← Chapters

ဖျက်စီးခြင်းသွေးစက်အနုပညာ

Vol. 38 Ch. 527

ဖျက်စီးခြင်းသွေးစက်အနုပညာ

Vol. 38 Ch. 527

ကောင်းကင်ထက်တစ်နေရာတွင် ကန်ရွှမ်းကလန်၏ အကျော်ကြားဆုံးသူနှစ်ဦးရှိနေပြီး လူများစွာမှာလည်း စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြလေသည်။

တစ်ဦးမှာ ခုန်းရှန်ဖြစ်ကာ ကန်ရွှမ်းကလန်၌ ၎င်း၏ဂုဏ်သတင်းကျော်ကြားမှုသည် ပြောပြနေစရာပင် မလိုအပ်ပေ။ ၎င်းသည် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံနံပါတ်နှစ်ဖြစ်ပြီး ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး တပည့်တစ်ဦးပင် ဖြစ်သည်။

ကျန်တစ်ဦးမှာမူ ယောင်ယောင်ဖြစ်ကာ ကန်ရွမ်းကလန်၌ ရွေးချယ်ခံများနည်းတူ ကျော်ကြားသူတဦးပင် ဖြစ်သည်။ သူမသည် စွမ်းအင်ပိုင်းတွင် ကျော်ကြားရုံမျှသာမကပဲ နတ်ဘုရားမလေးအလား လှပတင့်တယ်လွန်းသော သူမ၏ပုံပန်းသဏ္ဍာန်ကြောင့်လည်း ကလန်အတွင်းရှိ ပုရိသတပည့်များအကြား နှင်းပဒုမ္မာတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သည့် လီချင်းချန်နှင့်ထပ်တူ ကျော်ကြားသူပင် ဖြစ်သည်။

ယခုအချိန်တွင် ကလန်၏ရွေးချယ်ခံနံပါတ်နှစ်ဖြစ်သူခုန်းရှန်နှင့် ရွေးချယ်ခံများနှင့်ထပ်တူ ကျော်ကြားသူဖြစ်သော ယောင်ယောင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် စောင့်ကြည့်နေလျက်ရှိသော တပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့နှစဦး၌ မည်သူက ပို၍သာလွန်မည်နည်းဟူသော မေးခွန်းအား သိချင်နေကြလျက် ရှိပေသည်။ ကန်ရွှမ်းကလန်အတွင်းရှိ တပည့်များမှာ ယောင်ယောင်၏ မူလမှော်စာလုံးစွမ်းရည်အား တစ်ကြိမ်နှစ်ကြိမ်မျှသာ မြင်တွေ့ဖူးကြပါသော်လည်း သူမသည် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူ မျက်ခုံးဖြူကိုယ်တိုင်ကပင် အလေးအနက်ထားရသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမအား အနည်းငယ်မျှပင် လျှော့မတွက်သင့်ပေ။

ကောင်းကင်ထက်တွင် ပျံဝဲနေသော ခုန်းရှန်၏ပုံစံမှာ အလွန်ပင် ချောမောခန့်ညားလှပြီး အမျိုးသမီးတပည့်များ၏ နှလုံးခုန်သံအား ဆွဲငင်ယူဆောင်နေပေသည်။ အဝတ်အစားများ လေထုထဲတဖျတ်ဖျတ်လွင့်ခါနေကာ ထည်ဝါလွန်းလှသည့် ၎င်း၏ပုံစံမှာ အားကိုးလောက်ချင်စဖွယ်ပင် ဖြစ်သည်။ မိန်းမငယ်လေးများမှာ ခုန်းရှန်အား အကြည့်ပင်မလွှဲနိုင်ပဲ မျက်လုံးဝိုင်းလေးများဖြင့် ငေးမောကြည့်ရှုနေကြ၏။

တစ်ဖက်တွင်မူ ယောင်ယောင်မှာ လေနှင်ရာယိမ်းနွဲ့တော့မည့်အလား လှပတင့်တယ်လှသောပုံသဏ္ဍာန်ဖြင့်ရှိနေပြီး မြင်တွေ့ရသူတိုင်း စိတ်နှလုံးတုန်ခါသွားရလောက်အောင်ပင် ပြစ်မျိုးမှဲ့မထင် ရွှန်းလဲ့တောက်ပနေ၏။ သူမ၏ နက်မှောင်သောဆံနွယ်ရှည်လေးများမှာ လေပြေလေညှင်းများနှင့်အတူ ယိမ်းနွဲ့ကခုန်နေပြီး ပျော့ပျောင်းသောအဝတ်စလေးများလည်း ညင်သာစွာ လွင့်ခါနေကြသည်။ မြင်တွေ့ရသည်မှာ ကောင်းကင်ထက်မှ နတ်ဘုရားမလေးတစ်ပါး ဆင်းသက်လာသည့်နှယ် တင့်တယ်လွန်းလှပေသည်။ ကမ္ဘာမြေပြင်၏ ကောင်းချီးမှန်သမျှ လက်ခံရရှိထားသကဲ့သို့ ပြီးပြည့်စုံလှသော အလှတရားများ စုဝေးနေသည့်သူမသည် အမှန်တကယ် မနာလိုမရှုစိမ့်စရာကောင်းလှပေသည်။

နတ်ဘုရားမလေးအလား လှပတင့်တယ်လွန်းသော ယောင်ယောင်နှင့် အချိန်အတန်ကြာမျှ မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေရသောကြောင့် ခက်ထန်မာကျောလှသော ခုန်းရှန်၏ စိတ်နှလုံးပင် လှုပ်ခါလာရ၏။ ယောင်​ယောင်သည် အမှန်တကယ်ပင် ကျော့ရှင်းနေပြီး မည်သူ့ကိုမှ စိတ်မဝင်စားတက်သော သူမ၏ပုံစံလေးမှာလည်း တစ်မူထူးခြားနေ၏။ အကယ်၍ သူမသည်သာ ဇူယွမ်နှင့်မပက်သတ်ခဲ့ပါက ခုန်းရှန်သည်ပင် သူမအား စိတ်ဝင်စားသွားနိုင်ပေသည်။ သို့သော် ယခုအချိန်တွင်မူ ခုန်းရှန်မှာ တုန်လှုပ်လာသော နှလုံးသားအစုံအား ပြန်လည်တည်ငြိမ်စေကာ တိုက်ခိုက်ရမည့်အကြောင်းကိုသာ ပြန်လည်အာရုံစိုက်လိုက်၏။

ခုန်းရှန်မှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ဖြည်းညင်းစွာပင် ယောင်ယောင်အား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများဖြင့် ဖိနှိပ်လိုက်၏။

သို့သော် စွမ်းအင်ဖိအားများအား ခံစားနေရသည့်တိုင် ယောင်ယောင်၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။ အကြောင်းအရင်းအား မည်သူကမှ မသိရှိရပါသော်လည်း ထိုစွမ်းအင်ဖိအားများမှာ သူမအပေါ် အကျိုးသက်ရောက်မှု မရှိသကဲ့သို့သာ ဖြစ်နေသည်။

ယောင်ယောင်မှာ ကျောက်စိမ်းစုတ်တံအား ဖြည်းညင်းစွာ ခါယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် စုတ်တံထိပ်မှာ လင်းလက်တောက်ပလာတော့သည်။

"ဝေ့လိုင်တန့်ကွမ်လျှပ်စီး...."

ချက်ချင်းဆိုသလိုပင် မူလမှော်စာလုံးတစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ လေထုအတွင်းရှိ ချီစွမ်းအင်များမှာ ထစ်ချုန်းနေသော တိမ်တိုက်များအသွင်သို့ ရုတ်ချည်းပြောင်းလဲသွားလေသည်။ ၎င်းတိမ်တိုက်များမှာ မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေ၏။

ဝုန်း.....

မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေသော ထစ်ချုန်းနေသည့် တိမ်တိုက်ကြီးမှာ အသံကျယ်လောင်စွာ မြည်ဟီးလျက် လျင်မြန်လှသောအရှိန်ဖြင့် ခုန်းရှန်ထံသို့ ဦးတည်ပျံဝဲသွားသည်။

ထိုမိုးကြိုးတိမ်တိုက်ကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ကမ္ဘာမြေပြင် တုန်ခါသွားရလောက်အောင်ပင် ပြင်းထန်လှပြီး မူလစဦး နဝမအဆင့်ရှိသူပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

ယောင်ယောင်၏ ကျောက်စိမ်းစုတ်တံမှာ ရပ်တန့်သွားခြင်းမရှိပဲ လေနှင်ရာယိမ်းနွဲ့နေရင်းဖြင့် မူလမှော်စာလုံးများအား အဆက်မပြတ် ဖန်တီးနေလျက် ရှိသည်။

ဝူး.....ဝူး.....

လေထုအတွင်းရှိ ချီစွမ်းအင်များမှာ ပန်းပွင့်ကြီးတစ်အလား စုဝေးသွားကာ လေပြင်းမုန်တိုင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ထစ်ချုန်းနေသော မိုးကြိုးတိမ်တိုက်ကြီးနှင့် ပေါင်းစည်းသွားသည်။

ယောင်ယောင်မှာ တွေးတောလိုက်ရုံမျှဖြင့်ပင် မှော်စာလုံးများအား ဖန်တီးနေဟန်ရှိ၏။ သူမ၏ မူလမှော်စာလုံးပညာရပ်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး အနည်းငယ်မျှပင် လွဲချော်သွားခြင်းမရှိချေ။

ခုန်းရှန်မှာ မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် ဖြစ်ပေါ်လာသော မိုးကြိုးတိမ်တိုက်ကြီးနှင့် လေပြင်းမုန်တိုင်းများကြောင့် အလွန်ပင် အံ့အားသင့်သွားရ၏။ ယောင်ယောင်၏ မူလမှော်စာလုံးများအား ဖန်တီးနိုင်သော အမြန်နှုန်းမှာ ကန်ရွှန်းကလန်၏ ရွေးချယ်ခံနံပါတ်နှစ်ဖြစ်သူ ခုန်းရှန်ကိုပင် စိတ်နှလုံးများ တုန်ခါစေလေသည်။

ထိုကဲ့သို့ သန်မာလှသော တိုက်ခိုက်မှုမျိုးနှင့် ကြုံတွေ့ရချိန်၌ ခုန်းရှန်မှာ အနည်းငယ်မျှပင် တွေဝေနေရန် မဝံ့ရဲတော့ပဲ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ကာ ဓားတစ်ချောင်းအား ဆင့်ခေါ်လိုက်၏။ ထိုဓား၏အသွင်မှာ အလွန်ပင် ရိုးရှင်းလှပြီး ဓားသွားပေါ်၌ အနီရောင်သွေးစက်များ ဖြစ်တည်နေလေသည်။

ဝုန်း....

ခုန်းရှန်မှာ ရုတ်တရက်လှုပ်ရှားလိုက်သည်နှင့်တကွ များပြားလှသော ဓားပုံရိပ်များ နေရာအနှံ့အပြားမှ ပေါ်ထွက်လာပြီး နေဆယ်စင်းမျှ ထွက်ပေါ်လာသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်တောက်ပသွားသည်။

မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် မိုးကြိုးတိမ်တိုက်ကြီးနှင့် ဓားပုံရိပ်တို့ တွေ့ဆုံသွားကြ၏။ ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့လွှမ်းခြုံသွားပြီး မူလရေကန်သည်ပင် လှိုင်းထန်သွားရသည်။ ကောင်းကင်ကိုပင် ဖုံးကွယ်ထားသော မိုးကြိုးတိမ်တိုက်ကြီးနှင့် လေပြင်းမုန်တိုင်းတို့သည် ဓားပုံရိပ်များ၏ ဖြိုခွဲမှုကြောင့် တစ်ချက်တည်းဖြင့်ပင် ပြိုကွဲသွားရ၏။

စောင့်ကြည့်နေကြသော တပည့်များမှာ ထိုမြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်ကုန်ကြသည်။ ကန်ရွှမ်းကလန်၏ နံပါတ်နှစ်ရွေးချယ်ခံတစ်ဦးဖြစ်သည်နှင့်အညီ ခုန်းရှန်၏ စွမ်းရည်မှာ လက်ဖျားခါလောက်ပေသည်။

ယောင်ယောင်မှာ အခြေအနေများအား စစ်ဆေးသုံးသပ်လိုက်ပြီးနောက် ခုန်းရှန်၏ လက်ထဲတွင်ရှိနေသော သွေးစက်များ စွန်းထင်းနေသည့် ဓားတစ်လက်အား တွေ့ရှိလိုက်ရသည်။ ထိုအချိန်၌ပင် သူမမှာ အစောပိုင်း တိုက်ခိုက်မှုအကြောင်း နားလည်သဘောပေါက်သွားရသည်။

ထိုဓားပေါ်၌ စွန်းထင်နေသည့် သွေးစက်များမှာ ယောင်ယောင်၏ မိုးကြိုးတိမ်တိုက်များအား ဖျက်စီးခဲ့ခြင်းပင် ဖြစ်သည်။

"ဒါက...." ယောင်ယောင်၏ နီထွေးသောနှုတ်ခမ်းသားလေးမှာ အနည်းငယ် ပွင့်ဟလာပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ဖျက်စီးခြင်းသွေးစက်အနုပညာလား...."

ကျင့်ကြံခြင်းလောကတွင် မူလမှော်စာလုံးများအား ချိုးဖြတ်နိုင်သော ထူးခြားသည့်ပညာရပ်တစ်ခုရှိပြီး ၎င်းအား ဖျက်စီးခြင်းသွေးစက်အနုပညာဟု ခေါ်တွင်ပေသည်။ သို့သော် ထိုပညာရပ်အား လေ့လာနိုင်ရန်မှာ လွန်စွာခက်ခဲလှသည့်အပြင် အချို့​‌သောမူလမှော်စာလုံးများကိုသာ ဖျက်စီးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူအများစုမှာ အချိန်များကို ဖြုန်းတီး၍ ထိုပညာရပ်အား သင်ယူလိုစိတ် မရှိကြပေ။

ခုန်းရှန်၏ ဓားပေါ်တွင် သွေးစက်များ စွန်းထင်းနေသည်မှာ ဖျက်စီးခြင်းသွေးစက်အနုပညာအမျိုးအစားထဲမှ တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ခုန်းရှန်မှာ ယောင်ယောင်၏စကားအား ငြင်းပယ်ခြင်းမပြုပဲ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "ဂျူနီယာညီမတော်ရှောင်ယိုက တော်တော်ဗဟုသုတ ကြွယ်ဝတာပဲ။ ဒီနေ့မှာ အနိုင်ရနိုင်ဖို့အတွက် ဖျက်စီးခြင်းသွေးစက်အနုပညာကို ငါအများကြီး လေ့လာထားခဲ့ရတာ။ ဒါကိုသက်သက်မဲ့ညစ်တာလို့တော့ မထင်ဘူးမလား။"

ခုန်းရှန်မှာ ထူးခြားလွန်းသော ယောင်ယောင်အား အတော်ပင် သတိထားခဲ့သည့်အတွက် မမျှော်လင့်ထားသောအရာများ ဖြစ်မလာနိုင်စေရန် ဖျက်စီးခြင်းသွေးစက်အနုပညာအား အချိန်ယူလေ့လာခဲ့လေသည်။

ထိုဖျက်စီးခြင်းသွေးစက်အနုပညာဖြင့်သာဆိုပါက မူလမှော်စာလုံးပညာရပ်တစ်ခုသာ ထူးချွန်သူဖြစ်သော ယောင်ယောင်အား ခုန်းရှန်မှ သေချာစွာပင် အသာစီးရလိမ့်မည်ပင် ဖြစ်သည်။

ယောင်ယောင်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ဖျက်စီးခြင်းသွေးစက်အနုပညာလေးရှိရုံနဲ့ ငါ့ကိုနိုင်မယ်လို့ထင်နေရင်တော့ နင်ကတော်တော်ကိုတုံးတာပဲ။"

ခုန်းရှန်မှာ ခပ်ဖွဖွပြုံးကာ ပြောလိုက်၏။ "ငါတို့ဆက်ပြီး တိုက်ခိုက်လိုက်ရင် အနိုင်အရှုံးကို သိရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ဇူယွမ်လေးကတော့ ငါရဲ့ဂျူနီယာညီတော်ပိုင်လီချွီးလက်ထဲမှာ တော်တော်ဒုက္ခရောက်နေလောက်ပြီ။"

"ငါတို့ တိုက်ပွဲသုံးခုခွဲတိုက်ကြတဲ့အထဲမှာ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ပထမဆုံးအနိုင်ကတော့ သိပ်ကြာတော့မှာ မဟုတ်ဘူး။"

"ဘာလို့လဲဆိုတော့ ဇူယွမ်က ငါတို့ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နဲ့ ယှဉ်တိုက်ရလောက်အောင် အရည်အချင်း မရှိဘူးလေ။"

"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာဆိုတာ အစထဲက တခြားတောင်ထွတ်က တပည့်ခေါင်းဆောင်တွေထက် တစ်ဆင့်နိမ့်ပြီးသားပဲ။"

ယောင်ယောင်မှာ အဝေးတစ်နေရာရှိ ပိုင်လီချွီး၏ ကွန်ယက်ထဲတွင် ပိတ်မိနေသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ကြည့်ရသည်မှာ ဓားကပ်ဘေးတောင်ထွတ်သည် ၎င်းတို့၏ ဝှက်ဖဲအား အသုံးချလိုက်ပုံ ရ၏။

"အဲ့ဒါက ငါတို့ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်ပဲ။ ငါတို့ရဲ့ ဂျူနီယာညီတော်ပိုင်လီချွီးက အဲ့ကျင့်စဉ်မှာ အရမ်းထူးချွန်တာ။ မင်းရဲ့ ဇူယွမ်ကလည်း ငတုံးဆိုတော့ ထောင်ချောက်ထဲမှာ တစ်ခါတည်း ပိတ်မိသွားတာပေါ့။"

ခုန်းရှန်မှ ဖြည်းညင်းစွာ ဆက်လက်ပြောဆိုလိုက်သည်။ "သူတို့ရဲ့တိုက်ပွဲ အနိုင်အရှုံးက လုံးဝကို သဲကွဲနေပါပြီ...အဟက်။"

ခုန်းရှန်မှာ တည်ငြိမ်စွာဖြင့်ပင် ယောင်ယောင်အား စကားစစ်ထိုးလိုက်၏။

သို့သော် ယောင်ယောင်မှာ အနည်းငယ်မျှပင် အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ "ကိုယ့်အခြေအနေကိုယ်ပဲ အရင်အာရုံစိုက်သင့်တယ်။"

ထိုအချိန်၌ပင် ခုန်းရှန်မှာ ဦးခေါင်းတည့်တည့်ရှိ မိုးကောင်းကင်၏အရောင် စတင်ပြောင်းလဲလာသည်ကို တွေ့ရှိလိုက်ရလေသည်။ ပတ်ပတ်လည်တွင်ရှိသော မြင်ကွင်းများမှာလည်း တစ်စတစ်စဖြင့် စတင်ပြောင်းလဲလာ၏။

လေထုအတွင်းရှိ ချီစွမ်းအင်များမှာလည်း ဖြည်းညင်းစွာကပင် စုဝေးလာပြီး အစီအရင်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားသည်။ ထိုအစီအရင်မှာ ပြင်းထန်လှသော စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။

"တော်တော်ကြောက်ဖို့ကောင်းတာပဲ။"

ခုန်းရှန်မှာ သတိမထားလိုက်မိသော အချိန်အတွင်းမှာပင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် အစီအရင်ကြောင့် ယောင်ယောင်၏ မူလမှော်စာလုံးစွမ်းရည်အား အလွန်ပင် အံ့အားသင့်သွားမိ၏။

ခုန်းရှန်မှာ ဓားအားဆုပ်ကိုင်ထားရင်းဖြင့် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပြင်းထန်သောတိုက်ပွဲအား ရှောင်လွှဲ၍ရနိုင်မည်မဟုတ်ကြောင်း ၎င်းမှကောင်းစွာ သိရှိလိုက်၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် ပိုင်လီချွီးမှ ဓားကပ်ဘေးတောင်ထွတ်အတွက် ပထမဆုံးနိုင်ပွဲအား ယူဆောင်လာပေးတော့မည်ပင် ဖြစ်လေတော့သတည်း။

All Chapters