စိတ်ဝိဉာဉ်ဖြင့်ချိပ်စည်းအားချိုးဖြတ်ခြင်း
Vol. 38 Ch. 528
ဝုန်း....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ငွေမျှင်ရောင်အလင်းတန်းများမှာ ဇူယွမ်အား ကွန်ယက်တစ်ခုအသွင်ဖြင့် ဘောလုံးကြီးတစ်ခုအလား ဝိုင်းပတ်ချုပ်နှောင်လိုက်လေသည်။
အခြားတောင်ထွတ်များ၏ တပည့်များထံမှ ဆူညံအော်ဟစ်သံများ ထွက်ပေါ်လာရ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးမှာ ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်၏ အစွမ်းသတ္တိများအား သိရှိနေသောကြောင့်ပင် ဖြစ်သည်။ ထိုအစီအရင်သည် ထိတွေ့လိုက်ရုံမျှဖြင့်ပင် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များအားလုံး အေးခဲကာ ချိပ်ပိတ်သွားမည်ပင် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်ဖြင့်သာဆိုလျှင် ဇူယွမ်မှာ ပိုင်လီချွီးအား လုံးဝအရေးနိမ့်သွားမည်ပင် ဖြစ်သည်။ ဇူယွမ်၏ ချင့်ချိန်တွေးဆမှုများနှင့် တိုက်ခိုက်မှုနည်းလမ်းများမှာ မဆိုးရွားလှပါသော်လည်း ပိုင်လီချွီး၏ ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်ကိုမူ မည်သို့မျှ ချိုးဖောက်နိုင်ခြင်း ရှိလိမ့်မည်မဟုတ်ချေ။ ချိပ်ပိတ်နေသော ချီစွမ်းအင်များဖြင့် မည်သည့်အရာကို လုပ်ဆောင်နိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် တိုက်ပွဲအနိုင်အရှုံးမှာ ယခုအချိန်၌ပင် ထင်ရှားစွာ သဲကွဲနေပြီ ဖြစ်သည်။
တိုက်ပွဲအား စောင့်ကြည့်နေကြသူများမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြသည်။ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ခဲ့သူတစ်ဦးအနေဖြင့် ပိုင်လီချွီးမှာ အလွန်ပင် ထူးချွန်ထက်မြက်လေသည်။ ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်သည် ယဉ်ပြိုင်တိုက်ခိုက်နေသော တစ်ဖက်လူအတွက် အလွန်ပင် ခေါင်းခဲစရာ အခြေအနေ ဖြစ်သည်။ ယခုဆိုလျှင် ဇူယွမ်သည်လည်း ပိုင်လီချွီးထံ၌ ကျရှုံးရတော့မည်ပင် ဖြစ်၏။
ဝုန်း....ဝုန်း
ငွေမျှင်ရောင်ကွန်ယက်လုံးကြီးအတွင်း၌ ဇူယွမ်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ရှိသည်။ ထို့နောက် ရွှေရောင်ချီစွမ်းအင်များအား ငွေမျှင်ရောင်ကွန်ယက်လုံးကြီးနှင့် ထိတွေ့စေလိုက်၏။ သို့သော် စွမ်းအင်နှစ်ခု ထိတွေ့လိုက်သည်နှင့်တကွ ရွှေရောင်ချီစွမ်းအင်များမှာ လွင့်ပြယ်သွားရလေသည်။
ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်သည် အသုံးပြုလိုက်သည်နှင့်တကွ ချိပ်ပိတ်ခြင်းခံရသည့်သူ၏ ချီစွမ်းအင်များအား ချိပ်ပိတ်သွားစေမည်ပင် ဖြစ်သည်။ မည်မျှပင် လွတ်မြောက်ရန် ကြိုးစားစေပါမူ အရာထင်မည် မဟုတ်ချေ။ အကယ်၍ ချိပ်ပိတ်ခြင်းခံရသည့်သူ၏ ချီစွမ်းအင်မှာ အစီအရင်အား အသုံးပြုသည့်သူထက် သာလွန်နေမှသာလျှင် ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်အား ချိုးဖြတ်နိုင်မည် ဖြစ်၏။
လက်ရှိအချိန်၌ ပိုင်လီချွီး၏ ချီကျင့်ကြံခြင်းအဆင့်မှာ မူလဦး နဝမအဆင့်သို့ပင် ရောက်ရှိတော့မည်ဖြစ်ကာ ယွမ်ဟောင်ထက်ပင် များစွာသာလွန်ပေသည်။ ထို့ကြောင့် ဇူယွမ်အနေဖြင့် ပိုင်လီချွီးနှင့် ချီစွမ်းအင်ချင်းယှဉ်ပြိုင်နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပေ။
ထို့ကြောင့် ယခုအချိန်တွင် ဇူယွမ်မှာ အလွန်အန္တရာယ်များသော အခြေအနေတွင် ပိတ်မိနေခြင်းပင် ဖြစ်သည်။
ပိုင်လီချွီးမှာ သက်တောင့်သက်သာရှိနေဟန်ဖြင့် လက်ပိုက်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ် ငါမင်းကို ပြောခဲ့ဖူးသားပဲ။ မင်းက အရည်အချင်းရှိတယ်ဆိုပေမယ့် လုံးဝကို မရင့်ကျက်သေးပါဘူးလို့။ လောကကြီးအကြောင်း မင်းဘာမှမသိသေးဘူး။"
ကွန်ယက်အတွင်း ပိတ်မိနေသောဇူယွမ်မှာ အလေးပင်မထားဟန်ဖြင့် ပိုင်လီချွီးအားကြည့်ကာ ပြောလိုက်သည်။ "ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ပိုင်လီချွီးက ကိုယ့်ဘာသာကိုယ် နိုင်ပြီလို့ထင်နေတာလား။"
“ဒီလိုအခြေအနေမှာတောင် အရှုံးပေးဖို့ကို ငြင်းဆန်နေတုန်းပဲလား။"
ပိုင်လီချွီးမှာ စိတ်ပျက်သွားဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်၏။
ဝုန်း....ဝုန်း....
ငွေမျှင်ရောင်ကွန်ယက်လုံးကြီးမှာ လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်၏ခန္ဓာကိုယ်နှင့် ထိလုမတက် ကျုံ့ဝင်လာလေသည်။ ထိုကွန်ယက်နှင့် ဇူယွမ်တို့ ထိတွေ့လိုက်သည်နှင့်တကွ ချီစွမ်းအင်များအားလုံး ချိပ်ပိတ်သွားတော့မည်ပင် ဖြစ်သည်။
"အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။"
ပိုင်လီချွီးမှာ အေးစက်စွာရယ်မောလိုက်ပြီးနောက် လက်နှစ်ဖက်အား ပြင်းထန်စွာ ရိုက်ချလိုက်၏။
စောင့်ကြည့်နေကြသော တပည့်များမှာ ငွေမျှင်ရောင်ကွန်ယက်လုံးကြီးနှင့် ထိတွေ့တော့မည့် ဇူယွမ်အား မျက်တောင်ပင်မခတ်နိုင်ပဲ ပါးစပ်အဟောင်းသားဖြင့် စောင့်ကြည့်နေကြသည်။
ဝုန်း.....
စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် ငွေမျှင်ရောင်ကွန်ယက်လုံးကြီးမှာ ဇူယွမ်နှင့် ထိတွေ့တော့မည်ပင် ဖြစ်၏။ သို့သော် ခြေလှမ်းတစ်ဝက်စာမျှသာ ကွာဝေးတော့သော အချိန်၌ပင် ငွေမျှင်ရောင်ကွန်ယက်လုံးကြီးမှာ ရုတ်ချည်းရပ်တန့်သွားလေသည်။
မထီမဲ့မြင်ပြုနေသော ပိုင်လီချွီးမှာ ရုတ်တရက် အံ့အားသင့်သွားကာ မျက်မှောင်ကျုံ့လျက် အခြေအနေအား ကြည့်ရှုစစ်ဆေးလိုက်၏။ ၎င်းမှာ ငွေမျှင်ရောင်ကွန်ယက်လုံးကြီးအတွင်းမှ ပြင်းထန်လှသော စွမ်းအင်တစ်မျိုးကို အာရုံခံမိလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ။ ဇူယွမ်မှာ အစီအရင်ကို ရပ်တန့်စေနိုင်လောက်တဲ့ ချီစွမ်းအင်မှ မရှိတာ။" ပိုင်လီချွီးမှာ အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားရ၏။
ဇူယွမ်မှာ စိတ်ရှုပ်ထွေးနေဟန်ရှိသော ပိုင်လီချွီးအား ကြည့်ရှုကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။
"မင်းရဲ့အစီအရင်က ချီစွမ်းအင်တွေကိုတော့ ချိပ်ပိတ်နိုင်မှာပေါ့လေ။ ဒါပေမယ့် ငါ့မှာ ချီစွမ်းအင်ကလွဲပြီး ဘာမှမရှိတော့ဘူး ထင်နေတာလား။"
ဝုန်း...
ထိုစကားအား ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဉာဉ်မှာ ပြင်းထန်လှသောအရှိန်ဖြင့် ထွက်ပေါ်လာလေသည်။ ထို့နောက် မူလကကျုံ့ဝင်လာနေသော ငွေမျှင်ရောင်ကွန်ယက်လုံးကြီးမှာလည်း ရုတ်ချည်းဆိုသလိုပင် ပျံ့ကားသွားကာ ကျယ်လောင်စွာပင် ပေါက်ကွဲသွားတော့၏။
ဘန်း.....
ငွေမျှင်ရောင်ကွန်ယက်လုံးကြီး ပေါက်ကွဲသွားမှုကြောင့် စွမ်းအင်လှိုင်းဂယက်များမှာ ပေရာချီဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခွင်လုံးမှာလည်း ငွေမှုန်ငွေစများဖြင့် ပြည့်နှက်သွားရသည်။
အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ မျက်စိတစ်မှိတ်စာမျှအတွင်း ပြောင်းလဲသွားသော အခြေအနေများကြောင့် အလွန်ပင် အံ့အားသင့်နေကြရသည်။ မည်သူကမှ ပိုင်လီချွီး၏ ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်အား ဇူယွမ်မှ တစ်ချက်တည်းဖြင့် ချိုးဖြတ်ပြလိမ့်မည်ဟု ထင်မှတ်မထားကြချေ။
ပိုင်လီချွီး၏ အမူအရာမှာ အလွန်ပင် ခက်ထန်သွားရ၏။ ၎င်းမှာ ဇူယွမ်အား အနိုင်ရရှိနိုင်ရန်အတွက် ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်အား အချိန်ယူကာ များစွာပြင်ဆင်ထားခဲ့ပါသော်လည်း ယခုကဲ့သို့ တစ်ချက်တည်းဖြင့် ချိုးဖြတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ အထူးသဖြင့် လက်ရှိအချိန်တွင် ဇူယွမ်၏ စိတ်ဝိဉာဉ်မှာ ယခင်အချိန်များထက် များစွာသန်မာနေ၏။
ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်အား အများအားဖြင့် အသုံးပြုလေ့မရှိသောကြောင့် ကလန်အတွင်းရှိ တပည့်အများစုမှာ ၎င်းသည် ချီစွမ်းအင်နှင့် စိတ်ဝိဉာဉ်ကျင့်စဉ်နှစ်ခုစလုံးအား ကျင့်ကြံသူဖြစ်သည်ဟူသည့်အချက်အား မေ့လျော့နေကြပြီပင် ဖြစ်သည်။
ဇူယွမ်မှာ လက်တစ်ဖက်အားထုတ်လျက် လေထုထဲတွင် ရပ်နေလျက် ရှိသည်။
ဝုန်း...
မူလရေကန်အတွင်းမှ ကျယ်လောင်လှသောအသံတစ်ခုအား ကြားလိုက်ရပြီးနောက် ရေလှိုင်းလုံးများမှာ ကောင်းကင်ထက်သို့ ထိုးတက်လာလေသည်။
ထိုရေလှိုင်းလုံးများမှာ ပေတစ်သောင်းပတ်လည်ရှိသော ရေဘောလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ဇူယွမ်၏ လက်ဝါးအနီးတွင် ရစ်ဝဲနေ၏။
ဇူယွမ်မှာ လက်အားဝေ့ယမ်းလိုက်သည်နှင့်တကွ ထိုရေဘောလုံးကြီးမှာ စိတ်ဝိဉာဉ်စွမ်းအင်များနှင့် ပေါင်းစည်းသွားပြီးနောက် ပြင်းထန်လှသောအရှိန်ဖြင့် ပိုင်လီချွီးထံသို့ ဦးတည်ပျံဝဲသွားလေသည်။
ပိုင်လီချွီး၏ အမူအရာမှာ ခက်ထန်သွားကာ လက်ထဲတွင်ရှိနေသော ကိုးရောင်ပြဒါးသံသေဓားထံမှ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းမှာ ကိုးရောင်ပြဒါးသံသေဓားအား ရေဘောလုံးကြီးထံသို့ အရှိန်ဖြင့် လွှဲချလိုက်၏။
ခွမ်း....
ဓားအလင်းတန်းမှာ ရေဘောလုံးကြီးအား နှစ်ပိုင်းဖြတ်လိုက်သည်။
ဘန်း.....
သို့သော် နှစ်ခြမ်းကွဲသွားသော ရေဘောလုံးကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီးနောက် ရေမှုန်ရေစများမှာ ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် ပိုင်လီချွီးထံသို့ ဆက်လက်ဦးတည်သွားလေသည်။
ပိုင်လီချွီးမှာ အလွန်ပင် အံ့အားသင့်သွားပြီးနောက် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်စေကာ ခန္ဓာကိုယ်အား ကာကွယ်လိုက်၏။
ပတောက်...ပတောက်....
သို့သော် ရေစက်များမှာ ချီစွမ်းအင်အလွှာကိုပင် ထိုးဖောက်ဝင်ရောက်လာသောကြောင့် ပိုင်လီချွီးမှာ မျက်နှာအား အလျင်အမြန် ဖွက်ထားလိုက်ရသည်။ ရေစက်များမှာ စိတ်ဝိဉာဉ်စွမ်းအင်များ ပါဝင်နေသောကြောင့် ပိုင်လီချွီး၏ စိတ်ဝိဉာဉ်မှာ ထိခိုက်သွားကာ သတိလစ်မေ့မြောမတက်ပင် နာကျင်သွားရ၏။
ထို့ကြောင့် ပိုင်လီချွီးမှာ လျင်မြန်စွာပင် ကိုးရောင်ပြဒါးသံသေဓားဖြင့် ကျန်ရှိနေသော ရေစက်များအား ခန္ဓာကိုယ်နှင့်ထိတွေ့ခွင့်မပြုတော့ပဲ တားဆီးလိုက်သည်။
"ဇူယွမ်...မင်းရဲ့စိတ်ဝိဉာဉ်က အထွတ်အထိပ်ဒြပ်ထည်အဆင့်ကိုတောင် ရောက်နေပြီလား။"
ပိုင်လီချွီးမှာ လေးနက်သောအမူအရာဖြင့် ဇူယွမ်အား မေးမြန်းလိုက်၏။ အစောပိုင်းတွင် နာကျင်ခဲ့ရသော ခံစားချက်အရ တိုက်ခိုက်လာသော စိတ်ဝိဉာဉ်စွမ်းအင်မှာ အထွတ်အထိပ်ဒြပ်ထည်အဆင့်သို့ ရောက်ရှိပြီးဖြစ်ပေလိမ့်မည်။
ဇူယွမ်မှ ပိုင်လီချွီးအားကြည့်ကာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင် ပိုင်လီချွီးက ဘယ်ဆိုးလို့လဲ။"
ပိုင်လီချွီး၏အမူအရာမှာ ခက်ထန်သွားပြီးနောက် အေးစက်စွာပင် စကားဆိုလိုက်၏။ "မင်းရဲ့စိတ်ဝိဉာဉ်က အထွတ်အထိပ်ဒြပ်ထည်အဆင့်ကို ရောက်နေတော့ရော ဘာများပြောင်းလဲသွားမှာမို့လို့လဲ။ မင်းအဆင့်လောက်နဲ့ ငါ့ကိုမှီနိုင်ဖို့ဆိုတာ အဝေးကြီးပဲ။ ငါ့ရဲ့စိတ်ဝိဉာဉ်က မင်းလောက်မသန်မာပေမယ့် ချီစွမ်းအင်သက်သက်နဲ့တင် မင်းလိုကောင်မျိုးကို အမှုန့်ခြေပစ်လိုက်လို့ရတယ် နားလည်လား။"
ဝုန်း....
ပိုင်လီချွီး၏ဦးခေါင်းထက်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ကိုးရောင်ပြဒါးသံသေဓားမှာလည်း ရောင်စဉ်ကိုးသွယ်ဖြာထွက်လင်းလက်လာ၏။ ထို့နောက် ပိုင်လီချွီး၏ပုံရိပ်မှာ ဇူယွမ်၏အနီးသို့ တမုဟုတ်ချင်း ရောက်ရှိသွားလေသည်။
ဝှစ်.....
ကိုးရောင်ပြဒါးသံသေဓားထံမှ ဓားအရိပ်များစွာ ဖြာထွက်လာကာ ဇူယွမ်၏ သေကွင်းသေကွက်များထံသို့ ဦးတည်ပျံဝဲသွားသည်။
ကောင်းကင်ဘုံအေးခဲချိပ်ပိတ်ခြင်းအစီအရင်အား အသုံးပြုခြင်း ကျရှုံးခဲ့ရပြီးနောက် ပိုင်လီချွီးမှာ ဇူယွမ်အား တိုက်ရိုက်တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်၏။
ဇူယွမ်မှာ ဓားပုံရိပ်များအား မြင်တွေ့လိုက်ရသည်နှင့်တကွ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်ကာ ချီစွမ်းအင်များအား အကန့်အသတ်သို့ ရောက်သည်အထိ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ဇူယွမ်၏ အသားအရေမှာ ကျောက်စိမ်းရောင်များ လင်းလက်လာပြီးနောက် အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် တောက်ပသွားတော့၏။
ချလန်း...ချလန်း....
ပုံရိပ်နှစ်ခုမှာ ကောင်းကင်ထက်၌ပင် အကြိမ်ရေပေါင်းများစွာ တိုက်ခိုက်နေကြသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအား ပျံ့နှံ့လွှမ်းခြုံနေလေသည်။
စောင့်ကြည့်နေကြသော တပည့်များမှာ တိုက်ပွဲအား ကြည့်ရှုနေရင်းဖြင့် တံထွေးများပင် အကြိမ်ကြိမ်မြိုချနေရ၏။ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေပြီး ဇူယွမ်မှာ အနည်းငယ်မျှပင် ပိုင်လီချွီးထက် စွမ်းအင်လျော့ပါးနေခြင်း မရှိချေ။ စစ်မှန်သော တပည့်ခေါင်းဆောင်နှစ်ဦး၏ အကြိတ်အနယ်ယှဉ်ပြိုင်ပွဲအား ကြည့်ရှုနေရသကဲ့သို့ လွန်စွာပင် နှစ်ထောင်းအားရဖွယ်ကောင်းလှသည်။
ပိုင်လီချွီးမှာ အသာစီးမရနိုင်မှန်း သိရှိလာသောကြောင့် အမူအရာများ ပိုမိုခက်ထန်လာရ၏။ ပို၍ဆိုးရွားသည်မှာ တိုက်ခိုက်နေရင်းဖြင့်ပင် ဝင်ရောက်လာတက်သော ဇူယွမ်၏ စိတ်ဝိဉာဉ်တိုက်ခိုက်မှု ဖြစ်သည်။ ထိုစိတ်ဝိဉာဉ်တိုက်ခိုက်မှုမှာ ပိုင်လီချွီးအတွက် အလွန်ပင် ခေါင်းခဲစရာ ဖြစ်လေသည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ တပည့်ခေါင်းဆောင်နှစ်ဦး၏ တိုက်ပွဲအား ကြည့်ရှုနေရင်းဖြင့် ဇူယွမ်အား ပိုမိုလေးစားလာကြသည်။ ဇူယွမ်သည် ၎င်းတို့ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေ၏။
ချလန်း....
နောက်ထပ်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပုံရိပ်နှစ်ခုမှာလည်း အနောက်သို့ ဆုတ်သွားကြရသည်။
ပိုင်လီချွီးမှာ ဇူယွမ်အားကြည့်၍ စိတ်အလိုမကျဟန်ဖြင့် စကားဆိုလိုက်၏။ "မင်းအရမ်း မောက်မာနေတာလည်း မထူးဆန်းတော့ပါဘူး။ မင်းက အရည်အချင်းတော့ နည်းနည်းရှိသားပဲ။"
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။
"တပည့်ခေါင်းဆောင် ပိုင်လီချွီးကတော့ ထင်ထားသလောက် အရည်အချင်းမရှိသလိုပဲနော်။"
ပိုင်လီချွီးမှာ သက်ပြင်းချကာ ခေါင်အားခါယမ်းလျက် ပြောလိုက်သည်။
"ငါဘာလို့များ မင်းလိုကောင်မျိုးဆီမှာ အချိန်ဖြုန်းနေမိခဲ့ပါလိမ့်။"
"ဘယ်လိုလူမျိုးက တပည့်ခေါင်းဆောင်အစစ်လဲဆိုတာ မင်းကိုပြပေးရမယ့် အချိန်ရောက်ပြီ။"
"ကြောက်လွန်းလို့ ဒူးတွေတုန်မနေနဲ့ဦး။"
ပိုင်လီချွီးမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ဆက်လက်ပြောဆိုလိုက်၏။
"ဘာလို့လဲဆိုတော့ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကြောက်စရာအကောင်းဆုံးကျင့်စဉ်ကို မင်းကိုပြပေးတော့မှာမို့လို့ပဲ။”