်လိုက်ပြီး ခဏမျှ တွေးတောစဉ်းစားနေသည်။ သူက တာအိုသစ်သီးတစ်လုံးကို မြူခိုးထဲတွင် ချန်ထားခဲ့ပြီး ရှေ့သို့ ဆက်ပြေးသွားသည်။

တာအိုသစ်သီးကို ထားခဲ့သည့် ရည်ရွယ်ချက်က ချင်မူ မြစ်ပေါ်တွင် ချန်ထားခဲ့နိုင်ခြေရှိသော ကောင်းကင်နတ်သိုင်းအား ဖိနှိပ်ရန် ဖြစ်သည်။

လင်းရှောင်မှာ ဖရိုဖရဲမြစ်ကို ဖြတ်သန်းနေရင်း သဘောပေါက်လာခဲ့သည်။ သူသည် ချင်မူ၏ ကောင်းကင်နတ်သိုင်းကို မတော်တဆ အသက်သွင်းမိသွားပြီး ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းအား ပတ်ပြေးနေခဲ့၏။ ချင်မူ၏ ကောင်းကင်နတ်သိုင်းကို နားမလည်သော်လည်း ယင်းသိုင်းကွက်ကို ဖိနှိပ်၍ အသုံးမ၀င်အောင် တားဆီးထားနိုင်သရွေ့ လွတ်မြောက်နိုင်ပေလိမ့်မည်။

သူ ဒုတိယမြစ်သို့ ရောက်လာသည့်အခါ နောက်ထပ် တာအိုသစ်သီးတစ်လုံး ချန်ထားခဲ့သည်။

တတိယမြစ်တွင်လည်း တာအိုသစ်သီးတစ်လုံး ထပ်မံ ချန်ထားခဲ့သည်။

တာအိုသစ်သီးရှစ်လုံး ကုန်သွားသောအခါ သူ၏ တာအိုသစ်ပင်ကို ဖရိုဖရဲမြူခိုးများထဲတွင် ချန်ထားခဲ့သည်။

ဆယ်စင်းမြောက်ဖရိုဖရဲမြစ်သို့ ရောက်သောအခါ သူ၏ တာအိုလှံကို ချန်ထားခဲ့၏။ ဆယ်တစ်စင်းမြောက် ဖရိုဖရဲမြစ်တွင် တာအိုခန်းမကို ချန်ထားခဲ့သည်။ ဆယ့်နှစ်စင်းမြောက် ဖရိုဖရဲမြစ်တွင်တော့ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ချန်ထားခဲ့၏။

လင်းရှောင် ဆက်၍ ပြေးလွှားနေသည်။ သဘောတရားအရ ရှေ့တွင် ဖရိုဖရဲမြစ် လေးစင်းသာ ရှိပေတော့မည်။ သို့သော် ဆယ့်သုံးစင်းမြောက် ဖရိုဖရဲမြစ်သို့ ရောက်ရှိလာချိန်၌ သူ၏ တာအိုသစ်သီးကို ပြန်တွေ့လိုက်ရလေသည်။

သခင်လေးလင်းရှောင်၏ မျက်လုံးထောင့်စွန်းများ တွ့န့်သွားသည်။ သူက တာအိုသစ်သီးကို လျစ်လျူရှုကာ ရှေ့သို့ ဆက်ပြေးသွား၏။

ဆယ့်လေးစင်းမြောက် ဖရိုဖရဲမြစ်သို့ ရောက်ရှိသည့်အချိန်၌ သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို တွေ့လိုက်ရပြန်သည်။ ဤ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ဆယ့်နှစ်စင်းမြောက်မြစ်တွင် ကျန်ခဲ့သင့်သည် မဟုတ်လော။

သူ ရှေ့ဆက်လာခဲ့ရာ တာအိုလှံကို တွေ့လိုက်ရ၏။

သခင်လေးလင်းရှောင် ရပ်ကာ တာအိုလှံကို ဆုပ်ကိုင်လိုက်သည်။ ခံပြင်းစွာ အော်ဟစ်လိုက်သော သူ၏ တာအိုအသံက ဖရိုဖရဲမြစ်ရေပြင်ကို တဝုန်းဝုန်း မြည်လျက် ပေါက်ကွဲသွားစေတော့သည်။

"ခုနစ်"

သခင်လေးလင်းရှောင်မှာ ခါးသီးမုန်းတီးစွာဖြင့် တာအိုလှံအား အရပ်လေးမျက်နှာသို့ ထိုးစိုက်နေသည်။

နောက်ဆုံးတော့ ချင်မူ့ကောင်းကင်နတ်သိုင်း၏ သဘောတရားကို သူ နားလည်သွားလေပြီ။ မြစ်ဆယ့်ခြောက်စင်းသည် ချင်မူ့ပတ်ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေသည့်အပြင် မြစ်တို့၏ နေရာများလည်း အဆက်မပြတ် ပြောင်းလဲနေ၏။ မည်သည့်ပုံသေအနေအထားမှမရှိဘဲ ပြောင်းလဲနေခြင်း ဖြစ်သည်။

သူ မြစ်ရေပြင်သို့ ခြေချလိုက်သရွေ့ ဘယ်တော့မှ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ကြောက်မက်ဖွယ် ကောင်းကင်နတ်သိုင်း လှိုင်းဂယက်များကို ခံစားမိလိုက်သဖြင့် လင်းရှောင် စိတ်လှုပ်ရှားသွားသည်။

"ခုနစ်နဲ့ လေး တိုက်ခိုက်နေကြတာပဲ… သူတို့လည်း မြစ်ပေါ်မှာ"

သူက တာအိုလှံကို မြှောက်၍ မြစ်ရေထဲသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ တာအိုသစ်သီးများက ဖရိုဖရဲမြူခိုးထဲမှ တဟုန်ထိုး ခုန်ထွက်လာပြီး တာအိုသစ်ပင်၊ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် နတ်ကောင်းကင်ခန်းမတို့က သူ့အနောက်သို့ တစ်ပြိုင်နက်တည်း ရောက်လာကြသည်။။

သခင်လေးလင်းရှောင်က ကြောက်မက်ဖွယ် ကောင်းကင်နတ်သိုင်း လှိုင်းဂယက်များ၏ လာရာအတိုင်း လိုက်သွားသည်။

သူ၏ ခြေဖဝါးအောက်တွင် ဖရိုဖရဲမြစ်များကား အဆက်မပြတ် ပြောင်းလဲနေဆဲပင်။ မြစ်ဆယ့်ခြောက်စင်းက ပြောင်းလဲနေသဖြင့် တစ်ခါတရံတွင် ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များနှင့် နီးကပ်လာပြီး တစ်ခါတရံတွင် ဝေးကွာသွားတတ်၏။ တစ်ခါတရံတွင်တော့ အာရုံခံ၍ပင် မရချေ။

သခင်လေးလင်းရှောင်၏ မျက်နှာမှာ မည်းမှောင်‌လာသည်။ သူ၏အရှိန်က ပိုပို၍ မြန်ဆန်လာသည်။ "မဟုတ်သေးဘူး… သူတို့ ဖရိုဖရဲမြစ်ပေါ်မှာ ရှိမနေသင့်ဘူး… မြစ်ဆယ့်ခြောက်စင်းရဲ့ အလယ်ဗဟို မီလော့နန်းတော်ထဲမှာ ရှိနေသင့်တာ… ငါတို့... ငါတို့က အခု ကျောက်စိမ်းမြို့တော်ထဲမှာပဲ ရှိနေသေးတယ်… ဒါပေမဲ့ ခုနစ်ရဲ့ ကောင်းကင်နတ်သိုင်းကြောင့် ဖရိုဖရဲမြစ်ရဲ့ နေရာတွေ ရှုပ်ထွေးသွားတာ… ငါက မြစ်ရေပြင်ပေါ် ရောက်လာပြီး ကျစ်ရှောင်ကတော့ မီလော့နန်းတော်ထဲ ကျသွားတာပဲ"

"သူတို့ရဲ့ နေရာကိုသာ သိရင် ခုနစ်ရဲ့ ကောင်းကင်နတ်သိုင်းက ငါ့ကို ပိတ်ထားနိုင်မှာ မဟုတ်ဘူး"

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်။

မီလော့နန်းတော်သည် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်း၏ အလယ်ဗဟိုတွင် တည်ရှိ၏။ ဤရှေးဟောင်း အဆောက်အဦးကြီးမှာ မီလော့နန်းတော်အရှင်သခင်၏ မီလော့နန်းတော်နှင့် သခင်လေးခုနစ်ယောက်၏ ခန်းမများဖြင့် ဖွဲ့စည်းထားသည်။

သခင်လေးတစ်၏ မဟာဥသျှောင်ခန်းမ၊ သခင်လေးနှစ်၏ အနန္တခန်းမ၊ သခင်လေးသုံး၏ နတ်ကောင်းကင်ခန်းမ၊ သခင်လေးလေး၏ ခရမ်းရောင်ကောင်းကင်ဘုံခန်းမ၊ သခင်လေးငါး၏ အနတ္တဂိုဏ်းခွဲခန်းမ၊ သခင်လေးခြောက်၏ ဆိတ်ငြိမ်ခန်းမ နှင့် သခင်လေးခုနစ်၏ ကမ္ဘာဦးဖရိုဖရဲခန်းမတို့ ဖြစ်ကြသည်။

၁၆ စင်းမြောက် စကြ၀ဠာ ပျက်စီးသွားပြီးနောက် မီလော့နန်းတော်အရှင်သခင်မှာ စိတ်ဓာတ်ကျသွားကာ သခင်လေးများ၊ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များအား ကိုယ်ပိုင်ခေတ်များဆီသို့ ပြန်သွားရန် အမိန့်ပေးခဲ့သည်။ သူကိုယ်တိုင်ကတော့ ပထမစကြဝဠာမှ မီလော့နန်းတော်ထဲသို့ ပြန်သွား၍ တာအိုကျင့်ကြံခဲ့၏။

သို့သော် သခင်လေးခုနစ်ယောက်မှာ သူ၏စကားအတိုင်း ကိုယ်ပိုင်ခေတ်များဆီသို့ ပြန်မသွားခဲ့ကြချေ။ မဟာဥသျှောင်က သီးသန့်နေထိုင်ခဲ့သည်။ နှစ်မှာမူ ဖမ်းချုပ်ခံခဲ့ရသည်။ သခင်လေးသုံးနှင့် သခင်လေးလေးတို့က ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်ရန် ကြံစည်ခဲ့၏။ သခင်လေးငါးနှင့် သခင်လေးခြောက်တို့မှာ ပျောက်ဆုံးသွားခဲ့ပြီး သခင်လေးခုနစ် ဖရိုဖရဲမှာမူ ထူးဆန်း၍ ခန့်မှန်းရခက်စွာ ပြုမူတတ်သည်။ သူက အမြီးနှင့် ခေါင်းကို မမြင်နိုင်သော နဂါးတစ်ကောင်အလားပင်။

ယခုအချိန်တွင် မီလော့နန်းတော်၌ အနန္တခန်းမ၊ ဆိတ်ငြိမ်ခန်းမနှင့် အနတ္တဂိုဏ်းခွဲခန်းမတို့သာ ကျန်ရစ်တော့သည်။

မဟာဥသျှောင်ခန်းမကိုလည်း သခင်လေးမဟာဥသျှောင်က ဒုတိယစကြဝဠာသို့ ရွှေ့ပြောင်းခဲ့၏။

ဤအခိုက်အတန့်တွင် ရုတ်တရက် ခန်းမကြီးနှစ်ခု ပျံသန်းလာပြီး မီလော့နန်းတော်ထဲသို့ ဘုန်းခနဲ ကျရောက်လာသည်။

သခင်လေးကျစ်ရှောင်သည် ခန်းမအမိုးပေါ်တွင် ရပ်လျက် သူ၏ တာအိုဓားရိုးကို ဆုပ်ကိုင်ထားပြီး ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။

မျက်နှာချင်းဆိုင်ရှိ ဖရိုဖရဲခန်းမအမိုးပေါ်၌ ချင်မူ ရပ်နေပြီး ဖရိုဖရဲဓားရိုးကို ကိုင်ထားသည်။

သူတို့နှစ်ဦးက အဝေးမှ မျက်နှာချင်းဆိုင် ရပ်နေကြသည်။

ဝေါ

မီလော့နန်းတော် အပြင်ဘက်မှ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည့် မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ မီလော့နန်းတော်ကို လှည့်ပတ်နေသော ဖရိုဖရဲမြစ်က ထူးဆန်းသော ပုံစံဖြင့် လည်ပတ်နေပြီး ချင်မူ၏ တာအိုအဆင့် ကောင်းကင်ဘုံ ၃၆ ဘုံ ကောင်းကင်နတ်သိုင်းနှင့် အလွန် ဆင်တူနေ၏။

ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းက မီလော့နန်းတော်၏ ပတ်ပတ်လည်တွင် ယှက်ဖြာလည်ပတ်နေပြီး မြစ်များ၏ အစဉ်လိုက်အနေအထားက အဆက်မပြတ် ပြောင်းလဲနေသောကြောင့် မြင်ရသူများအား ထူးဆန်း၍ ကြီးကျယ်ခမ်းနားသော ခံစားချက်များ ဖြစ်ပေါ်လာ‌စေသည်။

"ခုနစ် နှစ်ပေါင်းသုံးကုဋေနဲ့ တစ်ဝက်အတွင်း မင်းရဲ့ စွမ်းအားက ဒီအဆင့်အထိ မြင့်သွားပြီလား"

သခင်လေးကျစ်ရှောင်က ဓားကို ဆုပ်ကိုင်ထားသည်။ တာအိုဓား၏ စွမ်းအားမှာ ဖိနှိပ်ထား၍ မရနိုင်ချေ။ ခရမ်းရောင်ဓားရောင်တို့က ကောင်းကင်အနှံ့ ဖြာထွက်ကာ ဓားတာအိုကောင်းကင်ဘုံအဖြစ် ဖွဲ့စည်းသွားသည်။ သူ၏ တာအိုခန်းမ ခရမ်းရောင်ကောင်းကင်ဘုံခန်းမထဲတွင် ဓားတာအိုလှိုင်းလုံးကြီးများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည့် ပေါက်ကွဲသံများ ထုတ်လွှတ်‌နေရာ မဟာပျက်စီးခြင်းကပ်ဘေး၏ အသံကိုပင် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။

"ဒါပေမဲ့ ငါ့ကို ပို အံ့ဩစေတာက မင်းရဲ့ ဖရိုဖရဲ ကောင်းကင်နတ်သိုင်းပဲ"

သခင်လေးကျစ်ရှောင်က လေးနက်စွာ ပြောသည်။ "မင်းရဲ့ ဖရိုဖရဲတာအိုကို သူ တောင် နားမလည်နိုင်ဘူးလို့ ဆရာ ပြောခဲ့တာ မဆန်းပါဘူး… တကယ်ပဲ ထူးကဲပြီး အသစ်အဆန်း ဖြစ်တယ်… ဒါပေမဲ့ မင်း ငါ့ကို ပထမဆုံး ပြိုင်ဘက်အဖြစ် ရွေးချယ်ခဲ့တာက မှားယွင်းတဲ့ ရွေးချယ်မှုပဲ… ဘာလို့လဲဆိုတော့ မင်းလည်း ဓားတာအိုကို ကျင့်ကြံခဲ့တာလေ"

ချင်မူ၏ လက်ဖဝါးက ဖရိုဖရဲဓားအား ဆုပ်ကိုင်ထားပြီး မျက်နှာက ပြုံးနေသည်။ သူ၏ နောက်မှ လောကသစ်ပင်ပေါ်တွင် တာအိုသစ်သီးတစ်လုံးက ထွန်းလင်းတောက်ပလာ၏။ ၎င်းမှာ ဓားတာအို တာအိုသစ်သီး ဖြစ်သည်။ သူသည် ဖရိုဖရဲတာအို မရရှိသေးသော်လည်း ဓားတာအိုမှာမူ ခြေတစ်လှမ်းစော၏။

ဓားတာအို တာအိုသစ်သီးက သူ၏ ဖရိုဖရဲဓားနှင့် ဆက်သွယ်ကာ ဖရိုဖရဲကျောက်တုံးဖြင့် သွန်းလုပ်ထားသော တာအိုဓား၏ စွမ်းအားကို ပိုပို၍ သန်မာလာစေသည်။

"ကျွန်တော် အစ်ကိုလေးကို ရွေးချယ်ခဲ့တာက အစ်ကိုလေးက အစ်ကိုသုံးထက် နည်းနည်း အားနည်းလို့ပဲ…. စွမ်းဆောင်ရည်က အားနည်းတာ မဟုတ်ဘူး… တာအိုနှလုံးသားက အားနည်းနေတာ"

ချင်မူက ပြုံးလိုက်သည်။ "အစ်ကိုသုံးကို ရင်ဆိုင်ရရင် သူ့ကို အနိုင်တိုက်နိုင်မယ့် နည်းလမ်း မရှိဘူး… ဒါပေမဲ့ အစ်ကိုလေးကို တိုက်ရင်တော့ ကျွန်တော် အနိုင်ရနိုင်တယ်"

"ဒါက မင်း ငါ့ရဲ့ တကယ့် စွမ်းဆောင်ရည်ကို မမြင်ဖူးသေးလို့ပဲ"

သခင်လေးကျစ်ရှောင်က ဓား ဆွဲထုတ်လိုက်ရာ တာအိုဓားက လေကို ခွင်းသွားသည်။

ဓားရောက်တစ်ချက် ချင်မူ၏ မျက်လုံးထဲတွင် တောက်ပလာသည်။ ဓားတာအို၏ စွမ်းအားက သူ၏သူငယ်အိမ်များကို ချက်ချင်း ကျုံ့ဝင်သွား‌စေ၏။

၂၃ ချက်မြောက် ဓားကွက်

သူ၊ ခိုင်ဧကရာဇ်နှင့် ကျန်းပိုင်ကွေ့တို့သည် ဓားတာအိုကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့ပြီး အခြေခံဓားချက်၂၀ ချက်အထိ မြှင့်တင်နိုင်ခဲ့လေသည်။ ၂၀ ချက်မြောက် ဓားကွက်သည် ဓားနယ်ပယ် ဖြစ်၏။

ထိုအချိန်မှစ၍ ဓားတာအို၏ တိုးတက်မှု နှေးကွေးသွားခဲ့ပြီး တစ်လောကတွင် အခြေခံဓားချက် ၂၀ ကို သိမြင်နားလည်နိုင်သူ အလွန် ရှားပါးသွားသည်။ ခိုင်ဧကရာဇ်ချင်ယဲ့က ထို့နောက်ပိုင်းတွင် ၂၁ ချက်မြောက် ဓားကွက်ကို ထပ်မံဖန်‌တီးခဲ့ပြီး ခန်းမသခင်အဆင့်ပုဂ္ဂိုလ် ဖြစ်လာကာ တာအိုခန်းမကို ကျင့်ကြံအောင်မြင်ခဲ့၏။

သူ ၂၂ ချက်မြောက် ဓားကွက် နှင့် ၂၃ ချက်မြောက် ဓားကွက်ပင် ရှိနိုင်သေးကြောင်း တွက်ဆခဲ့သည်။ ၂၃ ချက်မြောက် ဓားကွက်သည် တာအိုရစေမည့် ဓားချက်ဟုလည်း တွက်ချက်ခဲ့၏။ ၎င်းအဆင့်အထိ အောင်မြင်သူကား ၂၃ ချက်မြောက် ဓားချက်ဖြင့် တာအို ရနိုင်ပေသည်။

ချင်မူ၊ ကျန်းပိုင်ကွေ့၊ ခိုင်ဧကရာဇ်ချင်ယဲ့၊ ရွာသူကြီး စုမူကျဲနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားတာအိုသိုင်းပညာရှင်များ စုပေါင်း၍ ၂၂ ချက်မြောက် ဓားကွက်အား အပြီးသတ်ရန် ကြိုစားခဲ့ကြသော်လည်း ယခုအချိန်အထိ တစ်ဝက်သာ ပြီးစီးသေးသည်။

၂၃ ချက်မြောက် ဓားကွက်ကိုမူ အရိပ်အယောင်မျှပင် မထိတွေ့နိုင်ခဲ့ကြပေ။

ခိုင်ဧကရာဇ်ချင်ယဲ့နှင့် အခြားသူတို့ အိပ်မက်မက်ခဲ့ရသော ၂၃ ချက်မြောက် ဓားကွက်ကို ဤနေရာ၌ တွေ့မြင်ရလိမ့်မည်ဟု ချင်မူ မမျှော်လင့်ခဲ့ချေ။

သခင်လေးကျစ်ရှောင်၏ လမ်းစဥ် ခက်ခဲသည်မှာ မထူးဆန်းတော့ပေ။ သူ၏ ဇနီး ဖန်တီးခဲ့သော ကျစ်ရှောင်တာအိုအောင်မြင်ခြင်းသံစဉ်၏ အကူအညီဖြင့်သာ တာအိုရရှိနိုင်ခဲ့၏။ သူ၏ခေတ်တွင် သူသည် အလွန်တရာ စိတ်အားထက်သန်သော ဓားတာအိုသိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး ဓားပညာတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့သည်။ ဓားတာအိုအား ၂၂ချက်မြောက် ဓားကွက်အထိ အဖြေထုတ်ပြီးနောက် ၂၃ ချက်မြောက် ဓားကွက်ကို ဖန်တီး၍ တစ်ချက်တည်း တာအိုရရှိရန် ကြံစည်ခဲ့ခြင်းပင်။

ချင်မူ၊ ခိုင်ဧကရာဇ်နှင့် အခြားသူများ နှစ်ပေါင်းသုံးကုဋေနှင့် တစ်ဝက် ကြာသည်အထိ မလုပ်ဆောင်နိုင်ခဲ့သော အရာကို သူ လုပ်ဆောင်နိုင်ခဲ့သည်။

မီလော့နန်းတော် သခင်လေးခုနစ်ယောက်တိုင်းမှာ အသီးသီး ထူးကဲလှပေသည်။

သူသည် မီလော့နန်းတော်အရှင်သခင်ပင် မလုပ်ဆောင်နိုင်ခဲ့သော အရာတစ်ခုကို အောင်မြင်ခဲ့သည်။ ထို့ကြောင့် သူ့အား ဓားသခင်လေးဟု ခေါ်ဆိုသင့်၏။

All Chapters