သခင်လေးခုနစ်၏ အတုမဲ့ရတနာ
Vol. 141 Ch. 1820
သူတို့ ကျောက်စိမ်းမြို့တော်မှ ဆုတ်ခွာလာသည်နှင့် ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ချင်မူ နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်ကြာအောင် သန့်စင်ထားသောကြောင့် ဒယ်အိုးကြီး၏ စွမ်းအားမှာ ကျောက်စိမ်းမြို့တော်၏ မြို့ရိုးကိုပင် ဖြိုခွင်းနိုင်စွမ်း ရှိသည်။ ကျောက်စိမ်းမြို့တော်သည် တတိယမြောက် မပြောင်းလဲနိုင်သော ဒြပ်ထု ဖြစ်သောကြောင့်သာ ၎င်းကို ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်၏။
ယခု ကျောက်စိမ်းမြို့တော်၏ ဖိအား မရှိတော့သဖြင့် ဒယ်အိုးကြီး၏ စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သည်ဟု ဆိုနိုင်သည်။ မီလော့နန်းတော်၏ ခန်းမသခင်နှင့် တာအိုသိုင်းပညာရှင်အားလုံး ပူးပေါင်းလျှင်တောင်မှ ယှဉ်ပြိုင်ရန် မလွယ်ပေ။
သို့သော် ဒယ်အိုးကြီး၏ စွမ်းအား ပေါက်ကွဲထွက်တော့မည့် အခိုက်အတန့်မှာပင် ကျောက်စိမ်းမြို့တော်ထဲမှ ခန်းမသခင်အချို့က ရှေးဟောင်းရေတွင်းတစ်တွင်းကို မ,ကာ ဒယ်အိုးထဲသို့ အရှိန်ပြင်းပြင်း ပစ်ချလိုက်သည်။
ထိုရေတွင်းမှာ သခင်လေးတစ် မဟာဥသျှောင်၏ ထုံထျန်းရေတွင်း ဖြစ်သည်။ အတိတ်စကြဝဠာမှ တာအိုသိုင်းပညာရှင်များကို ကယ်တင်ရန် သခင်လေးတစ် အသုံးပြုခဲ့သော ရတနာလည်း ဖြစ်သည်။ ဧရာမဒယ်အိုးကြီးမှာ ရှေးဟောင်းရေတွင်းကြောင့် ချက်ချင်း အပေါက်ပေါက်သွားပြီး စွမ်းအားများ ယိုစိမ့်ထွက်လာတော့သည်။
လန်ယွီတျန်း၊ ရှုရှန်းဟွာ နှင့် ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ် ကျင့်ကြံသူများက ဘိုးဘေးနန်းတော်ရှိ အထွတ်အမြတ်နယ်မြေများကို အသက်သွင်းလျက် ထုံထျန်းရေတွင်းအား ဖျက်ဆီးပစ်ရန် အစွမ်းကုန် ကြိုးစားကြသည်။ သို့သော် ထိုရေတွင်းမှာ အလွန် ထူးဆန်းလှ၏။ ၎င်း၏ အတွင်းပိုင်းက မဟာပျက်စီးခြင်းကပ်ဘေးနှင့် ချိတ်ဆက်နေပြီး ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားတို့ကို ဝါးမြိုပစ်လိုက်သည်။ မည်သည့် စွမ်းအားမှ ထိုရေတွင်းအား မသက်ရောက်နိုင်ခဲ့ပေ။
"ငါ ဒီရေတွင်းကြီးကို သွားဖျက်ဆီးမယ်"
ခိုင်ဧကရာဇ်ချင်ယဲ့က ဓားကို မြှောက်ကာ ရှေးဟောင်းရေတွင်းဆီ ပြေး၀င်သွားသည်။ ရှေးဟောင်းရေတွင်းဘေးတွင် ခန်းမသခင်အချို့ စောင့်ရှောက်နေ၏။ စုမူကျဲ၊ ချင်ဝူနှင့် အခြားထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင် ဆယ်ယောက်ကျော်က ခိုင်ဧကရာဇ်ချင်ယဲ့ မရင်ဆိုင်နိုင်မည်ကို စိုးရိမ်သဖြင့် အလောတကြီး လိုက်ကူညီကြသည်။
ရုတ်တရက် ကျောက်စိမ်းမြို့တော်ထဲမှ ထူးခြားသော ရတနာတစ်စင်း ပျံထွက်လာ၏။ ၎င်းကိုလည်း ခန်းမသခင် အချို့က စောင့်ရှောက်ထားပြီး ဒယ်အိုးကြီး၏ ကောင်းကင်ထဲသို့ ပစ်သွင်းလိုက်သည်။ ရှင်းအန်းက ၎င်းကို မြင်သည်နှင့် တာအိုသိုင်းပညာရှင်တစ်ဒါဇင်ကို ဦးဆောင်၍ အလျင်အမြန် ရင်ဆိုင်လိုက်သည်။
ထူးခြားသော ရတနာမှာ မီးခိုးပျံပင်။ ၎င်းက သခင်လေးနှစ် တာအိုရရှိစဉ်က ဖန်တီးခဲ့သော ရတနာ ဖြစ်သည်။ မီးခိုးပျံဟု ဆိုသော်လည်း အမှန်တကယ်တွင် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ၃၆ ဆင့် ကောင်းကင်တာအို ဖြစ်ပြီး နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးပေသည်။
သခင်လေးနှစ်သည် အဆုံးသတ်မြို့ပျက်တာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်မခတ်နှိပ်နိုင်ခဲ့ချေ။ ထို့ကြောင့် တာအိုကျင့်စဉ်စနစ်ကို စွန့်လွှတ်ကာ အဆုံးသတ်မြို့ပျက် တာအိုလမ်းစဉ်သို့ ပြောင်းလဲ လျှောက်လှမ်းခဲ့သည်။
သူမ၏ တာအိုကျင့်စဉ်စနစ်က သူမအတွက် အဆိပ်အတောက် ဖြစ်နေသဖြင့် မဖြစ်မနေ စွန့်လွှတ်ခဲ့ရ၏။ သို့သော် သူမသည် မီလော့နန်းတော်၏ သခင်လေးတစ်ဦး ဖြစ်သည့်အတွက် စွန့်လွှတ်လိုက်သော ကျင့်ကြံခြင်းအခြေခံမှာလည်း သာမညမဟုတ်ချေ။
ရုတ်တရက် ကျောက်စိမ်းမြို့တော်ထဲမှ ထူးခြားသော ရတနာတစ်စင်း ထပ်မံ ပျံထွက်လာသည်။ မီလော့နန်းတော်၏ ခန်းမသခင်များက သခင်လေးသုံး၊ သခင်လေးလေး၊ သခင်လေးငါး၊ သခင်လေးခြောက်တို့၏ ဆန်းကြယ်ရတနာများကို သယ်ဆောင်လာပြီး ဒယ်အိုးကြီး၏ စွမ်းအားကို အတူတကွ ဖိနှိပ်လိုက်ကြသည်။
ရေတွင်းတစ်ခုတည်းသာ ဆိုပါက ဒယ်အိုးကြီး၏ စွမ်းအားကို မဖိနှိပ်ထားနိုင်ပေ။ သို့သော် အခြားသခင်လေးများ၏ ထူးခြားသော ရတနာများ ပေါင်းထည့်လိုက်သောအခါ ဒယ်အိုးကြီး၏ စွမ်းအားမှာ ဒယ်အိုးထဲတွင်သာ လည်ပတ်နေပြီး မီလော့နန်းတော်မှ အခြားသူများကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ချေ။
ထူးခြားသော ရတနာခြောက်ခုက ဒယ်အိုးကြီး၏ စွမ်းအားအပေါ် ဖိနှိပ်ထားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များ၏ အရေအတွက်မှာ မူလကတည်းက မီလော့နန်းတော်ထက် များစွာ နည်းပါး၏။ ဒယ်အိုးကြီးနှင့် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး မရှိဘဲ အနိုင်ရရန်မှာ ကောင်းကင်ဘုံသို့ တက်ရောက်ခြင်းထက် ခက်ခဲချေသည်။
ထိုက်ရှီ၊ ရှန့်ကျွင်း၊ စစ်ချင်၊ ကောင်းကင်နတ်အရှင်ရုံ၊ ချင်ဖုန်းကျင့်၊ ဟွာရွှမ်းရှို့နှင့် အခြားသူများက ရှေ့သို့ တက်၍ ထူးခြားသော ရတနာများကို လုယူရန် ဒယ်အိုးထဲသို့ ဆင်းသွားကြသည်။
ထိုစဥ် မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များက ထိုထူးခြားသောရတနာ ခြောက်ခုအား စောင့်ရှောက်လျက် သူတို့ကို သတ်ဖြတ်တိုက်ခိုက်ကြသည်။
တစ်ဖက်တွင် လန်ယွီတျန်းက ရှုရှန်းဟွာကို ပြော၏။ "ကျွန်တော် ကျောက်စိမ်းမြို့တော်ထဲ သွားပြီး သခင်လေးခုနစ် ဖရိုဖရဲ ရဲ့ ရတနာကို ယူမယ်… နောင်တော် ဒီမှာ စောင့်ပြီး တောင့်ခံထားပါ"
ရှုရှန်းဟွာက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ကာ ပြောသည်။ "သခင်လေး ဖရိုဖရဲရဲ့ ရတနာအနားမှာ ထောင်ချောက်တွေ ရှိနေနိုင်တယ် … မီလော့နန်းတော်ရဲ့ ခန်းမသခင်တချို့ ပျောက်နေတယ်"
"ကျွန်တော့် လက်နှစ်ဖက်လုံး ရှိနေတာပဲ… ကျွန်တော်က လောကမှာ ပြိုင်ဘက်ကင်းပဲဟာ"
လန်ယွီတျန်းက ကောင်းကင်သို့ ပျံတက်သွား၏။ "လက်ဗလာနဲ့ မသွားပါဘူး”
ရှုရှန်းဟွာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြန်ဖြေလျော့လိုက်သည်။ သူက လောကပေါင်းကူး ရွှေသင်္ဘောကို ရွေ့လျားစေလိုက်၏။ သင်္ဘောပေါ်တွင် ကျန်ရှိနေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များက ကျောက်စိမ်းမြို့တော်ထဲမှ ထွက်လာသော တာအိုသိုင်းပညာရှင် စစ်တပ်ကြီးဆီသို့ ပြေး၀င်သွားကြသည်။
အရှေ့တွင် မရေမတွက်နိုင်သော တာအိုသစ်ပင်များက မြို့ထဲမှ ပျံထွက်လာပြီး တာအိုသစ်သီးများက ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ အဆုံးမရှိနိုင်သော တာအိုသိုင်းပညာရှင်များက လောကပေါင်းကူး ရွှေသင်္ဘောဆီသို့ ဦးတည်လာကြသည်။
လန်ယွီတျန်း၏အရိပ်က တာအိုသစ်ပင်တောအုပ်ထဲမှ လျှပ်တစ်ပြက် ဖြတ်သန်းပျောက်ကွယ်သွားသည်ကို ရှုရှန်းဟွာ မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ "လန်ယွီတျန်းရဲ့ သူခိုးစွမ်းရည်က ကျဆင်းမသွားဘူးပဲ… ပိုပြီးတော့တောင် အံ့ဩစရာကောင်းလာသေးတယ်… ဟိုးအရင် သူခိုးနတ်ဘုရား သူ့ကို ခေါ်ပြီး ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတစ်သောင်းဆီ လှည့်ပတ်ခိုးခိုင်းခဲ့တာက အခြေခိုင်သွားစေတာပဲ…. ဒါပေမဲ့ သခင်လေး ဖရိုဖရဲရဲ့ ရတနာက မီလော့နန်းတော်အရှင်သခင်ရဲ့ ဖျာအောက်မှာ ဖိနှိပ်ခံထားရတယ်လို့ နန့်ရှန်းက ပြောသွားတယ်… ထူးဆန်းလိုက်တာ… ဘာလို့ မီလော့နန်းတော်အရှင်သခင်က တခြား သခင်လေးတွေရဲ့ ထူးခြားတဲ့ ရတနာတွေကို မဖိနှိပ်ဘဲ ချင်မူ့ရတနာကိုပဲ သီးသန့် ဖိနှိပ်ထားရတာလဲ..."
နန့်ရှန်းသည် တာအိုအဖြစ် မပြောင်းလဲခင် ချင်မူ၏ ထူးခြားသော ရတနာမှာ ဖျာအောက်တွင် ဖိနှိပ်ခံထားရသည်ဟု ပြောသွားခဲ့သည်။ ဖျာအောက်တွင် ဖိနှိပ်ခံရသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် သခင်လေး၏ မျက်နှာကို ထောက်ထား၍ ထိုသို့ပြောခဲ့ခြင်းပင်။ ရှုရှန်းဟွာ၏ အတွေးတို့က မှန်တစ်ချပ်အလား ကြည်လင်နေသည်။ ချင်မူ၏ ထူးခြားသော ရတနာကို မီလော့နန်းတော်အရှင်သခင်က ချုပ်နှောင်ထားသည်ဟု ဆိုလိုသည်ကို သူ သိ၏။
ဤကိစ္စက သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။
မီလော့နန်းတော် သခင်လေးခုနစ်ယောက်သည် ထူးခြားသော ရတနာခုနစ်ခုကို သန့်စင်ခဲ့သော်လည်း မီလော့နန်းတော်အရှင်သခင်က မဖိနှိပ်ခဲ့ချေ။ ချင်မူ့ရတနာကိုသာ ဖိနှိပ်ထားခြင်းက ထူးဆန်းလှသည်။
"လန်ယွီတျန်းက ရတနာ သွားခိုးပြီ… ဒီခရီးက သိပ်အန္တရာယ်များနေတယ်… အပို ပြဿနာတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ…. ဒါပေမဲ့ သူ လမ်းပျောက်တတ်တာက ဒုက္ခအများဆုံးပဲ… ကျောက်စိမ်းမြို့တော်ကလည်း အကျယ်ကြီး..."
လန်ယွီတျန်းက တာအိုသိုင်းပညာရှင်စစ်တပ်ကြီးနှင့် တာအိုသစ်ပင်တောအုပ်ကို ဖြတ်သန်းသွားသည်။ အချို့တာအိုသိုင်းပညာရှင်များက သူတို့၏ မဟာတာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားနေကြ၏။
ဘိုးဘေးနန်းတော်မှာ မူလက ချင်မူကြောင့် ချိပ်ပိတ်ခံခဲ့ရသည်။ ချင်မူက အန္တိမဟင်းလင်းပြင်ကိုပင် ဖရိုဖရဲပင်လယ်ဖြင့် အသွင်ပြောင်းခဲ့သည်။ ယခု ကျောက်စိမ်းမြို့တော်မှာ ဘိုးဘေးနန်းတော်မှ ထွက်ခွာလာပြီ ဖြစ်သဖြင့် ထိုတာအိုသိုင်းပညာရှင်များမှာ အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် အခွင့်အရေး ရသွားလေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များ၏ တိုက်ခိုက်ရေးစွမ်းရည်သည် မီလော့နန်းတော် တာအိုသိုင်းပညာရှင်များထက် အာားကောင်းနေရခြင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုက ကမ္ဘာခေတ်နှောင်း မဟာတာအိုများစွာကို ဖန်တီးနိုင်ခဲ့သည်သာမက မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်များမှာ တာအိုမရရှိသေးသောကြောင့်လည်း ဖြစ်သည်။
သူတို့သည် အတိတ်စကြဝဠာတွင် တာအိုရရှိခဲ့ကြသော်လည်း ၁၇ စင်းမြောက် စကြ၀ဠာတွင် တာအိုမရသေးချေ။
အကယ်၍ သူတို့သာ မဟာတာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်ခဲ့ပါက ပြည့်စုံသော တာအိုသိုင်းပညာရှင်များ ဖြစ်လာပြီး ကျင့်ကြံခြင်းအခြေခံတို့ အကြီးအကျယ် တိုးတက်လာပေလိမ့်မည်။ ထိုအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် အနိုင်ရမည့် အခွင့်အရေး မရှိတော့ချေ။
"သခင်လေး ဖရိုဖရဲရဲ့ ထူးခြားတဲ့ ရတနာကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ်"
လန်ယွီတျန်း၏ စိတ်ထဲတွင် မီးကဲ့သို့ ပူလောင်နေသော်လည်း တတ်နိုင်သမျှ စိတ်ငြိမ်စေ၍ တာအိုနှလုံးသားကို တည်ငြိမ်အောင် ထိန်းသိမ်းထားသည်။
ကျောက်စိမ်းမြို့တော်မှာ အလွန်တရာ ကျယ်ပြန့်လှသည့်အလျောက် လျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေ၏။ မြို့အကျယ်အဝန်းက ဘိုးဘေးနန်းတော်ထက်ပင် ကြီးမားသည်ဟု ဆိုနိုင်သည်။ မီလော့နန်းတော်အရှင်သခင် ဖိနှိပ်ထားသော ထူးခြားသည့် ရတနာကို ရှာဖွေရန်မှာ လွယ်ကူမည် မဟုတ်ပေ။
လန်ယွီတျန်း စိတ်လှုပ်ရှားသွား၏။ "သာမန်အတိုင်း လိုက်ရှာနေရင် ဘယ်အချိန်မှ တွေ့မယ်မှန်း မသိဘူး… အလွယ်ဆုံးနည်းလမ်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ စောင့်နေတဲ့ ခန်းမသခင်တွေကို ရှာဖို့ပဲ… သူတို့ကို ရှာတွေ့သရွေ့ အဲဒီရတနာ ရှိတဲ့နေရာကို ရှာတွေ့နိုင်မှာပဲ"
ဤသို့ တွေးမိသည်နှင့် အရှိန်အဝါကို ရုပ်သိမ်းလိုက်ကာ ကောင်းကင်နတ်သိုင်းများအား အရပ်လေးမျက်နှာသို့ ပစ်လွှတ်လိုက်၏။
"ငါက လမ်းပျောက်လွယ်တယ်…. အဲဒီ ခန်းမသခင်တွေကို လမ်းပြခိုင်းတာက အကောင်းဆုံး နည်းလမ်းပဲ"
သူ၏ ကောင်းကင်နတ်သိုင်းများက တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့် အရှိန်အဝါမှ မထွက်ပေ။ မြို့ထဲရှိ ရှေးဟောင်းနန်းဆောင်များကို ဖြတ်သန်းသွားသည့်အခါမှသာ အရှိန်အဝါအနည်းငယ်ကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
ဤနည်းလမ်းဖြင့် မြွေကို တွင်းထဲမှ ဆွဲထုတ်နိုင်မည် ဖြစ်ပြီး သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေသော ခန်းမသခင်များ ထွက်လာပေလိမ့်မည်။
သူ၏ ကောင်းကင်နတ်သိုင်းများက မြို့ထဲရှိ နန်းဆောင်အများစု၏ ရှေ့မှ လျှပ်တပြက် ဖြတ်ပျံသွားသည်။ ရုတ်တရက် ခန်းမကြီးတစ်ခုထဲမှ ဖျတ်ခနဲ လက်သွားပြီး ထိုနေရာကို ဖြတ်သန်းသွားသည့် လန်ယွီတျန်း၏ ကောင်းကင်နတ်သိုင်းများ ချက်ချင်း ပျက်စီးသွား၏။
"အဲဒီနေရာပဲ"
လန်ယွီတျန်းက ခုန်၍ ထိုခန်းမကြီးဆီသို့ တဟုန်ထိုး ပြေးသွားသည်။ ခန်းမရှေ့သို့ ရောက်ခါနီးတွင် သူ၏ အရှိန်က ရုတ်တရက် နှေးကွေးသွားပြီး အေးဆေး လမ်းလျှောက်နေသကဲ့သို့ လျှောက်လှမ်းသွား၏။ သူက မှင်သေသေ မျက်နှာထားဖြင့် လှေကားထစ်များအား တက်ကာ ခန်းမထဲသို့ လျှောက်သွားသည်။
"တာအိုမိတ်ဆွေလန်"
ခန်းမထဲတွင် ဟွာတုခန်းမသခင်က ထရပ်၍ ကြိုဆိုလိုက်သည်။ လန်ယွီတျန်းက ခန်းမကြီးဆီသို့ ဝင်လာချိန်တွင် သူကလည်း ခန်းမထဲမှ ထွက်လာကာ ပြုံးရွှင်သော မျက်နှာဖြင့် ပြောသည်။ "မင်းက တော်တော် ဉာဏ်ကောင်းတာပဲ… ဒါပေမဲ့ ထောင်ချောက် မိသွားပြီ… ဒီနေရာက သခင်လေး ဖရိုဖရဲရဲ့ ထူးခြားတဲ့ ရတနာကို ဖိနှိပ်ထားတဲ့ နေရာ မဟုတ်ဘူး… ငါ့ရဲ့ ဟွာတုခန်းမပဲ… မင်း အရပ်လေးမျက်နှာကို စမ်းသပ်ပြီး မြွေကို တွင်းထဲက ဆွဲထုတ်ဖို့ ကြိုးစားနေတာ ငါ တွေ့ခဲ့တယ်… ဒါကြောင့် ငါလည်း အကွက်ဆင်ပြီး မင်းကို ဒီ မျှားခေါ်လိုက်တာ… အကြံက သိပ်ပြောင်မြောက်တယ်မလား "
လန်ယွီတျန်းက ပြုံးလျက် တုံ့ပြန်၏။ "သိပ်တော်ပါတယ်… တာအိုမိတ်ဆွေ၊ သခင်လေး ဖရိုဖရဲရဲ့ ထူးခြားတဲ့ ရတနာက ဒီမှာ မရှိရင် ဘယ်နေရာမှာ ဖိနှိပ်ထားတာလဲ"
ဟွာတုခန်းမသခင်က ပြုံးလျက် ဖြေသည်။ "ပုံရိပ်ယောင်ခန်းမမှာ ဖိနှိပ်ထားတာ"
လန်ယွီတျန်းက ရှေ့သို့ တိုးသွားပြီး မေး၏။ " ပုံရိပ်ယောင်ခန်းမက ဘယ်မှာလဲ မေးလို့ရမလား"
ဟွာတုခန်းမသခင်က ဖြေသည်။ " ပုံရိပ်ယောင်ခန်းမဆိုမှတော့ အတုအယောင်လမ်းမှာ ရှိတာပေါ့ ... ‘ပုံရိပ်ယောင်’ ‘အတုအယောင်’ .. တာအိုမိတ်ဆွေ သဘောမပေါက်သေးဘူးလား"
လန်ယွီတျန်းက ရုတ်တရက် ရှေ့တစ်လှမ်းတက်သည်။ သူသည် ခြေလှမ်းတစ်လှမ်းဖြင့် သူ၏ ဘိုးဘေးနန်းတော်နယ်ပယ်အား ဖြန့်ကျက်လိုက်၏။ ထိုနယ်ပယ်ထဲတွင် ခန်းမများ ထူမတ်နေပြီး မဟာတာအိုများက လန်ယွီတျန်းအား ဝန်းရံလှည့်ပတ်နေသည်။ သူ၏ ဤသိုင်းကွက်အား တာအိုတစ်သောင်း ပေါင်းစုသိုင်းကွက်ဟု ခေါ်သည်။
ဟွာတုခန်းမသခင်က လက်မြှောက်ကာ ခုခံလိုက်သော်လည်း ချက်ချင်း မျက်နှာပျက်ယွင်းသွားသည်။ လန်ယွီတျန်းတိုက်ကွက်၏ စွမ်းအားကို သူ မခုခံနိုင်ပေ။
ထိုအချိန်၌ သူ့အနောက်ရှိ ခန်းမထဲမှ အခြားခန်းမသခင် လေးယောက် ထွက်လာသည်။ ခန်းမသခင် ငါးယောက် ပူးပေါင်းမှသာ လန်ယွီတျန်းတိုက်ကွက်ကို ခုခံနိုင်ခဲ့၏။
လန်ယွီတျန်းက ပြုံးလိုက်သည်။ "အတုအယောင်လမ်း... ပုံရိပ်ယောင်ခန်းမက ဒီမှာ ရှိတာပဲ… ဖယ်ကြ"
ဘုန်း...
သူ့အနောက်တွင် လောကသစ်ပင် ပေါ်ထွက်လာပြီး ရောင်စုံအလင်းများ ဖြာဆင်းသွားသည်။ တာအိုသစ်သီး တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာပြီး ထိုက်ငါးပါးမဟာတာအိုသစ်သီးများက လင်းလက်တောက်ပနေ၏။ ခန်းမသခင် ငါးယောက်၏ မဟာတာအိုများမှာ ဟင်းလင်းပြင်တွင် မတည်ရှိနိုင်သဖြင့် မှော်စွမ်းအင်တို့ ပေါက်ကွဲထွက်နေသော်လည်း မခုခံနိုင်ချေ။ သူတို့မှာ နောက်ဆုတ်လိုက်ကြရင်း ဆွံ့အတုန်လှုပ်သွားကြသည်။
လန်ယွီတျန်းကား ချင်မူ နောက်တစ်ယောက်ပင် ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအခြေခံကား ခန်းမသခင်များထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
မှန်ပါသည်။ သူ၏ စွမ်းဆောင်ရည်တို့က ချင်မူ့ထက်တော့ နိမ့်ကျနေ၏။ သို့သော် ဤတိုက်ကွက်၏ အရှိန်အဝါနှင့် ထက်မြက်မှုမှာ ပြိုင်ဘက်ကင်းသော ခန့်ညားထည်ဝါမှုကို ပြသနေပြီး လျော့နည်းသွားခြင်း မရှိပေ။
"တကယ်လို့ ဒီနေရာက ဟွာတုခန်းမဆိုရင် ခန်းမသခင် ငါးယောက်လုံးဒီမှာ စုနေစရာ မလိုဘူး…. ငါးယောက်လုံး အတူတူ လာမှတော့ ဒီနေရာက သခင်လေး ဖရိုဖရဲရဲ့ ထူးခြားတဲ့ ရတနာ ရှိတဲ့နေရာပဲ"
လန်ယွီတျန်းက ခန်းမထဲသို့ ပြေး၀င်သွားရာ ခန်းမသခင် ငါးယောက်စလုံး မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားကြကာ သူတို့၏ ခန်းမများကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။ ခန်းမများ ပျံသန်းရောက်လာသည်နှင့် ခန်းမသခင်ငါးယောက်၏ အရှိန်အဝါများ တဟုန်ထိုး တိုးတက်လာ၏။ သူတို့က လန်ယွီတျန်းအား ခန်းမအလယ်တွင် ဝန်းရံလိုက်ကြသည်။ သို့သော် မည်သူမျှ သတိမလွတ်ရဲဘဲ အံ့မခန်းလိလိလိ ရန်သူတော်တစ်ဦးအား ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရလေသည်။
လန်ယွီတျန်း၏ အရှိန်အဝါက ပိုပို၍ ပြင်းထန်လာပြီး သူ၏ ခံ့ညားထည်ဝါမှုမှာလည်း ပိုမို ထူးကဲလာသည်။ ဤအချိန်တွင် သူက သူကိုယ်တိုင်မဟုတ်တော့ဘဲ၊ ကောင်းကင်နတ်အရှင်ယွီ ဖြစ်နေ၏။
သူက ခန်းမကို ဝေ့ကြည့်လိုက်ရာ ခန်းမ၏ ပင်မပလ္လင်ထက်တွင် ဖျာတစ်ချပ် ခင်းထားသည်ကို တွေ့လိုက်ရသည်။ အခြားဖျာများလည်း အများအပြား ရှိနေ၏။ ဤနေရာမှာ မီလော့နန်းတော်အရှင်သခင်၏ တာအိုဟောပြောရာ ခန်းမ ဖြစ်ပေလိမ့်မည်။
ပလ္လင်ရှိ ဖျာသည် ပိုးမျှင်များသဖွယ် အပေါ်သို့ မြောလွင့်နေ၏။ ပိုးမျှင်များအကြားတွင် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများက ခရမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲလျက် အဆုံးမရှိ လှည့်ပတ်နေသည်။
ဖျာအောက်တွင် တစ်စုံတစ်ခုကို ဝှက်ထားသကဲ့သို့ ဖောင်းကြွနေသည်။။
လန်ယွီတျန်း၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားသည်။ ဟွာတုတို့ ငါးယောက် အံ့အားသင့်သွား၏။ သူ့ကို အသီးသီး တိုက်ခိုက်လိုက်ကြသော်လည်း ငါးယောက်လုံး လွဲချော်သွားသည်။ လန်ယွီတျန်း၏ အမြန်နှုန်းမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ပြီး သူတို့ငါးယောက်၏ ကောင်းကင်နတ်သိုင်းများက အချင်းချင်း တိုက်မိကာ ကောင်းကင်နှင့် မြေကြီးအား တုန်လှုပ်စေသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
ဟွာတုတို့ငါးယောက်က ခွန်အားများကို အသီးသီး ရုပ်သိမ်းလိုက်ကြသော်လည်း လန်ယွီတျန်းမှာ ဖျာအနားသို့ ရောက်သွားပြီး ကောက်ယူလိုက်ချေပြီ။
သူတို့ငါးယောက်သား ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားကြသည်။ ရုတ်တရက် လန်ယွီတျန်းထံမှ အံ့ဩသံတစ်ချက် ထွက်လာ၏။
သူတို့ငါးယောက်လည်း သေချာကြည့်လိုက်ရာ အံ့ဩသံများ ရေရွတ်မိလိုက်ကြသည်။
ဖျာအောက်တွင် မည်သည်မှ မရှိသည်ကိုသာ တွေ့လိုက်ရ၏။
ထို့နောက် သူတို့ငါးယောက်နှင့် လန်ယွီတျန်း၏ အကြည့်များက ဖျာပေါ်သို့ ကျရောက်သွားသည်။
ဖျာအောက်တွင် ရတနာ မရှိလျှင် ရတနာမှာ မီလော့နန်းတော်အရှင်သခင်၏ ဖျာပင် ဖြစ်ပေလိမ့်မည်။
"ဒီဖျာက သခင်လေးခုနစ် မီလော့နန်းတော်အရှင်သခင်ကို လက်ဆောင်ပေးထားတာများလား"
အားလုံး တွေဝေသွားကြသည်။ ဟွာတုနှင့် အခြားခန်းမသခင်များပင်လျှင် ဤအထဲတွင် မည်သို့သော ဇာတ်လမ်းရှိသည်ကို မသိကြပေ။ သခင်လေးဖရိုဖရဲသည် သခင်လေးခုနစ်ယောက်တွင် နောက်ဆုံးတစ်ယောက် ဖြစ်သော်လည်း အကြီးဆုံး ဖြစ်သည်ကိုသာ သိထားကြ၏။ မီလော့နန်းတော်အရှင်သခင်သည် သခင်လေးခုနစ်အား ပထမစကြဝဠာကတည်းက တွေ့ဆုံခဲ့ဖူးသည်။
ဤဖျာမှာ ချင်မူ မီလော့နန်းတော်အရှင်သခင်အား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်နိုင်၏။
အတိတ်တုန်းက ချင်မူ၏ နာမည်ဂုဏ်သတင်းကြောင့် သူတို့မှာ ချက်ချင်းပင် မကောင်းသော အတွေးများ တွေးမိသွားကြသည်။
"သခင်လေးခုနစ်က ဆရာ့ကို ဖျာလက်ဆောင်ပေးတာက ဆရာ့ရဲ့ မဟာတာအိုကို အသုံးချပြီး ဖျာကို အထွတ်အထိပ်ရတနာအဖြစ် သန့်စင်ဖို့ပဲ ဖြစ်ရမယ်"
"ဖျာကို ချထားလိုက်"
သူတို့ငါးယောက် အလျင်အမြန် ပြေး၀င်လာကြသည်။ လန်ယွီတျန်းက ဖျာကို မြှောက်၍ ခန်းမသခင်ငါးယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သူ့မှာ ဤရတနာ၏ စွမ်းအားကို အတော်လေး စမ်းကြည့်ချင်နေသည်။
ဘုန်း...
ဖျာမှာ အပိုင်းပိုင်း စုတ်ပြဲသွားပြီး ခန်းမသခင်ငါးယောက်၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။
ဟွာတုနှင့် အခြားသူများ ကြက်သေသေသွားကြသည်။ မြေပေါ်သို့ ကျသွားသော ထိုဖရိုဖရဲချီများကို ကြည့်ရင်း ငေးငိုင်နေ၏။
ထိုအခိုက်အတန့်တွင် ထိုဖရိုဖရဲချီတို့က မြေပေါ်သို့ ကျရောက်သွားပြီး ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဖရိုဖရဲချီများသည် ပြန်လည် စုစည်းသွားပြီး အခြားရတနာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သခင်လေးခုနစ် ဖရိုဖရဲ၏ ရတနာပင်။
ဟွာတုနှင့်အခြားသူများ မျက်ခုံးလှုပ်သွားသည်။ ဖျာသည် သခင်လေးခုနစ် မီလော့နန်းတော်အရှင်သခင်ကို လက်ဆောင်ပေးခဲ့သော ရတနာပင် ဖြစ်၏။ သူ၏ ရည်ရွယ်ချက်မှာလည်း မီလော့နန်းတော်အရှင်သခင်၏ မဟာတာအိုကို အသုံးပြု၍ သူ့အတွက် ရတနာ သန့်စင်ရန် ဖြစ်သည်။
သို့သော် ရတနာသန့်စင်ခြင်းက ကွဲပြားနေ၏။
ဖျာကို ဖျက်ဆီးလိုက်မှသာ ရတနာကို အမှန်တကယ် သန့်စင်နိုင်မည် ဖြစ်သည်။
အခြားနည်းဖြင့်ဆိုရသော် ချင်မူသည် ဤထူးခြားသော ရတနာကို လုံးဝ မသန့်စင်ခဲ့ပေ။ ၎င်းကို သန့်စင်ခဲ့သူများမှာ မီလော့နန်းတော်အရှင်သခင်၊ ဟွာတုခန်းမသခင်နှင့် အခြားသူများ ဖြစ်သည်။
ချင်မူက သူတို့၏ လက်ဖြင့် သူ့အတွက် ရတနာကို သန့်စင်စေခဲ့၏။
"ဆရာက သခင်လေးခုနစ်ရဲ့ ထူးခြားတဲ့ ရတနာကို ဖိနှိပ်ပြီး ဖျာအောက်မှာ ထားခဲ့တယ် ဆိုတဲ့ ကျောက်စိမ်းမြို့တော်ရဲ့ ဒဏ္ဍာရီကို သခင်လေးခုနစ်ကိုယ်တိုင် ဖြန့်ခဲ့တာပဲ ဖြစ်ရမယ်"
သူတို့ငါးယောက်သား အချိန်တိုအတွင်း အဖြစ်အပျက်ကို နားလည်သွားကာ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားကြ၏။ ဖရိုဖရဲချီလုံးက ရတနာထဲသို့ စုပ်ယူခံလိုက်ရပြီး သခင်လေးခုနစ်၏ ထူးခြားသော ရတနာမှာ နောက်ဆုံးတွင် ထွက်ပေါ်လာလေပြီ။