← Chapters

ခံယူချက်တိုက်ပွဲ

Vol. 141 Ch. 1819

ခံယူချက်တိုက်ပွဲ

Vol. 141 Ch. 1819

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးသည် အဆက်မပြတ် လည်ပတ်နင်းခြေရင်း ဝင်ရောက်လာ၏။ ကောင်းကင်လှည်းဘီးပေါ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင် သုံးထောင်တို့၏ ကောင်းကင်နတ်သိုင်းများက မြားမိုးသဖွယ် ရွာကျနေသည်။ တခဏအတွင်း မီလော့နန်းတော် တာအိုသိုင်းပညာရှင်များ၏ သေဆုံးထိခိုက်မှုမှာ တဟုန်ထိုး မြင့်တက်သွားချေပြီ။

တာအိုသစ်ပင်များ တာအိုသိုင်းအလင်းတန်းများထဲတွင် ကြေမွကုန်ကြသည်။ အချို့တာအိုသစ်သီးများမှာ ကောင်းကင်သို့ ပျံတက်သွားခါစမှာပင် ဓားတစ်သောင်းဖြင့် ထိုးစိုက်ခံလိုက်ရ၏။ အချို့တာအိုသိုင်းပညာရှင်များမှာ တုံ့ပြန်ရန် အချိန်ပင်မရဘဲ တာအိုကောင်းကင်နတ်သိုင်း ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာ ကြေမွကာ မူလဝိညာဉ်များ သတ်ဖြတ်ခံလိုက်ရသည်။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို တိုက်ခိုက်နေသည့် ကောင်းကင်နတ်သိုင်းများမှာမူ ကောင်းကင်လှည်းဘီးအပေါ်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များထံ မရောက်မီမှာပင် စွမ်းအားများ ကုန်ခမ်းသွားကြသည်။

မီလော့နန်းတော် ခန်းမသခင်များ၏ ကောင်းကင်နတ်သိုင်းများက လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ထိုးဖောက်၍ ကောင်းကင်လှည်းဘီးပေါ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များကို ဒဏ်ရာရစေနိုင်သည်။ သို့သော် ကောင်းကင်လှည်းဘီး တစ်ပတ်လည်သွားသည်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များ၏ တာအိုဒဏ်ရာများ သက်သာသွားပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

ဧရာမကောင်းကင်လှည်းဘီးကြီးကား ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးဟု ဆိုရမည်။

ပို၍ ကြောက်စရာကောင်းသည်က ကောင်းကင်လှည်းဘီးထဲမှ ထွက်ပေါ်လာသော ဘ၀ပြန်၀င်စားခြင်းတာအို၏ စွမ်းအားပင်။

ကောင်းကင်လှည်းဘီးကို ထိန်းချုပ်နေသော ချင်ဖုန်းကျင့်သည် မှော်စွမ်းအင်အရ ချင်မူ့ကို မမီသော်လည်း ဘ၀ပြန်၀င်စားခြင်းတာအိုအပေါ် သိမြင်နားလည်မှုမှာ ချင်မူ့ထက် သာလွန်၏။ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို အသက်သွင်းလိုက်သည်နှင့် မီလော့နန်းတော် တာအိုသိုင်းပညာရှင်များမှာ အနားသို့ ကပ်လာလျှင်ချင်း ဘ၀ပြန်၀င်စားခြင်းထဲသို့ ကျရောက်၍ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်များ အသွင်ပြောင်းသွားကြသည်။ မဟာတာအို ကောင်းကင်နတ်သိုင်းများပင်လျှင် ပြောင်းလဲသွား၏။

မီလော့နန်းတော် တာအိုသိုင်းပညာရှင်များက အရပ်လေးမျက်နှာမှ တိုက်ခိုက်နေကြသော်လည်း လှည်းဘီးကြီးအနား နီးကပ်လာသည်နှင့် ရုပ်ခန္ဓာများ ယိုယွင်းပျက်စီးလာပြီး မဟာတာအိုများ ပြိုကွဲကုန်သည်။

တစ်‌ယောက်သည် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးအနားသို့ ပြေးသွား၍ တိုက်ခိုက်လိုက်သည်နှင့် အရိုးစုများအဖြစ် ပြောင်းလဲသွားသည်။ တာအိုသစ်ပင်ပင် ညှိုးနွမ်းလာကာ တာအိုသစ်သီးများလည်း ခြောက်သွေ့ကြွေကျကုန်သည်။ မည်သည့်စွမ်းအားမှ မရှိတော့ချေ။

ချင်ဖုန်းကျင့် သွန်းလုပ်ထားသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးသာ ဆိုပါက ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည် မဟုတ်ပေ။ ဤလမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးမှာ ချင်မူ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဖျက်ဆီးပြီး အသူရာချောက်နက်ထဲမှ ဖရိုဖရဲကျောက်တုံးများကို စုဆောင်းကာ သွန်းလုပ်ထားခြင်း ဖြစ်သည်။ နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က် ကြာအောင် သန့်စင်သွန်းလုပ်ထားရသဖြင့် စွမ်းအားက သခင်လေးတို့၏ တာအိုလက်နက်များနှင့်ပင် ယှဉ်နိုင်သလောက် ရှိပေသည်။

သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးအား အစကတည်းက ချိုးဖျက်ပစ်ချင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို မချိုးဖျက်နိုင်ပါက မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်များအနေဖြင့် အောင်ပွဲရရန် ခက်ခဲပေလိမ့်မည်။ အသက်ရှင်ရန်ပင် ခက်ခဲမည်ဖြစ်၏။

ဘ၀ပြန်၀င်စားခြင်းတာအိုသည် အသစ်စက်စက် မဟာတာအိုတစ်ခု ဖြစ်သည်။ အတိတ် စကြဝဠာ ၁၆ စင်းတွင် မည်သူမှ ထိုမဟာတာအိုမျိုးကို မဖန်တီးနိုင်ခဲ့ပေ။ ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များထဲမှ တစ်ခုဖြစ်၏။

အတိတ် စကြဝဠာ ၁၆ စင်းတွင် ထိုမဟာတာအိုကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည့် တစ်ဦးတည်းသော သူမှာ သခင်လေးခုနစ် ဖရိုဖရဲပင် ဖြစ်သည်။

သို့သော် သခင်လေးခုနစ်သည် ဤထူးခြားလှသော မဟာတာအိုကို သူ၏ ဖရိုဖရဲတာအိုနှင့် ပေါင်းစပ်ပြီးဖြစ်သဖြင့် ပို၍ပင် အံ့ဩဖွယ် ကောင်းလှသည်။

ထို့အပြင် သခင်လေးခုနစ်၏ အပြုအမူများမှာ လျှို့ဝှက်လွန်းသဖြင့် ထိုမဟာတာအိုကို နားလည်ရန်မှာ မဖြစ်နိုင်ချေ။

ကျောက်စိမ်းမြို့တော်ထဲတွင် တာအိုသိုင်းပညာရှင်များစွာ ရှိသည်။ ခန်းမသခင်များမှာလည်း ငါးဆယ့်ခြောက်ယောက်အထိ ပါဝင်သည်။ သူတို့တစ်ဦးချင်းစီမှာ နယ်ပယ်တစ်ခုစီတွင် အမြင့်ဆုံးအောင်မြင်မှု ရထားသူများ ဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံခြင်းက သခင်လေးများထက် နိမ့်ကျသော်လည်း အားလုံး၏ ထူးကဲသော အောင်မြင်မှုများက ပေါ့သေးသေး မဟုတ်ကြချေ။

မီလော့နန်းတော်၏ တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းအမျိုးမျိုးကို တာအိုသိုင်းပညာရှင်များအား သင်ယူခွင့် တားမြစ်ထားခြင်း မရှိပေ။ ထို့ကြောင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်တစ်ယောက်ချင်းစီတွင် သူမတူသော အောင်မြင်မှုများ ပိုင်ဆိုင်ထားကြသည်။

သို့ထိတိုင် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ ကူကယ်ရာမဲ့နေကြတော့သည်။

"လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို အရင်ဆုံး ချိုးဖျက်ကြ"

ခန်းမသခင် ငါးဆယ့်ခြောက်ယောက်က တညီတညွတ်တည်း အော်ဟစ်လိုက်သည်။ ခန်းမငါးဆယ့်ခြောက်ခုသည် ကောင်းကင်သို့ ပျံတက်သွားပြီး မရေမတွက်နိုင်သော တာအိုအမှတ်အသားနှင့် တာအိုသံကြိုးများအဖြစ် ရုတ်တရက် ပြိုကွဲသွား၏။ သူတို့အထက်တွင် ပြာလဲ့သော ကောင်းကင်နှင့် အောက်တွင်တော့ ကမ္ဘာမြေကြီး ရှိနေသည်။ ၎င်းတို့က မဟာခြုံလွှမ်းကောင်းကင်ဘုံ အပိုင်းအစများအဖြစ် ပြောင်းလဲသွား၏။

ဤသည်မှာ တာအိုသစ်ပင်စနစ်ထက် သာလွန်သည့် မဟာခြုံလွှမ်းကောင်းကင်ဘုံအဆင့်ဖြစ်ပြီး ကောင်းကင်တာအိုအဆင့်၏ ၄၀ ဘုံမြောက် အဆင့် ဖြစ်သည်။

ခန်းမသခင် ငါးဆယ့်ခြောက်ယောက်၏ မဟာတာအိုများက အတူတကွ ပေါင်းစည်းသွားပြီး ကိုယ်ပိုင်မဟာတာအိုများကို အတူတကွ အသက်သွင်းကာ ကောင်းကင်နှင့် မြေကြီးအား တုန်လှုပ်စေနိုင်သည့် တိုက်ကွက်တစ်ကွက်အဖြစ် ပြောင်းလဲလိုက်၏။

သူတို့၏ ယုံကြည်ချက်က မြဲမြံသည်။ မီလော့နန်းတော်၏ အခြေခံအုတ်မြစ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နှစ်ပေါင်းသုံးကုဋေနှင့် တစ်၀က်ကြာအောင် တိုးတက်ပြီးမှ ရရှိလာသော အခြေခံအုတ်မြစ်နှင့် မယှဉ်နိုင်စရာ အကြောင်း မရှိပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဘ၀ပြန်၀င်စားခြင်းတာအိုကဲ့သို့ ထူးဆန်းသော မဟာတာအိုကို ဖန်တီးနိုင်ခဲ့သော်လည်း မီလော့နန်းတော်မှာ အတိတ်စကြဝဠာ ၁၆ စင်းအတွင်း မရေမတွက်နိုင်သော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအထဲတွင် တျန်းတုကဲ့သို့ အင်အားစုများလည်း ပါဝင်ခဲ့သည့်တိုင် အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မီလော့နန်းတော်၏ ရှည်လျားလှသော သမိုင်း‌ကြောင်းထဲမှ စာမျက်နှာတစ်ခုထက် မပို။ သမိုင်းစာမျက်နှာအား ထူးကဲပြောင်မြောက်စွာ ရေးသားနိုင်ခဲ့သော်လည်း မီလော့နန်းတော်ကို တုန်လှုပ်စေရန် ခက်ခဲပေသေးသည်။

"မီလော့ မဟာစုပေါင်းတာအို"

ခန်းမသခင် ငါးဆယ့်ခြောက်ယောက်က တညီတညွတ်တည်း အော်ဟစ်လိုက်သည်။ ကျယ်ပြန့်၍ အဆုံးမရှိသော စွမ်းအားက တာအိုသစ်ပင်တောအုပ်ထဲမှ ပေါက်ကွဲထွက်လာ၏။ ဤသည်ကား နောက်ထပ် ပူးပေါင်းတိုက်ကွက်ပင်။

မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်မှာ ချင်မူ၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ပစ်မှတ်ထား၍ သခင်လေးနှစ်ယောက် တီထွင်ထားသည့် ပူးပေါင်းတိုက်ကွက် ဖြစ်သည်။ ၎င်းက တိကျသော ပစ်မှတ်ရှိ၏။ မီလော့ မဟာစုပေါင်းတာအိုမှာမူ သခင်လေးများကဲ့သို့ ပုဂ္ဂိုလ်တို့အား ရင်ဆိုင်ရန် မီလော့နန်းတော်မှ တီထွင်ထားသော ကောင်းကင်နတ်သိုင်း ဖြစ်၏။

ချင်မူ့ကို ပစ်မှတ်ထားသော မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်မှာ ချင်မူနှင့် ရင်ဆိုင်ရသည့်အခါတွင် အသတ်အဖြတ်စွမ်းအားပြင်းထန်သော်လည်း အခြားသူများကို တိုက်ခိုက်ရာတွင်မူ ထိရောက်မှု သိပ်မရှိချေ။

မီလော့မဟာစုပေါင်းတာအိုသည် မီလော့နန်းတော် အရှင်သခင်၏ တာအိုပေါင်းစည်းသည့်အချိန်တွင် ဖြစ်ပေါ်လာခဲ့သည့် ထူးခြားသော ပုံရိပ်ကို အတုယူဖန်တီးထားသော မဟာကောင်းကင်နတ်သိုင်း ဖြစ်သည်။ စွမ်းအားက မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်ကဲ့သို့ မပြင်းထန်သော်လည်း မီလော့နန်းတော်အရှင်သခင်၏ တာအိုပေါင်းစည်းနေသည့် အချိန်မှ စည်းချက်က အခြားမဟာတာအိုကောင်းကင်နတ်သိုင်းအားလုံးအပေါ် ပြင်းထန်စွာ ဖိနှိပ်နိုင်၏။

မီလော့မဟာစုပေါင်းတာအို၏ စွမ်းအားမှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာချေပြီ။ တာအိုသစ်ပင်တောအုပ်ထဲမှ တာအိုသံကြိုးထောင်ပေါင်းများစွာက ဧရာမအရိပ်ကြီးတစ်ခုအဖြစ် ပေါင်းစည်းလာသည်ကို ဝိုးတိုးဝါးတား မြင်တွေ့လိုက်ရ၏။ ထိုအရိပ်သည် တဖြည်းဖြည်း မြင့်တက်လာပြီး ၎င်းကား မီလော့နန်းတော်အရှင်သခင်၏ အရိပ်ပင် ဖြစ်သည်။

ဤတာအိုသိုင်းကွက် ထွက်ပေါ်လာသည်နှင့် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးပေါ်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင် သုံးထောင်လုံးမှာ ရှိခိုးဦးညွှတ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။ သူတို့၏ မဟာတာအိုများပင် တုန်လှုပ်လာကာ လက်နက်ချ အရှုံးပေးချင်စိတ်များ ပေါက်ဖွားလာတော့သည။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး၏ စွမ်းအားပင်လျှင် အကြီးအကျယ် ကျဆင်းသွား၏။

ခန်းမသခင် ငါးဆယ့်ခြောက်ယောက်က မီလော့မဟာစုပေါင်းတာအိုကို အသက်သွင်းလျက် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ချိုးဖျက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင် သုံးထောင်ကို သတ်ဖြတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် မီလော့မဟာစုပေါင်းတာအို၏ စွမ်းအားမှာ ရုတ်ချည်း ထိုးကျသွားသည်။ ခန်းမသခင်အားလုံး စိတ်ရှုပ်ထွေးသွားပြီး မည်သို့ ဖြစ်ပျက်သွားသည်ကို မသိလိုက်ကြပေ။ ထူးဆန်းသော စွမ်းအားတစ်ရပ်က မီလော့မဟာစုပေါင်းတာအိုကို နှောင့်ယှက်နေပြီး ထိုစွမ်းအားကား သူတို့ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"နန့်ရှန်း"

ဟွာတုခန်းမသခင်သည် ထိုစွမ်းအား၏ ရင်းမြစ်ကို ချက်ချင်း ရှာတွေ့သွားသည်နှင့် ဒေါသူပုန်ထသွား၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ထိုအခိုက်အတန့်မှာပင် နန့်ရှန်းက သူမ၏ မဟာတာအိုကို ပြန်လည်ရုပ်သိမ်းလိုက်၍ မီလော့မဟာစုပေါင်းတာအို၏ အနှစ်သာရကို ဖျက်စီးလိုက်တော့သည်။

မရေမတွက်နိုင်သော တာအိုသံကြိုးများဖြင့် ဖွဲ့စည်းထားသော မီလော့နန်းတော်အရှင်သခင်၏ အရိပ်မှာ ပေါ်ထွက်လာခါစမှာပင် ပြိုကျ ပျက်စီးသွား၏။

ဘုန်း...

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးက နင်းချေ၀င်ရောက်လာပြီး ခန်းမသခင် ငါးဆယ့်ခြောက်ယောက်အကြားသို့ ရောက်လာသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများက ပြိုင်ဘက်ကင်းအစွမ်းထက်သော ခန်းမသခင် တစ်ယောက်ပြီးတစ်ယောက်ကို လွင့်စင်သွားစေ၏။ ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ခိုင်ဧကရာဇ်ချင်ယဲ့ အစရှိသည့် ခန်းမသခင်အဆင့် ပုဂ္ဂိုလ်များက ချက်ချင်း အခွင့်ကောင်းယူကာ သတ်ဖြတ်ကြသည်။

နန့်ရှန်းက မီလော့မဟာစုပေါင်းတာအိုကို ဖျက်ဆီးပြီးနောက် ချက်ချင်းပင် အခွင့်ကောင်းယူ ထွက်ခွာ၍ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးပေါ်သို့ ဆင်းသက်လိုက်၏။

"စောင့်နေတာ ကြာပါပြီ"

ချင်ဖုန်းကျင့်က လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ထိန်းချုပ်ရင်း လက်နှစ်ဖက် လွှတ်လိုက်သည်။ သူက နန့်ရှန်းကို အရိုအသေပေးလိုက်သည်။ "နန့်ရှန်းက အန္တရာယ်ကြုံတဲ့အချိန်မှာ သေချာပေါက် ကူညီလိမ့်မယ်လို့ ကျွန်တော့်ညီလေး ပြောခဲ့ဖူးတယ်… ဒါက တကယ်ကို မှန်နေတာပဲ"

နန့်ရှန်း ပြန်လည်အရိုအသေပေးရင်း ပြောသည်။ "နန့်ရှန်းက သခင်လေးခုနစ်ကို ကူညီတာ မဟုတ်ပါဘူး… မီလော့နန်းတော်ကို ကူညီတာပါ…. အခု မီလော့နန်းတော်မှာ ဆရာရှိတုန်းကလို အရှိန်အဝါနဲ့ သဘောထားမျိုး မရှိတော့ဘူး…. ဆရာ့ရဲ့ ခံယူချက်တွေကိုလည်း သွေဖယ်နေပြီ…. အားလုံးပဲ စိတ်ချပါ… ဒီတိုက်ပွဲပြီးလို့ အနိုင်အရှုံး ဘယ်လိုပဲဖြစ်ဖြစ် နန့်ရှန်းဟာ ဆရာ့လိုပဲ ကောင်းကင်နဲ့ မြေကြီးဆီ ပြန်သွားမှာပါ"

ချင်ဖုန်းကျင့်က ပြော၏။ "နန့်ရှန်းအနေနဲ့ ပြန်လည်မွေးဖွားလို့ ရပါတယ်… အနာဂတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း နန့်ရှန်းလို ပုဂ္ဂိလ်မျိုး လိုအပ်တယ်"

ကျန်ခန်းမသခင်များ၏ နေရာအခင်းအကျင်းများ ပြန့်ကျဲရှုပ်ထွေးကုန်သည်။ အတန်ကြာ တိုက်ခိုက်ပြီးနောက် သူတို့မှာ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး၏ အောက်မှ လွတ်မြောက်အောင် ရုန်းကန်ကြိုးစားခဲ့ရ၏။ သို့သော် ဤအချိန်တိုအတွင်းမှာပင် ခန်းမသခင်ခြောက်ယောက် သေဆုံးသွားခဲ့ပြီး နန့်ရှန်းက သစ္စာဖောက်သွားသဖြင့် ခန်းမသခင်ငါးဆယ့်ခြောက်ယောက်ထဲမှ လေးဆယ့်ကိုးယောက်သာ ကျန်တော့သည်။

အုတ်အော်သောင်းနင်း တိုက်ခိုက်ကြပြီးနောက် သေဆုံးဒဏ်ရာရသော တာအိုသိုင်းပညာရှင်များမှာလည်း မရေမတွက်နိုင်ချေ။

"အားလုံးမှာ ကိုယ်ပိုင်ရည်မှန်းချက် ရှိကြတာပဲ… နန့်ရှန်းကို အပြစ်တင်စရာ မလိုပါဘူး…. တခြားလမ်းတစ်လမ်းကို ရွေးချယ်သွားတာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပေါ့"

ဟွာတုခန်းမသခင်သည် အခြားခန်းမသခင်များ၏ ကျိန်ဆဲသံများကို တားမြစ်လိုက်၏။ "ငါတို့နဲ့ သခင်လေးခုနစ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့ရဲ့ တိုက်ပွဲက ခံယူချက်တွေ ယှဉ်ပြိုင်တဲ့ တိုက်ပွဲပဲ…. အမှား အမှန် မရှိဘူး…. ငါတို့ လေးဆယ့်ကိုးယောက် ပေါင်းပြီး မီလော့မဟာစုပေါင်းတာအိုကို သုံးရင် တိုက်ခိုက်နိုင်သေးတယ်… လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ချိုးဖျက်နိုင်သရွေ့ အနိုင်ရမယ့် အခွင့်အရေး ရှိနေတုန်းပဲ"

ခန်းမသခင် လေးဆယ့်ကိုးယောက်လည်း နန့်ရှန်းကို ဆက်လက် မကျိန်ဆဲတော့ဘဲ ချက်ချင်းပင် မီလော့မဟာစုပေါင်းတာအို မဟာကောင်းကင်နတ်သိုင်းကို ထပ်မံ အသက်သွင်းလိုက်၏။

ခန်းမသခင်ခုနစ်ယောက် လျော့သွားသော်လည်း မီလော့မဟာစုပေါင်းတာအို၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။ တိုက်ကွက်တစ်ကွက်တည်းဖြင့် ချင်ဖုန်းကျင့်မှာ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ထိန်းချုပ်ရန် ခက်ခဲသွားသည်။ ကောင်းကင်လှည်းဘီးမှာ ပြိုကွဲသွားပြီး ဘ၀ပြန်၀င်စားခြင်းလမ်းခြောက်သွယ်အချို့လည်း ကြေမွသွားသည်။ အချို့က အရပ်လေးမျက်နှာသို့ လွင့်စင်သွား၏။

လန်ယွီတျန်း၊ ရှူရှန်းဟွာနှင့် အခြားသူများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်အများအပြားကို အလျင်အမြန် ကယ်တင်နိုင်ခဲ့သော်လည်း အတော်များများ စိစိညက်ညက် ကြေသွားခဲ့သည်။

ဧရာမကောင်းကင်လှည်းဘီးကြီးက တာအိုသစ်ပင်တောအုပ်ထဲသို့ လိမ့်ဝင်သွားပြီး အချိန်မီ မရှောင်တိမ်းနိုင်သော မီလော့နန်းတော် တာအိုသိုင်းပညာရှင် အများအပြားကိုလည်း နင်းချေသွား၏။

သို့ထိတိုင် မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင် အရေအတွက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် များစွာ သာလွန်နေဆဲပင်။ ခန်းမသခင်အဆင့်ပုဂ္ဂိုလ်များကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် များပြား၏။ လန်ယွီတျန်း၊ ရှူရှန်းဟွာနှင့် အခြားသူများက အားလုံးကို သယ်ဆောင်၍ ဆင်းသက်လိုက်သည်။

ရှူရှန်းဟွာ နောက်လှည့်ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်ဒယ်အိုးကြီးက ကျောက်စိမ်းမြို့တော်ထဲတွင် ပြန်လည်ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရသည်။ ဤလက်နက်ကြီး၏ စွမ်းအားမှာ ကျောက်စိမ်းမြို့တော်၏ ဖိနှိပ်ထားခံရသဖြင့် မည်သည့်စွမ်းအားမှ မရှိတော့ချေ။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးအပြင် မီလော့နန်းတော်ကို ရင်ဆိုင်နိုင်သည်မှာ ဘိုးဘေးနန်းတော် ဒယ်အိုးကြီးသာ ရှိ၏။ သို့သော် ဒယ်အိုးကြီးလည်း ဖိနှိပ်ခံထားရသဖြင့် သူတို့အားလုံး အခြေအနေ မဟန်တော့ချေ။

ရုတ်တရက် နန့်ရှန်းက ပြော၏။ "ကျောက်စိမ်းမြို့တော်က ပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးကို ဖိနှိပ်နိုင်တဲ့ ထူးခြားတဲ့ ရတနာတစ်ခုသက်သက်ပဲ… စပြီး တိုက်ခိုက်မှာ မဟုတ်ဘူး… ဒယ်အိုးကြီးရဲ့ စွမ်းအားက ပြင်းထန်လွန်းလို့သာ သခင်လေးနှစ်ယောက်က ကျောက်စိမ်းမြို့တော်ရဲ့ စွမ်းအားကို အသက်သွင်းပြီး ဖိနှိပ်ထားတာ… ငါတို့ ကျောက်စိမ်းမြို့တော်ကနေ ထွက်သွားနိုင်ရင် တိုက်ခိုက်နိုင်မယ့် အခွင့်အရေး ရှိသေးတယ်… ကျန်တဲ့ ခန်းမသခင်တွေနဲ့ တာအိုသိုင်းပညာရှင်တွေက ကျောက်စိမ်းမြို့တော်ကို ထိန်းချုပ်ဖို့ မလုံလောက်ဘူး"

သူမ၏ စကားသံ ဆုံးသည်နှင့် ရှူရှန်းဟွာနှင့် လန်ယွီတျန်တို့ ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။ သူတို့၏ လက်ဖ၀ါးလေးဖက်က ဘိုးဘေးနန်းတော် ဒယ်အိုးကြီးအပေါ် ကျရောက်သွား၏။

ဝှီး....

ဘိုးဘေးနန်းတော် ဒယ်အိုးကြီးမှာ ကျောက်စိမ်းမြို့တော်ထဲမှ ဝှီးခနဲ ပျံထွက်လာသည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ ချက်ချင်း ပြန်လှည့်ကာ အားလုံးကို ကယ်တင်၍ ကျောက်စိမ်းမြို့တော်ထဲမှ ဆုတ်ခွာသွားကြသည်။

နန့်ရှန်းသည် မီလော့နန်းတော်၏ ခန်းမသခင်တစ်ဦး မဟုတ်ပါလော။ စွမ်းအားကြီးမားလှသဖြင့် အခြေအနေကို အခွင့်ကောင်းယူကာ ကျောက်စိမ်းမြို့တော်ထဲမှ ထွက်လာပြီး အားလုံးနှင့် ပြန်လည်ပူးပေါင်းလိုက်သည်။

"ကျောက်စိမ်းမြို့တော်ထဲမှာ ထူးခြားတဲ့ ရတနာတွေ အမျိုးမျိုး ရှိတယ်… မြို့ထဲမှာ သခင်လေးတစ် မဟာဥသျှောင် သန့်စင်ထားတဲ့ ရေတွင်းတစ်တွင်း ရှိတယ်…. ထုံထျန်းလို့ ခေါ်ပြီး အတိတ်စကြဝဠာတွေနဲ့ ချိတ်ဆက်ထားတာ…. သခင်လေးတစ်က မေတ္တာကြီးမားတဲ့သူဆိုတော့ ဒီရေတွင်းကို သုံးပြီး အတိတ်စကြဝဠာတွေက သက်ရှိတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ဖူးတယ်"

နန့်ရှန်း အလျင်အမြန် ပြော၏။။ "နောက်ထပ် မီးခိုးပျံ လို့ ခေါ်တဲ့ ဆန်းကြယ် ရတနာလည်း ရှိတယ်… အဲဒါက သခင်လေးနှစ် တာအိုရတုန်းက သန့်စင်ထားတဲ့ ရတနာပဲ…. သခင်လေးသုံးရဲ့ ထူးခြားတဲ့ ရတနာက မဟာအကျဉ်းထောင်လို့ ခေါ်တယ်… သူက မကောင်းမှုကို မုန်းတီးတယ်လေ… ဒီရတနာကို ရန်သူတွေကို ဖိနှိပ်တဲ့ နေရာမှာ သုံးတာ… သခင်လေးလေးရဲ့ ထူးခြားတဲ့ ရတနာက ရောင်ပြန်မှန်လို့ ခေါ်တယ်… လူတွေကို ဖမ်းယူနိုင်တယ်..."

"နန့်ရှန်း"

ဟွာတုခန်းမသခင်က နောက်လိုက်များကို ဦးဆောင်၍ မြို့ထဲမှ ထွက်လာသည်။ သူမ၏ စကားအား ကြားသောအခါ ကျယ်လောင်စွာ ပြော၏။ "ဂိုဏ်းတူမောင်နှမတွေကို သေအောင် သတ်ချင်နေတာလား…. အားလုံးမှာ ကိုယ်ပိုင်ရည်မှန်းချက် ရှိတယ် ဆိုပေမယ့် အတိတ်က သံယောဇဉ်ကိုတောင် မထောက်တော့ဘူးလား"

နန့်ရှန်းက ပြေးဝင်လာနေသော မီလော့နန်းတော်အုပ်စုကို လှမ်းကြည့်လိုက်သည်။ အားလုံးမှာ ရင်းနှီးနေသော မျက်နှာများ ဖြစ်ကြ၏။ သူမက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သခင်လေးငါးနှင့် သခင်လေးခြောက်တို့၏ ထူးခြားသော ရတနာများအကြောင်းကိုလည်း ဆက်ပြောပြလိုက်သည်။ "ဒီထူးခြားတဲ့ ရတနာတွေက တာအိုလက်နက်တွေ မဟုတ်ပေမယ့် သိပ်စွမ်းအားကြီးတယ်… သတိထားရမယ်… မြို့ထဲမှာ သခင်လေးခုနစ်ရဲ့ ထူးခြားတဲ့ ရတနာလည်း ရှိသေးတယ်… ဆရာ မီလော့နန်းတော်အရှင်သခင်ရဲ့ ဖျာအောက်မှာ ဝှက်ထားတာ… အဲဒီရတနာကို ရှာတွေ့ရင် နင်တို့ အနိုင်ရမယ့် အခွင့်အရေး ရှိတယ်"

သူမက မတ်တပ်ထရပ်လိုက်ပြီး တိုက်ပွဲရှေ့တန်းသို့ ပျံသန်းဆင်းသက်လိုက်ကာ ဟွာတုခန်းမသခင်နှင့် အခြားသူများကို ဦးညွှတ် အရိုအသေပေးသည်။ "ကျွန်မက ခံယူချက် ကွဲပြားလို့ ရှင်တို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပေမယ့် တာအိုနှလုံးသားကြောင့် ရှင်တို့ကို မတိုက်ခိုက်နိုင်ဘူး… ဂိုဏ်းတူမောင်နှမတွေကို သစ္စာဖောက်ခဲ့မှတော့ တာအိုကို ဖျက်သိမ်းပြီး ထွက်သွားပါ့မယ်… နောင်ဘဝကျရင် ကျွန်မ ရှင်တို့ကို မှတ်မိတော့မှာ မဟုတ်ပါဘူး" ထိုသို့ပြောပြီးနောက် သူမခန္ဓာကိုယ်ထဲရှိ မဟာတာအို ပြိုကွဲသွားပြီး ဝိညာဉ်သာ ကျန်ရစ်တော့သည်။

ခန်းမသခင်တစ်ဦးက အမုန်းတရား ဖြေဖျက်ရန် သူမ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ ကြံရွယ်လိုက်သော်လည်း ဟွာတုက သူ့ကို တားဆီးလိုက်သည်။ သူက ခေါင်းခါသည်။ "ဒါက ခံယူချက် တိုက်ပွဲပဲ… အမှားအမှန် မရှိဘူး… သူ့ကို သွားခွင့်ပြုလိုက်ပါ"

ကောင်းကင်နတ်အရှင်ရုံသည် လက်မြှောက်၍ နန့်ရှန်း၏ ဝိညာဉ်ကို သိမ်းယူလိုက်၏။ "တာအိုမိတ်ဆွေနန့်ရှန်း၊ ကျုပ်တို့ နောက်ဘဝမှာ ပြန်တွေ့ကြတာပေါ့” ထို့သို့ပြောပြီးနောက် ကောင်းကင်နတ်သိုင်းတစ်ခုက သူမ၏ဝိညာဉ်အား ကောင်းကင်ဘုံများရှိ ကမ္ဘာလောကတစ်ခုဆီသို့ ပို့ဆောင်လိုက်လေသည်။

All Chapters